News @ M-Media

Blog

  • ၉/၁၁ နောက်ပိုင်း မည်သည့်ပြစ်မှုမှမရှိဘဲ ဖမ်းဆီးခံခဲ့ရသည့် အမေရိကန်မွတ်စလင်တစ်ဦး နစ်နာကြေးရ

    ၉/၁၁ နောက်ပိုင်း မည်သည့်ပြစ်မှုမှမရှိဘဲ ဖမ်းဆီးခံခဲ့ရသည့် အမေရိကန်မွတ်စလင်တစ်ဦး နစ်နာကြေးရ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
    M-Media

    al kid

    – ၉/၁၁ နောက်ပိုင်း မည်သည့်ရာဇ၀တ်မှုစွဲချက်မှမရှိဘဲ ဖမ်းဆီးကာ FBI ၏ ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရသည့် အမေရိကန်မွတ်စလင်တစ်ဦးမှာ ၎င်းခံစားခဲ့ရသည်များအတွက် အမေရိကန်အစိုးရထံမှ နစ်နာကြေး ကန်ဒေါ်လာ ၄၁၅၀၀၀ ရရှိခဲ့သည်ဟု သိရသည်။

    “၉/၁၁ နောက်ပိုင်းမှာ လူတွေက ကျွန်တော့်ကို မင်္သာသလိုကြည့်ကြပြီး အဲဒီအချိန်ဟာ ဖြတ်သန်းဖို့ သိပ်ခက်ခဲတဲ့အချိန်ပါပဲ။ ဒါ့ကြောင့် ကျွန်တော်ဟာ တစ်နေ့မှာ ကျွန်တော်ဂုဏ်သိက္ခာအတွက် ရှင်းရှင်းလင်းလင်း ဖြစ်ချင်ပါတယ်။ အမေရိကန်ဘောလုံးအားကစားနည်းမှာ ရှိတဲ့ ကျွန်တော့်ရဲ့ စိတ်ဓာတ်လိုပါပဲ။ ဘာတွေပဲဖြစ်နေပါစေ။ ကျွန်တော် အလျှော့မပေးပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်မရှိကြောင်း ထင်ရှားစေချင်ပါတယ်” ဟု ဆော်ဒီအာရေဗျတွင် အင်္ဂလိပ်ဘာသာစကားနှင့် အမေရိကန်ဘောလုံးအားကစားနည်းကို သင်ကြားပေးသူ အဘ်ဒူလ အလ်-ကစ်ဒ်က Los Ageles Times သတင်းစာသို့ ပြောကြားခဲ့သည်။

    အလ်-ကစ်ဒ်မှာ ၂၀၀၃ ခုနှစ်က ဆော်ဒီအာရေဗျသို့ ဘာသာသာရေးနှင့် ဘာသာစကား လေ့လာရန် သွားရောက်လုဆဲဆဲတွင် လေဆိပ်၌ FBI ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်သည်။ မည်သည့်ရာဇ၀တ်မှု စွဲချက်မှမရှိဘဲ ၁၆ ရက်တာ ဖမ်းဆီးခံခဲ့ရသည့် ကာလအတွင်း အလ်-ကစ်ဒ်မှာ လက်ထိပ်ခြေထိပ်များ ခတ်ခံခဲ့ရကာ ရာဇတ်ဝတ်မှုကြီများ ကျူးလွန်ခဲ့သူများထားသည့် အကျဉ်းခန်းထဲတွင် ကိုယ်လုံးတီး ပစ်ထားခြင်း ခံခဲ့ရသည်။

    ထိုအကျဉ်းခန်းမှ လွတ်မြောက်လာပြီးနေက် အလ်-ကစ်ဒ်၏ နိုင်ငံကူးလက်မှတ်အား ရုပ်သိမ်ခဲ့ကာ ပြည်တွင်းရှိ ပြည်နယ်လေးခုသို့ ခရီးသွားခွင့်ကိုလည်း ပိတ်ပင်ခဲ့သည်။ ထို့ပြင် ၎င်း၏ နေအိမ်ကိုလည်း ရဲတပ်ဖွဲ့က ပုံမှန်လာရောက်ကာ ရှာဖွေမှုများပြုလုပ်ပြီး နီဗာဒါနှင့် အီဒါဟိုရှိ သက်သေခံအရာရှိများထံသို့ တစ်လတစ်ခေါက် သွားရောက် လက်မှတ်ထိုးရသည်။

    ဖမ်းဆီးစဉ်က မည်သည့်အကြောင်းပြချက်မှ မရှိခဲ့သော်လည်း ဇန်န၀ါရီ ၁၅ ရက်နေ့က အစိုးရမှ ပေးပို့သည့်စာတွင် ၎င်းမှာ ရာဇ၀တ်မှုအတွက် ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ ဗီဇာလိမ်လည်မှုနှင့် မှားယွင်းသော သက်သေခံချက်များအတွက် တရားစွဲဆိုခံထားရသည့် ၎င်း၏ သူငယ်ချင်းဖြစ်သူ ဆာမိ အလ်-ဟူဆာယန်၏ အမှုတွင် ပါဝင်ပတ်သက်သူအဖြစ် သံသယရှိသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ကစ်ဒ်မှာ အီဒါဟိုတွင် ဟူဆာယန်နှင့်တွဲ၍ အစ္စလာမ်ကူညီကယ်ဆယ်ရေးအဖွဲ့ကို ကူညီလုပ်ဆောင်ပေးနေသူဖြစ်ပြီး ဟူဆာယန်၏ အမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။

    “လူတွေက ကျွန်တော်ဟာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်ရမယ်လို့ ပြောကြပါတယ်။ ဒါမျိုးမဟုတ်ဘူးဆိုတာ ကိုယ့်ကိုကိုယ် သိပါတယ်ဗျာ” ဟု ကစ်ဒ်က ပြောကြားခဲ့သည်။

    ကန်ဆက်ပြည်နယ်တွင် မွေးဖွားခဲ့သည့် အလ်-ကစ်ဒ်မှာ ၁၉၉၀ ပြည့်နှစ်များတွင် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ခဲ့သူဖြစ်ပြီး ထိုနှစ်ပိုင်းတွင်ပင် အီဒါဟို တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။

    မိသားစု ပျက်သုဉ်း

    ထိုကဲ့သို့ မှားယွင်းစွာအကျဉ်းချထားမှုက အသက် ၄၁ နှစ်အရွယ် အလ်-ကစ်ဒ်၏ မိသားစုဘ၀အား ပျက်ဆီးစေခဲ့ပြီး ပညာတတ်တစ်ယောက်ဖြစ်သည့် ၎င်းမှာလည်း တက္ကစီဒရိုင်ဘာဘ၀အထိ ရောက်ခဲ့ရသည်။

