News @ M-Media

Blog

  • အာဏာသိမ်းစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအ၀ေး တက်ခွင့်မပေးရန် အာဆီယံနိုင်ငံများ သောကြာနေ့တွင် ဆွေးနွေးမည်

    အာဏာသိမ်းစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအ၀ေး တက်ခွင့်မပေးရန် အာဆီယံနိုင်ငံများ သောကြာနေ့တွင် ဆွေးနွေးမည်

    အောက်တိုဘာ ၁၄၊ ၂၀၂၁
    M-Media

    -အခုလနှောင်းပိုင်းမှာ ကျင်းပပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာ မြန်မာအဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးရေးကိစ္စအတွက် အဖွဲ့၀င်နိုင်ငံတွေ မနက်ဖြန်ကျရင် အစည်းအ၀ေးလုပ်ဖို့ ရှိနေပါတယ်။

    ဧပြီလ ထိပ်သီးအစည်းအ၀ေးမှာ ရရှိခဲ့တဲ့ သသောတူညီချက်အတိုင်း အာဆီယံအထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုကို မလိုက်လျောရင် အခုလ ထိပ်သီးအစည်းအ၀ေး တက်ရောက်ခွင့် ပိတ်ပင်တာမျိုး လုပ်နိုင်တယ်လို့ မလေးရှားက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြောခဲ့ပါတယ်။

    ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး သီယိုဒိုရို လိုစင်ကလည်း စစ်ကောင်စီအကြီးအကဲကို အစည်းအ၀ေး တက်ရောက်ခွင့် မပြုသင့်ဘူးလို့ ဒီကနေ့မနက်မှာ ပြောကြားလိုက်ပါတယ်။

    ဒီကိစ္စအတွက် မနက်ဖြန်မှာ အာဆီယံအဖွဲ့၀င်နိုင်ငံတွေ အွန်လိုင်းကတစ်ဆင့် ဆွေးနွေးမှာဖြစ်ပြီး ဒါဟာ ရုတ်တရက်ပေါ်လာတဲ့ အစည်းအ၀ေးလည်း ဖြစ်ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အရီ၀မ်ယူစွဖ်ဟာ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဥ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံကာ ကြား၀င်ညှိနှိုင်းခွင့်ရဖို့ စစ်ကောင်စီကို တောင်းဆိုထားတာပါ။

    စစ်ကောင်စီဖက်က ဒါကိုခွင့်မပြုပါဘူး။ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ရာဇ၀တ်မှုနဲ့ တရားစွဲခံနေရတဲ့အတွက် တွေ့ခွင့်ပြုမှာ မဟုတ်ဘူးလို့ မနေ့က ထုတ်ပြောပါတယ်။

    အာဆီယံ ထိပ်သီးအစည်းအ၀ေးကို အောက်တိုဘာ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး၊ မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဖို့ အဖွဲ့၀င်နိုင်ငံတစ်ချို့က အသေးစိတ် ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အရီ၀ပ်ယူစွဖ်ရဲ့ရုံးက ပြီးခဲ့တဲ့တစ်ပတ်မှာ အတည်ပြုခဲ့ပါတယ်။ မနက်ဖြန်အစည်းအ၀ေးနဲ့ပတ်သက်လို့တော့ မှတ်ချက်ပေးဖို့ ငြင်းပါတယ်။

    အရီ၀မ်က သူဟာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတစ်ချို့နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း အခုတစ်ပတ်အစောပိုင်းမှာ ထုတ်ပြောခဲ့ပါတယ်။

    Ref: Reuters

  • ကမ္ဘာ့ထိပ်တန်း စီးကရက်ကုမ္ပဏီတစ်ခု မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်

    ကမ္ဘာ့ထိပ်တန်း စီးကရက်ကုမ္ပဏီတစ်ခု မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်

    အောက်တိုဘာ ၁၄၊ ၂၀၂၁
    M-Media

    -ကမ္ဘာ့ထိပ်တန်း စီးကရက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ British American Tobacco (BAT) ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းကာ အခုနှစ်ကုန်ပိုင်းမှာ ထွက်ခွာတော့မယ်လို့ ကြေငြာလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ထွက်ခွာနေတာပါ။ BAT ဟာ London၊ Lucky Strike နဲ့ Kent တို့လို စီးကရက်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။

