News @ M-Media

Blog

  • ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးမှ အိမ်ယာဆောက်လုပ်မှုများ စံချိန်တင်မြင့်တက်

    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးမှ အိမ်ယာဆောက်လုပ်မှုများ စံချိန်တင်မြင့်တက်

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅
    M-Media

    plst 1

    – မတရားသိမ်းပိုက်ထားသော ပါလက်စတိုင်း ပိုင်နက်များတွင် အစ္စရေး၏ တရားမ၀င် အခြေချအိမ်ရာများ ဆောက်လုပ်မှုမှာ ၁၀ နှစ်အတွင်း စံချိန်တင်ပမာဏအထိ ရောက်ရှိလာခဲ့သည်ဟု အစ္စရေး၏ အိမ်ယာဆောက်လုပ်မှုများကို စောင့်ကြည့်နေသည့် Peac Now အဖွဲ့က ပြောကြားလိုက်သည်။

    တနင်္လာနေ့က ထုတ်ပြန်ခဲ့သော အဆိုပါအဖွဲ့၏ အစီရင်ခံစာတွင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဧပြီလက ပျက်ဆီးသွားခဲ့သည့် အမေရိကန်ကြားဝင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက်လည်း အစ္စရေး၏ အိမ်ယာများကို အပြစ်တင်ခဲ့သည်။

    အစီရင်ခံစာတွင် နေတန်ယာဟု ယခင်ဝန်ကြီးချုပ်သက်တမ်း ၂၀၀၉-၂၀၁၃ နှစ်ထက် နိုင်းယှဉ်လျှင် ၂၀၁၃ ခုနှစ်မှစ၍ ပါလက်စတိုင်းပိုင် နယ်မြေများ၌ တရားမ၀င်အခြေချအိမ်ရာများ ဆောက်လုပ်ရေး ကန်ထရိုက်အတွက် တင်ဒါခေါ်ယူမှုမှာ ၃ ဆ မြင့်တက်လာသည်ဟု ဖော်ပြထားသည်။

    အစ္စရေးအစိုးရ၏ တင်ဒါခေါ်ယူမှုမှာ ၂၀၀၇ ခုနှစ်တွင် ၈၅၈ ခု၊ ၂၀၁၃ ခုနှစ်တွင် ၃၇၁၀ ခုနှင့် ၂၀၁၄ ခုနှစ်တွင် တင်ဒါပေါင်း ၄၄၈၅ ခု ရှိခဲ့သည်။ အစ္စရေးအစိုးရကမူ အဆိုပါအစီရင်ခံစာနှင့်ပတ်သက်၍ မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်ခဲ့ပေ။

    ပြီးခဲ့သည့် တစ်လကျော်က ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င်အိမ်ရာများ ဆောက်လုပ်ရန် အစ္စရေးက တင်ဒါခေါ်ယူမှုကို အမေရိကန်အစိုးရမှ ဝေဖန်ခဲ့ပြီး ထိုလုပ်ရပ်မှာ တရားမ၀င်ဘဲ နှစ်နိုင်ငံတည်ရှိရေးရလဒ် အောင်မြင်ရန်အတွက် အဟန့်အတားဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးမှာ ၁၉၆၇ ခုနှစ်စစ်ပွဲပြီးကတည်းက ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့တွင် တရားမ၀င်အိမ်ရာများကို ဆောက်လုပ်ခဲ့ပြီး ယခုလက်ရှိတွင် ထိုအိမ်ရာများ၌ အစ္စရေးနိုင်ငံသား ၅ သန်းကျော် တရားမ၀င် ၀င်ရောက်နေထိုင်နေကြသည်။