    “ဒါက ကျွန်တော်တို့မိသားစုကြားထဲမှာ စိတ်ဖိစီးမှုတွေ၊ ချုပ်ချယ်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မိသားစု ပြိုကွဲခဲ့ရတာပါပဲ။ ကျွန်တော့်အိမ်ကို တစ်လတစ်ကြိမ်လာပြီး ရှာဖွေကြတယ်။ သိပ်စိတ်ပျက်စရာကောင်းတဲ့ ၀န်းကျင်ပါပဲ” ဟု အလ်-ကစ်ဒ်က ၎င်း၏ မိသားစုဘ၀နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    ၉/၁၁ နောက်ပိုင်းတွင် အမေရိကန်မွတ်စလင်များမှာ မသင်္ကာမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်ကို ခံခဲ့ရပြီး ညှင်းပန်းနှိပ်စက်မှုများကိုလည်း ခံခဲ့ရသည်။

    ထိုကဲ့သို့ မှားယွင်းစွပ်စွဲခံရမှုကြောင့် အလ်-ကစ်ဒ်မှာ နစ်နာကြေး ကန်ဒေါ်လာ ၄၁၅၀၀၀ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆော်ဒီနိုင်ငံ၌ မိသားစုတစ်ခုတည်ဆောက်ကာ နေထိုင်လျက်ရှိနေသည်။

    “ကျွန်တော့်ဘ၀ကို တစ်စချင်းစီ ပြန်လည်တည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    Ref: onislam

  • သီရိပျံချီ ဦးဘစိန် M.Sc,  B.C.S

    သီရိပျံချီ ဦးဘစိန် M.Sc, B.C.S

    ဖေဖော်ဝါရီ ၁၆ ၊ ၂၀၁၅
    ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
    U Ba Sein
    ဦးဘစိန်သည် ရခိုင်ပြည်နယ် သံတွဲသားဖြစ်သည်။ မဟာသိပ္ပံ(ဂုဏ်ထူး) M.Sc ဘွဲ့နှင့် မြန်မာနိုင်ငံဝန်ထမ်း (အထက်တန်း အုပ်ချုပ်မှုရာထူး) B.C.S ဘွဲ့ရ ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။ တိုင်းမင်းကြီးရာထူးဖြင့် နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ပြီး သီရိပျံချီ ဘွဲ့အပ်နှင်းခြင်း ခံရသူလည်းဖြစ်သည်။

    အိမ်ထောင်ဘက်မှာ ဒေါ်စိုင်ဖြစ်ပြီး ၁၉၂၄ ခု မတ်လတွင် တစ်ဦးတည်းသောသမီး ဒေါက်တာဒေါ်ရီရီကို ဖွားမြင်သည်။ ဒေါက်တာ ဒေါ်ရီရီသည် အစိုးရ ပညာတော်သင် အဖြစ် လန်ဒန် တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိက ပညာရပ်ဆိုင်ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၅၈-ခုနှစ်တွင် Ph.D ဘွဲ့ကို ရရှိသည်။ မြန်မာနိုင်ငံ သမိုင်းအဖွဲ့ သုတေသနကျမ်းပြု အရာရှိ အဖြစ်လည်းကောင်း၊ ပါတီ သုတေသနဌာန မြန်မာနိုင်ငံသမိုင်း အခြေပြကျမ်း ပြုစုရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ယဉ်ကျေးမှု ၀န်ကြီးဌာန စာပေဗိမာန် စွယ်စုံကျမ်း စိစစ်ရေး အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

    သီရိပျံချီ ဦးဘစိန်သည် အစ္စလာမ် သာသနာ့ရေးရာ ကောင်စီ  စတင်ဖွဲ့စည်းသည်မှစ၍ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ကောင်စီဌာနချုပ် ကျမ်းပြုကော်မတီဝင်လည်း ဖြစ်သည်။ ၁၉၅၃ ခုနှစ် ဧပြီလမှစ၍ ကမ္ဘာ့အလင်း စာစောင်ကြီးတွင် ဆောင်းပါးများ ပါဝင် ရေးသားသည်။ အထူးသဖြင့် ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော် မုဟမ္မဒ် သခင်၏ ဟဒီးဆ်သြ၀ါဒတော်ဆိုင်ရာ ဘာသာပြန်ဆိုချက်များဖြစ်သည်။ ပထမဆုံး ရေးသားပြုစု ထုတ်ဝေသော စာအုပ်မှာ “အစ္စလာမ် ဘာလဲ” စာအုပ်ဖြစ်သည်။

    အစ္စလာမ်ဘာလဲ စာအုပ်တွင်-
    အခန်း ၁။ အစ္စလာမ်၏ အဓိပ္ပာယ်
    အခန်း ၂။ ခ၀ပ်ကိုးကွယ်ခြင်း
    အခန်း ၃။ အိမ်တွင်းငြိမ်းချမ်းသာယာခြင်း
    အခန်း ၄။ အိမ်ပြင်ငြိမ်းချမ်းသာယာခြင်း
    အခန်း ၅။ နိဂုံး
    အခန်း ၆။ ဆုတောင်းဂါထာများ
    ဖြစ်သည်။
    အစ္စလာမ်ဘာလဲ စာအုပ်တွင် တမန်တော်မုဟမ္မဒ်သခင်၏ သြ၀ါဒ နီတိများလည်း နောက်ဆက်တွဲ ထည့်သွင်းဖော်ပြထားသည်။ ဆုတောင်း ဂါထာများတွင် ကုရ်အာန်နှင့် ဟဒီးဆ်တော်လာ တောင်းဆုတော်များ ၉၁ ဂါထာပါဝင်သည်။ ကမ္ဘာ့အလင်းပုံနှိပ်တိုက်တွင် ဦးဘသိန်း (ဒဂုန်သိန်း) က တာဝန်ခံရိုက်နှိပ်ကြောင်း စာမူကို ကမ္ဘာ့အလင်းတိုက် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစ္စလာမ်ဘာသာစာပေ ဖြန့်ဖြူးရေးအဖွဲ့သို့ လှူဒါန်းကြောင်း ဖော်ပြထားသည်။

    အစ္စလာမ်ဘာလဲစာအုပ် နိဒါန်းတွင် ကျမ်းပြုသူက အစ္စလာမ် ဘာသာ၏အနှစ်သာရကို ဗမာမွတ်စလင်မ်အပေါင်းတို့ သိစေခြင်းငှာ ကုရ်အာန်ကျမ်းတော်နှင့် ဟဒီးဆ်သြ၀ါဒတော်မှ ကောက်နုတ်ချက်များဖြင့် စာအုပ်ကို စီစဉ်ဖန်တီးကြောင်း ဖော်ပြသည်။ အစ္စလာမ်ဘာလဲ စာအုပ်က မူရင်းကုရ်အာန်နှင့် ဟဒီးဆ်ဟူသည် ကျမ်းကြီးနှစ်စောင်ကို ဆက်လက် လေ့လာရန် တိုက်တွန်းလိမ့်မည်ဟု ကျမ်းပြုက မျှော်လင့် ထားသည်။ ကျမ်းပြုသည် ကုရ်အာန်နှင့် ဟဒီးဆ်ကို ကိုယ်တိုင် လေ့လာ ဆည်းပူး စေလို သော စေတနာ ဆန္ဒရှိကြောင်း သိရှိရသည်။

