News @ M-Media

Blog

  • ဒရုန်းလေယာဉ်များကို အမေရိကန် တင်ပို့ရောင်းချတော့မည်

    ဒရုန်းလေယာဉ်များကို အမေရိကန် တင်ပို့ရောင်းချတော့မည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
    M-Media
    drones
    – လက်နက်တပ်ဆင်ထားသည်များအပါအ၀င် စစ်ဘက်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ဒရုန်းလေယာဉ်များကို နိုင်ငံရပ်ခြားသို့ တင်ပို့မည့် ပေါ်လစီအသစ်တစ်ခုကို အမေရိကန်အစိုးရက ယမန်နေ့တွင် ရေးဆွဲခဲ့ပြီး ထိုပေါ်လစီက ဒရုန်းလေယာဉ်များ အသုံးပြုမှုအတွက် ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွန်းများ အကောင်အထည်ပေါ်လာရေး အခြားသောနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်သည်ဟု အမေရိကန်အစိုးရက ပြောကြားလိုက်သည်။

    လက်နက်တပ်ဆင်ထားသော ဒရုန်းများကို အမေရိကန်က တင်းကျပ်သည့် ကန့်သတ်ချက်များဖြင့် ရောင်းချမည်ဖြစ်ပြီး၊ အဆိုပါ ရောင်းချမှုများကို အစိုးရအစီအစဉ်မှတစ်ဆင့် စတင်သွားမည်ဖြစ်ကာ ၀ယ်ယူသူ နိုင်ငံများအနေဖြင့်လည်း အထူးအာမခံတစ်ခုကို သဘောတူရမည်ဖြစ်သည်။

    အာဖဂန်၊ အီရတ်နှင့် ယီမင်နိုင်ငံများရှိ စစ်ဘက်ဆိုင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့် အဆိုပါ ဒရုန်းလေယာဉ်များကို အမေရိကန်၏ မဟာမိတ်နိုင်ငံများက ၀ယ်ယူရန် တောင်းဆိုမှု မြင့်မားလာချိန်တွင် ၂ နှစ်တာ သုံးသပ်မှုများ ပြုလုပ်ပြီးနောက် ထိုပေါ်လစီကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အသေးစိတ်ကိုမူ လျှို့ဝှက်ထားရှိသည်။

    ဒရုန်းလေယာဉ်များထုတ်လုပ်သည့် ကုမ္ပဏီများကလည်း အစိုးရအနေဖြင့် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချမှု ကန့်သတ်ချက်များကို လျှော့ချပေးရန် ယခင်ကတည်းက တောင်းဆိုထားပြီး ယခုပေါ်လစီက ၎င်းတို့၏ ဒရုန်းလေယာဉ်များ ရောင်းချမှုကို တိုးတက်လာစေမည်ဖြစ်သည်။ အမေရိကန်နိုင်ငံအတွင်း စီးပွားရေးကဏ္ဍတွင် ဒရုန်းလေယာဉ်များအသုံးပြုရန်နှင့် ပတ်သက်၍ မကြာသေးမီကပင် အစိုးရက စည်းမျဉ်းတစ်ခု ထုတ်ပြန်ထားသည်။

    လက်ရှိအချိန်တွင် အမေရိကန်မှာ လက်နက်တပ်ဆင်ထားသည့် ဒရုန်းလေယာဉ်များကို အသုံးပြုနေသည့် နိုင်ငံမှာ ဗြိတိန်တစ်နိုင်ငံတည်းသာ ရှိသေးပြီး၊ ထောက်လှမ်းရေးဒရုန်းလေယာဉ်များကိုမူ ပြင်သစ်နှင့် အီတလီတို့က အသုံးပြုနေကြသည်။ လက်နက်တပ်ဆင်ထားသည့် ဒရုန်းများကို ၀ယ်ယူရန် တူရကီနှင့် အီတလီတို့မှာ ယခင်က တောင်းဆိုထားပြီး ယခုပေါ်လစီအသစ် အောက်တွင် ၎င်းတို့အတွက် စဉ်းစားပေးနိုင်မည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူများက ဆိုသည်။

    Ref: alarabiya

     