    ကုမ္ပဏီလည်ပတ်မှုနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မေးမြန်းရာမှာ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေရဲ့ ရေရှည်အလားအလာနဲ့ အာမခံချက်ရှိမှုတွေကို အသေအချာ လေ့လာဆန်းစစ်ခဲ့ပြီးတဲ့နောက် ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချခဲ့တာဖြစ်တယ်လို့ BAT က ပြောပါတယ်။

    “အခြားသော နိုင်ငံတကာလုပ်ငန်းတွေလိုပဲ ကမ္ဘာတစ်ဝှမ်း လုပ်ငန်းလည်ပတ်နိုင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လေ့လာတွက်ချက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံမှာ ရေရှည် လည်ပတ်နိုင်မလား၊ စီးပွားရေးအာမခံချက်ရှိမလားဆိုတာတွေကို လေ့လာတွက်ချက်ပြီးတဲ့နောက် လုပ်ငန်းအားလုံးရပ်ပြီးတိုင်းပြည်ကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်”

    DAT ဟာ အရင် စစ်အာဏာရှင်လက်ထက်ကလည်း မြန်မာနိုင်ငံကနေ ထွက်ခွာဖူးပြီး ၂၀၁၃ ခုနှစ်ရောက်မှ ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။ အခုတစ်ခေါက် ထွက်ခွာရခြင်းအတွက် အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပါဘူး။

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စီးပွားရေး အကြီးအကျယ် ကျဆင်းသွားပြီး၊ မြန်မာကျပ်ငွေတန်ဖိုးလည်း ၆၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။

    Ref: Reuters

  • အမေရိကန်ကိုအန်တုမည့် ဘာမထီစစ်တပ် တည်ဆောက်မည်ဟု မြောက်ကိုရီးယားပြော

    အမေရိကန်ကိုအန်တုမည့် ဘာမထီစစ်တပ် တည်ဆောက်မည်ဟု မြောက်ကိုရီးယားပြော

    အောက်တိုဘာ ၁၂၊ ၂၀၂၁

    M-Media

    -အမေရိကန် ရန်လိုတဲ့မူ၀ါဒတွေကို တွန်းလှန်နိုင်ဖို့အတွက် ‘ဘာမထီစစ်တပ်’ ကို တည်ဆောက်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားလိုက်ပါတယ်။

    ဒီကနေ့ မြို့တော်ပြုံယမ်းမှာလုပ်တဲ့ Self-Defence 2021 လက်နက်ပြပွဲကို ကင်ဂျုံအွန်ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာပါ။ ဒီပြပွဲမှာ အကြီးစား ဒုံးကျည်အများအပြား၊ တင့်ကားနဲ့ အခြားလက်နက်တွေကို မြောက်ကိုရီးယားက ထုတ်ပြခဲ့ပါတယ်။

    ကင်ဂျုံအွန်က ဒီလက်နက်တွေဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ဖြစ်ပြီး တစ်ခြားနိုင်ငံကိုသွားရောက်တိုက်ခိုက်ဖို့ မဟုတ်ဘူးလို့ ပြောပါတယ်။ တောင်နဲ့ မြောက်ကိုရီယားကြားမှာ အမေရိကန်က သွေးထိုးလှုံ့ဆော်ပေးနေပြီး ရန်လိုတဲ့ နိုင်ငံအဖြစ် မိမိတို့က အမေရိကန်ကို သတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။

    တောင်ကိုရီးယားရဲ့ စစ်အင်အားတိုးမြှင့်မှုတွေကို ကင်ဂျုံအွန်က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။

    မြောက်ကိုရီးယားက အခုလို လက်နက်ပြပွဲလုပ်တာဟာ မကြုံစဖူးကိစ္စဖြစ်ပြီး၊ လက်နက်အင်အားကို ထုတ်ပြလိုက်တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံသပ်ပါတယ်။

    Ref: BBC

  • နို၀င်ဘာ ၁ ရက်မှစ၍ နိုင်ငံခြားခရီးသွားများကို ထိုင်းနိုင်ငံက ၀င်ခွင့်ပေးမည်

    နို၀င်ဘာ ၁ ရက်မှစ၍ နိုင်ငံခြားခရီးသွားများကို ထိုင်းနိုင်ငံက ၀င်ခွင့်ပေးမည်

    အောက်တိုဘာ ၁၂၊ ၂၀၂၁

    M-Media

    -နိုင်ငံ ၁၀ နိုင်ငံက ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသားသူတွေကို နို၀င်ဘာ ၁ ရက်နေ့ကစပြီး ကွာရန်တင်းမလိုဘဲ လေကြောင်းကနေ ၀င်ခွင့်ပေးတော့မယ်လို့ ထိုင်း၀န်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    အဲဒီ ၁၀ နိုင်ငံစာရင်းမှာ တရုတ်၊ ဂျာမနီ၊ စင်ကာပူ၊ ယူကေနဲ့ အမေရိကန်တို့ ပါ၀င်မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ ထုတ်ပြန်မယ့်စာရင်းမှာ နောက်ထပ်နိုင်ငံတွေ တိုးသွားမယ်လို့လည်း ပရာယွတ်က ဆိုပါတယ်။