    Ref: alarabiya

  • ဘာစီလိုနာနှင့်ပွဲ နည်းစနစ်ပိုင်း မမှားဟု မန်စီးတီးနည်းပြဆို

    ဘာစီလိုနာနှင့်ပွဲ နည်းစနစ်ပိုင်း မမှားဟု မန်စီးတီးနည်းပြဆို

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅
    M-Media

    mct

    – ယနေ့နံနက်က ကစားခဲ့သည့် ဘာစီလိုနာနှင့်ပွဲတွင် အသုံးပြုခဲ့သော နည်းစနစ်ပိုင်းဆိုင်ရာအတွက် မိမိအနေဖြင့် နောင်တမရဟု မန်စီးတီးအသင်း၏ နည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    မန်စီးတီးအသင်း၏ အိမ်ကွင်း အီတီဟတ်တွင် ကစားခဲ့သော်လည်း ဧည်သည့် ဘာစီလိုနာက ခြေသာခဲ့ပြီး ဂိုးသွင်းခွင့်များလည်းရခဲ့ကာ ဆွာရက်ဇ်၏ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲတွင် ပယ်လီဂရီနီမှာ တိုက်စစ်အသားပေးသည့် ၄-၄-၂ ပုံစံဖြင့် ပွဲထွက်ခဲ့ပြီး ရှေ့တန်း၌ တိုက်စစ်မှူး အဂူရိုနှင့် ဇက်ကိုတို့အား တွဲပေးခဲ့သည်။

    သို့သော်လည်း ကစားကွက်အသာမရသောကြောင့် ဒုတိယပိုင်းတွင် ကစားပုံပြောင်းခဲ့ပြီး ပယ်လီဂရီနီကမူ ၎င်း၏ နည်းစနစ်ဆိုင်ရာ ချဉ်းကပ်မှုနည်းလမ်းမှာ မှန်ကန်ခဲ့သည်ဟု ဆိုသည်။ မန်စီးတီး၏ ကစားပုံအတွက် နောင်တရလားဟု ပွဲအပြီးတွင် မေးမြန်းခဲ့ရာ ပယ်လီဂရီနီက

    “မရပါဘူး။ ကျွန်တော်အရမ်းပျော်ပါတယ်။ ဒါဟာ ဘာစီလိုနာနဲ့ ကစားရမယ့်ပုံစံပါ။ ကျွန်တော်တို့ ပထမပိုင်းတစ်မျိုး၊ ဒုတိယပိုင်းတစ်မျိုးနဲ့ ပုံစံ ၂ မျိုး ကစားခဲ့ပါတယ်။ ပထမဂိုးမပေးရခင်အထိ သာမန်ပွဲတစ်ခုပါပဲ။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဂိုး ၂ ဂိုး အလွယ်တကူ ပေးလိုက်ရပြီး ကစားပုံလည်း ဆိုးသွားခဲ့ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထို့ပြင် ဒုတိယပိုင်း၌ မိမိအသင်းမှာ ကစားပုံပိုကောင်းခဲ့ပြီး ၁ ဂိုးရအောင် သွင်းနိုင်ခဲ့ကာ ဂိုးသွင်းခွင့်အချို့လည်း ရခဲ့ကြောင်း အိမ်ကွင်းယခုရလဒ်မှာ ရလဒ်ကောင်းမဟုတ်ဘဲ ဒုတိယအကျော့တွင် ပိုကောင်းအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။

    ယနေ့ပွဲရှုံးကြောင့် ပထမဆုံး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ရေး မန်စီးတီး၏ မျှော်လင့်ချက်မှာ အနည်းငယ် မှေးမှိန်လာခဲ့သည်။

    Ref: goal.com

  • အင်အားကြီးနိုင်ငံများ ဗီတိုကို စွန့်လွှတ်သင့်သည်ဟု ထိပ်တန်းလူ့အခွင့်အရေးအဖွဲ့ ဝေဖန်

    အင်အားကြီးနိုင်ငံများ ဗီတိုကို စွန့်လွှတ်သင့်သည်ဟု ထိပ်တန်းလူ့အခွင့်အရေးအဖွဲ့ ဝေဖန်

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅
    M-Media

    amsy

    – IS ကဲ့သို့ အဖွဲ့များလက်မှ ပြည်သူများအား ကာကွယ်ရန် မလုပ်ဆောင်နိုင်ခဲ့သည့်အတွက်ကြောင့် ကမ္ဘာ့ခေါင်းဆောင်များမှာ ရှက်စရာကောင်းပြီး ထိရောက်မှုမရှိသူများဖြစ်လာကာ ၎င်းတို့အနေဖြင့် ကုလတွင် ဗီတိုအာဏာကိုပါ စွန့်လွှတ်သင့်သည်ဟု နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားလိုက်သည်။