  • ပြည်တွင်းစစ်ရဲ့ အနိဌာရုံကို ဆီးရီးယား တက်ကြွလှုပ်ရှားသူများ ပါဖောမန့်လုပ်

    ပြည်တွင်းစစ်ရဲ့ အနိဌာရုံကို ဆီးရီးယား တက်ကြွလှုပ်ရှားသူများ ပါဖောမန့်လုပ်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
    M-Media

    syria 1

    – ဆီးရီယားနဲ့ အီရတ်မှာ IS အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြုလုပ်နေပြီး လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေသလိုပဲ ဆီးရီးယားအစိုးရ ဘာရှာအလ်အာဆတ်ရဲ့ တပ်တွေကလည်း ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေကို ကျူးလွန်တယ်ဆိုတာကို ကမ္ဘာက အာရုံစိုက်လာဖို့အတွက် ဆီးရီးယား တက်ကြွလှုပ်ရှားသူတွေက ပါဖောမန့်တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

    အဲဒီပါဖောမန့်က အခြားမဟုတ်ပါဘူး။ ဂျော်ဒန်တိုက်လေယာဉ်မှူးတစ်ဦးကို IS အဖွဲ့ လှောင်အိမ်ထဲထည့် မီးရှို့သတ်ဖြတ်မှုပုံစံမျိုး ဆီးရီးယားက ကလေးတွေကို အကျဉ်းသားဝတ်စုံဝတ် လှောင်အိမ်ထဲထည့်ပြီး မီးရှို့မယ့်ပုံစံ ဖန်တီးတာပါပဲ။

    ပြည်တွင်းစစ်ကြောင့် အပျက်အဆီးတွေနဲ့ မြင်မကောင်းတဲ့လမ်းမကြီးပေါ်မှာ အမျိုးသမီးအချို့အပါအ၀င် လူမမယ်အရွယ်ကလေး အယောက် ၂၀ လောက်ကို လှောင်အိမ်ထဲထည့်ထားပြီး အဲဒီလှောင်အိမ်ထဲက အမျိုးသမီးတွေနဲ့ ကလေးငယ်အချို့က အာဆတ်အစိုးရနဲ့ ပြည်တွင်းစစ်ကို ဆန့်ကျင်တဲ့ ပိုစတာကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

    အပြင်က လူတစ်ဦးကတော့ မီးတုတ်တစ်ခုကိုကိုင်ပြီး မီးရှို့မယ့်ဟန်နဲ့ ဆီးရီးယားပြည်တွင်းစစ်က ကလေးတွေကို ဒီလိုမီးလောင်တိုက် သွင်းတယ်ဆိုတဲ့ ပုံစံမျိုးကို အသက်ဝင်စေခဲ့ပါတယ်။

    ၂၀၁၁ ခုနှစ် မတ်လမှာ အာဆတ်စိုးရ ပြုတ်ကျရေး ဆန္ဒပြမှုက စတင်ခဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ အခုဆိုရင် ၅ နှစ်နီးပါးရှိနေပါပြီ။ အဲဒီပြည်တွင်းစစ်အတွင်းမှာ အာဆတ်အစိုးရရဲ့ တပ်တွေဟာလည်း ရန်သူ၊ ပြည်သူမရွေး ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ အရပ်သားအများအပြားလည်း သေဆုံးခဲ့ကြရပါတယ်။

    ဒီစစ်ကြီးကြောင့်ပဲ IS ဆိုတဲ့ အကြမ်းဖက်အဖွဲ့အစည်းက သြဇာကြီးမားလာခဲ့ပြီး အခုအချိန်အထိ ဒီစစ်ကြောင့် သဆုံးရသူအရေအတွက်ဟာ ၂၁၀၀၀၀ ကျော်ရှိနေပြီး အများစုကတော့ အရပ်သားတွေပါပဲ။ အနောက်နိုင်ငံတွေရဲ့ အကျိုးစီးပွားအရှုပ်အထွေး၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေက အာဏာချိန်ခွင်ရှာ အားပြိုင်မှုအတွင်းမှာ ဒီစစ်ကြီး အဆုံးသတ်ဖို့ဆိုတဲ့ မျှော်လင့်ချက်ဟာ ဝေးနေဆဲဖြစ်ပြီး ဆီးရီးယား တက်ကြွလှုပ်ရှားသူတွေကတော့ ဒီပါဖောမန့်နဲ့ သူတို့ရဲ့ ဒုက္ခကို ကမ္ဘာသိအောင် ချပြနိုင်ခဲ့ကြပါတယ်။

