News @ M-Media

Blog

  • မူဆိုးလ်အား IS လက်မှ ပြန်လည်သိမ်းယူရေး ထိုးစစ်ကြီးတစ်ခုကို အီရတ်စစ်တပ် ဧပြီလတွင်စမည်

    မူဆိုးလ်အား IS လက်မှ ပြန်လည်သိမ်းယူရေး ထိုးစစ်ကြီးတစ်ခုကို အီရတ်စစ်တပ် ဧပြီလတွင်စမည်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅
    M-Media

    iraq

    – IS တပ်များလက်မှ အီရတ်၏ ဒုတိယမြို့တော် မူဆိုးလ်ကို ပြန်လည်သိမ်းပိုက်မည့် ထိုးစစ်ကြီးတစ်ခုကို လာမည့် ဧပြီလတွင် စတင်နိုင်ဖွယ်ရှိသည်ဟု အမေရိကန် စစ်ဘက်ဆိုင်ရာ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

    ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ စစ်ဆင်ရေးအတွက် ပြင်ဆင်ရန် အီရတ်ရှိ တပ်မဟာ ၅ ခုအား အမေရိကန်က မကြာမီ လေ့ကျင့်ပေးသွားမည်ဟုဆိုသည်။ အဆိုပါ တပ်မဟာ ၅ ခုမှာ မူဆိုးလ်အား အဓိက တိုက်ခိုက်သွားမည်ဖြစ်ပြီး အခြား တပ်မဟာအငယ် ၂ ခုမှာ နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် IS အား တိုက်ခိုက်နေသော ကာ့ဒ်တပ်မဟာ ၃ ခုနှင့်အတူ အရန်တပ်အဖြစ် ထားရှိသွားမည်ဖြစ်သည်။

    မူဆိုးလ်မြို့အား တိုက်ခိုက်မှုအတွင်း တပ်မဟာစုစုပေါင်း ၁၂ ခု ပါဝင်မည်ဖြစ်ပြီး ယခင်ရဲတပ်ဖွဲ့ဟောင်းများနှင့် လူမျိုးစု တပ်ဖွဲ့များ အပါအ၀င် တပ်ဖွဲ့ဝင်အရေအတွက် ၂၀၀၀၀ မှ ၂၅၀၀၀ ကြား ရှိမည်ဖြစ်သည်။ အမေရိကန်စစ်တပ်က လေ့ကျင့်ပေးခြင်း၊ လေကြောင်းမှ တိုက်ခိုက်ပေးခြင်းနှင့် ထောက်လှမ်းပေးခြင်းတို့ အပါအ၀င် အဆိုပါ စစ်ဆင်ရေးအတွက် စစ်ဘက်ဆိုင်ရာ အကူအညီများကို ပေးအပ်သွားမည်ဖြစ်သည်။

    IS အဖွဲ့မှာ မူဆိုးလ်မြို့ကို ပြီးခဲ့သည့် ဇွန်လအတွင်းက သိမ်းယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တပ်ဖွဲ့ဝင် ၁၀၀၀ မှ ၂၀၀၀ အကြား ရှိမည်ဟု ခန့်မှန်းထားသည်။

    Ref: aljazeera

  • နော်ဝေမွတ်စလင်လူငယ်များ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းမည်

    နော်ဝေမွတ်စလင်လူငယ်များ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းမည်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅
    M-Media

    synagog

    – ဂျူးလူ့အဖွဲ့အစည်းနှင့် တစ်သားတည်းရှိကြောင်းပြသရန်၊ အစ္စလာမ်၏ ငြိမ်းချမ်းရေးသတင်းစကားကို ဖြန့်ချီရန်အတွက် နော်ဝေမွတ်စလင်လူငယ်များက လာမည့်သီတင်းပတ်၌ ဂျူးဘုရားကျောင်းတစ်ခုတွင် ငြိမ်းချမ်းရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းမည်ဟု သိရသည်။