    စာအုပ်နိဒါန်းအပြီးတွင် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ ထင်မြင်ယူဆချက်၊ အမျိုးသားစီမံကိန်းနှင့် သာသနာရေး ၀န်ကြီးဦးဝင်း၏ မိတ်ဆက်စကား၊ အမျိုးသားစီမံကိန်းနှင့် သာသနာရေးဌာန အတွင်းဝန် ဦးဘခင်၏ ထောက်ခံချက်၊ ရန်ကုန်တက္ကသိုလ် သင်္ချာကထိက ဦးကာ၏ ထောက်ခံချက်များကို ပြည့်စုံစွာ ဖော်ပြထားသည်။

    အစ္စလာမ်ဘာလဲ စာအုပ်ကို ဖတရှုလေ့လာပြီး ကုရ်အာန်ကျမ်း တော်မြတ်လာ မုက္ခပါဌ်များနှင့် ဟဒီးဆ်တော်လာ သြ၀ါဒအဆုံးအမ အတိုင်းလိုက်နာ ကျင့်ကြံအားထုတ်ပါက ကမ္ဘာကြီးက တောင့်တနေသော ငြိမ်းချမ်းရေးကို အကျိုးပြုနိုင်မည် ဖြစ်သဖြင့် များစွာတန်ဖိုးရှိလှသော စုဆောင်း တင်ပြချက်များဟု ဆိုနိုင်ပါသည်။

    သီရိပျံချီဦးဘစိန်သည် ၁၉၆၂-ခုနှစ်တွင် ကျမ်းမြတ်ကုရ်အာန် ဘာသာပြန်(ပထမတွဲ)ကို ထုတ်ဝေသည်။ အရဗီစာကိုယ်မပါ။ မြန်မာ ဘာသာပြန်သက်သက်ဖြစ်သည်။ ကျမ်းဦးအမှာစာတွင် အစ္စလာမ်တရား တော်မထွန်းမီကာလက အရဗ်တို့ အခြေအနေနှင့် အစ္စလာမ်တရားတော် ထွန်းပပြီး အရဗ်တို့ အခြေအနေကိုနှိုင်းယှဉ်ပြသည်။ အရိုင်းစိုင်းဆုံး အကြမ်း ကြုတ်ဆုံး အောက်ကျနောက်ကျဆုံး အခြေအနေမှ အလွန်တိုတောင်းသော ကာလအတွင်း အယဉ်ကျေးဆုံး၊ ပညာရှိဆုံး၊ တန်ခိုးအကြီးဆုံးသော လူမျိုးတစ်မျိုးအဖြစ် ရောက်ရှိကြသည့်အကြောင်းရင်းမှာ အရှင်မြတ် အဆုံးအမတော်ကို တစ်သဝေမတိမ်း အခါမလပ် လိုက်နာကျင့်သုံးခြင်းကြောင့် ဖြစ်သည်။

    မြန်မာမွတ်စလင်မ်တို့ အခြေအနေမှာ ရှေးအရဗ်လူမျိုးတို့၏ အခြေအနေလောက်မဆိုး၊ ကြီးပွား အောင်မြင်လိုလျှင် အာရဗ်တို့ကို အတုယူရမည်။ သူတို့ကဲ့သို့ အစ္စလာမ်တရားတော်၌တည်၍ အလ္လာဟ်၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးရမည်။ သို့သော် မြန်မာမွတ်စလင်မ်တို့မှာ တရားတော်ကို နှစ်နှစ်ကာကာ သိခွင့်မရ။ ဗလီဆရာတို့ ဟောကြားသည်ကို နာခံခြင်းဖြင့် တင်းတိမ်နေကြရကုန်၏။ဤသို့သော အားမရဖွယ် အခြေအနေကို ပြုပြင်ရန် ကုရ်အာန်ကျမ်းမြတ်ကို မြန်မာ စကားဝေါဟာရ ဖြင့် ပြန်ဆိုရန် လိုအပ်ပေသည်။ သို့မှသာ မိမိတို့ဘာသာ လေ့လာသိရှိပြီး တရားတော်အတိုင်း ပြုမူပြောဆို ကျင့်ကြံနေထိုင် နေကြမည်ဟု ကျမ်းပြု၏ ရည်မှန်းချက်ကို လေ့လာသိရှိရသည်။

    ကျမ်းကိုပြုစုရာ၌ မစ္စတာပစ်က်ထော၏ အင်္ဂလိပ်ဘာသာဖြင့် ပြီးသော ကုရ်အာန်ကျမ်းမြတ် The  Meaning  of  the  Glorious  Koran ကို အခြေခံထားသည်။ သို့သော် မုဟမ္မဒ်အလီ၊ ယူဆွဖ်အလီ၊ ဂိုလမ်ဆိုရ်ဝါ ဒေါက်တာဘာရီနှင့် မစ္စတာဒါဝတ်တို့၏ အင်္ဂလိပ်ဘာသာ ကုရ်အာန်ကျမ်းတော် များကိုလည်း နှီးနှောကြောင်း ဖော်ပြထားသည်။

    ကျမ်းစီစဉ်ပုံမှာ နိဒါန်းကြီး၊ နိဒါန်းငယ်၊ ပင်ကိုယ် ကျမ်းတော် ဟူသည့် အစီအစဉ်အတိုင်းဖြစ် သည်။ နိဒါန်းကြီးကို မုဟမ္မဒ်အလီ၏ အင်္ဂလိပ်ဘာသာပြန် ကျမ်းနိဒါန်းမှပြန်ဆိုသည်။ စူရာတိုင်းတွင် ပါသော နိဒါန်းငယ်ကို ယူစွဖ်အလီ၏ နိဒါန်းများမှ ပြန်ဆိုသည်။ ပင်ကိုယ်ကျမ်းတော်ကို မစ္စတာပစ်က်ထော၏ အင်္ဂလိပ်ဘာသာကျမ်းမှပြန်ဆိုသည်။

    နိဒါန်းကြီးတွင်
    (က)    ဘုရားတစ်ဆူဝါဒ
    (ခ)    ဘုရားဂုဏ်တော်များ
    (ဂ)    နောင်ဘဝ
    (ဃ)    နိဗ္ဗာန်နှင့်ငရဲ
    (င)    ဗျာဒိတ်ပေးတော်မူခြင်း
    (စ)    အာဒမ်သခင်
    (ဆ)    နူဟိုသခင်
    (ဇ)    သမ္မာကျမ်းတော်၌ မဖော်ပြသော တမန်တော်များ
    (ဈ)    အေဘရာဟင်သခင်
    (ည)    မူစာသခင်
    (ဋ)    ရေရှုခရစ်သခင်
    (ဌ)    လွတ်လပ်စွာကိုးကွယ်ခွင့်
    (ဍ)    အမျိုးသမီးများ၏ အခြေအနေ
    ဟူ၍ ပါဝင်သည်။

    နိဒါန်းကြီးနှင့်အတူ စူရဟ် ၁ မှ ၁၀ ကို ပထမတွဲအဖြစ် ထုတ်ဝေပြီး ၁၁ မှ ၃၀ အထိကို ဒုတိယတွဲအဖြစ် ထုတ်ဝေသည်။ ခေတ်မီကျမ်းများ စီစဉ်ပုံအတိုင်း အက္ခရာစဉ်၊ အညွှန်းပါသဖြင့် သိလိုရာရာကို လွယ်လင့်တကူ ရှာနိုင်ပေသည်။

