News @ M-Media

Blog

  • ယူကရိန်းအပစ်ရပ်ရေး သဘောတူညီချက်ရပြီ

    ယူကရိန်းအပစ်ရပ်ရေး သဘောတူညီချက်ရပြီ

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅
    M-Media

    ukr

    – ယူကရိန်း၊ ရုရှား၊ ဂျာမနီနှင့် ပြင်သစ်မှ ခေါင်းဆောင်များ အကြိတ်အနယ်ဆွေးနွေးခဲ့ပြီးနောက် ယူကရိန်းအရှေ့ပိုင်း အပစ်ရပ်ရေးအတွက် ယနေ့တွင် သဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါသဘောတူညီချက်မှာ လာမည့် တနင်္ဂနွေနေ့ည သန်းခေါင်ယံတွင် စတင်သက်ရောက်မည်ဖြစ်ပြီး မည်မျှ ကြာကြာခံမည်ဆိုသည်နှင့် ပတ်သက်၍ မေးခွန်းများလည်း ထွက်ပေါ်နေသည်။ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် ပြင်သစ်သမ္မတ
    ဟော်လန်ဒေးက အဆိုပါ သဘောတူညီချက်ကို လေးနက်သည့် သဘောတူညီချက်ဟု ပြောကြားခဲ့သော်လည်း အချက်အားလုံးအား ဖြေရှင်းနိုင်ခဲ့ခြင်းမဟုတ်ဟု ဆိုသည်။

    ယူကရိန်း သမ္မတ ပိုရိုရှန်ကိုကမူ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူအားလုံးမှာ ယခုလက်ရှိ ခွဲထွက်ရေးသမားများ သိမ်းပိုက်ထားသည့် နယ်မြေအချို့အပါအ၀င် ရုရှားနယ်စပ်တစ်လျှောက်ရှိ နယ်မြေများကို ယူကရိန်းဘက်က ပြန်လည်ထိန်းချုပ်ရန် ကူညီသွားမည်ဟု သဘောတူခဲ့ကြောင်း၊ နှစ်ဘက်စလုံးမှ လက်နက်ကြီးများကို လာမည့် ၂ ပတ်အတွင်း ရှေ့တန်းစစ်မြေပြင်မှ ၃၁ မိုင်မှ ၄၃ မိုင်အကြားသို့ နောက်ဆုတ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    သို့သော်လည်း သဘောတူညီချက်တွင် ခွဲထွက်ရေးသမားများအား ပိုမိုအုပ်ချုပ်ခွင့်ပေးမည့် ကိစ္စနှင့်ပတ်သက်၍ မည်သည့်သဘောတူညီချက်မှ မရခဲ့ဟု ဆိုသည်။ အဆိုပါ သဘောတူညီချက်တွင် ယူကရိန်းနယ်မြေမှ နိုင်ငံခြားတပ်ဖွဲ့များနှင့်
    စစ်သွေးကြွများ ထွက်သွားရန်၊ လက်နက်ကြီးများရုပ်သိမ်းရန်၊ စီးပွားရေး ဆက်သွယ်မှုများကို ပုံမှန်အတိုင်း ဆောင်ရွက်ရန်
    စသည်တို့လည်း ပါဝင်ခဲ့သည်။

    ပြင်သစ်သမ္မတဟော်လန်ဒေးကမူ ခွဲထွက်ရေးသမားများအပေါ် လိုအပ်သလောက် ဖိအားပေးနိုင်ခဲ့သည့် ရုရှားကို ချီးကျူးခဲ့သည်။ လေးနိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ ပါဝင်ခဲ့ကြသည့် အဆိုပါ ဆွေးနွေးမှုမှာ ၁၆ နာရီအထိ ကြာမြင့်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဧပြီလကတည်းက ဖြစ်ပွားခဲ့သည့် ယူကရိန်းအရှေ့ပိုင်း တိုက်ခိုက်မှုများတွင် စုစုပေါင်း ၅၃၀၀ ကျော် သေဆုံးခဲ့ပြီဟု ကုလ၏ မှတ်တမ်းများက ဆိုသည်။

    ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း ဂျာမနီ၊ ပြင်သစ်တို့၏ ကြားဝင်မှုဖြင့် ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးသမားများအကြား အပစ်ရပ်ရေးသဘောတူညီချက် ရရှိခဲ့သော်လည်း ကြာကြာမခံခဲ့ပေ။