    ၄၁၅ မျက်နှာရှိပြီး ယနေ့တွင်ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ထိုကဲ့သို့ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၆၀ တွင် ဖြစ်ပွားနေသော ပြဿနာများကို အသေးစိတ်ဖော်ပြထားကာ အစိုးရများမှာ ပြည်သူများအား ကာကွယ်ဟန် ဆောင်နေကြသည်ဟု ထည့်သွင်းရေးသားထားသည်။

    ထို့ပြင် နိုင်ငံတကာလက်နက်ကုန်သွယ်မှုကို ထိန်းညှိထားပြီး ပြီးခဲ့သည့်နှစ်က ပြဌာန်းခဲ့သော သဘောတူညီချက်ကို နိုင်ငံအားလုံးက လိုက်နာရန် Amnesty က တိုက်တွန်းခဲ့ပြီး ထိုသဘောတူညီချက်က ဆီးရီးယားနှင့် အီရတ်ကဲ့သို့သော နိုင်ငံများသို့ လက်နက်များ အစုလိုက်အပြုံလိုက်တင်ပို့မှုကို ရပ်တန့်စေနိုင်မည်ဟု ဆိုသည်။

    “ကမ္ဘာတစ်ဝှမ်း လက်နက်ခဲယမ်းကုန်သွယ်မှုကို ထိန်းညှိမှုမရှိတဲ့အတွက်ကြောင့် တစ်နှစ်ကို အနည်းဆုံး လူ ၅ သိန်းလောက် ပျမ်းမျှသေဆုံးနေပြီး သန်းနဲ့ချီတဲ့သူတွေ ဒဏ်ရာအနာတရဖြစ်တာ၊ မုဒိမ်းကျင့်ခံရတာနဲ့ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတာတွေ ရှိနေပါတယ်” ဟု Amnesty ၏ မီဒီယာဒါရိုက်တာဖြစ်သူ ဆူဆန်နာ ဖလက်ဒ်က ပြောကြားခဲ့သည်။

    Amnesty International အဖွဲ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုလည်း ဝေဖန်ခဲ့ပြီး လက်ရှိပြဿနာများအား ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ချက်ချင်း အရေးယူမှုမလုပ်ပါက အခြေအနေမှာ ပိုမို၍ ဆိုးရွားလိမ့်မည်ဟု သတိပေးခဲ့သည်။

    ထို့ပြင် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်သော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်တို့မှာ ၎င်းတို့၏ ဗီတိုအာဏာကို အရပ်သားများအား ကာကွယ်ရေးထက် ၎င်းတို့၏နိုင်ငံရေးအကျိုးစီးပွား သို့မဟုတ် ပထ၀ီနိုင်ငံရေး အကျိုးစီးပွားအတွက်သာ တစ်လွဲသုံးနေကြသည်ဟု ထည့်သွင်းပြောကြားခဲ့ကာ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ကျူးလွန်နေသည့်အခါတွင် ထိုနိုင်ငံများအနေဖြင့် ၎င်းတို့၏ ဗီတိုအာဏာကို စွန့်လွှတ်ရန် တိုက်တွန်းခဲ့သည်။

    Amnesty International မှာ မော်တာဗုံးများနှင့် ဒုံးကျည်များကဲ့သို့ ပေါက်ကွဲစေတတ်သော လက်နက်များအား လူနေထူထပ်သောနေရာတွင် အသုံးပြုခြင်းနှင့်ပတ်သက်၍ ကန့်သတ်ချက်အသစ်များ ထုတ်ပြန်ရန်အတွက်လည်း တိုက်တွန်းဆော်သြခဲ့သည်။

    Ref: aljazeera

  • လက်ဝှေ့ကျော် မိုဟာမက်အလီနှင့် ပြိုင်ဘက် လစ္စတန်တို့၏ လက်အိတ် ပေါင် ၆ သိန်းကျော် လေလံရ

    လက်ဝှေ့ကျော် မိုဟာမက်အလီနှင့် ပြိုင်ဘက် လစ္စတန်တို့၏ လက်အိတ် ပေါင် ၆ သိန်းကျော် လေလံရ

