News @ M-Media

Blog

  • ဘုရင်စနစ်ကို အသရေဖျက်သည့် ထိုင်းလူငယ် ၂ ဦး ထောင်ချခံရ

    ဘုရင်စနစ်ကို အသရေဖျက်သည့် ထိုင်းလူငယ် ၂ ဦး ထောင်ချခံရ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅
    M-Media

    thai 1

    – တက္ကသိုလ်ပြဇာတ်တစ်ခုတွင် ထိုင်းဘုရင်စနစ်အား အသရေဖျက်သည်ဟူသော စွပ်စွဲချက်ဖြင့် ထိုင်းလူငယ် ၂ ဦးအား ယနေ့တွင် ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်လိုက်သည်ဟု သိရသည်။

    ထောင်ဒဏ်ချမှတ်ခံရသူများမှာ အသက် ၂၃ နှစ်အရွယ်ရှိ ပတီဝပ် ဆာရိုင်ယမ်နှင့် အသက် ၂၆ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ ပွန်တစ်ပ် မန်ကောင်တို့ဖြစ်ကြပြီး ၁၉၇၃ ခု ဒီမိုကရေစီအရေး ကျောင်းသားများဆန္ဒပြမှု နှစ် ၄၀ အထိမ်းအမှတ်အဖြစ် သာမာဆက် တက္ကသိုလ်တွင် ပြုလုပ်သော အခမ်းအနား၌ “The Wolf Bride” ဟူသော ဘုရင်စနစ်အား လှောင်ပြောင်သည့် ပြဇာတ်ကို ကပြခဲ့သောကြောင့် ပြီးခဲ့သည့် သြဂုတ်လက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

    ၎င်းတို့နှစ်ဦးအား အစပထမတွင် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့သော်လည်း အပြစ်ရှိကြောင်း ၀န်ခံထွက်ဆိုခဲ့၍ ပြစ်ဒဏ်တစ်ဝက် လျှော့ပေးခဲ့ခြင်းဖြစ်သည်ဟု အမှုစီရင်သည့် ဘန်ကောက်မြို့ရှိ ရက်ခ်ျတာဒါ တရားရုံးမှ တရားသူကြီးက ပြောကြားခဲ့သည်။

    “ပြဇာတ်မှာပါဝင်ခဲ့တဲ့ သူတို့ရဲ့ အခန်းကဏ္ဍက ဘုရင်စနစ်ကို ဆိုးရွားစွာ ထိချက်စေတယ်လို့ တရားရုံးက ယူဆပါတယ်။ ပြီးတော့ သူတို့ရဲ့ ပြစ်ဒဏ်ကို ရပ်ဆိုင်းဖို့ ဘာအကြောင်းမှ မရှိပါဘူး”

    အဆိုပါ လူငယ် ၂ ဦး၏ ရှေ့နေကမူ ပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ဘုရင်စနစ်အား အသရေဖျက်သော အဆိုပါပြဇာတ်တွင် ပါဝင်ခဲ့သူ အနည်းဆုံး ၆ ဦးကို ပုဒ်မ ၁၁၂ အား ချိုးဖောက်မှုဖြင့် လိုက်လံရှာဖွေနေသည်။ ဘုရင်၊ ဘုရင်မ၊ ထီးညွှန့်နန်းလျာနှင့် ဆွေတော်မျိုးတော်များအား စော်ကားခြင်းအတွက် သတ်မှတ်ထားသော အဆိုပါပုဒ်မတွင် စွဲချက်တစ်ခုချင်းစီအတွက် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

    Ref: aljazeera

  • စနိုးဒင် မှတ်တမ်းရုပ်ရှင် အော်စကာဆုရ

    စနိုးဒင် မှတ်တမ်းရုပ်ရှင် အော်စကာဆုရ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅
    M-Media

    468

    – အမေရိကန် အမျိုးသားထောက်လှမ်းရေးအေဂျင်စီ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ခဲ့သူ အက်ဒ၀ပ်စနိုးဒင်အကြောင်း ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်မှာ ယမန်နေ့က ပြုလုပ်ခဲ့သည့် အော်စကာ ဆုပေးပွဲတွင် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရရှိခဲ့သည်ဟု သိရသည်။