    “တကယ်လို့များ အကြမ်းဖက်သမားတွေဟာ အစ္စလာမ်ရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်ချင်ရင်တော့ ကျွန်တော်တို့မွတ်စလင်တွေကို အရင်ဆုံး ရင်ဆိုင်ရမှာပါပဲ။ ဂျူးမုန်းတီးမှု ပုံစံအားလုံးကို ပြင်းပြင်းထန်ထန် စက်ဆုပ်ရွံရှာတယ်ဆိုတာနဲ့ အဲဒီဂျူးလူမျိုးတွေကို အားပေးထောက်ခံတယ်ဆိုတာ ကျွန်တော်တို့ ပြသချင်ပါတယ်” ဟု အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်ထားသူများထဲမှ တစ်ဦးက ဗြိတိန်အခြေစိုက် အကြမ်းဖက်ဆန့်ကျင်ရေးအဖွဲ့ Hope Not Hate သို့ ပြောကြားခဲ့သည်။

    “ငြိမ်းချမ်းရေးဂိုဏ်း” ဟု အမည်ပေးထားသည့် အဆိုပါ မွတ်စလင်လူငယ်များ ငြိမ်းချမ်းရေးအဖွဲ့ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ပြုလုပ်မည့် ၀တ်ပြုဆုတောင်းမှုပြီးနောက် အော်စလိုမြို့ရှိ ဂျူးဘုရားကျောင်းတွင် ဖွဲ့စည်းမည်သွားမည် ဖြစ်သည်။

    အဆိုပါအဖွဲ့၏ ရည်ရွယ်ချက်မှာ မွတ်စလင်များက နော်ဝေနိုင်ငံရှိ ဂျူးလူမျိုးများနှင့် တစ်သားတည်းရှိကြောင်း ပြသရန်နှင့် ဂျူးလူမျိုးများနှင့် မွတ်စလင်များအပေါ် ရှိနေသည့် မလိုမုန်းထားမှုများကို ချုပ်ငြိမ်းအောင်ပြုလုပ်ရန်အတွက် ဖြစ်သည်ဟု ထိုအဖွဲ့အား ဦးဆောင်ဖွဲ့စည်းသူများတွင် ပါဝင်သူ အသက် ၁၇ နှစ်အရွယ် ဟဂ်ျရဒ် အာရှက်က ပြောကြားခဲ့သည်။

    “ကိုပင်ဟေဂင်က အကြမ်းဖက်တိုက်ခိုက်မှုပြီးတဲ့နောက်မှာ အခုဖြစ်နေတဲ့ ဂျူးတွေအရှက်ရအောင်လုပ်နေမှုနဲ့ ကျွန်တော်တို့ မပက်သက်ဘူးဆိုတာပြဖို့ အချိန်ကောင်းပဲလို့ ကျွန်တော်တို့ တွေးဆခဲ့ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ကြိုဆိုကြ

    ထိုကဲ့သို့ မွတ်စလင်လူငယ်များ၏ ငြိမ်းချမ်းရေးအဖွဲ့ကို အော်စလိုရှိ ဂျူးလူ့အဖွဲ့အစည်းကလည်း ချီးကျူးခဲ့ပြီး ထိုဆောင်ရွက်မှုမှာ အလွန်ပင် အပြုသဘောဆောင်သည်ဟု ပြောကြားခဲ့ကြသည်။

    “သူတို့လုပ်ဖို့ စီစဉ်ထားတာက တစ်ကယ်လို့ နော်ဝေမှာရှိတဲ့ ဂျူးလူမျိုးတွေကို တစ်ယောက်ယောက်က တစ်ခုခုလုပ်တော့မယ်ဆိုရင် သူတို့က အရင်ဆုံး ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုးပါပဲ။ ဒါဟာ သိပ်ကို အပြုသသဘောဆောင်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အော်စလို ဂျူးလူ့အဖွဲ့အစည်းခေါင်းဆောင်ဖြစ်သူ အာဗင် ခွန်က ပြောကြားခဲ့သည်။

    မွတ်စလင်လူငယ်များ၏ အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းမှုအတွက် အော်စလိုရှိ ဂျူးဘုရားကျောင်းကလည်း လိုလိုလားလားပင် အားပေးကူညီခဲ့သည်။

