News @ M-Media

Blog

  • ဘာဆန်ချာကျွန်းမှ ရိုဟင်ဂျာဒုက္ခသည်များကို ထောက်ပံ့ကူညီရန် ကုလနှင့် ဘင်္ဂလားဒေ့ရှ်တို့ လက်မှတ်ရေးထိုး

    ဘာဆန်ချာကျွန်းမှ ရိုဟင်ဂျာဒုက္ခသည်များကို ထောက်ပံ့ကူညီရန် ကုလနှင့် ဘင်္ဂလားဒေ့ရှ်တို့ လက်မှတ်ရေးထိုး

    အောက်တိုဘာ ၁၀၊ ၂၀၂၁၂
    M-Media

    ဘာဆန်ချာကျွန်းမှ လူနေလိုင်းခန်းများ

    -ဘင်္ဂလားပင်လယ်အော်အတွင်းက ဘာဆန်ချာကျွန်းကို ရွှေ့ပြောင်းခဲ့တဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီထောက်ပံ့နိုင်ရေး ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သဘောတူညီချက်တစ်ခုကို မနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ ဖိနှိပ်ညှင်းပန်း သတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေအတွက်ဟာ ၁ သန်းကျော်လောက်ရှိပြီး အဲဒီအထဲက ၁၉၀၀၀ လောက်ကို ဘာဆန်ချာကျွန်းမှာ ဘင်္ဂလားဒေ့ရှ်ဖက်က ပြောင်းရွှေ့ နေရာချပေးထားတာပါ။

    ဘာဆန်ချာကျွန်းမှာ ရိုဟင်ဂျာဒုက္ခသည်စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို နေရာချထားပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားပေမယ့် မုန်တိုင်းဒဏ်ခံရပြီး မကြာခဏရေကြီးလေ့ရှိတဲ့အတွက် ဒုက္ခသည်တွေကို ဒီနေရာပို့တာဟာ မသင့်တော်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ သဘာ၀ဘေးအန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တာတွေအားလုံး လုပ်ဆောင်ပေးထားတယ်လို့ တုန့်ပြန်ပါတယ်။

    ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လူမှုဘ၀ကို ပိုမို ထောက်ပံ့ကူညီနိုင်ရေး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ဘင်္ဂလာဒေ့ရှ်အစိုးရတို့ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

    “အဲဒီ သဘောတူညီချက်တွေထဲမှာ အကာအကွယ်ပေးရေး၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်း အတတ်ပညာ သင်ကြားပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး စတာတွေ ပါဝင်ပြီး၊ ဒုက္ခသည်တွေ ကျွန်းပေါ်မှာ ကောင်းမွန်တည်ငြိမ်စွာ နေထိုင်ရပ်တည်နိုင်ရေး အထောက်အပံ့ဖြစ်စေသလို၊ အနာဂတ်မှာ နေရပ်မြန်မာနိုင်ငံကို ပြန်နိုင်ရေး ပြင်ဆင်ပေးတာမျိုးလည်း ဖြစ်ပါတယ်” လို့ UNHCR က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဘင်္ဂလားဒေ့ရှ် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်ရေး ဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူ မိုဟာမက် မိုဆင်က ဘာဆန်ချာကျွန်းပေါ်မှာ ရိုဟင်ဂျာ ဒုက္ခသည် ၈၁၀၀၀ လောက် ရောချထားပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

    ကျွန်းပေါ်မှာ သွားလာခွင့် ကန့်သတ်ခံရတာ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်ခွင့်မရတာ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေး လုံလုံလောက်လောက်မရတာ စတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။

    ဩဂုတ်လအတွင်းက ဘာဆန်ချာကျွန်းကနေ လှေနဲ့ ထွက်ပြေးသွားရာမှာ လှေမှောက်တဲ့အတွက် အနည်းဆုံး ရိုဟင်ဂျာ ဒုက္ခသည် ၁၂ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Reuters

  • မြန်မာနိုင်ငံကိုကူညီရေး အာဆီယံက ကန်ဒေါ်လာ ၁၀ သန်း အလှူငွေရထား

    မြန်မာနိုင်ငံကိုကူညီရေး အာဆီယံက ကန်ဒေါ်လာ ၁၀ သန်း အလှူငွေရထား

    အောက်တိုဘာ ၉၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းရေးမှာ ကူညီပေးဖို့အတွက် အာဆီယံအဖွဲ့က အလှူငွေ ကန်ဒေါ်လာ ၁၀ သန်း ကောက်ခံရရှိထားပါတယ်။

    ဒီငွေတွေကို လာမယ့် ၂ လအတွင်း အသုတ်လိုက်ခွဲပြီး ပေးပို့သွားမှာပါ။ အာဆီယံဟာ ကန်ဒေါ်လာ ၁.၁ သန်းတန်ဖိုးရှိတဲ့ အကူအညီတွေကို စက်တင်ဘာ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