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅
    M-Media

    Ali Liston Gloves Auction

    – ၁၉၆၅ ခုနှစ် ဟဲဗီးဝိတ်ချန်ပီယံလုပွဲတွင် လက်ဝှေ့ကျော် မိုဟာမက်အလီနှင့် ပြိုင်ဘက် ဆန်နီလစ္စတန်တို့ ၀တ်ဆင်ခဲ့သည့် လက်အိတ်များကို လေလံပစ်ခဲ့ရာ စတာလင်ပေါင် ၆ သိန်းကျော် ရရှိခဲ့သည်ဟု သိရသည်။

    ဒါးလက်စ်အခြေစိုက် Heritage Auctions လေလံအဖွဲ့မှ ပြီးခဲ့သည့် စနေနေ့တွင် နယူးယောက်မြို့၌ လေလံပစ်ခဲ့ခြင်းဖြစ်ပြီး အမည်မဖော်လိုသူတစ်ဦးက ၀ယ်ယူခဲ့သည်ဟုဆိုသည်။

    မိုဟာမက်အလီနှင့် လစ္စတန်တို့၏ အဆိုပါပွဲမှာ ၁၉၆၅ မေလ ၂၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုလီဝစ္စတန်မြို့၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပထမအချီမှာပင် နာမည်ကျော် တစ္ဆေလက်သီးဖြင့် မိုဟာမက်အလီက အနိုင်ရရှိခဲ့သည်။ ထိုပွဲမှာ မိုဟာမက်အလီ အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ခဲ့ပြီးနောက် ပထမဆုံး ထိုးသတ်ခဲ့သည့် ပွဲလည်းဖြစ်ပြီး တစ်နှစ်အရင်က သရဖူလွှဲပေးခဲ့ရသည့် အရှုံးကို မကျေနပ်သည့် လစ္စတန်၏ မကျေပွဲလည်းဖြစ်သည်။

    ထိုပြိုင်ပွဲပြီးနောက် ၎င်းတို့နှစ်ဦး၏ လက်အိတ်ကို မိန်းမြို့လက်ဝှေ့ဆိုင်ရာ မဟာမင်းကြီး ဂျော့ဂ်ျ ရူဆိုက သိမ်းထားခဲ့သည်။ ထို့နောက် ရူဆိုထံမှ ကယ်လယ်ဖိုးနီးယားရှိ ရှေးဟောင်းပစ္စည်းစုဆောင်သူတစ်ဦးက ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ လေလံတင်ခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့၏နှစ်ဦး ၁၉၆၄ ခုနှစ်က ထိုးသတ်ခဲ့သည့်ပွဲမှ လက်အိတ်များကို ပြီးခဲ့သည့်နှစ်တွင် Heritage Auctions ကပင် လေလံတင်ခဲ့ပြီး ပေါင် ၅၄၄၃၀၀ ရရှိခဲ့သည်။ ၎င်းတို့နှစ်ဦး ထိုးသတ်ခဲ့သည့် နှစ် ၃၀ မြောက်အဖြစ် ၁၉၉၅ ခုနှစ်က ပြုလုပ်ခဲ့သော အခမ်းအနားတွင် အလီမှာ ထိုလက်အိတ်များတွင် လက်မှတ်ရေးထိုးပေးခဲ့သည်။ လစ္စတန်ကမူ ၁၉၇၀ ပြည့်နှစ်က ကွယ်လွန်ခဲ့သည်။

    Ref: dailymail

  • IS အန္တရာယ်ကို မလျှော့သောဇွဲဖြင့် တွန်းလှန်နေကြသော အီရတ်မှ ယာဇီဒီ လူမျိုးများ

    IS အန္တရာယ်ကို မလျှော့သောဇွဲဖြင့် တွန်းလှန်နေကြသော အီရတ်မှ ယာဇီဒီ လူမျိုးများ

    ဖေဖော်ဝါရီ ၂၅ ၊ ၂၀၁၅
    M-Media
    08973c6f5b61434880b65bb0a6e691fb_18
    – သူမတို့၏ အိမ်ဟုခေါ်သော ရွှံ့တဲလေးမှ ခေါင်းကိုငုံ့ကာ ဘာရီတန် ဆိုဇာတစ်ယောက် အပြင်သို့ သွက်သွက်လေးထွက်လာခဲ့သည်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးသည့် သူမက ပခုံးသိုင်းလွယ်ထားသော ကာလာရှင်ကော့ဗ် ရိုင်ဖယ်ကို လက်မှ လွတ်မကျရန် တင်းတင်း ကျပ်ကျပ်လေး ဆုပ်ကိုင်ထားသည်။ အဆိုပါရိုင်ဖယ်မှာ လွန်ခဲ့သည့် ၃ လက ဆင်ဂျာကာကွယ်ရေးတပ်ဖွဲ့ YBS မှ ပေးထားခြင်းဖြစ်သည်ဟု သူမက ဆိုလေသည်။ ထိုအချိန်မှစ၍ ဆိုဇာတစ်ယောက် အသိနှင့် သတိ မလွတ်ခဲ့တော့။