    ဒီပါဖောမန့်က ဓာတ်ပုံတွေကို အင်တာနက်အသုံးပြုသူအချို့က IS အဖွဲ့ ကလေးတွေကို မီးလောင်တိုက်သွင်းတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ မှားယွင်းဖြန့်ချီနေတာလည်း ရှိနေပြီး သက်ဆိုင်သူတွေကတော့ ပြန်လည် ဖြေရှင်းခဲ့ကြပါတယ်။

    Ref: Rudaw English’s Facebook Page

  • ပဲရစ်တွင် လူမျိုးရေးခွဲခြားခဲ့သည့် ပရိတ်သတ်များကို ချယ်ဆီး အရေးယူမည်

    ပဲရစ်တွင် လူမျိုးရေးခွဲခြားခဲ့သည့် ပရိတ်သတ်များကို ချယ်ဆီး အရေးယူမည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
    M-Media

    chlse

    – ယမန်နေ့က ပဲရစ်မြို့ရှိ ရထားဘူတာတွင် လူမည်းတစ်ယောက်အား လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့သည့် မိမိတို့ပရိတ်သတ်များကို မည်သူမည်ဝါဖြစ်ကြောင်း သိရပါက ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ချယ်ဆီးအသင်းက ပြောကြားလိုက်သည်။

    ယမန်နေ့က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲအဖြစ် ပီအက်စ်ဂျီနှင့် ချယ်ဆီးတို့ ပထမအကျော့ မကစားမီ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲရစ်ရှိ မက်ထရိုရထားပေါ်သို့ တက်ရောက်ရန် ဟန်ပြင်နေသည့် လူမည်းတစ်ဦးကို ချယ်ဆီးပရိတ်သတ်များက တားဆီးကာ ပလက်ဖောင်းပေါ်သို့ ပြန်လည် တွန်းထုတ်ခဲ့သည်။

    ထို့ပြင် ချယ်ဆီးပရိတ်သတ်များမှာ “ငါတို့က လူမျိုးရေးခွဲခြားသူတွေ။ ဒါမျိုးကိုပဲ ငါတို့ကြိုက်တယ်” ဟု ဟစ်အော်ခဲ့ကြပြီး ထိုအဖြစ်အပျက်ကို ရိုက်ကူးထားသော ဗီဒီယိုမှာ အင်တာနက် စာမျက်နှာပေါ်သို့ ရောက်လာခဲ့သည်။ ထို့နောက် အင်တာနက်အသုံးပြုသူများက အဆိုပါဗီဒီယိုအား တစ်ဆင့် ပြန်လည်မျှဝေခဲ့ပြီး ဝေဖန်မှုများလည်း ရှိခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ချယ်ဆီးဘက်ကလည်း ရှုတ်ချခဲ့ပြီး ပရိတ်သတ်များအား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ပါက ပြင်းထန်စွာ အရေးယူမည်ဟု ပြောကြားခဲ့သည်။

    “ဒီလိုအပြုအမူမျိုးဟာ စက်ဆုပ်စရာကောင်းပြီး ဘောလုံးလောကနဲ့ လူ့အဖွဲ့အစည်းမှာ နေရာမရှိတဲ့ အပြုအမူမျိုးပါပဲ။ ဒီလုပ်ရပ်မှာ ပါဝင်ခဲ့သူတွေကို ရာဇ၀တ်မှုအရ အရေးယူတာကို ကျွန်တော်တို့က ထောက်ခံအားပေးသွားမှာဖြစ်ပြီး ဒီအထဲမှာ ချယ်ဆီးရဲ့ တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေပါရင် သူတို့ကို ပွဲကြည့်ရှုခွင့် ပိတ်ပင်ခြင်းအပါအ၀င် အသင်းအနေနဲ့ အပြင်းထန်ဆုံး အပြစ်ပေးအရေးယူသွားမှာဖြစ်ပါတယ်” ဟု ချယ်ဆီးအသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    Ref: goal.com

  • ဆော်ဒီတွင် တရားမ၀င်နေထိုင်သူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ် လာမည့်လတွင် စမည်