    အာဆီယံအဖွဲ့ အတွင်းအရေးမှူး ဒါတွတ် လင်ဂျွတ်ဟိုက ဒုတိယအသုတ် အကူအညီတွေကို အခုလနှောင်းပိုင်းမှာ ပေးပို့သွားမယ်လို့ ဆိုပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ တစ်ကျော့ပြန် ကိုဗစ်ကူးစက်မှု လှိုင်းတွေကြောင့် သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

    ဒီအကြပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်ရေး အာဆီယံအဖွဲ့က ဩဂုတ်လ ၁၈ ရက်နေ့မှာ အစည်းအဝေးတစ်ခု လုပ်ခဲ့ပြီး ရန်ပုံငွေရှာဖွေခဲ့ကြပါတယ်။ ကနဦးရန်ပုံငွေ ဒေါ်လာ ၈ သန်း ​ရရှိခဲ့ပြီး အစည်းအဝေးနောက်ပိုင်း ၂ သန်း ထပ်ရခဲ့ပါတယ်။ အကူအညီတွေဟာ ငွေသား၊ ဆေးဝါး၊ အခြားပစ္စည်းနဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။

    ဒီပစ္စည်းတွေကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံ ပေးပို့သွားမယ်လို့လည်း အာဆီယံအတွင်းရေးမှူးက ဆိုပါတယ်။

    “ဒီအစီအစဉ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့မှာ အာဆီယံတစ်ဖွဲ့တည်းက လုပ်လို့ မရပါဘူး။ အာဆီယံဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အပြုသဘောဆောင်ပြီး လက်တွေကျတဲ့ ပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်”

    Ref: Reuters

  • ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီက အင်းအားတိုးချ

    ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီက အင်းအားတိုးချ

    အောက်တိုဘာ ၈၊ ၂၀၂၁
    M-Media

    -ချင်းပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးတွေမှာ စစ်ကောင်စီက အနည်ဆုံး တပ်ရင်း ၄ ရင်းစာလောက် စစ်ကူစေလွှတ်လိုက်ပြီး အရပ်သားတွေအပေါ် လူအခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒါဆာနီက ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် လူထုက လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်ရာမှာ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့ဟာ အဓိကနေရာ တွေဖြစ်လာပါတယ်။

    အဲဒီဒေသတွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး စစ်ကောင်စီတပ်ဖက်က ထိခိုက်သေဆုံးမှုလည်း များပြားပါတယ်။ စစ်ကောင်စီဟာ အဲဒီဒေသတွေမှာ အင်တာနက်ဖြတ်တောက်ထားတာ ကြာမြင့်နေပါပြီ။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီဟာ တပ်ဖွဲ့ဝင် ၃ ထောင်လောက် မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ထပ်မံဖြည့်တင်းခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် အပါအဝင် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တပ်မှူး ၂ ဦးကိုလည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ပြောင်းရွှေ့ တာဝန်ပေးခဲ့ပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒါဆာနီက ပြီးခဲ့တဲ့လက မကွေးတိုင်းနဲ့ ချင်းပြည်နယ်အတွင်း စစ်ကောင်စီဖက်က တိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်ရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ ရွာလုံးကျွတ်မီးရှို့တာတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။

    “ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကူတွေ ပို့လိုက်တာကို ကျွန်မတို့ တွေ့ရပါတယ်။ လက်နက်ကြီးတွေ၊ တပ်ဖွဲ့တွေ တော်တော်များများကို ပို့လိုက်တာပါ”

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ မီရှဲလ် ဘာချလတ်က တိုက်ခိုက်မှုတွေ၊ အရပ်သားလူ့အဖွဲ့အစည်းပေါ် ကျူးလွန်မှုတွေ ဖြစ်လာနိုင်တဲ့အန္တရာယ်အတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း အနည်းဆုံး ပြည်သူ ၁၁၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဖမ်းဆီးနှိပ်စက်ခံနေရပါတယ်။

    Ref: Metro

  • ဘာမီယန် ဗုဒ္ဓဆင်းတုတော် ၂ ဆူ ပြင်ဆင်မှု ဆက်လုပ်နိုင်ရေး တာလီဘန်က ယူနက်စကိုကို ဖိတ်ခေါ်ထား

    ဘာမီယန် ဗုဒ္ဓဆင်းတုတော် ၂ ဆူ ပြင်ဆင်မှု ဆက်လုပ်နိုင်ရေး တာလီဘန်က ယူနက်စကိုကို ဖိတ်ခေါ်ထား