    Ref: foxnews

  • အမေရိကန် မွတ်စလင် သုံးယောက် အသတ်ခံရမှု မီဒီယာတွေ ဘာ့ကြောင့် နှုတ်ဆိတ်နေရတာလဲ

    အမေရိကန် မွတ်စလင် သုံးယောက် အသတ်ခံရမှု မီဒီယာတွေ ဘာ့ကြောင့် နှုတ်ဆိတ်နေရတာလဲ

    ဖေဖော်ဝါရီ ၁၂ ၊ ၂၀၁၅
    M-Media
    v3-chapel-hill-victims-5
    – ဒီမနက် ကလေးတွေကို ကျောင်းသွားဖို့ ပြင်ဆင်ပေးနေတဲ့အချိန်မှာပဲ ကျွန်မရဲ့ဖုန်း မြည်လာခဲ့ပါတယ်။ဖုန်းကို ကြည့်လိုက်တဲ့အချိန်မှာ “ချက်ပဲလ်ဟေးလ်မှာ မွတ်စလင်တွေ ပစ်သတ်ခံရတယ်” ဆိုတဲ့ စာတိုကို တွေ့လိုက်ရပါတယ်။ ကျွန်မ ကြက်သေသေသွားခဲ့ပြီး ကြက်သီးတွေလည်း တဖြန်းဖြန်းထလာတာပါပဲ။

    ဘာတွေဖြစ်တာလဲဆိုတာသိရအောင် ကျွန်မဟာ Tweeter  စာမျက်နှာကို အပြေးအလွှား ဖွင့်ကြည့်ခဲ့ပါတယ်။ အသတ်ခံရတဲ့ မွတ်စလင် ၃ ယောက်က ဘယ်သူတွေလဲ။ ဘာ့ကြောင့် အသတ်ခံရတာလဲ။ မွတ်စလင်တွေဟာ သူတို့ရဲ့မွေးရပ်မြေမှာတောင် မလုံခြုံတဲ့အခြေအနေမျိုးကို ရောက်နေပြီလား။ ဒါမှမဟုတ်ရင် ဒါဟာ မတော်တဆအဖြစ်အပျက်များလာ။ စသဖြင့် အတွေးတွေလည်း ခေါင်းထဲမှာ အစုံပါပဲ။ ကျွန်မနောက်ဆုံး တွေးမိတဲ့အတွးပဲ ဖြစ်ပါစေလို့လည်း နုံအစွာ မျှော်လင့်မိခဲ့ပါတယ်။

    ဒီတိုက်ခိုက်မှုဟာ ယူကေစံတော်ချိန် ည ၁၀ နာရီလောက်မှာ ဖြစ်သွားခဲ့တာပါ။ အဲဒီအဖြစ်အပျက်ကို ဗြိတိန်မီဒီယာတွေက သူတို့ရဲ့နောက်ဆုံးသတင်းအဖြစ် ထည့်သွင်းခဲ့ရမှာပါ။ ဒါပေမယ့် အခြားသူတွေအိပ်ပျော်နေတဲ့အချိန် တစ်ကမ္ဘာလုံးက သတင်းတွေကို အဆက်မပြတ်စောင့်ကြည့်နေတဲ့ သူတို့ရဲ့ ညဘက်သတင်းအဖွဲ့က သာမန်သတင်းတွေကိုပဲ ဖော်ပြခဲ့ကြပါတယ်။

    ကျွန်မသတင်းကြားတဲ့အချိန်မှာ Al-Jazeera၊ AP နဲ့ The Idependent တွေလို လက်တစ်ဆုပ်စာ သတင်းဝဘ်ဆိုက်တွေကပဲ ဒီအဖြစ်အပျက်ကို ဖော်ပြခဲ့ကြပါတယ်။ ကျွန်မဒီစာကိုရေးနေတဲ့အချိန်မှာ တစ်ချို့သတင်းဝဘ်ဆိုက်တွေက ဖော်ပြခြင်းမပြုကြသေးဘဲ ပြည်သူတွေကတော့ စိတ်တိုနေကြပါပြီ။ “မွတ်စလင်တွေရဲ့ အသက်က အရေးမပါလို့လား” လို့ သူတို့က မေးခွန်းတွေ ထုတ်နေကြပါတယ်။ ကျွန်မတို့ရဲ့ သွေးတွေက တန်ဖိုးမရှိတော့ဘူးလား။ ကျွန်မတို့ ရာဇ၀တ်မှုကျူးလွန်ခံရရင် မီဒီယာတွေက  ဘာ့ကြောင့် တူညီတဲ့ အာရုံစူးစိုက်မှုမျိုး မထားတာလဲ။