    ဆော်ဒီတွင် တရားမ၀င်နေထိုင်သူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ် လာမည့်လတွင် စမည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
    M-Media

    saudi

    – နိုင်ငံအတွင်းရှိ တရားမ၀င်နေထိုင်သူများနှင့် ပါမစ်မရှိသော အလုပ်သမားများအတွက် နေထိုင်ခွင့်များ ထုတ်ပေးကာ၊ ပါမစ်များပြင်ဆင်ပေးသွားမည့် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တစ်ခုကို လာမည့်လတွင် စတင်ပြုလုပ်သွားမည်ဟု ဆော်ဒီ ပြည်ထဲရေးဝန်ကြီး ဒုတိယ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် နာအစ်ဖ်က ကြေညာလိုက်သည်။

    “တိုင်းပြည်ထဲကို တရားမ၀င် ၀င်ရောက်လာတဲ့သူတွေ၊ ဒါမှမဟုတ် သူတို့ရဲ့ နေထိုင်ခွင့်ပါမစ်မှာ ဖော်ပြထားတဲ့ အခြေအနေမျိုးမဟုတ်ဘဲ တစ်ခြားပုံစံမျိုးနဲ့ အလုပ်လုပ်နေတဲ့သူတွေကို ကျွန်တော်တို့ ပြင်ဆင်သတ်မှတ်ပေးသွားမှာပါ” ဟု အထွေထွေလုံခြုံရေးအကြီးအကဲ အွသ်မန် အလ်-မူဟ်ရစ်ဂ်ျက ဆိုသည်။

    ထို့ပြင် ထိုလုပ်ငန်းစဉ်အား အကျဉ်းထောင်များ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခင်က ပြုလုပ်ခဲ့သည့် အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ကြောင့် ရာဇ၀တ်မှုများကို လျော့ကျစေခဲ့ပြီး ပြည်သူများ၏ဘ၀ ပိုမိုလုံခြုံလာခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ုထိုကဲ့သို့သော လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ကို ၂၀၁၃ ခုနှစ်က တစ်ကြိမ်ပြုလုပ်ခဲ့ပြီး သန်းနှင့်ချီသော တရားမ၀င်နိုင်ငံခြားသားများအား စီစစ်ပေးခဲ့သည်။

    ထိုအစီအစဉ်အပြင် နိုင်ငံတစ်ဝှမ်း လုံခြုံရေး ပိုမိုအားကောင်းစေရန်အတွက် ရဲစခန်ပေါင်း ၆၀၀ ကျော် တိုးချဲ့ဖွင့်လှစ်ရန်လည်း ဆော်ဒီအစိုးရတွင် အစီအစဉ်ရှိနေသည်။

    “ဘုရင်အဘ်ဒူလာရဲ့ လုံခြုံရေးပြုပြင်ပြောင်းလဲမှုစီမံကိန်းကိုလည်း မကြာခင်အကောင်အထည်ဖော်သွားမှာပါ။ ၂ နှစ်အတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရာရှိတွေအားလုံး နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟု အလ် မူဟ်ရစ်ဂ်ျက ပြောကြားခဲ့သည်။

    Ref:alarabiya

  • အနာဂတ်အတွက် ကလေးတွေ တာဝန်ကျေခဲ့ပြီ (Editorial)

    အနာဂတ်အတွက် ကလေးတွေ တာဝန်ကျေခဲ့ပြီ (Editorial)

    ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၅
    M-Media

    ၂၀၁၅ ဟာ ခရာဆူးခြုံတွေ၊ နွယ်မြက်ပိတ်ပေါင်းတွေ၊ လျှိုမြောင်ချောက်ကမ်းပါးတွေနဲ့ တောထူလို့။ ၀င်္ကဘာလို မာယာထောင်ချောက်တွေလည်း ပြည့်နှက်လို့။

    ရွေးကောက်ပွဲဆိုတဲ့ သမင်သားငယ်ဟာ ကျားတွေ၊ ၀ံပုလွေတွေ၊ မြေခွေးတွေကြားမှာ ဘယ်သူ့အစာ ဖြစ်မယ်ဆိုတာကို ကြိုတင်သိနိုင်ခွင့်မရှိ။ မျက်ခုံးခပ်လှုပ်လှုပ် ထိတ်ထိတ် လန့်လန့်ကြားကပဲ ယဇ်ပလ္လင်မှာ လည်စင်းခံလိုက်ရမယ့်အဖြစ်မျိုး။ မုဆိုးတွေ၊ တံလျှပ်တွေ၊ လင့်စင်ပေါ်က ချိန်ရွယ်ထားတဲ့ ဒူးလေးတွေ။ ပြီးတော့ တောရိုင်းဥပဒေက အလံထူနေဆဲ။ အနှစ်မဲ့တောမှာ ကြက်ဆူပင်တွေက မင်းမူနေဆဲ။