    ဤကျမ်းကို ထုတ်ဝေပြီးမကြာမီ နိဒါန်းကြီးသည် ကာဒီယာနီ ခေါင်းဆောင်ကြီး မုဟမ္မဒ်အလီ၏ အယူအဆဖြစ်သည် ဟု ထောက်ပြဝေဖန်ကာ ပြစ်တင် ရှုတ်ချခြင်း ခံရတော့သည်။ သို့နှင့် ၁၉၆၂ ခုနှစ်ဧပြီလ ထုတ် ဗမာမွတ်စလင်မ် စာစောင်တွင် အထူးကြေညာချက် ထည့်သွင်း၍ တောင်းပန်ပြီး အငြင်းပွားဖွယ် များကို ပယ်ဖျက်ရန်ညွှန်ပြခဲ့သည်။ ပရ၀ရှ် အူရဒူနေ့စဉ်သတင်းစာနှင့် အစ္စလာမ် စာစောင်တို့မှလည်း ကျမ်းပြုက ဖြေရှင်းသည်။ အများသူငါအတွက် ကျမ်းမြတ်ကုရ်အာန်နှင့် စပ်လျဉ်းသော ရှင်းလင်းချက်၊ ရှင်းလင်းတောင်းပန်စာဟူ၍ ၁၉၆၃ ခု ဇူလိုင်လ ၂၂ ရက်နေ့စွဲဖြင့် ဝေငှဖြန့်ချိခဲ့ရသည်။ မူရင်းအတိုင်း တင်ပြပါမည်။

    ကျမ်းမြတ်ကုရ်အာန်နှင့် စပ်လျဉ်းသော ရှင်းလင်းချက်
    ရှင်းလင်းတောင်းပန်စာ
    ဒုက္ခနှင့်အလင်းရောင်
    ၁၉၅၅ ခုနှစ်တွင် ကျွန်တော်သည် မတရား စွပ်စွဲမှု တစ်ရပ်ကို ရင်ဆိုင်ချေပလျက်၊ ရန်ကုန်ဗဟိုထောင်ကြီးတွင် အချုပ်ခံနေရ ပါတော့သည်။

    ထိုစဉ်အခါ အမှားနှင့်အမှန်ကို မည်သို့ခွဲခြား ဝေဖန်ရအံ့နည်း။ မွတ်စလင် စိတ်ဓာတ်ကို မည်သို့ပွားရအံ့နည်း။ ဤပြဿနာနှစ်ရပ်ကို စဉ်းစားမိပါတော့သည်။ အဖြေကား လူသား၏ ဥာဏ်သည် နက်နဲခြင်းမရှိ မှားတတ်၏။ အလ္လာဟ် အသျှင်မြတ်သာလျှင် မချွတ်မယွင်း ထာဝရ တရားမှန် ဖြစ်တော်မူသည်သာတည်း။ အမှားအမှန်ကို ခွဲခြားသိသာရန် အသျှင်မြတ်အားသာ ဆည်းကပ်ရပါမည်။ ယင်းဆည်းကပ်ခြင်း ဆိုရာ၌ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်သခင်၏သြ၀ါဒ တော်ကို ဆည်းကပ်ခြင်းဖြစ်၏။ ဤကျမ်းတော် နှစ်ဆူ သာလျှင် မွတ်စလင်ထုအား မွတ်စလင်စိတ်ဓာတ် သွတ်သွင်းနိုင်ပေမည် ဤအတွေးအဆများ ၀င်လာ သည်နှင့် ဗမာ မွတ်စလင်ထု အတွက် သူတို့ဖတ်၍ သဘောပေါက် နားလည်နိုင်သော ဘာသာ စကားရပ်ဖြင့် ပြီးသော ကျမ်းမြတ်ကုရ်အာန် တစ်ဆူလိုကြောင်း ထင်လင်းလာပါသည်။ ဗမာမွတ်စလင်ထု၏ ကျမ်းတော်မှာ ဤအင်္ဂါ နှစ်ပါးနှင့်ညီရပါမည်။ (၁) ဗမာမွတ်စလင်မ်များ နားလည်နိုင်စေခြင်းငှာ လူထုစကားဖြင့် ပြေပြစ်ချောမောအောင် ရေးသားထားခြင်း။ (၂) ၀ိဝါဒကွဲပြားမှုကင်းမဲ့ခြင်း။ ဤအင်္ဂါများနှင့် ပြည့်စုံသော မြန်မာဘာသာပြန် ကျမ်းမြတ် တစ်ဆူကို ကျွန်တော်သည် ၁၉၅၆ ခုနှစ်၌ ပြုစု စီရင်ပြီးပါ သည်။ ဤကျမ်းမြတ်တွင် (၁)နိဒါန်းကြီး၊ (၂)နိဒါန်းငယ်နှင့်၊ (၃)ပင်ကို ကျမ်းတော်ကြီးဟုသုံးမျိုး သုံးစားခွဲထားပါရှိပါသည်။

    နိဒါန်းကြီး
    ၁၉၆၁ ခု ဖေဖော်ဝါရီလအတွင်း ကျွန်တော်၌ အဆုတ်ရောင်ရောဂါ ကပ်စွဲသဖြင့် ဗမာမွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံကြီးသို့တက်ကု ရပါသည်။ ထိုစဉ်အခါ ကျွန်တော်၏ ဘာသာပြန် ကျမ်းတော်ကို ပုံနှိပ်လှူဒါန်းရန် အလှူရှင်တစ်ဦး အလ္လာဟ်အရှင်မြတ် ၏ ကျေးဇူးတော်ကြောင့် ပေါ်ပေါက်လာပါသည်။

    ကျမ်းမြတ်ကုရ်အာန်ကို မသေမီ ထုတ်ဝေဖြန့်ဖြူး ချင်စိတ်စောသဖြင့် မိုဟမ္မဒ်အလီ၏ ကျမ်းနိဒါန်းတွင် ကျွန်တော် ၏ကျမ်းနိဒါန်းကြီးအဖြစ် ဆေးရုံတွင် အဆောတလျင် ဘာသာပြန်ပါတော့သည်။ မနာမကျန်းအတွင်း ယင်းသို့ပြန်ရာ ၀ိဝါဒကွဲပြားမှု ကင်းမဲ့ခြင်းတည်းဟူသော ကျွန်တော်၏ ဒုတိယ၀ါဒကို ကျွန်တော် မျက်ခြည်ပြတ်သွားမိပါသည်။

    ဤနိဒါန်း၌ အီစာသခင် သေကြောင်းပါသွားသဖြင့် ကဲ့ရဲ့ရှုတ်ချခြင်း ပေါ်ပေါက် လာပါတော့သည်။ ထို့ကြောင့် ၁၉၆၃ခု၊ ဧပြီလထွက် ဗမာ မွတ်စလင်စာစောင်တွင် ကျွန်တော် ဤသို့ကြေညာခဲ့ပါသည်။