    သေဆုံးသွားတဲ့သူ ၃ ယောက်က အသက် ၂၃ နှစ်အရွယ် ဒီယာ ရှက်ဒီ ဘရကသ်၊ သူ့ရဲ့ အသက် ၂၁ နှစ်အရွယ် ဇနီး ယူဆိုးရ် မိုဟာမက်နဲ့ ယူဆိုးရ်ရဲ့ညီမ ၁၉ နှစ်အရွယ် ရာဇန် မိုဟာမက် အဘူ ဆလ်ဟာတို့ဖြစ်ပါတယ်။ အမေရိကန် ဘောလုံးနဲ့ ဘက်စကက်ဘောအသင်းတွေကို အားပေးတဲ့ မစ္စတာ ဘရကသ်က မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်က သွားဘက်ဆိုင်ရာ ကျောင်းသားတစ်ဦးလို့ သိရပြီး ပါလက်စတိုင်းက ကလေးတွေကို အရေးပေါ် သွားဘက်ဆိုင်ရာ ကုသမှုတွေပေးနေတဲ့ ပရဟိတအဖွဲ့မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ထားသူပါ။ သူ့ရဲ့ ခယ်မကတော့ ဘလော့ဂ်တစ်ခု ထောင်ထားပြီး သူ စိတ်ဝင်စားရာ ဓာတ်ပုံနဲ့ အနုပညာတွေကို မျှဝေဖော်ပြနေသူတစ်ယောက် ပါပဲ။

    ဒီသုံးယောက်ဟာ လူငယ်တွေဖြစ်ကြပြီး ကျွန်မအသက်လောက်ပဲရှိပါတယ်။ ပြီးတော့ ပွင့်ဖူးစဘ၀ကို ပိုင်ဆိုင်ကြသူတွေပါ။ ဆိုရှယ်စာမျက်နှာမှာ ၀မ်းနည်းကြောင်း မှတ်ချက်တွေကို လိုက်ဖတ်ကြည့်တဲ့အခါမှာ သူတို့သုံးယောက်ဟာ လူ့အဖွဲ့အစည်းမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေသူတွေဖြစ်တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

    54db735637800

    သူတို့တွေဟာ အကြင်နာတရားရှိကြသူတွေပါ။ ဘရကသ်ရဲ့ နောက်ဆုံး Facebook ပို့စ်မှာ အိမ်ရာမဲ့ပြည်သူတွေကို သွားကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေ သူကိုယ်တိုင်ဝေနေတဲ့ ဓာတ်ပုံကို တင်ထားပါတယ်။ ဒီသုံးယောက်ဟာ အလေးထားမှုအချို့နဲ့ ထိုက်တန်တယ် မဟုတ်ဘူးလားရှင်။ သွေးအေးအေးနဲ့ပြုလုပ်ခဲ့တဲ့ ဒီအဖြစ်ဆိုးအတွက် နားလည်ခံစားပေးဖို့ မွတ်စလင်ဖြစ်စရာမလိုပါဘူး။ လူသားဖြစ်ရင်ကို ရပါပြီ။

    နောက်ဆုံးအနေနဲ့ ကျွန်မပြောချင်တာက “အကြမ်းဖက်တိုက်ဖျက်ရေးစစ်” တွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေပါတယ်။ မွတ်စလင်တွေကလည်း အဲဒါတွေရဲ့ ဂယက်ရိုက်မှုကို ပိုပိုပြီး ခံစားလာခဲ့ရပါတယ်။