    Citizen Four ဟု အမည်ရသည့် အဆိုပါ မှတ်တမ်းရုပ်ကို ဒါရိုက်တာ လော်ရာ ပွိုင်ထရာက ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး အယ်ဒီတာ ဘွန်နီဖွိုင်၊ ထုတ်လုပ်သူ ၀ီလက်ဇ်ကီ၊ စနိုးဒင်၏ချစ်သူ လင်ဆေး မီးလ်စ်တို့နှင့်အတူ အော်စကာဆုကို လက်ခံရယူခဲ့သည်။

    “အက်ဒ၀ပ်စနိုးဒင်ကို ပိတ်ပင်ခြင်းဟာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးကို ခြိမ်းခြောက်ရုံသာမက ကျွန်မတို့ရဲ့ ဒီမိုကရေစီကိုလည်း ခြိမ်းခြောက်တာ ဖြစ်ပါတယ်” ဟု လော်ရာက ကျေးဇူးတင်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

    လော်ရာမှာ ၂၀၁၃ ခုနှစ်က ဟောင်ကောင်သို့သွားရောက်ကာ စနိုးဒင်နှင့် တွေ့ဆုံခဲ့ပြီးနောက် အင်တာဗျူး မြောက်များစွာပြုလုပ်၍ အဆိုပါ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ အမေရိကန်၏ ကျူးကျော်မှုအောက်တွင် နေထိုင်ရသည့် အီရတ်နိုင်ငံသားများ၏ ဘ၀များကို ရိုက်ကူးထားသော လော်ရာ၏ မှတ်တမ်းရုပ်ရှင် My Country, My Country မှာလည်း ၂၀၀၇ ခုနှစ် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု စကာတင်စာရင်း၌ ပါဝင်ခဲ့သည်။

    Citizen Four မှတ်တမ်းရုပ်ရှင် အော်စကာရရှိခဲ့မှုအတွက် စနိုးဒင်ကလည်း လော်ရာအား ချီးကျူးခဲ့သည်။

    “ကျွန်တော် မျှော်လင့်တာကတော့ ဒီဆုဟာ အဲဒီရုပ်ရှင်ကို လူတွေပိုမိုကြည့်ရှုဖို့ တွန်းအားပေးမှာဖြစ်ပြီး၊ အတူတကွအလုပ်လုပ်နေတဲ့ သာမန်နိုင်ငံသားတိုင်းဟာ ကမ္ဘာကြီးကိုပြောင်းလဲနိုင်တယ်ဆိုတဲ့ ဒီရုပ်ရှင်ကပေးတဲ့ သတင်းစကားကို လေးစားအားကျလာဖို့ပါပဲ” ဟု စနိုးဒင်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သော အော်စကာဆုပေးပွဲတွင် ဒါရိုက်တာ အလက်ဂျန်ဒရို ဂွန်ဇာလက် ရိုက်ကူးသော Birdman ရုပ်ရှင်ဇာတ်ကားက ဆုအများအပြားရရှိခဲ့ပြီး အော်စကာရမည်ဟု နာမည်ကြီးနေသည့် American Sniper ဇာတ်ကားကမူ အသံဆု တစ်ဆုတည်းသာ ရရှိခဲ့သည်။

    Ref: RT

  • ချယ်ဆီးပရိတ်သတ်များ၏ လူမျိုးရေးခွဲခြားခံခဲ့ရသူက တုန်လှုပ်မိသည်ဟု ဆို

    ချယ်ဆီးပရိတ်သတ်များ၏ လူမျိုးရေးခွဲခြားခံခဲ့ရသူက တုန်လှုပ်မိသည်ဟု ဆို

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅
    M-Media

    chelsea

    – ပဲရစ်ရှိ ရထားဘူတာတစ်ခုတွင် ချယ်ဆီးပရိတ်သတ်များ၏ လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရသော ပြင်သစ်နိုင်ငံသား ၎င်းအနေဖြင့် ထိုအဖြစ်အပျက်အတွက် အလွန်အမင်းတုန်လှုပ်မိပြီး သယ်ယူပို့ဆောင်ရေး အစီးအနင်းများ အသုံးပြုရန်ကိုပင် ကြောက်မိသည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဖြစ် ပီအက်စ်ဂျီအသင်းနှင့် ချယ်ဆီးတို့ မကစားမီ ပဲရစ်ရှိ ဘူတာရုံတွင် ချယ်ဆီးပရိတ်သတ် အုပ်စုတစ်စုက အသက် ၃၃ နှစ်အရွယ်ရှိ ဆူလေမန်နီဟုခေါ်သော လူမည်းတစ်ဦး ရထားပေါ်သို့ တက်ရောက်သည်ကို တွန်းထုတ်ခဲ့ပြီး လူမျိုးရေးခွဲခြားသည့် စကားလုံးများဖြင့် ဟစ်အော်ခဲ့သည်။