    မိခင်နိုင်ငံမှာ RT-PCR စစ်ပြီး ကိုဗစ်မရှိမှ လာလို့ရမှာဖြစ်သလို၊ ထိုင်းနိုင်ငံကို ရောက်ရင်လည်း နောက်ထပ်တစ်ကြိမ် ထပ်မံ စစ်ဆေးရမှာ ဖြစ်ပါတယ်။ ကိုဗစ်ကင်းတယ်ဆိုရင် နိုင်ငံတစ်၀ှမ်း လွတ်လပ်စွာ သွားခွင့်ရမယ်လို့ ထိုင်း၀န်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ၁၀ နိုင်ငံစာရင်းမှာ မပါတဲ့ နိုင်ငံတွေက လာရောက်မယ့်သူတွေကတော့ ကွာရန်တင်း၀င်ရမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကျရင် အရက်သောက်သုံးမှု ပိတ်ထားတာကို ပြန်ဖွင့်ဖို့ ဖျော်ဖြေရေးလုပ်ငန်းတွေ ပြန်ဖွင့်ခွင့်ပေးဖို့ စဥ်စာထားတယ်လို့လည်း ပရာယွတ်က ဆိုပါတယ်။

    “ဒီဆုံးဖြတ်ချက်မှာ အန္တရာယ်ရှိတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ လျော့ပေါ့မှုတွေ လုပ်ပေးလိုက်ရင် ယာယီအားဖြင့် ကူးစက်မှု မြင့်တက်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီအခြေအနေကို ကိုင်တွယ်နိုင်မလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့် သုံးသပ်ရမှာပါ။ အခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ပါဘူး”

    ခရီးသွားလုပ်ငန်းဟာ ထိုင်းနိုင်ငံအတွက် နိုင်ငံခြား၀င်ငွေ အဓိကရှာပေးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ရက်ပေါင်း ၁၂၀ အတွင်း နယ်စပ်တွေ ပြန်ဖွင့်ပေးမယ်လို့ ပရာယွတ်က ဇွန်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: CNA

  • တရုတ်မြောက်ပိုင်းတွင် ရေကြီးမှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံး

    တရုတ်မြောက်ပိုင်းတွင် ရေကြီးမှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံး

    အောက်တိုဘာ ၁၂၊ ၂၀၂၁

    M-Media

    -တရုတ်နိုင်ငံမြောက်ပိုင်း ရှန်းကျီပြည်နယ်မှာ အခုလအစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ကျောက်မီးသွေးအဓိကထွက်တဲ့ ဒီဒေသဟာ ပုံမှန်အားဖြင့် ခြောက်သွေ့ဒေသဖြစ်ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ၃ လစာမိုး ရွာသွန်းခဲ့တာပါ။ တရုတ်နိုင်ငံမှာ ကျောက်မီးသွေးပြတ်လတ်မှုကြောင့် စွမ်းအင်ထုတ်လုပ်မှု ပြဿနာ ရှိနေပြီး အခုရေကြီးမှုက ဒီအခြေအနေကို ပိုဆိုးစေတာ ဖြစ်ပါတယ်။

    အခုရေကြီးမှုကြောင့် အဆောက်အဦး ၁၉၀၀၀ လောက် ပျက်ဆီးခဲ့ပြီး အဲဒီ အထဲက ၁၈၀၀၀ လောက်ဟာ ဆိုးဆိုးရွားရွား ပျက်ဆီးခဲ့တာပါ။ သေဆုံးသူ ၁၅ ဦး ရှိသလို ပျောက်ဆုံးနေသူတွေလည်း အများအပြား ရှိနေပါတယ်။

    လူဦးရေ ၁.၇ သန်းလောက် ရေကြီးရေလျှံမှုကို ခံစားခဲ့ရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက်က ၁၂၀၀၀၀ လောက် ရှိပါတယ်။

    ဇူလိုင်လအတွင်းက နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်မှာ စံချိန် ရေကြီးမှု ဖြစ်ပွားခဲ့ပြီး လူ ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    Ref : CNA