    အောက်တိုဘာ ၈၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်မှာ ဖျက်ဆီးခံထားရတဲ့ ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနေရာကို တာလီဘန်က လက်ရှိမှာ လုံခြုံရေးယူပေးထားပြီး ပြင်ဆင်မှုတွေ ဆက်လုပ်နိုင်ရေး ကုလသမဂ္ဂ ရှေးဟောင်းအမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ ယူနက်စကို (UNESCO) ကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ အရင်က ဗာမီယန်ဒေသ ကျောက်ဆောင်တွေမှာ ထွင်းထုတည်ထားခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူကို တာလီဘန်တွေ ပထမအကြိမ် အုပ်စိုးစဉ် ၂၀၀၁ ခုနှစ်က ဖောက်ခွဲဖျက်ဆီးခဲ့တာပါ။ တိုင်းပြည်ရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို မဖျက်ဆီးဖို့ ကမ္ဘာ့နိုင်ငံတွေက အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် တာလီဘန်က လက်မခံဘဲ အဖွဲဝင်ရာချီနဲ့ ၃ ပတ်ကြာ တစ်စစီ ဖြိုချဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

    ဗာမီယန် ဗုဒ္ဓရုပ်ပွားတော်တွေကို ဖောက်ခွဲဖျက်ဆီးရာမှာ အဓိကတာဝန်ရှိသူတွေထဲက တစ်ဦးဖြစ်တဲ့ မိုဟာမက် ဟာဆန် အက်ဟွန်ဟာ လက်ရှိမှာတော့ တာလီဘန်အစိုးရမှာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေပါတယ်။ အခုတစ်ခေါက် အာဏာရယူမှုမှာတော့ တိုင်းပြည်က သမိုင်းအမွေအနှစ်တွေကို ထိန်းသိမ်းကာကွယ်မယ်လို့ တာလီဘန်က ကတိပြုထားပါတယ်။

    လက်ရှိမှာတော့ ‘ဤ ဗုဒ္ဓဆင်းတုတော်များကို ၂၀၀၁ ခုနှစ်တွင် တာလီဘန်အာဏာပိုင်များက ဖျက်ဆီးခဲ့သည်’ လို့ ရေးထိုးထားတဲ့ ကဗျည်းမော်ကွန်းနားမှာ တာလီဘန်တပ်ဖွဲ့ဝင် ၂ ဦး စောင့်ကြပ်ကာ လုံခြုံရေး ယူပေးထားပါတယ်။

    “အရင်ကကိစ္စနဲပတ်သက်ပြီး ကျွန်တော် မှတ်ချက်မပေးလိုပါဘူး။ အဲဒီတုန်းက ကျွန်တော် တော်တော်ငယ်သေးတယ်။ အဲဒီတုန်းက အဲဒီလိုလုပ်ခဲ့တာဟာ အကြောင်းတစ်ခုခုတော့ ရှိမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ တိုင်းပြည်က သမိုင်းအမွေအနှစ်တွေကို ကျွန်တော်တို့ ထိန်းသိမ်းကာကွယ်သွားမယ်ဆိုတာ သိပ်သေချာပါတယ်။ ဒါဟာ ကျွန်တော်တို့ တာဝန်ပါ” လို့ ဗာမီယန်ဒေသ ယဉ်ကျေးမှုဆိုင်ရာရုံးရဲ့ အကြီးအကဲ တာလီဘန်အဖွဲ့ဝင် ဆိုက်ဖူ ရာမန် မိုဟာမာဒီက ပြောပါတယ်။

    အရင် အာဖဂန်အစိုးရလက်ထက်တုန်းက ဗာမီယန်ရုပ်ပွားတော်တွေကို ပြန်လည်တည်ထားနိုင်ရေး ယူနက်စကိုရဲ့ ကူညီမှုနဲ့ ကန်ဒေါ်လာ သန်း ၂၀ ကျော် အကုန်အကျခံ ဆောင်ရွက်ခဲ့တာပါ။

    ဒါပေမယ့် ဩဂုတ်လအလယ် အာဖဂန်နစ္စတန်ကို တာလီဘန်က သိမ်းပိုက်လိုက်တဲ့အချိန်မှာ ယူနက်စကို တာဝန်ရှိသူတွေအားလုံး တိုင်းပြည်က ထွက်သွားကြပါတယ်။ တာလီဘန်က ဆင်းတု​တော်တွေ ပြန်လည်တည်ထားရေး ဆက်လက်လုပ်ဆောင်ဖို ယူနက်စကို ဖိတ်ခေါ်ထားတယ်လို့လည်း မိုဟာမာဒီက ဆိုပါတယ်။

    ဗာမီယန်ဗုဒ္ဓဆင်းတုတော်ရှိရာ နေရာအနီးက ဂိုထောင်တွေမှာ သိမ်းဆည်းထားတဲ့ ဆင်းတုတော် အစိတ်အပိုင်းတွေ အခိုးခံလိုက်ရတယ်လို့ ယူနက်စကို တာဝန်ရှိသူတွေနဲ့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။