    ဆင်ဂျာတောင်ကုန်းတွင် အခြေဆိုက်သော ယာဇီဒီပြည်သူ့စစ် ၆၀၀ ရှိသည့် YBS တပ်ဖွဲ့တွင် စေတနာ့ဝန်ထမ်းအဖြစ် ၀င်ရောက် တိုက်ခိုက်ရခြင်းမှာ မိမိ၏ ခံစားချက်ကို ထိန်းချုပ်လာနိုင်သည်ဟု ဆိုဇာက ဆိုလေသည်။ နိုင်နီဗဟ် ပြည်နယ်ရှိ ဆင်ဂျာဒေသကို ISIL အဖွဲ့က သိမ်းပိုက်ခဲ့သည့် ပြီးခဲ့သည့်နှစ် သြဂုတ်လကတည်းက သိန်းနှင့်ချီသော ယာဇီဒီလူမျိုးများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    “ကျွန်မဟာ သားကောင် မဟုတ်တော့ပါဘူး။ ယာဇီဒီလူမျိုးတွေအပေါ် ကျရောက်ခဲ့တဲ့ ဒီဘေးအန္တရာယ်က ကျွန်မတို့ကို အားအင်တွေ ပိုရှိစေခဲ့ပါတယ်။ အခုတော့ ကျွန်မတို့ဟာ ဘယ်သူအကူအညီမှ မလိုအပ်တော့ဘူးဆိုတာ သိခဲ့ပါပြီ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်မတို့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်နေပြီလေ” ဟု ဆိုဇာက ဆိုလေသည်။

    အီရတ်နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သည့် ယာဇီဒီလူမျိုးများမှာ ဇိုရိုအက်စတာဝါဒကို အခြေပြုသော မက်ဆိုပိုတေးမီးယားမှ ရှေးဟောင်း အယူဝါဒကို ယုံကြည်ကိုးကွယ်ကြသူများဖြစ်သည်။ ISIL ကတော့ ၎င်းတို့အား “မကောင်းဆိုးဝါးကို ကိုးကွယ်သူများ” ဟု သတ်မှတ်ကာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။

    ISIL ၎င်းတို့ဒေသအား ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ပထမဆုံးနေ့မှာပင် ဆိုဇာနှင့်သူမ၏ မိသားစုမှာ အခြားသော ယာဇီဒီလူမျိုး ထောင်ပေါင်းများစွာနှင့် အတူ ဆင်ဂျာတောင်ပေါ်သို့ ထွက်ပြေးခဲ့သည်။ ဒေသတွင်းမှ ကာ့ဒ်တပ်ဖွဲ့ဝင်များက ကာကွယ်ခဲ့ကြသော်လည်း အင်အား မမျှသောကြောင့် နောက်ပိုင်းတွင် ပြန်ဆုတ်ခဲ့ရပြီး ယာဇီဒီလူမျိုးများကတော့ ကာကွယ်ပေးမည့်သူမရှိ ဖြစ်ခဲ့ရသည်။

    မိမိတို့ ကာကွယ်ရေးအတွက် ပြင်ပအင်အားတစ်ခုတည်းကိုသာ အားမကိုးရန် ဆုံးဖြတ်ခဲ့ပြီးသည့်နောက်တွင်တော့ ဆင်ဂျာတောင်ကုန်းရှိ ယာဇီဒီပြည်သူများက ၎င်းတို့၏ ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ YBS တိုက်ခိုက်ရေးသမာများမှာ ဆီးရီးယားမြောက်ပိုင်း ကာ့ဒ်ပြည်သူ့စစ် တပ်ဖွဲ့ဖြစ်သော ပြည်သူကာကွယ်ရေးတပ် YPG၊ တူရကီဘက်မှ ကာ့ဒ်အလုပ်သမားပါတီ PKK တပ်ဖွဲ့များနှင့်အတူ လေ့ကျင်ခဲ့ကြသည်။

