News @ M-Media

Blog

  • ဉာဏ်ရည်တုနည်းပညာတွင် အမေရိကန်က တရုတ်ကို ရှုံးသွားပြီဟု ထိပ်တန်းကွန်ပျူတာပညာရှင် ပြော

    ဉာဏ်ရည်တုနည်းပညာတွင် အမေရိကန်က တရုတ်ကို ရှုံးသွားပြီဟု ထိပ်တန်းကွန်ပျူတာပညာရှင် ပြော

    အောက်တိုဘာ ၁၁၊ ၂၀၂၁
    M-Media

    -ဉာဏ်ရည်တုနည်းပညာ (AI) ပြိုင်ပွဲမှာ တရုတ်က အမေရိကန်ကို အနိုင်ရသွားပြီး ဒီကဏ္ဍမှာ တရုတ်က ကမ္ဘာကို ကြီးစိုးဖို့ ဦးတည်နေပြီလို့ အမေရိကန်စစ်တပ်ရဲ့ ကွန်ပျူတာဆော့ဖ်ဝဲဆိုင်ရာ အကြီးအကဲဟောင်းက Financial Times သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

    အနောက်ကမ္ဘာက ထောက်လှမ်းရေး သတင်းအချက်အလက် သုံးသပ်မှုတွေအရ တရုတ်ဟာ ဉာဏ်ရည်တုနည်းပညာ၊ စင်သက်တစ်ဇီ၀ဗေဒ (synthetic biology) နဲ့ မျိုးရိုးဗီဇဆိုင်ရာ နည်းပညာတွေလို ခေတ်ရှေ့ပြေး နည်းပညာတွေမှာ လာမယ့် ၁၀ စုနှစ်တွေအတွင်း လွှမ်းမိုးဖို့အလားအလာ ရှိနေတာကို တွေ့ခဲ့ရပါတယ်။

    အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ဆော့ဖ်ဝဲဆိုင်ရာ အကြီးအကဲဟောင်း နီကိုလက်စ် ချိုင်လန်က တရုတ်ရဲ့ ဒီကြီးထွားလာမှုကို မတုန့်ပြန်နိုင်တာကြောင့် အမေရိကန်ဟာ အန္တရာယ်ရှိနေပြီလို့ ဆိုပါတယ်။ အမေရိကန်စစ်တပ်မှာ နည်းပညာဆိုင်ရာ ပြုပြင်ပြောင်းလဲမှု နှေးကွေးတယ်လို့ဆိုကာ ချိုင်လန်က စက်တင်ဘာလအတွင်း ရာထူးကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

    “လာမယ့် ၁၅ နှစ်၊ နှစ် ၂၀ လောက်ဆိုရင် ကျွန်​တော်တို့ တရုတ်ကို ယှဉ်နိုင်မယ့် အနေအထား ရှိတော့မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ​ဆိုရင်တောင် ကျွန်တော့်အမြင်အရ ပွဲက ပြီးသွားပါပြီ”

    တရုတ်ဟာ မီဒီယာ​ကနေ၊ ပထ၀ီနိုင်ငံရေးအထိ အရာအားလုံးကို လွှမ်းမိုးပြီး ကမ္ဘာကြီးရဲ့အနာဂတ်ကို ထိန်းချုပ်ဖို့ စီမံနေပြီလို့လည်း ချိုင်လန်က ဆိုပါတယ်။

    ဉာဏ်ရည်တုနည်းပညာနဲ့ ပတ်သက်လာရင် Google လို နည်းပညာကုမ္ပဏီတွေက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘဲ ကျင့်ဝတ်ပိုင်းဆိုင်ရာ ငြင်းခုံမှုတွေမှာပဲ ပိုမိုအာရုံစိုက်နေကြောင်း၊ တစ်ချို့အစိုးရဌာနတွေမှာ ဆိုက်ဘာလုံခြုံရေးဟာ မူလတန်းအဆင့်လောက်သာရှိကြောင်း ချိုင်လန်က ဝေဖန်ခဲ့ပါတယ်။

    တရုတ်ကုမ္ပဏီတွေကတော့ ကျင့်ဝတ်ကိစ္စကို ဘေးဖယ်ထားပြီး တရုတ်အစိုးရနဲ့ပေါင်းကာအကြီးအကျယ် ရင်းနှီးမြှုပ်နှံနေကြတယ်လို့လည်း သူက ဆိုပါတယ်။