    11-2-15_Carlos-Latuffs-Cartoon-on-Chapel-Hill-Shooting_1

    ကျွန်မတို့ဟာ သိမ်းကြုံးပြီး အပြစ်တင်ခံရတယ်။ ကြားထဲမှာ ဓားစားခံဖြစ်ရတယ်။ ပြီးတော့ တိုက်ခိုက်ခံရတယ်။ အဲဒီလို လုပ်နေတာကြောင့် ကျွန်မတို့ဟာ အမုန်းတရားက အမုန်းကို မွေးဖွားစေတယ်ဆိုတဲ့ သာမန်အချက်လေးကို မမြင်ကြပါဘူး။ လူအဖွဲ့အစည်းတစ်ခုကို သူစိမ်းတွေလို၊ ခြိမ်းခြောက်မှုတစ်ခုလို ဒါမှမဟုတ် အပြင်ကရောက်လာတဲ့သူတွေလို အရောင်ဆိုးလေလေ သူတို့ကို လူ့ဂုဏ်သိက္ခာကင်းမဲ့သွားစေလေပါပဲ။ ပြီးတော့ အဲဒီလူတွေ အသတ်ခံရတဲ့အခါမျိုးမှာ အခြားအကြမ်းဖက်ခံရသူတွေပေါ်မှာထားတဲ့ အလေးထားမှုမျိုး သူတို့အပေါ်မှာ ထားလိုစိတ်မရှိတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

    ဒီလိုအဖြစ်မျိုး နောက်ထပ်မဖြစ်အောင် ရပ်တန့်ဖို့ရင်တော့ ကျွန်မတို့ဟာ နောက်တစ်လှမ်းပြန်ဆုတ်ပြီး ဘယ်လို အကြမ်းဖက်မှု ပုံစံမျိုးကိုမှ ခွင့်လွှတ်လို့မရဘူးဆိုတာကို ပြန်လည်တွေးတောရပါလိမ့်မယ်။ ပြီးတော့ ကျွန်မတို့အားလုံးဟာ လူသားတွေဖြစ်ကြပြီး တူညီတဲ့ ဆန္ဒတွေ၊ တူညီတဲ့အလေးထားမှုတွေရှိတယ်ဆိုတာကိုလည်း မှတ်ယူဖို့လိုပါတယ်။ ဒါမှသာလျှင် ဘယ်သူက ဖန်တီးတယ်ဆိုတာကို ကြည့်မနေဘဲ အကြမ်းဖက်မှုတစ်ခုချင်းစီတိုင်းကို ဆန့်ကျင်ဖို့ ကျွန်မတို့အားလုံးဟာ ပေါင်းစည်းနိုင်ပါလိမ့်မယ်။

    ref:The Independent
    မူရင်းဆောင်းပါးရှင်-Sabbiyah Pervez
    လေးမောင် (M-Media) ဘာသာပြန်ဆိုသည်။
    ဆက်စပ် သတင်းများ ဖတ်ရန်
    ——————————
    ၁) လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသူ အမေရိကန်မွတ်စလင်လူငယ် ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
    http://www.m-mediagroup.com/news/37660

    ၂) မြောက်ကယ်ရိုလိုင်းနားတွင် သေဆုံးသွားသူ မွတ်စလင်လူငယ် ၃ ဦးအတွက် ဆုတောင်းပွဲပြုလုပ်
    http://www.m-mediagroup.com/news/37688

  • မြောက်ကယ်ရိုလိုင်းနားတွင် သေဆုံးသွားသူ မွတ်စလင်လူငယ် ၃ ဦးအတွက် ဆုတောင်းပွဲပြုလုပ်

    မြောက်ကယ်ရိုလိုင်းနားတွင် သေဆုံးသွားသူ မွတ်စလင်လူငယ် ၃ ဦးအတွက် ဆုတောင်းပွဲပြုလုပ်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅
    M-Media

    ncrln

    – အင်္ဂါနေ့ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် မွတ်စလင်လူငယ်သုံးဦးအတွက် စုပေါင်း ဆုတောင်းပွဲအခမ်းအနားကို မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်တွင် ယမန်နေ့ညပိုင်းက ပြုလုပ်ခဲ့ကြပြီး တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် ပြည်သူ စုစုပေါင်း ၂၀၀၀ ကျော် တက်ရောက်ပါဝင်ခဲ့ကြသည်ဟု သိရသည်။