    ဆင်ဂျာတောင်ကုန်းတစ်ဝိုက်ရှိ တဲငယ်လေးများတွင် ယာဇီဒီလူမျိုး ၁၀၀၀၀ ခန့်မှာ နေထိုင်နေရပြီး ISIL က ထိန်းချုပ်ထားသော ဒေသများကို စီး၍ မြင်နေရသည်။ ၎င်းတို့ထဲမှ ရော့ဂ်ဟာ ဟာဘာဘီဆိုသည့် တပ်ဖွဲ့ဝင်တစ်ယောက်က ဆင်ဂျာဒေသရှိ သူ၏မိသာစုတဲမှ မီးခိုများ အလိပ်လိုက်တက် သွားသည်ကို စောင့်ကြည့်နေသည်။ တောင်အောက်ခြေမှ ပေါက်ကွဲသံကြီး ကလည်း ပဲ့တင်ထပ်သွားသည်။ သို့သော်လည်း ထိုပေါက်ကွဲမှုက ၎င်းတို့ကို မတုန်လှုပ်စေတော့။ ထိုအရာမျိုးမှာ ပုံမှန်ဖြစ်သွားပြီဟု ဟာဘာဘီက ဆိုလေသည်။

    ဆင်ဂျာတောင်ကုန်းအောက်ပိုင်းရှိ လမ်းများတွင် တိုက်ခိုက်မှုများ မရှိသည့်အခါ သူနှင့် သူ၏ YBS တပ်ဖွဲ့ဝင်များက တောင်ကုန်း တစ်ဝိုက်တွင် ကင်းလှည့်စောင့်ကြပ်ကြသည်ဟု ဟာဘာဘီက ပြောသည်။

    “သူတို့ (ISIL) တွေဟာ အရိုင်းအစိုင်းတွေပါ။ ကားဗုံးခွဲတာမျိုး၊ အသေခံတိုက်ခိုက်တာမျိုးကို မှီခိုနေကြပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    YBS တပ်ဖွဲ့ဝင်များမှာ နည်းလမ်းတကျဖွဲ့စည်းထားသည့် အဖွဲ့အစည်းမျိုးမဟုတ်။ အဆီအငေါ်မတည့်သည့် စစ်ဘက်ဆိုင်ရာဝတ်စုံနှင့် ပစ္စည်းကိရိယာများ ၀တ်ဆင်ထားသော  လူငယ်အမျိုးသမီးများနှင့် အမျိုးသားများမှာ တဲတစ်ခုမှတစ်ခုသို့ ရွေ့လျား သွားလာနေကြသည်။ လက်နက်ခဲယမ်းထည့်ထားသော ခါးပတ်ကို ခန္ဓာကိုယ်တွင် ပတ်ထားသည့် လူငယ်တစ်ယောက်က ရေပုံးများကို တဲအတွင်းသို့ သယ်လာပြီး စက်သေနက်တစ်လက်ကိုလည်း ကျောတွင်လွယ်ထားသည်။

    YBS မှ လူငယ်တိုက်ခိုက်ရေးသမားများမှာ ယာဇီဒီ ဒီမိုကရက်တစ်လှုပ်ရှားမှု TEVDA ၏ ခေါင်းဆောင် စအီးဒ် ဟာဆန်၏ လမ်းညွှန်မှုအောက်တွင် အဆိုပါ တဲများ၌ စုးစည်းနေထိုင်နေရခြင်း ဖြစ်သည်း YBS ပြည်သူ့စစ်များအား TEVDA မှပင် စပွန်ဆာပေးထား၏။

    စအီးဒ်ကိုယ်တိုင်မှာလည်း ထောင်ကုန်းပေါ်တွင် နေသူဖြစ်ပြီး YBS မှာ အီရတ်ရှိ ယာဇီဒီလူ့အဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ လျှောက်လှမ်းရန် ပထမဆုံးခြေလှမ်းပင်ဖြစ်သည်ဟု ၎င်းက ယုံကြည်နေသည်။ ယာဇီဒီပြည်သူများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အစိုးရ လိုအပ်သည်ဟု စအီးဒ်ကဆိုပြီး YBS ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ ဆင်ဂျာရှိ ယာဇီဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွက် တောင်းဆိုထားသည်။