    ၂၀၁၀ ရဲ့ ဟိုမှာဘက်ဆီက ကန္တာရခရီးဟာ နွမ်းလျပန်းမောပေမဲ့ မြင်ကွင်းတော့ ရှင်းခဲ့တယ်။ လွင်ပြင်မှာ ဆင်လား၊ ကျားလား ထင်ရှားစွာမြင်ရတယ်။ ရန်၊ ငါ စည်း ပြတ်နိုင်တယ်။ ကမန်းကတမ်း သိုးရေခြုံလိုက်တဲ့ ၀ံပုလွေကိုလည်း မြင်နိုင်တယ်။

    ၂၀၀၈ ဖွဲ့စည်းပုံဟာ ချစ်တီးဆီက ငွေချေးမိတဲ့ လယ်သမားဦးကြီးလို ဘာရေးထားမှန်းမသိတဲ့ စာရွက်ပေါ်မှာ လက်မှတ်ထိုးလိုက်ရတဲ့ အဖြစ်မျိုးနဲ့ အတည်ဖြစ်ခဲ့တဲ့ စာချုပ်တစ်ခု။ ၂၀၁၀ ရွေးကောက်ပွဲ ကတော့ ဟိုတုန်းက သမ၀ါယမဆိုင်က ထုတ်ပေးတဲ့ ဆန်လို ဆန်ကွဲတွေ၊ စပါးလုံးတွေ နိုင်းချင်းပါနေပေမဲ့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် မချစ်သော်လည်း အောင့်ကာနမ်းလိုက်ရတဲ့ ကံကြမ္မာတစ်ခု။ ၂၀၁၅ မှာတော့ ဈေးဆစ်နိုင်၊ ရွေးချယ်နိုင်တဲ့ ကံကြမ္မာအပြောင်းအလဲ ရှိမယ်လို့မျှော်လင့်ပြီး ၅ နှစ်တာကို ကြိတ်မှိတ်မျိုသိပ် ခဲ့ရတာက ပြည်သူလူထု။

    ပန်းနဲ့တူတာ တစ်ပင်မှမရှိဘဲ ခြုံနွယ် ပိတ်ပေါင်းတွေသာ ပြည့်နှက်နေပြီး ချောင်ကြိုချောင်ကြားမှာ အတွဲ ၄-၅ တွဲ ရှိနေတတ်တဲ့ တောအုပ်ငယ်ကို ‘ပန်းခြံ’ လို့ ဆိုင်းဘုတ်ချိတ်ထားရင် ပန်းခြံလို့သာ ခေါ်ရပါတယ်။ အဲဒီ ပန်းခြံနဲ့ သဘောသွားချင်းတူတဲ့ ”စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီနိုင်ငံတော်” ဟာ ချဉ်သီးပင်အောက် ချဉ်သီးရှားဆိုတာလို အပေါ်ယံရွှေမှုန်ကျဲ ကျီးအာသီးလို အသွင်နဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဒီမို ကရေစီပဲ ဆိုပါစို့။