    ထိုအဖြစ်အပျက်အတွက် ပဲရစ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ချယ်ဆီးအသင်းကလည်း ထိုအဖြစ်အပျက်တွင် ပါဝင်သည့် ပရိတ်သတ် ၃ ဦးကို စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ၀င်ရောက်ကြည့်ရှုခြင်းမှ ရာသက်ပန်ပိတ်ပင်ခဲ့သည်။

    ဆူလေမန်နီကလည်း ထိုအဖြစ်အပျက်အတွက် တိုင်ကြားထားပြီး ကျူးလွန်သူများအား တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်လာရမည်ဟု ပြောကြားခဲ့သည်။

    “ဖြစ်ပျက်ခဲ့တဲ့အရာတွေက ကျွန်တော့်ကို တုန်လှုပ်စေပါတယ်။ ကျွန်တော် ရထားပေါ်တက်ဖို့ ကြိုးစားတဲ့အခါ ချက်ချင်းဆိုသလိုပဲ လူနှစ်ယောက်က ကျွန်တော့်ကို တွန်းထုတ်လိုက်ပါတယ်။ ကျွန်တော် နားမလည်ခဲ့ပါဘူး။ သာမန်မဟုတ်ဘူးလို့ပဲ ကျွန်တော်ထင်ခဲ့တာပါ။ ဒါမျိုးက ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးလေ။ သူတို့က အော်ထုတ်ခဲ့ပြီး လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေကိုလည်း ကျွေးကျော်ခဲ့ပါတယ်။ ကျွန်တော် လက်မခံနိုင်သလို့ ဘာ့ကြောင့်လဲဆိုတာလည်း ကျွန်တော်နားမလည်ခဲ့ပါဘူး” ဟု ဆူလေမန်နီက
    ပြောကြားခဲ့သည်။

    ချယ်ဆီးကလည်း ထိုအဖြစ်အပျက်အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ချယ်ဆီးနည်းပြမော်ရင်ဟိုက မိမိအနေဖြင့် ရှက်မိသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဆူလေမန်နီအား စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ လာရောက်ရန် မော်ရင်ဟိုက ဖိတ်ခေါ်ခဲ့ပြီး ဆူလေမန်နီကမူ လက်ခံခဲ့ခြင်းမရှိပေ။

    Ref:goal.com

  • အရှေ့အလယ်ပိုင်း၏ ပထမဆုံး ချောကလက်ပြတိုက်ကို အီဂျစ်တွင် ဖွင့်လှစ်ပြသမည်

    အရှေ့အလယ်ပိုင်း၏ ပထမဆုံး ချောကလက်ပြတိုက်ကို အီဂျစ်တွင် ဖွင့်လှစ်ပြသမည်

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅
    M-Media

    egypt 1

    – အရှေ့အလယ်ပိုင်း၏ ပထမဆုံး ချောကလက်ပြတိုက်ကို လာမည့်လတွင် ကိုင်ရို၌ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါ ပြတိုက်မှ အီဂျစ်နိုင်ငံသားများအနေဖြင့် ချောကလက်နှင့်ပတ်သက်သည့် အကြောင်းအရင်းများကို ပိုမိုသိရှိနိုင်မည်ဟု Egypt Independent သတင်းဝဘ်ဆိုက်က ဖော်ပြခဲ့သည်။

    မတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၃ ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်သည့် အဆိုပါ ပြပွဲတွင် နှစ်ပေါင်း ၄၀၀၀ ကျော် ကြာမြင်ခဲ့ပြီဖြစ်သော ချောကလက်သက်တမ်းအတွင်း ဖြစ်ပေါ်ပြောင်းလဲခဲ့မှုများကို လေ့လာနိုင်မည်ဖြစ်သည်။ ထို့ပြင် ချောကလက်၏ သမိုင်းကြောင်းနှင့် ချောကလက်ထုတ်လုပ်မှု အနုစိတ်လက်ရာ အဆင့်ဆင့် ပြောင်းလဲလာမှုကိုလည်း သိရှိနိုင်မည်ဖြစ်သည်။