    အမေရိကန်လေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖရန့် ကန်ဒဲလ်က နှုတ်ထွက်သွားတဲ့ ချိုင်လန်ကို ခေါ်ကာ လေတပ်ရဲ့ ဆော့ဖ်ဝဲဆိုင်ရာ ဖွံဖြိုးတိုးတက်မှု ကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ အကြံပြုချက်တွေကို ဆွေးနွေးခဲ့ကြောင်း၊ ချိုင်လန်ရဲ့ ကူညီမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ကိုဗစ်ကို ထိထိရောက်ရောက် ကုသနိုင်မည့် ထိုးဆေးသစ်တစ်မျိုး AstraZeneca က မိတ်ဆက်

    ကိုဗစ်ကို ထိထိရောက်ရောက် ကုသနိုင်မည့် ထိုးဆေးသစ်တစ်မျိုး AstraZeneca က မိတ်ဆက်

    အောက်တိုဘာ ၁၁၊ ၂၀၂၁
    M-Media

    -ကိုဗစ် ကုသဆေးတစ်မျိုးကို စမ်းသပ်နေရာမှာ သိသာတဲ့ ထိရောက်မှုကို တွေ့ရတယ်လို့ AstraZeneca ဆေးကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။

    AstraZeneca ဟာ ကိုဗစ်ကာကွယ်ဆေးကို အောင်မြင်စွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့ပြီးတဲ့နောက် ကုသဆေးကို ထုတ်လုပ်ပြီး စမ်းသပ်နေတာဖြစ်ပါတယ်။

    AZD7442 လို့ အမည်ပေးထားတဲ့ အဲဒီကုသဆေးဟာ ဆေးရုံသွားဖို့မလိုအပ်တဲ့ ကိုဗစ်ကူးစက်သူတွေမှာ ဆိုးဆိုးရွားရွား ရောဂါလက္ခဏာမျိုး၊ သေဆုံးမှုမျိုး ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ၅၀ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်တယ်ဆိုတာ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    ဒီဆေးကို ခန္ဓာကိုယ်ထဲ ထိုးသွင်းရတာဖြစ်ပြီး ကိုဗစ်ကုသဆေးတွေထဲမှာ ထိရောက်မှုအရှိဆုံး ဆေးလည်း ဖြစ်ပါတယ်။ စမ်းသပ်မှုဆိုင်ရာ အကြီးအကဲ ဟူဂျ် မောင့်ဂိုမာရီက သူတို့ဆေးဟာ ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    AZD7442 ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေးဖို့ AstraZeneca က အမေရိကန် ဆေးဝါးစီစစ်ရေးဌာနကို ပြီးခဲ့တဲ့တစ်ပတ်မှာ တောင်းဆိုခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ကျန်းမာရေးအဖွဲ့အစည်းတွေကိုလည်း စမ်းသပ်မှုရလဒ်တွေ ပေးပို့ဖို့ စီစဉ်နေပါတယ်။

    ဒီဆေးကို နိုင်ငံပေါင်း ၁၃ နိုင်ငံက အရွယ်ရောက်ပြီးသား ကိုဗစ်လူနာပေါင်း ၉၀၀ ကျော်မှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Reuters

  • မြန်မာမတည်​ငြိမ်မှုကြောင့် နယ်စပ်တွင် မူးယစ်မှောင်ခိုမှု မြင့်တက်လာကြောင်း အိန္ဒိယပြော

    မြန်မာမတည်​ငြိမ်မှုကြောင့် နယ်စပ်တွင် မူးယစ်မှောင်ခိုမှု မြင့်တက်လာကြောင်း အိန္ဒိယပြော

    အောက်တိုဘာ ၁၁၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေကြောင့် အိန္ဒိယနိုင်ငံထဲကို ဒုက္ခသည်တွေတင်မကဘဲ မူးယစ်ဆေးဝါးတွေပါ မှောင်ခိုဝင်ရောက်မှု မြင့်တက်လာတယ်လို့ အိန္ဒိယ မူးယစ်နှိမ်နှင်းရေးဌာန ရင်းမြစ်တွေကို ကိုးကားပြီး Times of India သတင်းဌာနက ဖော်ပြပါတယ်။

    အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာတို့အကြား နယ်စပ်ဟာ ၄၀၄ ကီလိုမီတာလောက် ရှည်လျားတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကြောင့် ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး မီဇိုရမ်ဖက်ကို ထွက်ပြေးခိုလှုံနေရပါတယ်။

    ဒုက္ခသည်တွေ ဝင်ရောက်မှု မြင့်တက်လာသလို၊ မူးယစ်ဆေးဝါး ကုန်ကူးမှုလည်း မြင့်လာတယ်လို့ အိန္ဒိယ မူးယစ်နှိမ်နှင်းရေးဌာနရဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