    “ကျွန်မတို့ အတူတူဝတ်လို့ရအောင် ဒီယာနဲ့ ယူဆိုးရ်တို့နှစ်ဦးစလုံးက ကျွန်မကို ကျောင်းမှာဝတ်ရမယ့် ဆွယ်တာလေးတွေ ၀ယ်ပေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်တုံးကပဲ ယူဆိုးရ်ဟာ ဆွယ်တာဆင်တူဝတ်ထားတဲ့ ကျွန်မတို့ သုံးယောက်ရဲ့ဓာတ်ပုံကို
    ပို့လိုက်ပါသေးတယ် ” ဟု သေဆုံးသွားသော ဇနီးမောင်နှံ နှစ်ဦးဖြစ်သည့် ဒီယာ ရှက်ဒီ ဘရကသ်နှင့် ယူဆိုးရ် မိုဟာမက်
    အဘူ ဆလ်ဟာတို့၏ သူငယ်ချင်းဖြစ်သူ နာဒါ စလီမ်းက တက်ရောက်လာသူများအား ကြေကွဲဆိုနင့်စွာ ပြောကြားခဲ့သည်။

    အသက် ၂၃ နှစ်အရွယ် ဒီယာရှက်ဒီ ဘရကသ်၊ ၎င်း၏ ဇနီးဖြစ်သူ အသက် ၂၁ နှစ်အရွယ် ယူဆိုးရ် မိုဟာမက် အဘူ ဆလ်ဟာနှင့် ယူဆိုးရ်၏ ၁၉ နှစ်အရွယ်ညီမ ရာဇန် မိုဟာမက် အဘူ ဆလ်ဟာတို့ ၃ ဦးအား ချက်ပဲလ်ဟေးမြို့ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ် ပရ၀ုဏ်ရှိ ၎င်းတို့နေထိုင်သော ကွန်ဒိုတိုက်ခန်းတွင် ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို အင်္ဂါနေ့က တွေ့ရှိခဲ့ရသည်။

    သေနတ်သမားမှာ အသက် ၄၆ နှစ်အရွယ်ရှိ ခရေ့ဂ်ျ စတီဖင် ဟစ်က် ဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့သို့ သွားရောက်အဖမ်းခံခဲ့သည်။

    အဆိုပါ မွတ်စလင်လူငယ် ၃ ဦးအတွက် ဆုတောင်းပွဲအခမ်းအနားကို တက္ကသိုလ်ရှိ ကျောင်းသားများ စုဝေးရာ နေရာတွင် ပြုလုပ်ခဲ့ပြီး စလီမ်းက ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။ တက်ရောက်လာကြသူများမှာ ဖယောင်းတိုင်များကိုင်ကာ သေဆုံးသွားသူများအတွက် ဆုတောင်းခဲ့ကြသည်။

    အဆိုပါ ဆုတောင်းပွဲတွင် ၀မ်းနည်းကြောင်း ပြောဆိုခဲ့သည့် ဘရကသ်၏ ညီဖြစ်သူ ဖာရစ်က အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ခြင်း သို့မဟုတ် မည်သည့်လက်တုံ့ပြန်ခြင်းမျိုးမဆို ကောင်းမွန်သည့်လုပ်ရပ် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

    “မိတ်ဆွေတို့အနေနဲ့ သူတို့ရဲ့သမိုင်းမှာ အသက်ရှင်ကြပါ။ သူတို့ရဲ့ ကောင်းမွန်တဲ့ဆောင်ရွက်ချက်တွေကို တစ်ဆင့် ပြန်လည်မျှဝေကြပါလို့ ကျွန်တော် အနူးအညွတ် မေတ္တာရပ်ခံပါတယ်။ ပြီးတော့ ကျွန်တော့်အမေက အားလုံးကို သိစေချင်တဲ့ စကားတွေကို မှတ်သားပေးပါ။ လက်တုံ့ပြန်တာမျိုး မလုပ်ကြပါနဲ့” ဟု ဟာရစ်က ထည့်သွင်းပြောကြားခဲ့သည်။