    အထူးကြေညာချက်သီရိပျံချီ ဦးဘစိန်ပြန်ဆိုသော ကျမ်းမြတ်ကုရ်အာန်

    မွတ်စလင်လောကကြီး၌ အီစာသခင်ပြန်တော်မူ မမူဟု အငြင်းအခုံ ဖြစ်လျက်ရှိပါသည်။ ဤကိစ္စမှာ သုခဥယျာဉ်တော် ရရာရကြောင်းနှင့် တိုက်ရိုက် သက်ဆိုင်သည်ဟု ကျွန်တော်များ မယူဆပါ။ ထို့ကြောင့် အဆိုပါအငြင်းအခုံ ၀ဲသြဃကြီးမှ လွတ်မြောက်စေခြင်းငှာ ကျွန်တော်များ ပြန်ဆိုသော ကျမ်းမြတ် ကုရ်အာန်၏ နိဒါန်းတွင် အီစာသခင် ပျံတော်မူခြင်းနှင့် စပ်လျဉ်းသော စာကြောင်းများကို ဖျက်ပစ်ပါရန် တောင်းပန်ပါသည်။ အခြား ပြုပြင် ပြင်ဆင်စရာများ အတွက်လည်း ဗမာ မွတ်စလင် လူထုကြီးထံမှ အကြံဥာဏ်တောင်းခံအပ်ပါသည်။

    အောက်ဖော်ပြပါတို့ကို ပယ်ဖျက်ပစ်ပါရန်
    (၁)    ပဋ္ဌမတွဲ စာမျက်နှာ ၇၃၊ စာကြောင်းရေ (၁၁)ရှိ “သူသည် အခြားတမန်တော်များကဲ့သို့ သေရမည်။”
    (၂)    ပဋ္ဌမတွဲ စာမျက်နှာ ၇၃၊ စာကြောင်းရေ(၂၂)မှ စာမျက်နှာ အဆုံးအထိ
    (၃)    ပဋ္ဌမတွဲ စာမျက်နှာ ၇၄၊ တစ်မျက်နှာလုံး
    (၄)    ပဋ္ဌမတွဲ စာမျက်နှာ ၇၅၊ ပဋ္ဌမ (၁၀) ကြောင်း
    ( ပုံ ) သီရိပျံချီ ဦးဘစိန်
    ကျမ်းမြတ်ကုရ်အာန် ပြန်ဆိုသူ

    ကျမ်းပြုသူသည် မြန်မာစာကို ကျွမ်းကျင်သည်။ စကားပြေ အရေးအသား လွယ်ကူရှင်းလင်းသည်။ သို့နှင့် အများသူငါ နှစ်သက် ဖတ်ရှု ကိုးကားကြသည်ဟု သိရသည်။ မြန်မာနိုင်ငံ ကုရ်အာန်ဘာသာပြန် သမိုင်းတွင် ဒုတိယမြောက်ဘာသာပြန်အဖြစ် မှတ်တမ်းပြုကြသည်။

    သီရိပျံချီ ဦးဘစိန်သည် ၁၉၇၁ ခု စက်တင်ဘာလတွင် အစ္စလာမ် ၏ ဒါနိက(၀ါ)အစ္စလာမ် သဘောတရား ကျမ်းကို ပြုစုခဲ့သည်။

    “ကျမ်းပြုရခြင်း၏ ရည်ရွယ်ချက်ကို ယခုခေတ်တွင် ကိုယ့်အယူဝါဒ နှင့် ကိုယ်နေစတမ်း၊ အယူကွဲသူတို့ကို ရန်သူမမှတ်။ မနှောင့်ယှက် စတမ်း ၀ါဒသည် နှစ်ဆယ်ရာစုအတွင်း ကြီးမားထွားကြိုင်း လာလေပြီ။ လူသားတို့သည် မိမိတို့ ဘာသာတရားအပြင် အခြားဘာသာ တရားများကို ပညာဗဟုသုတ အတွက် လေ့လာကြပြီ။ ကျွန်တော်တို့ ဗမာပြည်မှာလည်း ဤလေ့လာ မှုများကို ပြုလာကြပေပြီ။ သို့သော် လူထုအတွက် အစဩလာမ်စာပေမှာ ခေါင်းပါးလှသည်။ ယင်းကြောင့် အစ္စလာမ် ဒါနကျမ်းငယ်ကို ပြုစု အပ်ပါကြောင်း”ဟု ကျမ်းတော်မြတ်ကုရ်အာန် (၁၀၉း၎-၆)ကို ကိုးကား၍ တင်ပြသည်။ ကျမ်းတွင်အခန်းပေါင်း ၁၁ ခန်းပါဝင်သည်။

    အခန်း ၁။    ပဏာမ
    အခန်း ၂    (က)။    အစ္စလာမ်၏ အဓိကအခြေခံများ
    (ခ)။    တမန်တော်မုဟမ္မဒ်သခင်
    (ဂ)။    ကျမ်းမြတ်ကုရ်အာန်
    အခန်း ၃။    အစ္စလာမ့်ယုံကြည်ချက်များ
    အခန်း ၄။    အစ္စလာမ့်မဏ္ဍိုင်များ
    အခန်း ၅။    အစ္စလာမ့်သဟာယနိုင်ငံတော်
    အခန်း ၆။    လွတ်လပ်စွာ ကိုးကွယ်ခွင့်
    အခန်း ၇။    မွတ်စလင်မ်၏ခံစစ်
    အခန်း ၈။    အမျိုးသမီးများ
    အခန်း ၉။    အ၀တ်တန်ဆာ
    အခန်း ၁၀။ အစားအသောက်
    အခန်း ၁၁။ပညာရွှေအိုးကြီး

    ကျမ်းပြုသူသည် ခေါင်းစဉ်တိုင်းတွင် ကျမ်းတော်မြတ် ကုရ်အာန်နှင့် တမန်တော်မြတ် သြ၀ါဒတော်များကို အများဆုံး ကိုးကားဖော်ပြသည်။၊ နောက်ဆုံး အခန်း(၁၁)တွင် တမန်တော်မြတ်သြ၀ါဒ များချည်း ကောက်နုတ် တင်ပြထားသည်။ ကျမ်းပြုသူသည် အစ္စလာမ့်ဂုဏ်ကို ပေါ်လွင်အောင်ဖော်ထုတ်နိုင် သည်။ အစ္စလာမ်အဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်စေသည့် တင်ပြ ချက်များဖြစ်သည်။

    အကိုးအကားစုံလင်စွာ ဖော်ပြသော်လည်း ကျမ်းလေးမနေပါ။ ရိုးရိုးလွယ်လွယ်နှင့် ဖတ်ချင့်စဖွယ် ရေးသားနိုင်ပါသည်။

    သီရိပျံချီဦးဘစိန်သည် ဝေဖန်ရေးကို ကြိုဆိုသကဲ့သို့ ဝေဖန်ရန်လည်း ၀န်မလေးသူဖြစ်သည်။ တတိယအကြိမ် အာန်ဆွာရီ သင်တန်း ကျင်းပစဉ်က ဖြစ်သည်။ သင်တန်းသို့ ၀န်ကြီးဟောင်း ဦးခင်မောင်လတ်၊ ဆရာကြီး ဃာဇီဟာရှင်၊ ဗိုလ်မှူးဘရှင်၊ ဆရာချယ်၊ ဦးဘစိန်၊ ဆရာကြီး ဦးအဟ်မဒ်၊ ဆရာဃနီ စသည့် ပညာရှင်များကြွရောက်ချီးမြှင့်သည်။