    “လူ ၃၀ လောက်ပဲလာမယ်ဆိုရင် သိပ်တော့မမိုက်ဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ တစ်ကယ်လို့များ ဘာဂျက်စတီယန် လမ်းမကြီး (ဂျူးဘုရားကျောင်းတည်ရှိရာ လမ်းမကြီး) ပြည့်လျှံသွားမယ်ဆိုရင်တော့ သိပ်ကောင်းမှာပါပဲ” ဟု ခွန်က ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါလှုပ်ရှားမှုကို စီစဉ်သူများ၏ ပြောကြားချက်အရ ထိုပွဲသို့ လာရောက်ရန် Facebook စာမျက်နှာတွင် စာရင်းပေးထားသူများမှာ ၄၅၀ ကျော်ရှိနေသည်ဟု ဆိုသည်။

    “အစ္စလာမ်က ဘယ်လိုဘာသာတရားကို ယုံကြည်သူပဲဖြစ်ပါစေ အားလုံးကို ညီရင်းအစ်ကို မောင်ရင်းနှမလို သဘောထားပါတယ်။ အစ္စလာမ်ဆိုတာ အမုန်းတရား အပြင်ဘက်မှာသာရှိပြီး အမုန်းတရား ပြည့်လျှံနေသူတွေရဲ့ အထဲကို ဘယ်တော့မှ နစ်မြုပ်သွားမှာ မဟုတ်ပါဘူး။ နောက်ပြီ အစ္စလာမ်ဆိုတာ တစ်ဦးနဲ့တစ်ဦး ကာကွယ်ဖို့ပါ။ မွတ်စလင်တွေဟာ ဂျူးမုန်းတီးမှုပုံစံအားလုံးကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်ဆိုတာနဲ့ သူတို့ကို အားပေးထောက်ခံတယ်ဆိုတာ ပြသချင်ပါတယ်” ဟု အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

    Ref: onislam

  • လောက်ကိုင်တွင် ပိတ်မိနေသူများအား ကယ်ထုတ်ရေး အပစ်ရပ်ပေးရန် ကယ်ဆယ်ရေးအဖွဲ့များ တောင်းဆို

    လောက်ကိုင်တွင် ပိတ်မိနေသူများအား ကယ်ထုတ်ရေး အပစ်ရပ်ပေးရန် ကယ်ဆယ်ရေးအဖွဲ့များ တောင်းဆို

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
    M-Media

    laukai

    – အရေးပေါ်အခြေအနေ ကြေညာထားသည့် လောက်ကိုင်ဒေသတွင် အရပ်သား၂ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် ထိုဒေသတွင် ပိတ်မိနေသူများအား ကယ်တင်ရန်အတွက် အပစ်အခတ်ရပ်ပေးရန် မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ယနေ့တွင် တောင်းဆိုလိုက်သည်။

    ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသတွင် ပြီးခဲ့သည့် ၁၀ ရက်အတွင်း ဖြစ်ပွားခဲ့သော အစိုးရတပ်နှင့် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် ဒေသခံပြည်သူထောင်ပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အနည်းဆုံး ၃ သောင်းခန့်မှာ တရုတ်နိုင်ငံသို့ ၀င်ရောက် ခိုလှုံနေရသည်။

    တိုက်ခိုက်မှုများအတွင်း အကူအညီပေးရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေခဲ့သော်လည်း အင်္ဂါနေ့က မြန်မာနိုင်ငံကြည်ခြေနီအသင်း၏ ကူညီကယ်ဆယ်ရေးယာဉ်တန်းမှာ ပစ်ခတ်ခြင်းခံခဲ့ရပြီး လူ ၂ ဦး ဒဏ်ရာရှိခဲ့သည်။

    ထို့အဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပြီး လောက်ကိုင်မြို့တွင်လည်း ပိတ်မိနေသူအများအပြား ရှိနေသည်။။