    အဲဒီ ဒီမိုကရေစီနိုင်ငံတော်မှာ လွတ်လပ်စွာဖွင့်ထားတဲ့ ဘီယာဆိုင်၊ အရက်ဆိုင်တွေမှာ လွတ်လပ်စွာ မူးရူးပြီး ဒီမိုကရေစီအရသာကို ခံစားနိုင်ကြပါပြီ။ လွတ်လပ်စွာ ရေးသားထုတ်ဝေပြီး လွတ်လပ်စွာ ရမ်းကားဆဲဆို စော်ကားခွင့်ကိုလည်း တန်းတူရည်တူရနိုင်ကြပါပြီ။ အမှန်တရားကို နှုတ်မစောင့် လက်မစောင့်ဘဲ ရဲရဲဝံ့ဝံ့ရေးသား တင်ပြပြောဟောလာရင်လည်း လွတ်လပ်စွာ ဖမ်းဆီးထောင်ချခွင့် ရှိပါပြီ။ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင် လေ့ကျင့်ပေးထားတဲ့ လုံထိန်းရဲတပ်ဖွဲ့ဝင်တွေဟာလည်း ဒေါသထွက်နေတဲ့ လူအုပ်ကြီးတွေကို လွတ်လပ်စွာ ဥပဒေ ချိုးဖောက် ရမ်းကားသောင်းကျန်း ခွင့်ပေးပြီး ဆုံးရှုံးမှု၊ နစ်နာမှု၊ သိမ်းပိုက်ခံရမှုအတွက် တောင်းဆိုဆန္ဒပြသူတွေကို လွတ်လပ်စွာ ပစ်ခတ်နှိမ်နင်းနိုင်ပါပြီ။ တိုင်းပြည်ရဲ့ ဥပဒေအဆင့်အတန်းမီဖို့ တိုင်းပြည်ရဲ့ ပညာရေးမြှင့်တင်ဖို့ ဆန္ဒပြတောင်းဆိုသူတွေကို လွတ်လပ်စွာတားဆီးပိတ်ပင်နိုင်ပြီး တန်ပြန်ဆန္ဒပြ ကန့်လန့်တိုက် ဂဏန်းသပိတ်များကိုတော့ ခွင့်ပြုချက်မလို၊ ပုဒ်မ ၁၈ ကင်းလွတ်ခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရနိုင်ပြီ။ အာဏာရပါတီကြီးက နိုင်ငံတော်အလံစောက်ထိုးလုပ်တာကို လွတ်လပ်စွာ မှားယွင်းခွင့် (သို့မဟုတ်) လွတ်လပ်စွာ ယတြာချေခွင့် အဖြစ် မှတ်ယူကာ အပြစ်လွှတ်နိုင်သလို ကျောင်းသား တွေ အလံချင်းလဲထူတဲ့ကိစ္စမျိုးကိုလည်း လွတ်လပ်စွာ တရားစွဲအရေးယူခွင့်ရှိပြီ။ ကိုင်း၊ ဘယ်သူပြောသလဲ။ ဒီတိုင်းပြည် မလွတ်လပ်ဘူးလို့။ လွတ်လပ်ချင်တိုင်း လွတ်လပ်နေတဲ့ ဒီမိုကရေစီနိုင်ငံတော်ပဲ မဟုတ်ပါလား။

    ဒီပုံ ဒီအချိုးနဲ့ ဒီမိုကရေစီအမည်ခံခြုံပုတ်ထဲတိုးရင်း ပန်းဥယျာဉ်တစ်ဖြစ်လဲကို မျှော်လင့်စောင့်စား နေကြတဲ့ ပြည်သူတွေအတွက် ၂၀၁၅ ရွေးကောက်ပွဲဟာ နီးသထက် နီးလာတာနဲ့အမျှ တောထူသထက်ထူလို့ တစ်စတစ်စ တောကြီးမျက်မည်း ဖြစ်လာလေလေပါပဲ။

    ရှုံ့ချည်နှပ်ချည် ၀ှိုက်ကဒ်ပြဿနာမှာ မဲလောဘကို မြင်နိုင်ပြီ။ လောက်ကိုင်စစ်ပွဲဟာ ရန်သူနဲ့ မိတ်ဆွေကို ကွဲပြားခြားနား မြင်စေပြီ။ အရင့်အရင်က အာချောင်ခဲ့ဖူးတဲ့ စစ်သွေးစစ်မာန်တက်နေတဲ့ ပါးစပ်သူရဲကောင်းများလည်း အခုတော့ ငြိမ်ချက်သားကောင်းလို့ ဘယ်ထမိန်ခြုံအောက် ရောက်သွားတယ်မသိ။ အစိုးရပိုင်စစ်တပ်အတွက် ပြည်သူဆီမှာ အလှူခံနေပေမဲ့ အရပ်သားဒုက္ခသည်တွေ အတွက် ၀မ်းနည်းစကား၊ အကူအညီစကားတို့ ချောက်ကပ်ကပ်နိုင်လှတာလည်း အံ့သြစရာ။ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်တဲ့ ဇာတ်လမ်းမှာ စည်းစိမ်ခံဗိုလ်ချုပ်ကြီးတွေရဲ့ လူထုအမုန်းကို ဆေးကြောဖို့၊ စစ်အုပ်ချုပ်ရေး၊ တပ်အရေးပါမှုတွေ ကို သက်သေထူဖို့ အောက်ခြေ တပ်သားတွေ၊ ဗိုလ်ငယ်တွေရဲ့ အသက်တွေကို စတေးပြီး လူထုဂရုဏာကို မျှားယူနိုင်ခွင့် အမြတ်ထွက်ခဲ့ပြီ။ အမျိုးသားပညာရေးဥပဒေအတွက် ကျောင်းသားသပိတ်စစ်ကြောင်းတွေကို ကရော်ကမည်၊ ကပြက်ကချော် ပြစ်တင်ဝေဖန်နေရာကနေ အခြေအနေကောင်းလာတော့ လေသံတစ်မျိုး ပြောင်းလာသူတွေ၊ ရေပေါ်ဆီ၊ သာရာစီးတွေကိုလည်း မြင်ရပြီ။