    မိုဟာမာဒီက ဒီလိုအခိုးခံလိုက်ရတဟာ သူတို့အဖွဲ့တွေ ဒီနေရာကို မသိမ်းပိုက်မီကဖြစ်ပြီး လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ကာ ရုပ်ပွားတော်အစိတ်အပိုင်းတွေ ပြန်ရအောင် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: AFP

  • ၂၀၂၁ နှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဂျာနယ်လစ် ၂ ဦး ရရှိ

    ၂၀၂၁ နှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဂျာနယ်လစ် ၂ ဦး ရရှိ

    အောက်တိုဘာ ၈၊ ၂၀၂၁
    M-Media

    -၂၀၂၁ ခုနှစ်အတွင် နိုဘယ်ငြိမ်းချမ်းရေးဆုကို ဖိလစ်ပိုင်နဲ့ ရုရှားက ဂျာနယ်လစ်တွေဖြစ်တဲ့ မာရီယာ ရက်ဆာနဲ့ ဒီမီထရီ မူရာတော့ဗ်တို့က ရရှိသွားပါတယ်။

    ကမ္ဘာတစ်ဝှမ်းမှာ ခြိမ်းခြောက်ခံနေရတဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ထိန်းသိမ်းနိုင်ရေး အားထုတ်ကြိုးပမ်းမှုတွေအတွက် ဒီဆုကို ချီးမြှင့်တာလို့ နိုဘယ်ဆုရွေးချယ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ၁၉၃၅ ခုနှစ်က ဂျာမနီဂျာနယ်လစ် ကားလ်ဗွန် အိုဆစ်ဇကီ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျာနယ်လစ်တွေ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့တာပါ။

    နိုဘယ်ဆုကော်မတီဥက္ကဌ ဘီရစ် ရီအစ် အန်ဒါဆန်က ဖိလစ်ပိုင်နဲ့ ရုရှားတို့မှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ သူတို့ရဲ့ သူရသတ္တိအတွက် အခုလို ဆုချီးမြှင့်ရခြင်းဖြစ်တယ်လို့ ပြောပါတယ်။

    “ကမ္ဘာကြီးမှာ ဒီမိုကရေစီနဲ့ လွတ်လပ်စွာပြောဆိုခွင့် နောက်ပြန်ဆုတ်မှု မြင့်လာတဲ့အချိန် ဒါကို ရပ်တည်ကာကွယ်ပေးနေတဲ့ ဂျာနယ်လစ်အားလုံးအတွက် သူတို့နှစ်ဦးက ပြယုဂ်ပါ”

    ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာရက်ဆာဟာ လျှို့ဝှက်ကိစ္စတွေကို စုံစမ်းဖော်ထုတ်တဲ့ သတင်းဝဘ်ဆိုက် Rappler ကို တည်ထောင်သူဖြစ်ပါတယ်။ သူမရဲ့ ဝဘ်ဆိုက်ဟာ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂိုဒူတာတေးရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မူးယစ်စစ်ပွဲက အာဏာအလွဲသုံးစားမှုတွေ၊ ကျူးလွန်မှုတွေကို အဓိက ဖော်ထုတ်တာပါ။

    အခုလို နိုဘယ်ဆုရရှိတဲ့အတွက် မယုံနိုင်လောက်အောင် ဖြစ်ရတယ်လို့ မာရီယာက ပြောပါတယ်။

    ရုရှားဂျာနယ်လစ် ဒီမီထရီ မူတာရော့ဗ်ဟာ ရုရှားသတင်းစာ Novaya Gazeta ကို ၁၉၉၃ ခုနှစ်က တည်ထောင်ကာ ၂၄ နှစ်တိုင်တိုင် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ မူတာရော့ဗ်ရဲ့ သတင်းစာဟာ ရုရှားက လွတ်လပ်တဲ့ အနည်းငယ်သော သတင်းစာတွေထဲက တစ်စောင် ဖြစ်နေပါပြီ။

    Novaya Gazeta သတင်းစာဟာ ရုရှားအာဏာပိုင်တွေကို မကြာခဏ ဝေဖန်လေ့ရှိပြီး စတင်တည်ထောင်စဉ်ကနေ ယနေ့အချိန်အထိ သတင်းစာတိုက်က သတင်းသမား ၆ ဦး အသတ်ခံခဲ့ရပါတယ်။

    ရုရှားသမ္မတအိမ်တော်က မူတာရော့ဗ် နိုဘယ်ဆု ရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဆွတ်ခူးရရှိခဲ့ပါတယ်။

    Ref: Reuters