    အဆိုပါပြတိုက်တွင် ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့သော ချောကလက်ရုပ်ရှင် Charlie and Chocolate Factory ထဲမှ ချောကလက်မြစ်နှင့် ဆင်တူသည့် မြစ်တစ်ခုကိုလည်း တည်ဆောက်ထားပြီး၊ ချောကလက်ဖြင့် ပြုလုပ်ထားသည့် ရုပ်ထုများ၊ ပန်းချီကားများကိုလည်း ပြသထားမည်ဖြစ်သည်။

    ချောကလက်ချစ်သူများ စိတ်ကျေနပ်စေရန်အတွက် ရေခဲမုန့်ဘားတစ်ခုလည်း ပြတိုက်တွင် ပါဝင်မည်ဖြစ်ပြီး ချောကလက်အရသာ အမျိုးမျိုးဖြင့် ပြုလုပ်ထားသော ရေခဲမုန့်များကိုလည်း ပြသသွားမည်ဖြစ်သည်။

    ကျွမ်းကျင် စားဖိုမှုများကလည်း ချောကလက်ထုတ်လုပ်သော ကိုကိုးစေ့ဖြင့်ပေါင်းစပ်ကာ ဆန်းသစ်သော ဟင်းလျာချက်ပြုတ်နည်းများကို ပြသသွားမည်ဖြစ်သည်။

    ချောကလက်ထုတ်လုပ်သည့် ကိုကိုးကို သမိုင်းတင်သည့်ကာကတည်းကပင် ဖျော်ရည်အဖြစ်စီမံကာ သောက်သုံးသည်ကို သမိုင်းမှတ်တမ်းများအရ သိရပြီး ၁၅၀၂ ခုနှစ်တွင် ကိုလံဘတ်စ်၏ စတုတ္ထအကြိမ်မြောက် အမေရိက ခရီးစဉ်တွင် ကိုကိုးစေ့ကိုတွေ့ရှိခဲ့ကာ ဥရောပသို့ ယူဆောင်လာခဲ့သည်မှစ၍ ဥရောပတွင် ကိုကိုးဖျော်ရည်မှာ လူကြိုက်များလာခဲ့သည်။ ယနေ့စားသုံးနေသော ချောကလက်အခဲပုံစံမျိုးကို ၁၈၀၀ ပြည့်နှစ်များတွင် ခက်ခ်ျနိုင်ငံ၌ စတင် ဖန်တီးခဲ့ခြင်းဖြစ်သည်။

    Ref: alarabiya

  • အဓိပ္ပာယ်ကောက်လွဲတဲ့ သင်ကြားမှုများကြောင့် အစွန်းရောက်ဝါဒ ဖြစ်ပေါ်ခြင်းဟု အလ်-အဇ်ဟာရ် ရှေ့ဆောင်ဆရာပြောကြား

    အဓိပ္ပာယ်ကောက်လွဲတဲ့ သင်ကြားမှုများကြောင့် အစွန်းရောက်ဝါဒ ဖြစ်ပေါ်ခြင်းဟု အလ်-အဇ်ဟာရ် ရှေ့ဆောင်ဆရာပြောကြား

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅
    M-Media

    al tyyib

    – ဘာသာရေးအစွန်းရောက်ဝါဒ ပြန့်နှံ့နေမှုကို ထိန်းချုပ်ဖို့အတွက် မွတ်စလင်နိုင်ငံတွေက ပညာရေးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်လို့ စွန်နီမွတ်စလင်ကမ္ဘာရဲ့ အမြင့်ဆုံး အစ္စလာမ့်ဓမ္မတက္ကသိုလ် အလ်- အဇ်ဟာရ်မှ ရှေ့ဆောင်ဆရာ အဟ်မဒ် အလ် တိုင်ယစ်ဘ်က ပြောကြားလိုက်ပါတယ်။