    “လောက်ကိုင်ဒေသမှာ လူဘယ်လောက်များများ ပိတ်မိနေသလဲဆိုတာ ကျွန်တော်တို့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့ကတော့ အဲဒီက လူ ၃၀ လောက်ကို ကျွန်တော်တို့ ကယ်ထုတ်ခဲ့ပါတယ်။ ရက်အနည်းလောက် အပစ်ရပ်ဖို့ နှစ်ဖက်စလုံးကို တောင်းဆိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ဟာ လူတွေကို ကယ်ဆယ်ဖို့ ကူညီနိုင်မှာပါ။ အခုလောလောဆယ်တော့ ကျွန်တော်တို့ ကြက်ခြေနီတွေတောင်မှ ပြည်သူတွေကို မကာကွယ်နိုင်တော့ပါဘူး။ အရမ်းဝမ်းနည်းစရာပါပဲ ” ဟု လားရှိုးမြို့မှ ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    လောက်ကိုင်ဒေသအတွင်း တိုက်ခိုက်မှုများတွင် အစိုးရစစ်တပ်မှ ၅၀ နီးပါး ကျဆုံးခဲ့သည်။ လက်ရှိအချိန်တွင် တိုက်ပွဲအဓိက ဖြစ်ပွားရာ လောက်ကိုင်မြို့ကို အစိုးရတပ်များက သိမ်းပိုက်ထားပြီး အရေးပေါ်ခြေအနေ ကြေညာထားသည်။

    Ref: channelnewsasia

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
    M-Media

    – ယခုသီတင်းပတ်အစောပိုင်းမှစတင်ကာ နိုင်ငံဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ မြို့ရွာပေါင်း ၁၁ ခုတွင် အိမ်နီးချင်း ကင်မရွန်း၊ ချဒ်နှင့် နစ်ဂါးနိုင်ငံများမှ စတ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်သော စစ်ဆင်ရေးများအတွင်း ဘိုကိုဟရမ်အဖွဲ့ဝင် ၃၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့သည်ဟု စစ်တပ်တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။ နိုက်ဂျီးရီးယားမှာ လာမည့်လ ရွေးကောက်ပွဲမတိုင်ခင် ဘိုကိုဟရမ်အား အပြီးချေမှုန်းသွားမည်ဟု ကြေညာထားသည်။

    – IS အဖွဲ့အား တွန်းလှန်တိုက်ခိုက်ရန် လိုအပ်နေသည့်အတွက် မိမိတို့နိုင်ငံအပေါ် လက်နက်တင်ပို့မှု ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းပေးရန် လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် ကုလသမဂ္ဂသို့ တောင်းဆိုခဲ့သည်။ ကုလမှာ အာဏာရှင်ကဒါဖီကို ဖြုတ်ချသည့် တော်လှန်ရေးဖြစ်ပွားသော ၂၀၁၁ ခုနှစ်တွင် လစ်ဗျားအား အနောက်နိုင်ငံများမှ လက်နက်တင်ပို့မှုကို ရပ်ဆိုင်းရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    – ဆီရာ လီယွန်နီနိုင်ငံတွင် ဆေးရုံ၊ ဆေးခန်းများသို့ ရောက်မလာသည့် အီဘိုလာကူးစက်ခံရနေသူများအား တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေမှုကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး အဆိုပါ ရှာဖွေမှုကို ၂ ပတ်အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ဆီရာလီယွန်နီနိုင်ငံတွင် အီဘိုလာကြောင့် သေဆုံးသူမှာ ၃၄၀၀ ခန့်ရှိခဲ့သည်။

    – ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာလက်ထက် အစိုးရက တောင်သူလယ်သမားများထံမှ စပါးဝယ်ယူခဲ့သည့်အစီအစဉ်တွင် တာဝန်ပေါ့လျော့မှုဖြင့် ယင်လပ်ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ယနေ့တွင် တရားစွဲဆိုခဲ့သည်။ သို့သော်လည်း ယင်းလပ်မှာ တရားရုံးသို့ တက်ရောက်ခဲ့ခြင်းမရှိပေ။