    သေနတ်သမား ဟစ်က်မှာလည်း သေဆုံးသွားသူများနေထိုင်သည့် ကွန်ဒိုတွင် နေထိုင်သူဖြစ်ပြီး ယခုလက်ရှိတွင် ပထမအဆင့် လူသတ်မှုသုံးခုဖြင့် တရာစွဲဆိုခြင်း ခံထားရသည်။ စုံစမ်းစစ်ဆေးသူများကမူ အဆိုပါ သေနတ်ပစ်မှုမှာ ကားပါကင်အတွက် အငြင်းပွားရာမှ ဖြစ်ပွားခဲ့သည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ထိုသတ်ဖြတ်မှုမှာ မုန်းတရားကြောင့်ဖြစ်သည့် သတ်ဖြတ်မှုဟု ပြောဆိုမှုများလည်း ရှိနေသည်။

    လူမှုအကျိုးပြုသူများ

    သေဆုံးသွားသူ အဆိုပါ မွတ်စလင်လူငယ် ၃ ဦးမှာ လူ့အဖွဲ့အစည်းအတွင်း တက်ကြွလှုပ်ရှားသူများအဖြစ် လူသိများပြီး ချို့တဲ့သူများ၊ အိမ်ယာမဲ့များအတွက် ကူညီထောက်ပံ့ပေးသူများဖြစ်ပြီး အာဖရိက ကလေးငယ်များနှင့် ဆီးရီးယားမှ ဒုက္ခသည်များကိုလည်း ကူညီပေးနေသူများဖြစ်သည်။

    ဘရကသ်မှာ Broughton အထက်ကျောင်းသို့ တက်ရောက်စဉ်အတွင်းမှာပင် လူမှုရေးလုပ်ငန်းများကို စတင်လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး အာဖရိက ကလေးငယ်များအတွက် ရန်ပုံငွေကောက်ခံမှုကို ဦးဆောင်ပြုလုပ်ခဲ့သည်။

    “သူက သိပ်ကို နှလုံးသားဖြူစင်တဲ့သူဖြစ်ပြီး သနားလည်း သနားတတ်ပါတယ်။ သိသာတာကတော့ သူလုပ်ခဲ့တဲ့အရာတွေ ဦးဆောင်ခဲ့အရာတွေအားလုံး ဆုံးရှုံးသွားတာပါပဲ” ဟု အဆိုပါတက္ကသိုလ်တွင် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်နေသူ
    မိုင်ရာ စမစ်က ပြောကြားခဲ့သည်။

    YouTube ဗီဒီယိုတစ်ခုတွင် မကြာမီ တူရကီသို့သွားရောက်ကာ ဆီးရီးယား ဒုက္ခသည်များအတွက် သွားဘက်ဆိုင်ရာ အခမဲ့ကုသပေးမှု ပြုလုပ်ရန်အစီအစဉ်အတွက် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းကြရန် ဘရကသ်က မေတ္တာရပ်ခံထားသည်ကိုလည်း တွေ့ရသည်။

    ဘရကသ်၏ သူငယ်ချင်းတစ်ဦးဖြစ်သူ အီမဒ်အဟ်မဒ်ကမူ ၎င်းတို့နှစ်ဦးမှာ ကျောင်းပြီးသွားသည့်နောက် ကလေးငယ်များအတွက် သွားဆေးခန်းတစ်ခုဖွင့်ရန် ဆွေးနွေးတိုင်ပင်ထားကြောင်း ပြောကြားခဲ့သည်။

    “လူတိုင်းရဲ့ဘ၀မှာမှာ အထူးသဖြင့် ကျွန်တော့်ရဲ့ ဘ၀မှာ သူဟာ ဘယ်လောက်အထိ အရေးပါလဲဆိုတာ ရှင်းပြလို့ကို မရပါဘူး။ ကျွန်တော် သူနဲ့စတွေ့စဉ်တုန်းက ဒုက္ခရောက်နေခဲ့တာပါ။ နောက်ပိုင်းမှာ သူ့ဟာ ကျွန်တော့်ဘ၀ကို ပုံဖော်ပေးသူ ဖြစ်လာပါတယ်” ဟု အဟ်မဒ်က ထပ်လောင်းပြောကြားခဲ့သည်။

    ဇန်န၀ါရီ ၂၉ ရက်နေ့က Durham ပရောဂျက်အဖြစ် အိမ်ယာမဲ့ ၈၀ နီးပါးကို ခံတွင်းကျန်းမာရေးအတွက် လိုအပ်သော
    ပစ္စည်းများ ဝေငှသည့် ဓာတ်ပုံကို ဘရကသ်က ၎င်း၏ Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။