    သင်တန်းဌာနတည်ရာ အင်းစိန်သို့ ဗိုလ်မှူးသည် နံနက်စောစော ရောက်လာတတ်သည်။ ပတ်ဝန်းကျင်တစ်ဝိုက် ပြောင်နေအောင် လှည်း ကျင်းသည်။ ပြီးလျှင် သင်တန်းပို့ချသည်။ တစ်နေ့တွင် ကောင်စီတေးသံ အားလုံးအညီကို ဟန်ပါပါ မာန်ပါပါနှင့်သီဆိုပို့ချသည်။ ဒို့ဗမာ အမျိုးသားများဖြစ်ကြ သည်မှစသည့် တေးသံကို သီဆိုပြီးဆုံး သွားသောအခါ သီရိပျံချီ ဦးဘစိန်က မိမိသည် ရခိုင် အမျိုးသား ဖြစ်သည်။ တေးစာသားမှာ ဗမာအမျိုးသားဖြစ်နေသည်ဟု သုံးသပ်သည်။ ဗိုလ်မှူးက ဒို့ပြည်ထောင်စု သားများ ဖြစ်ကြသည် ဟု ပြင်၍ ဆိုလိုက်သည်။ ဆီလျော်သည့် အကြံကို လက်ခံရန် ၀န်မလေးသော၊ ပြည်ထောင် စုစိတ်ဓာတ် အလေးထားသော ဗိုလ်မှူး၏ ကောင်စီတေးသံသည် ထိုအခါမှစ၍ ဒို့ပြည်ထောင်စုသားများ ဖြစ်ကြသည့်တေးသံဖြင့် စရတော့သည်။ အမှန်ဖြစ်စေလိုသူနှင့် အမှန် လိုလားသူ ခေါင်းဆောင်ကြီးနှစ်ဦး၏ ပြောဆိုပြုမူပုံများကား အားကျဖွယ် ကောင်းလှသည်။    ။

    မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။

  • အီရန် ဒုတိယသမ္မတဟောင်း ချစားမှုဖြင့် ထောင်ဒဏ် ၅ နှစ် ချခံရ

    အီရန် ဒုတိယသမ္မတဟောင်း ချစားမှုဖြင့် ထောင်ဒဏ် ၅ နှစ် ချခံရ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
    M-Media

    iran

    – ချစားမှုစွဲချက်အတွက် အပြစ်ရှိကြောင်းတွေ့ရှိရ၍ ဒုတိယသမ္မတဟောင်း မိုဟာမက် ရီဇာရာဟီမီကို ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည်ဟု အီရန် နိုင်ငံပိုင်မီဒီယာမှ ကြေညာခဲ့သည်။

    ရာဟီမီမှာ ယခင်သမ္မတဟောင်း အဟ်မဒ်ဒီနီဂျဒ်၏ လက်ထက်တွင် ထိပ်တန်းအကြံပေးတစ်ယောက်ဖြစ်ပြီး အီရန် တရားရုံးချုပ်က ပြီးခဲ့သည့်လတွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကာ ယမန်နေ့တွင် မြို့တော်တီဟီရန်မြောက်ပိုင်း အီဗင်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

    ရာဟီမီကို ဒေသတွင်းတရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သော်လည်း တရားရုံးချုပ်ကမူ ပြစ်ဒဏ်အား ၅ နှစ်နှင့် ၃ လသို့ လျှော့ချခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရာဟီမီမှာ ဒဏ်ငွေ ကန်ဒေါ်လာ ၃ သိန်းနှင့် နစ်နာကြေး ကန်ဒေါ်လာ ၈ သိန်းကိုလည်း ပေးဆောင်ရမည်ဖြစ်သည်။

    သမ္မတဟောင်း အဟ်မဒ်ဒီနီဂျဒ်က ၎င်းမှာ အီရန်သမိုင်းတွင် အသန့်ရှင်းဆုံး အစိုးရကို ဦးဆောင်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ၎င်း၏ အတိုက်အခံများကမူ ကြီးကြီးမားမား ချစားမှုများရှိခဲ့သည်ဟု ယခင်ကတည်းက စွပ်စွဲခဲ့သည်။

    ပြီးခဲ့သည့်နှစ် မေလကလည်း အီရန်မှာ ဘီလီယံနာ စီးပွားရေးလုပ်ငန်းရှင် မာဟာဖာရစ် အမီရ် ခိုဆရာဗီအား နိုင်ငံတော်ဘဏ်မှ ကန်ဒေါ်လာ ၂.၆ ဘီလီယံ လိမ်လည်မှုဖြင့် သေဒဏ်ချမှတ်ခဲ့သည်။

    Ref: aljazeera

  • အီဂျစ်ခရစ်ယာန်များအား သတ်ဖြတ်သည့် ဗီဒီယိုကို လစ်ဗျားမှ IS အဖွဲ့ ထုတ်ပြန်

    အီဂျစ်ခရစ်ယာန်များအား သတ်ဖြတ်သည့် ဗီဒီယိုကို လစ်ဗျားမှ IS အဖွဲ့ ထုတ်ပြန်

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
    M-Media

    libya

    – ပြီးခဲ့သည့် လများက ပြန်ပေးဆွဲထားသည်။ အီဂျစ် ကော့ပတစ်ခရစ်ယာန်ဘာသာဝင် ၂၁ ဦးအား သတ်ဖြတ်သည်ဟု ယူဆရသော ဗီဒီယိုကို လစ်ဗျားရှိ IS အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    အဆိုပါဗီဒီယို၏ မှန်ကန်မှုကို အီဂျစ်အစိုးနှင့် ကော့ပတစ်အသင်းတော်တို့က အတည်ပြုခဲ့သည်။ အဆိုပါဗီဒီယိုတွင် အီဂျစ်ခရစ်ယာန်များမှာ လိမ္မော်ရာင်အကျဉ်းသားဝတ်စုံကို ၀င်ဆင်ထားပြီး လစ်ဗျားရှိ ထရီပိုလီပြည်နယ်တွင် တည်ရှိသော ကမ်းနံဘေးတွင် သတ်ဖြတ်ပုံကို ဖော်ပြထားသည်။

    ၎င်းတို့မှာ ဒီဇင်ဘာနှင့် ဇန်န၀ါရီ လများအတွင်း လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဆာရ်တီမြို့တွင်ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုတွင် IS အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    အဆိုပါဗီဒီယိုထွက်လာပြီးနောက် အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီမှာ အီဂျစ်အမျိုးသားလုံခြုံရေး ထိပ်တန်းအရာရှိများကို ဆင့်ခေါ်ကာ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး သေဆုံးသွားသည့် အီဂျစ် ခရစ်ယာန်များအတွက် နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့ကို ၇ ရက် သတ်မှတ်ခဲ့သည်။

    “ဒီလူသတ်သမားတွေကို သင့်လျော်နည်းလမ်းနဲ့ သင့်လျော်တဲ့အချိန်မှာ တုံ့ပြန်အပြစ်ပေးသွားဖို့ အီဂျစ်မှာ အခွင့်အရေးရှိပါတယ်” ဟု နိုင်ငံသားများ သေဆုံးမှုအတွက် ရုပ်မြင်သံကြားမှထုတ်လွှင်သော မိန့်ခွန်းတွင် အလ်- စီစီက ထည့်သွင်းပြောကြားခဲ့သည်။