    ယမန်နေ့က ဆော်ဒီအာရေဗျနိုင်ငံက အစ္စလာမ်ဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ မက္ကာမြို့မှာ ပြုလုပ်ခဲ့တဲ့ အကြမ်းဖက် တိုက်ဖျက်ရေးညီလာခံမှာ ဆွန်နီ အစ္စလာမ် လောကမှာ အလေးစား ခံရဆုံး ဘာသာရေးကျောင်း တစ်ခုရဲ့ ရှေ့ဆောင်ဆရာက ဒီလိုပြောကြား လိုက်တာဖြစ်ပြီး အစွန်းရောက်ဝါဒဆိုတာ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ မုဟမ္မဒ်သခင်ရဲ့ သွန်သင်မှုတွေကို တလွဲအဓိပ္ပါယ်ပြန် တာတွေကြောင့် ဖြစ်လာတာတွေလို့လည်း ဆိုခဲ့ပါတယ။်

    “စည်းလုံးညီညွတ်မှုကို ပြန်ရဖို့ မွတ်စလင်နိုင်ငံတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ မွတ်စလင်တွေကို သာသနာပျက်တွေဖြစ်စေတဲ့ ဒီယိမ်းယိုင်မှုတွေကို ကျွန်တော်တို့ရဲ့ စာသင်ကျောင်းတွေ တက္ကသိုလ်တွေကနေ တွန်းလှန်ဖို့ပဲဖြစ်ပါတယ်” လို့ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ၄င်းက ထည့်သွင်းမိန့်ကြားခဲ့ပါတယ်။

    ဒါတင်မကသေးဘဲ ဆရာတော် အဟ်မဒ် အလ်-တိုင်ယစ်ဘ်က အကြမ်းဖက်အဖွဲ့စည်းတွေကိုလည်း ရှုတ်ချခဲ့ပြီး အရှေ့အလယ်ပိုင်း ဒေသအတွင်း မတည်ငြိမ်မှုဟာ ဖီယွန်ဝါဒရဲ့ မဟာမိတ်ဖြစ်တဲ့ ကမ္ဘာ့ ကိုလိုနီ ၀ါဒကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီဘုရင် ဆလ်မန် ဘင် အဘ်ဒူလ်အဇစ်ကလည်း ညီလာခံကိုပေးပို့တဲ့ သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ အကြမ်းဖက်ဝါနဲ့ မွတ်စလင်အစွန်းရောက်တွေကို ရှုတ်ချခဲ့ပြီး သူတို့တွေဟာ မွတ်စလင်တွေကို ခြိမ်းခြောက်နေရုံသာမက အစ္စလာမ်ရဲ့ ပုံရိပ်ကို မှေးမှိန်စေပြီး မွတ်စလင်မဟုတ်သူတွေ သွားပုပ်လေလွင့် ပြောရအောင် ဆောင်ရွက်နေတယ်လို့ အဲဒီမိန့်ခွန်းမှာ ဖော်ပြခဲ့ပါတယ်။

    နောက်ပြီး အစွန်းရောက်တွေဟာ အစ္စလာမ်သာသနာကို အလွဲသုံးစားလုပ်နေတာကြောင့် သူတို့ရဲ့ လုပ်ရပ်တွေဟာ မွတ်စလင်မုန်းတီးရေး အတွေးအခေါ်အယူအဆတွေကို မီးထိုးပေးနေတာ ဖြစ်တဲ့အကြောင်း၊ လူမဆန်တဲ့ သတ်ဖြတ်မှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ ပြုလုပ်နေတဲ့ အဲဒီ အကြမ်းဖက်သမားတွေဟာ အစ္စလာမ် ကမ္ဘာကို ခြိမ်းခြောက်နေပြီး မွတ်စလင်ပညာရှင်တွေအားလုံးကလည်း ဒီလိုအစွန်းရောက် တိုက်ဖျက်မှာဖြစ်တဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၃ ရက်တာကြာမြင့်မယ် မက္ကာမြို့က ဒီညီလာခံကို ကမ္ဘာ့မွတ်စလင်လိဂ်က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက အစ္စလာမ် ဘာသာရေးခေါင်းဆောင်နဲ့ ပညာရှင်တွေတက်ရောက်ခဲ့ကြကာ အစွန်းရောက်ဝါဒကို အစ္စလာမ်နဲ့ ဘယ်လို တိုက်ဖျက်မလဲဆိုတာ ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

    Ref: alarabiya