    “ကျွန်တော်တို့ ယာဇီဒီဒေသ လိုချင်ပါတယ်။ ပြီးတော့ အဲဒီဒေသကို ကာကွယ်ပေးမယ့် YBS တပ်ဖွဲ့ကိုလည်း လိုချင်ပါတယ်။ YBS နဲ့ပတ်သက်လို့ အခု ကျွန်တော်တို့ စဉ်စားနေတာက ဒီအဖွဲ့ ဒီထက်ပိုကြီးလာဖို့ပါ။ ဒီမှာရှိတဲ့လူအကုန်လုံးက အနာဂတ်မှာ ယာဇီဒီလူမျိုးတွေနဲ့ ဆင်ဂျာဒေသကို ကာကွယ်ဖို့ ဒီမှာ ရှိပါလိမ့်မယ်။ ဒီမြေနဲ့ ကျွန်တော်တို့ရဲ့ အယူဝါဒကို ကာကွယ်ဖို့ ကျွန်တော်တို့ စစ်တပ်တစ်တပ် လိုချင်ပါတယ်” ဟု စအီးဒ်က ဆိုလေသည်။

    ဗီယင်နာတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ သောမက်စ် ရှမစ်ဒင်ဂါ၏ အဆိုအရ ယာဇီဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ပေါ်လာရေး လှုပ်ရှားမှုက ISIL အား တန်ပြန်တိုက်ခိုက်ခြင်းနှင့် ပြီးခဲ့သည့်နှစ် သြဂုတ်လက ကာ့ဒ်တပ်ဖွဲ့များ ဆင်ဂျာဒေသအား စွန့်ခွာသွားပြီးနောက်ပိုင်း ပိုအားကောင်းလာသည်ဟု ဆိုသည်။

    “ယာဇီဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိစ္စနဲ့ပတ်သက်လို့ ယာဇီဒီလူ့အဖွဲ့အစည်းအတွင်းမှာ မတူညီရဲ့ သဘောထား အမြောက်အများ ရှိနေပါတယ်။ ဒါပေမယ့် ထင်ရှားတာတစ်ခုကတော့ သြဂုတ်လကတည်းက ယာဇီဒီလူမျိုး တော်တော်များများဟာ ကာ့ဒ်တွေနဲ့ ပိုပြီးကွာဟသွားပြီလို့ ယူဆခဲ့ကြပါတယ်။ ပြီးတော့ ကာ့ဒ်ဒေသ အစိုးရအဖွဲ့နဲ့အတူ ဒါမှတ်ဟုတ် အီရတ်ရဲ့ နယ်နမိတ်ကခွဲထွက်ပြီး သီးခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ထူထောင်ချင်ခဲ့ကြပါတယ်” ဟု ရှမစ်ဒင်ဂါက ပြောကြားခဲ့သည်။

    YBS တပ်ဖွဲ့ တည်ရှိနေခြင်းက ယာဇီဒီလူ့အဖွဲ့အစည်းအား ကာကွယ်နိုင်ရေး ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ရှမစ်ဒင်ဂါက ထည့်သွင်းပြောကြား ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက်လည်း အရေးပါသည့် ခြေလှမ်းဟု ဆိုခဲ့သည်။ ဟာဘာဘီကတော့ ထိုမျှော်လင့်ချက် အမှန်တကယ်ဖြစ်လာရေးအတွက် ရင်ဆိုင်သွားရန် ဆန္ဒရှိသည်ဟု ဆိုလေသည်။

    “အရင်ကတော့ ကျွန်တော်ဟာ ကျောင်းသားပါ။ ဒါပေမယ့် အခုတော့ တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်နေပါပြီ။ ဒါမျိုးဖြစ်လာမယ်လို့ စိတ်တောင် မကူးခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့လူမျိုးတွေ လိုအပ်သမျှ ကာလပတ်လုံး တိုက်ခိုက်ရေးသမားတစ်ယောက်အနေနဲ့ ဆက်ရှိသွားမှာပါ”

    Ref: aljazeera
    လေးမောင် ဘာသာပြန်သည်။