    အီဂျစ်ရှိ ကော့ပတစ်အော်သိုဒေါ့ အသင်းတော်ကလည်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်တွင် လူသတ်သမားများအား တရားမျှတမှုရှေ့မှောက်သို့ ခေါ်ဆောင်လာနိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။

    ကိုင်ရိုရှိ နာမည်ကြီးအစ္စလာမ့်တက္ကသိုလ် အလ်အဇ်ဟာရ်ကလည်း IS အဖွဲ့၏ ထိုသတ်ဖြတ်မှုမှာ ရိုင်းစိုင်းသောလုပ်ရပ်ဖြစ်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    “ဒီလိုရိုင်းစိုင်းတဲ့လုပ်ရပ်မျိုးဟာ ဘယ်လိုဘာသာတရား၊ ဘယ်လိုလူ့တန်ဖိုးနဲ့မှ ပတ်သက်ဆက်နွယ်မှု မရှိပါဘူး” ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    လစ်ဗျားမှာ ပြီးခဲ့သည့် ၃ နှစ်အရင်က အာဏာရှင် ကာဒါဖီပြုတ်ကျခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်နေပြီး ထိုအဖြစ်အပျက်ကို အခွင့်ကောင်းယူကာ IS အဖွဲ့က တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည်။ လစ်ဗျားတွင် အီဂျစ်နိုင်ငံသားများမှာ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြပြီး အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဖြစ်သည်။

    Ref: aljazeera

  • ဗုဒ္ဓဘာသာဝင် လူများစု နိုင်ငံမှာ မွတ်စ်လင်မ်များကို ဘာကြောင့် အလွန်အကျွံ မုန်းတီးနေရသလဲ ?

    ဗုဒ္ဓဘာသာဝင် လူများစု နိုင်ငံမှာ မွတ်စ်လင်မ်များကို ဘာကြောင့် အလွန်အကျွံ မုန်းတီးနေရသလဲ ?

    ဖေဖော်ဝါရီ ၁၅ ၊ ၂၀၁၅
    M-Media

    imrs.php
    ကုလအထွေထွေညီလာခံမှ မြန်မာအစိုးရ အပေါ် တိုက်တွန်း ထုတ်ပြန်ချက်ဖြစ်သော ရိုဟင်ဂျာတို့အား နိုင်ငံသားအဖြစ် လက်ခံရေးအဆိုကို ကြွေးကြော်သံများဖြင့် ကန့်ကွက် ဆန္ဒပြနေကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာများ (ဓာတ်ပုံ – ခင်မောင်ဝင်း၊ အေပီ)

    ၂၀၀၉ ခုနှစ်အတွင်း ဟောင်ကောင်ဆိုင်ရာ မြန်မာစစ်သံမှူး ဦးရဲမြင့်အောင်က ဒေသတွင်း သတင်းစာများနှင့် သံအဖွဲ့ဝင်များထံ စာတစ်စောင်ပေး ပို့ခဲ့ကြောင်း တရုတ်မီဒီယာများကဆိုသည်။ ၎င်းစာ၌ မြန်မာနိုင်ငံတွင်းရှိ  မွတ်စ်လင်မ် လူနည်းစု ရိုဟင်ဂျာတို့အပေါ် ကာလကြာရှည် ခွဲခြားဆက်ဆံမှု အနေအထားကို တွေ့ခဲ့ရသည်။ ခနော်နီခနော်နဲ့ လှေငယ်လေးများပေါ် အစာရေစာ အငတ်ခံပြီး မြန်မာပြည်မှ အလွတ် ရုန်းထွက်ဖြစ်စဉ်များကြောင့် ဒေသတွင်း၌ ရိုဟင်ဂျာကို အာရုံစိုက်စရာ ဖြစ်သွားခဲ့သည်။

    တစ်ပါးသူတို့မှ ရိုဟင်ဂျာတို့အပေါ် စာနာသနားမှု မဖြစ်စေဖို့  ဦးရဲမြင့်အောင်က မျှော်လင့်ခဲ့၏။ ထိုသို့ဖြစ်ရန်လုပ်ဆောင်လိုက်သည့် သူ၏နည်းလမ်းသည် သူ၏လူမျိုးကြီးဝါဒကို ဖွင့်ဟဖော်ပြသကဲ့သို့ ဖြစ်သွားပေသည်။ “ရိုဟင်ဂျာများ မိမိတို့နှင့် အသားအရောင်မတူဘဲ ဘီလူးတွေလို ရုပ်ဆိုးသည်” ဟု သူက ဆိုခဲ့သည်။

    သို့ဖြစ်၍ ရိုဟင်ဂျာများသည် မြန်မာပြည်သူလည်း မဟုတ်သလို မြန်မာ့တိုင်းရင်း အုပ်စုဝင်လည်း မဟုတ်ကြောင်း သူက ကောက်ချက် ဆွဲခဲ့သည်။ ၎င်းက ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင်း တရား မ၀င်ရောက်လာသူများဖြစ်၍ နိုင်ငံသား အခွင့်အရေးနှင့် မထိုက်တန် ဆိုသော သူ့အစိုးရ၏ သဘောထားကို ပုံစံတစ်မျိုးဖြင့် ထုတ်ပြလိုက်ခြင်းဖြစ်သည်။

    ရာစုနှစ်ဝက်ခန့် လွန်မြောက်သော် မြန်မာ့အနေအထားက အကောင်းဖက်သို့ ပြောင်းလဲလာ၏။ တံခါးဖွင့်ဝါဒကို ကျင့်သုံးလိုက်၏။ တစ်ချိန်က အာဏာရှင် စစ်အုပ်ချုပ်ရေး စနစ်မှသည် ဒီမိုကရေစီစနစ်ကို ကန့်လန့်ကာထူထူ ချထားသည့်ကြားက အပျံသင်စငှက်ငယ်ကဲ့သို့ တိုးထွက်လာသည်။ ဆယ်စုနှစ်များစွာ နေအိမ်အကျယ်ချုပ်နှင့် ထားရှိခံခဲ့ရသော နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး ခဲ့သည်။ ယခုသော် အဓိက အတိုက်အခံခေါင်းဆောင်တစ်ဦး ဖြစ်နေပေသည်။