    ကိုဗစ်ကြောင့် နယ်စပ်ပိတ်ထားစဉ်က ဘိန်းဖြူ ၁၃ ဂရမ်တစ်ထုတ်ကို ရူပီး ၈ သောင်းလောက် စျေးပေါက်ရာကနေ အခုအချိန်မှာတော့ မြန်မာနိုင်ငံကနေ ၂၅၀၀၀ ခွဲလောက်နဲ့ဝယ်ကာ မီဇိုရမ်မှာ ၃ သောင်း၊ ၃ သောင်းခွဲလောက်နဲ့ ရောင်းနေကြပြီး၊ ဒီလိုရောင်းသူတွေ မြင့်တက်လာတယ်လို့လည်း သူက ဆိုပါတယ်။

    ဘိန်းဖြူတွေကို မြန်မာဘက်ကနေ ကားတွေနဲ့ မီဇိုရမ်ကို သွင်းကြပြီး တစ်ခါတစ်ရံမှာ ကားမောင်းသူမသိအောင် ထည့်ပေးတာမျိုးတွေလည်း ရှိပါတယ်။ အီလက်ထရောနစ် ငွေပေးချေမှုစနစ်တွေနဲ့ ပိုက်ဆံပေးလို့ရတာကလည်း မူးယစ်မှောင်ခိုမှုကို ပိုမိုမြင့်တက်စေပါတယ်။

    အိန္ဒိယ မူးယစ်နှိမ်နှင်းရေး အရာရှိက မီဇိုရမ်ဒေသဟာ မူးယစ်မှောင်ခိုလုပ်ငန်းရဲ့ အဓိကလမ်းကြောင်းတွေထဲက တစ်ခုဖြစ်ပြီး အဲဒီကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်၊ မဏိပူရ၊ အာသံနဲ့ ထရီပူရာတို့ကိုဖြတ်ကာ အနောက်နိုင်ငံတွေကို ထွက်တာလို့ ပြောပါတယ်။ မက်တာဖက်သမင်းလို့ခေါ်တဲ့ စိတ်ကြွဆေးပြားတွေကိုလည်း မီဇိုရမ်ကိုဖြတ်ကာ ဥရောပနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအထိ တင်ပို့ကြပါတယ်။

    Ref: Times of India

  • ပြည်နယ်ကျော်သွားလာမှု ပိတ်ပင်ထားခြင်းကို မလေးရှား ရုပ်သိမ်း

    ပြည်နယ်ကျော်သွားလာမှု ပိတ်ပင်ထားခြင်းကို မလေးရှား ရုပ်သိမ်း

    အောက်တိုဘာ ၁၀၊ ၂၀၂၁
    M-Media

    -နိုင်ငံအတွင်း ပြည်နယ်ကျော်သွားလာမှုနဲ့ နိုင်ငံသားတွေ နိုင်ငံခြားသွားလာမှုကို အောက်တိုဘာ ၁၁ ရက် တနင်္လာနေ့ကစတင်ပြီး ခွင့်ပြုပေးမယ်လို့ မလေးရှားနိုင်ငံက ကြေငြာလိုက်ပါတယ်။

    မလေးရှားဟာ ကိုဗစ် ဒုတိယလှိုင်း ပြင်းထန်နေချိန် အခုနှစ် ဇန်နဝါရီလကစပြီး ပြည်နယ်ကျော်သွားလာမှုကို ပိတ်ပင်ထားတာပါ။

    မလေးရှားဝန်ကြီးချုပ် အစ္စမာအီလ် ဆာဘရီရဲ့ ဒီကနေ့ ရုပ်သံမိန့်ခွန်းမှာ နိုင်ငံအတွင်း အရွယ်ရောက်ပြီးသူတွေ ကာကွယ်ဆေးထိုးနှံမှုဟာ ၉၀ ရာခိုင်နှုန်း ပြီးစီးသွားတဲ့အတွက် ကာကွယ်ဆေးထိုးထားပြီးသူတွေအနေနဲ့ ပြည်နယ်ကျော်သွားလာနိုင်ပြီလို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့ ခရီးမသွားခင် ကိုဗစ် ရှိ၊ မရှိ စစ်ဆေးဖို့ဆာဘရီက တိုက်တွန်းခဲ့ပါတယ်။ ပြည်နယ်ကျော်သွားလာမှု ပိတ်ပင်စဉ်တုန်းက ရှိခဲ့တဲ့ အဝေးပြေးလမ်းက စစ်ဆေးရေးဂိတ်တွေ ရှိတော့မှာမဟုတ်ပေမယ့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားလားဆိုတာကို ဆန်းစစ်မယ့် ရှောင်တခင် စစ်ဆေးမှုတွေ ရှိမယ်လို့ ဝန်ကြီးချုပ်က သတိပေးခဲ့ပါတယ်။

    ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးတဲ့ မလေးရှားနိုင်ငံသားတွေဟာ အရင်ကလို ရဲစခန်းမှာ ခွင့်ပြုချက်လျှောက်စရာ မလိုဘဲ နိုင်ငံရပ်ခြား သွားလို့ရပြီလို့လည်း ဝန်ကြီးချုပ် ဆာဘရီရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒါပေမယ့် နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာတဲ့အချိန်မှာတော့ ကွာရန်တင်း ဝင်ရမှာပါ။

    ကိုဗစ်ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးလိုက်ပေမယ့် နိုင်ငံသားတွေဟာ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် ကိုဗစ်စည်းမျဉ်းတွေကို လိုက်နာဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ်က သတိပေးခဲ့ပါတယ်။

    ကိုဗစ်ကပ်ရောဂါ စတင်ကတည်းက မလေးရှားနိုင်ငံမှာ စုစုပေါင်း ၂.၃ သန်းလောက် ကူးစက်ခဲ့ပြီး သေဆုံးသူက ၂၇၀၀၀ ကျော် ရှိပါတယ်။

    Ref: CNA

  • ပါကစ္စတန်၏ နျူစီမံကိန်းဖခင် အဘ်ဒွလ် ကာဒရ်ခန်း ကွယ်လွန်

    ပါကစ္စတန်၏ နျူစီမံကိန်းဖခင် အဘ်ဒွလ် ကာဒရ်ခန်း ကွယ်လွန်

    အောက်တိုဘာ ၁၀ ၊၂၀၂၁
    M-Media

    -ပါစ္စတန်ကို နျူအင်အားကြီးနိုင်ငံတစ်ခုဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ သိပ္ပံပညာရှင် အဘ်ဒွလ် ကာဒရ်ခန်းဟာ အဆုတ်ရောဂါနဲ့ ဒီကနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

    အသက် ၈၅ နှစ်အရွယ် ခန်းရဲ့ နိုင်ငံတော် ဈာပနအခမ်းအနားကို မြို့တော် အစ္စလာမ်မာဘတ်က ဖိုက်ဆယ် ဗလီဝတ်ကျောင်းတော်မှာ နေ့ချင်းကျင်းပမှာ ဖြစ်ပါတယ်။

    ပါကစ္စတန်ဟာ အစ္စလာမ်ကမ္ဘာမှာ ပထမဆုံး နျူပိုင်ဆိုင်တဲ့ နိုင်ငံ၊ ရန်ဖက် အိန္ဒိယရဲ့ စိန်ခေါ်မှုကို အန်တုနိုင်တဲ့နိုင်ငံ ဖြစ်လာမှုမှာ ခန်းက အဓိကကျခဲ့ပြီး နိုင်ငံရဲ့ အမျိုးသား သူရဲကောင်းအဖြစ် မှတ်ယူခံရသူလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် နျူနည်းပညာကို အီရန်၊ မြောက်ကိုရီးယားနဲ့ လစ်ဗျားတို့လို နိုင်ငံတွေကို မျှဝေပေးခဲ့တယ်လို့ အမေရိကန်က စွပ်စွဲခဲ့တဲ့အတွက် ၂၀၀၄ ခုနှစ်မှာ ပါကစ္စတန်အစိုးရက ခန်းကို နေအိမ်အကျယ်ချုပ် ချခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် သွားလာမှုကိုတော့ တင်းတင်းကြပ်ကြပ် ကန့်သတ်ခံခဲ့ရပါတယ်။

    ပါကစ္စတန်သမ္မတ အာရစ်ဖ်အလ်ဗီက အဘ်ဒွလ်ကာဒရ်ခန်း ကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲရတယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဝန်ကြီးချုပ် အင်မရန်းခန်းက တိုင်းပြည်ကို နျူပိုင်တဲ့နိုင်ငံဖြစ်အောင် ကူညီပေးနိုင်မှုအတွက် တိုင်းပြည်က အဘ်ဒွလ်ကာဒရ်ခန်းကို ချစ်ကြကြောင်း၊ နျူပိုင်ဆိုင်ခဲ့တဲ့အတွက် ပိုကြီးတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ရန်လိုမှုကနေ လုံခြုံခဲ့ကြောင်း၊ ပါကစ္စတန်ပြည်သူတွေအတွက် အဘ်ဒွလ်ကာဒရ်ခန်းက အမျိုးသား အမှတ်သညာတစ်ခုဖြစ်ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: CNN