    – ယူကရိန်းအရှေ့ပိုင်း အပစ်ရပ်ရေးသဘောတူညီချက်ကို စောင့်ကြည့်ရေးအတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များချထားရန် ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက တောင်းဆိုလိုက်သည်။ တနင်္ဂနွေနေ့မှစတင်ကာ အပစ်ရပ်ရေးသဘောတူညီထားသော်လည်း ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ခွဲထွက်ရေးသမားများက အဓိကကျသည့် မြို့တစ်မြို့ကို ယမန်နေ့တွင် ထပ်မံ သိမ်းပိုက်ခဲ့သည်။

    – မဲလ်ဘုန်းတွင်ပြုလုပ်နေသည့် သြစတေးလျအိုးပင်း အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမအဆင့်အပြီးတွင် တောင်ကိုရီးယားဂေါက်သီးမယ် လီအီလ်ဟီးက ဦးဆောင်နေသည်။

    Ref: news agencies

  • ၂၀၁၄ ပြဿနာများက မိမိ၏ ခြေစွမ်းကို ကျဆင်းစေခဲ့ကြောင်း မက်ဆီဝန်ခံ

    ၂၀၁၄ ပြဿနာများက မိမိ၏ ခြေစွမ်းကို ကျဆင်းစေခဲ့ကြောင်း မက်ဆီဝန်ခံ

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
    M-Media

    messi

    – ၂၀၁၄ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရသည့် ပြဿနာများက မိမိ၏ ကွင်းတွင်း၊ ကွင်းပြင် စွမ်းဆောင်ရည်များအား ထိခိုက်စေခဲ့သည်ဟု ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။

    အသက် ၂၇ နှစ်အရွယ် မက်ဆီမှာ ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက ပြိုင်ပွဲအားလုံးတွင် ၄၆ ပွဲကစားပြီး ၄၁ ဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း ၎င်း၏ အထွတ်အထိပ်ခြေစွမ်းကို ရောက်ရှိခဲ့ခြင်းမရှိခဲ့ဘဲ ဘာစီလိုနာမှာလည်း ဖလားလက်မဲ့ဖြင့် ရာသီသိမ်းခဲ့သည်။

    မက်ဆီကမူ ဒဏ်ရာပြဿနာ၊ အခွန်ပြဿနာများက ပြီးခဲ့သည့်နှစ် ၎င်း၏ ခြေစွမ်းကို ထိခိုက်မှုများရှိခဲ့ကြောင်း ၀န်ခံခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မိမိ၏ခြေစွမ်းအမှန်ကို ပြသရန် ဆန္ဒပြင်းပြနေကြာင်း ပြောကြားခဲ့သည်။

    “အမှန်ပြောရရင် ဒီနှစ်မှာ ကျွန်တော့်ရဲ့ အကောင်းဆုံးခြေစွမ်း အမြန်ဆုံးရဖို့ ကြိုးစားခဲ့ပါတယ်။ ခြေစွမ်းမပြနိုင်ခဲ့တဲ့ နှစ်က ရုန်းထွက်လာခဲ့ပြီဆိုတာ ကျွန်တော်သိပါတယ်။ အဲဒီနှစ်အတွင်း ကျွန်တော်ဟာ ကွင်းတွင်း၊ ကွင်းပြင် ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ဖြတ်သန်းခဲ့ရပါတယ်” ဟု မက်ဆီက အာဂျင်တီးနားသတင်းစာ Mundo Leo သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ပြီးခဲ့သည့်နှစ်က ကျဆင်းခဲ့သည့် မိမိ၏ပုံရိပ်ကို ကောင်းမွန်အောင်ပြုလုပ်ရန်မှာ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး၊ မိမိ၏ ရည်ရွယ်ချက်လည်းဖြစ်ကြောင်း ၎င်းက ထည်သွင်းပြောကြားခဲ့သည်။ လာမည့် သီတင်းပတ်တွင် မန်စီးတီးနှင့် ကစားရမည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ပွဲနှင့် ပတ်သက်၍လည်း မက်ဆီက ထည့်သွင်းပြောကြားခဲ့ပြီး မိမိတို့အသင်းအား မန်စီးတီးက အလွယ်တကူအနိုင်ရမည်မဟုတ်ဟု ဆိုသည်။

    Ref:goal.com