    သို့သော် ဥပေက္ခာပြုခံထားရသည့် နိုင်ငံမဲ့ ရိုဟင်ဂျာတို့၏ အခြေအနေမှာကား ဆိုးရွားအကျည်းတန်နေဆဲပင်။ ၎င်းတို့အား ကမ္ဘာ့အနှိပ်စက်ခံရဆုံးလူနည်းစု အဖြစ် ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ်ထားသည်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့၏ နယ်စပ်များနှင့် ထိကပ်နေသော မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်တွင် အများစု မှီတင်းနေထိုင်နေကြသည့် ရိုဟင်ဂျာ ဦးရေမှာ ၁.၃ သန်းဝန်းကျင်ရှိကြပြီး ၎င်းတို့၏အခြေခံ လိုအပ်ချက်ကိုပင်လျှင် တိုင်းပြည်မှ ဆောင်ရွက်ပေးခြင်း မရှိပါ။ ယမန်နှစ် WorldViews အစီရင်ခံချက်အရ ၂၀၁၃ ခုနှစ် လူမျိုးရေးအကြမ်းဖက်မှုများကြောင့် ညစ်ပေနိမ့်ကျလွန်းသော ဒုက္ခသည်စခန်းများသို့ တနေ့တခြား စိမ့်ဝင်ရောက်ရှိလာသည့်အပြင် မြန်မာအစိုးရမှ လျစ်လျူရှုထားသည့် ရိုဟင်ဂျာဦးရေမှာ တစ်သိန်းလေးသောင်းဝန်းကျင်ရှိနေပြီဟု ဆိုသည်။

    ဒီဇင်ဘာလ ကုလဆုံးဖြတ်ချက် အပါအ၀င် – ရိုဟင်ဂျာတို့အား တင်းပြည့် ကျပ်ပြည့် နိုင်ငံသား အခွင့်အရေးပေးရန် မြန်မာအစိုးရ အပေါ် ကုလသမဂ္ဂ၏ လတ်တလော ဆော်သြချက်များမှာ အငြိုးတကြီးဖြင့် တုန့်ပြန်ခံရသည်။ ဤ ရက်သတ္တပတ် အတွင်း ဒေါသထွက်နေသော ရိုဟင်ဂျာ ဆန့်ကျင်ရေး ချီတက်ပွဲများက လာမည့်ပြည်သူ့ ဆန္ဒခံယူပွဲ၌ ယာယီနိုင်ငံသား လက်မှတ် ကိုင်ဆောင်ထားသည့် ရိုဟင်ဂျာတို့အား မဲပေးခွင့် မရအောင် အစိုးရကို တွန်းအားပေးခဲ့သည်။

    အမျက်ထိုးဆွချက် အများစုကို သွတ်သွင်းနေသူမှာ အမာခံ အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်စု ဖြစ်ကြသည်။ ၎င်းတို့လက်အောက်အုပ်စုများက ရိုဟင်ဂျာတို့အား မတူကွဲပြားသည့် တိုင်းရင်းနွယ်အုပ်စုအစား တရားမ၀င်အခြေချသူ ဘင်္ဂါလီများအဖြစ် သရုပ်ဖော်လိုကြရာ ပုံကြီးချဲ့ဆန့်ကျင်ရေးဖြစ်လာအောင် မီးမွေးပေးကြသည်။ မြန်မာ့မြေပေါ်၌ ရိုဟင်ဂျာအများအပြားမှာ မျိုးဆက်အလီလီ တည်ရှိနေထိုင်ခဲ့ခြင်းအချက်ကို ထိုသူတို့မှ အလျဉ်း အရေးမစိုက်ကြချေ။

    လူမျိုးခြား မုန်းတီးရေး မှိုင်းတိုက်ခြင်း၌ ကျော်ကြားသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင်ဝီရသူမှာ နိုင်ငံတကာ အသိအမှတ်ပြု တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးတွင် “The Face of Buddhist Terror” ဟုပင် ခေါင်းစည်း တပ်ဖော်ပြခံရသည်။ သင်္ကန်းစည်းထားသည့် အရှင်ဝီရသူက “မြန်မာဘင်လာဒင်” ဟု မိမိကိုယ်ကို ကင်ပွန်းတပ်ထားသည်။ သူက ရုန့်ရင်းကြမ်းတမ်းပြီး ရဟန်းတစ်ပါးနှင့် မလျော်ညီသော စကားတို့ဖြင့် မွတ်စ်လင်မ်တို့ အပေါ် အပြင်းအထန် ဆန့်ကျင် ဆက်ဆံရန် လှုံ့ဆော်နေခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် သီရိလင်္ကာ အမျိုးသားရေးဝါဒီ သံဃာမိတ်ဆုံပွဲ၌ “ဗုဒ္ဓဘာသာဝင် သံဃာများကို ဂျိဟဒ်ပြုနေပါသည်” ဟု ၎င်းက တပ်လှန့်ခဲ့သည်။ သီရိလင်္ကာသည်လည်း ဗုဒ္ဓဘာသာဝင် အများစုကြီးစိုးရာ နိုင်ငံတစ်ခုဖြစ်သည်။

    အရှင်ဝီရသူနှင့် သူ၏ ဘက်တော်သားများမှာ ရိုဟင်ဂျာမဟုတ်သည့် မွတ်စ်လင်မ်များ အပါအ၀င် မြန်မာမွတ်စ်လင်မ်တို့အပေါ် အုပ်စုဖွဲ့အကြမ်းဖက်ရေး လှုံ့ဆော်သူများ ဖြစ်ကြောင်း ဝေဖန်သူတို့က ဆိုကြသည်။ လက်ရှိနှစ်များအတွင်း အကြမ်းဖက်မှုများနှင့် အပြန်အလှန်တိုက်ခိုက်မှု အကြား လူအသေအပျောက် ရာဂဏန်းရှိခဲ့ပြီဖြစ်သည်။

    ၎င်းမှာ အာဏာရှင်အုပ်ချုပ်ရေး ပုံစံခွက်မှ ခွဲဖြာထွက်နေသည့် နိုင်ငံတစ်ခုအဖို့ စိုးရိမ်စရာ ခြေလှမ်းတစ်ရပ်ဖြစ်သည်။ ရိုဟင်ဂျာတို့၏ အနိဌာရုံနှင့်ပတ်သက်၍ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆိုင်ရာ ကမ္ဘာ့ရုပ်လုံးတစ်ရပ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆိတ်ဆိတ်နေမှုက စိတ်ပျက်စရာအကောင်းဆုံးဟု ဆိုကောင်းဆိုနိုင်ပေမည်။ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်ကြီးသည် မြန်မာအစိုးရ၏ မူဝါဒအတိုင်း လိုက်နင်းကာ “ရိုဟင်ဂျာ” ဟူသော ဝေါဟာရအား အသုံးပြုပြောဆိုရန်ကိုပင် ငြင်းဆန်နေလေရာ – မြန်မာနိုင်ငံသည် တည်ရှိဆဲ လူ့အဖွဲ့အစည်းဆိုင်ရာအခွင့်အရေးများကို အသိအမှတ်ပြုသည့် လုပ်ဆောင်ချက် လိုအပ်နေကြောင်း တင်ပြရပေသည်။

    xxxxxxxxxxxxxxxx

    The Washington Post မှ Ishaan Tharoor ၏ Why does this Buddhist-majority nation hate these Muslims so much? ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။ ဆောင်းပါးရှင် Ishaan Tharoor သည် ပထမ ဟောင်ကောင်၊ နောက်ပိုင်း နယူးယော့ခ်တွင် အခြေစိုက်ကာ တိုင်းမ်မဂ္ဂဇင်း၏ အကြီးတန်းအယ်ဒီတာဟောင်းတစ်ဦးဖြစ်ပြီး The Washington Post အတွက် နိုင်ငံတကာအရေးကို ရေးသားလျက်ရှိသည်။