    ဘရကသ်မှာ ယခုနှစ်နွေရာသီတွင် မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ် သွားဘက်ဆိုင်ရာဌာနနှင့် ဆီးရီးယန်း-အမေရိကန်
    ဆေးဘက်ဆိုင်ရာ အသိုက်အ၀န်းတို့ ပူးပေါင်းစီစဉ်ကာ တူရကီနိုင်ငံ ရေဟန်လီတွင် ပြုလုပ်မည့် ဆီးရီးယားဒုက္ခသည်များအား သွားဘက်ဆိုင်ရာ လိုအပ်သောပစ္စည်းများ ထောက်ပံ့ပေးခြင်း အစီအစဉ်တွင် အခြားသာ သွားဘက်ဆိုင်ရာ ဆရာဝန် ၁၀ ဦးနှင့်အတူ ပါဝင်ရန် စီစဉ်ထားသူဖြစ်သည်။

    Ref: onislam

  • အက်စတွန်ဗီလာအသင်းနည်းပြအား ရာထူးမှထုတ်ပယ်

    အက်စတွန်ဗီလာအသင်းနည်းပြအား ရာထူးမှထုတ်ပယ်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅
    M-Media

    pal

    – ၁၀ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး တန်းဆင်းဇုန်အတွင်းသို့ ကျရောက်ခဲ့ပြီးနောက် အက်စတွန်ဗီလာအသင်းက ၎င်းတို့၏
    နည်းပြဖြစ်သူကို ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    “အက်စတွန်ဗီလာအသင်းဟာ ဒီညနေ့မှာ နည်းပြ ပေါ်လမ်ဘာ့တ်နဲ့ လမ်းခွဲလိုက်ပါပြီ။ ပထမအသင်းနည်းပြ စကော့ မာရှဲလ်နဲ့ ဂိုးနည်းပြ အန်ဒီမာရှဲလ်တို့က လာမယ့်စနေနေ့ FA ဖလားပွဲအတွက် အသင်းကို ဆက်လက်ပြင်ဆင်သွားပါမယ်” ဟု ဗီလာအသင်းက ၎င်းတို့၏ ၀ဘ်ဆိုက်တွင် ယမန်နေ့က ကြေညာခဲ့သည်။

    အသက် ၄၅ နှစ်အရွယ်ရှိ လမ်ဘာ့တ်မှာ ၂၀၁၂ ခုနှစ်မှစ၍ အက်စတွန်ဗီလာအသင်းအား ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂ ရာသီတွင် အဆင့် ၁၅ ဖြင့်သာ ရာသိမ်းနိုင်ခဲ့သည်။ ယခုနှစ်တွင်လည်း လမ်ဘာ့တ်မှာ အသင်းအား ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခြင်းမရှိဘဲ ပြီးခဲ့သည့် အင်္ဂါနေ့ ဟားလ်စီးတီးအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပရိတ်သတ်များက ၎င်းအား အသင်းမှနှုတ်ထွက်ရန် ဆိုင်းဘုတ်များကိုင်ကာ တောင်းဆိုခဲ့ကြသည်။

    ဗီလာမှာ နောက်ဆုံး ၂၁ ပွဲတွင် ၂ ပွဲသာ အနိုင်ရရှိထားပြီး ဟားလ်စီးတီးပွဲအရှုံးက အသင်းအား တန်းဆင်းဇုန်အတွင်းသို့ ရောက်ရှိစေခဲ့သည်။ ဗီလာမှာ လိဂ်ဖလားတွင်လည်း တတိယတန်းကလပ် လေတန် အော်ရီးယန့်အသင်းအား ရှုံးနိမ့်ကာ
    ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး FA ဖလားတွင် ပဉ္စမအဆင့်သို့ ရောက်ရှိနေသည်။

    လမ်ဘာ့တ်မှာ ခရစ္စတယ်ပဲလေ့စ်နည်းပြ နီးလ်ဝါနော့၊ ၀က်စ်ဘရွန်းနည်းပြ အလန် အာဗင်း၊ နယူးကာဆယ်နည်းပြ အလန်ပါဂျူးနှင့် ကျူပီအာရ်နည်းပြ ဟယ်ရီရက်နက်တို့ပြီးနောက် ယခုနှစ်တွင် ပရီးမီးယားလိဂ်အသင်းများဖြင့် လမ်းခွဲခဲ့သည့် ၅ ယောက်မြောက်နည်းပြလည်း ဖြစ်လာခဲ့သည်။