    မာယာများတဲ့ ၂၀၁၅ တောကြီးမျက်မည်းမှာ အနာဂတ်ခရီးကိုဖြတ်မယ့် ရွေးကောက်ပွဲ သမင်သားငယ် ဟာ တော မကျွမ်းလို့ ကျောချမ်းနေရပါပြီ။ ပရိယာယ်ရှင် သားရဲတွေရဲ့ အန္တရာယ်ကနေ သမင်ငယ်ကို ကယ်တင်နိုင်ဖို့ ၀င်္ကဘာတောနက်ကြီးကို တောရှင်းဖို့ အဓိကကျနေပါတယ်။ လူကြီးတွေ တာဝန်မကျေသေး။ ၄၃၆၊ ၅၉ တောရှင်းပွဲတွေ အရာမထင်သေး။ တောမပြောင်သေးရင်တောင် တောမမှောင်ဖို့ ကလေးတွေတော့ တာဝန်ကျေခဲ့ပြီ။ ပညာဟာ အလင်းဖြစ်တယ်။ အနာဂတ်ကို လင်းစေမယ်။ အလင်းမှာ လျှိုမြောင်တွေ၊ ချောက်ကမ်းပါးတွေ၊ ဆူးညှောင့်တွေ၊ ခလုတ်ကသင်းတွေ၊ ထောင်ချောက်တွေကို မြင်နိုင်မယ်။ ၀ံပုလွေလား၊ သိုးလား၊ ခြင်္သေ့လား၊ ယုန်လား ထင်ထင်ရှားရှားမြင်နိုင်မယ်။

    ဟုတ်တယ်။ ပညာဟာ အလင်းဖြစ်တယ်။ လူကြီးတွေ တောမရှင်းနိုင်ပေမဲ့ ကလေးတွေ အလင်းကို ထင်းရှင်းစေနိုင်ပြီ။ လူကြီးတွေ တာဝန်မကျေနိုင်သေးပေမဲ့ ကလေးတွေ တာဝန်ကျေခဲ့ပြီ။ လူကြီးတွေ စစ်တိုက်နေချိန်မှာ ကလေးတွေ ဉာဏ်ပညာအလင်းနဲ့ အနာဂတ်ငြိမ်းချမ်းဖို့ ရွက်ဆောင်နိုင်ခဲ့ပြီ။ လူကြီးတွေ ကိုယ်ကျိုးအတွက် ပါဝါပြိုင်နေချိန်မှာ ကလေးတွေက ရန်သူမိတ်ဆွေမရွေး သားသမီးတွေရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်ပေးနိုင်ခဲ့ပြီ။ လူကြီးတွေ အာဏာနဲ့ တိုင်းပြည်ကိုစိုးမိုးဖို့ လုပ်နေချိန်မှာ ကလေးတွေက ပညာနဲ့ ကမ္ဘာကိုစိုးမိုးဖို့ အမြော်အမြင်ရှိနေကြပြီ။ လူကြီးတွေ အမှားနဲ့အမှန်ကြား လွန်ဆွဲတိုက်ပွဲ မအောင်မမြင် ဖြစ်နေချိန်၊ ကလေးတွေက အမှားအမှန်ခွဲမှတ်ကျောက်ဖြစ်တဲ့ ပညာရေးတိုက်ပွဲကို အောင်မြင်စွာ တိုက်ယူ နိုင်ခဲ့ပြီ။ ဆက်ပြီး အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ လူကြီးတွေတာဝန်သာ ကျန်ပါတော့တယ်။ ကလေးတွေကတော့ တာဝန်ကျေခဲ့ကြပြီ။ အနာဂတ်အတွက် ကလေးတွေတာဝန်ကျေခဲ့ပါပြီ။

    M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။