    Ref: channelnewsasia

  • ၂၀၁၂ နှစ်က နစ်မြုပ်ခဲ့သည့် ဇိမ်ခံသင်္ဘောကြီး၏ ကပ္ပတိန်ကို ထောင်ဒဏ် ၁၆ နှစ်ချမှတ်

    ၂၀၁၂ နှစ်က နစ်မြုပ်ခဲ့သည့် ဇိမ်ခံသင်္ဘောကြီး၏ ကပ္ပတိန်ကို ထောင်ဒဏ် ၁၆ နှစ်ချမှတ်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅
    M-Media

    cruship 2

    – ၂၀၁၂ ခုနှစ်က လူ ၃၂ ဦးသေဆုံးခဲ့သော ဇိမ်ခံသဘောင်္ာ Costa Concordia နစ်မြုပ်မှုအတွက် သင်္ဘောကပ္ပတိန် ဖရန်ဆက်စကို ရှက်တီနိုအား ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။

    ဘောလုံးကွင်း ၃ ကွင်းစာ အကျယ်ရှိသည့် အဆိုပါ ဇိမ်ခံသင်္ဘောမှာ အီတလီနိုင်ငံ ဂစ်ဂလီယိုကျွန်းအနီးတွင် တိမ်းစောင်း
    နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ကပ္ပတိန် ရှက်တီနိုအား လူသတ်မှု၊ သင်္ဘောပျက်ဆီးစေမှုနှင့် ခရီးသည်များအား စွန့်ခွာသွားမှုတို့အတွက်
    အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရ၍ ယမန်နေ့က အီတလီတရားရုံးမှ ပြစ်ဒစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ရှက်တီနိုကမူ သင်္ဘောနစ်မြုပ်မှုအတွက် မိမိတွင် တာဝန်ရှိသည်ဟု ၀န်ခံခဲ့သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေစဉ်အတွင်း ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုအတွက် စွဲချက်ကို ငြင်းဆိုခဲ့သည်။ တရားလိုရှေ့နေများကမူ အဆိုပါ ပြစ်ဒဏ်မှာ လုံလောက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    လူပေါင်း လေးထောင်ကျော်ကို သယ်ဆောင်လာခဲ့သည့် အဆိုပါသင်္ဘောအား ကမ်းခြေနှင့်အလွန်နီးကပ်စွာ မောင်းသောကြောင့် ကျောက်ဆောင်နှင့်တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးရေးမှူးများကမူ ရှက်တီနို၏ သင်္ဘောအား ကိုင်တွယ်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ထို့ပြင် မမှန်ကန်သော သတင်းများ ပေးပို့မှုမရှိခြင်း၊ ခရီးသည်များအား ကယ်ဆယ်ရေးနောက်ကျခြင်းနှင့် သင်္ဘောအားစွန့်ခွာခဲ့ခြင်းတို့အတွက်လည်း ရှက်တီနိုမှာ ဝေဖန်မှုများကို ခံခဲ့ရသည်။

    အသက်ရှင်ခဲ့သူ ပြင်သစ်နိုင်ငံသားများ၏ ကိုယ်စားလှယ် ရှေ့နေ အန်ဒီကရီးက ထိုပြစ်ဒဏ်မှာ ဆုံးရှုံးမှုများကို မကာမိဟု ပြောကြားခဲ့သည်။

    “ဒီပြစ်ဒဏ်ဟာ သေဆုံးသူတစ်ယောက်အတွက် ၆ လောက်ပဲ ချခံရသလို ဖြစ်နေပါတယ်။ သေဆုံးသူနဲ့ပတ်သက်တဲ့ မိသားစုတွေရဲ့ ခံစားရမှုကတော့ ၆ လ ဒါမှမဟုတ် ၁၇ နှစ်လောက်ပဲ ရှိမှာမဟုတ်ပါဘူး။ တစ်သက်လုံး ခံစားရမှာပါ” ဟု အန်ဒီကရီးက ဆိုသည်။

    Ref: reuters