News @ M-Media

Blog

  • Muslim Medical Family (မန္တလေး) ၂၀၁၅ ခုနှစ် မိတ်ဆုံစားပွဲ ပြုလုပ်

    Muslim Medical Family (မန္တလေး) ၂၀၁၅ ခုနှစ် မိတ်ဆုံစားပွဲ ပြုလုပ်

    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၅
    M-Media

    Muslim Medical Family (မန္တလေး) ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲ ပြုလုပ်

    3

    Muslim Medical Family (မန္တလေး) ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲကို ဖေဖော်ဝါရီလ ၈  ရက်နေ့ မနက် ၉ နာရီခွဲမှာ မန္တလေးမြို့ ပန်းသေးဗလီဝင်းများ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    ရှေးဦးစွာ  ကုရ်အာန်ကျမ်းစာ ရွတ်ဖတ်ကာ အခမ်းအနားကို ဖွင့်လှစ်ပြီး တက်ရောက်လာသူ တဦးချင်းမှ မိတ်ဆက်စကားပြောကြားခြင်း၊ အသင်းဦးဆောင် လူငယ်တယောက်မှ အသင်းရေးရာများ ရှင်းလင်းတင်ပြခြင်း၊ ပထမနှစ် လူငယ်များမှ တဦးချင်း မိတ်ဆက်ခြင်း၊ သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်း၊ ဦးဆောင် ဆရာဝန်ကြီးများမှ သြဝါဒ စကားပြောကြားခြင်း အလှူငွေထောက်ပံ့ ကူညီသော လုပ်ငန်းရှင်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း ထူးချွန်သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းတို့ ပြုလုပ်ကာ နေ့လည် ၁၂ နာရီတွင် ဆုမွန်ဒိုအာဖတ်ရွတ်ကာ အခမ်းအနားကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံပြီး ပြီးဆုံးခဲ့ကြောင်း သတင်းရရှိရပါတယ်။

    5
    အခမ်းအနားတွင် နှလုံးခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ထွေးမှ အမှာစကားပြောကြားရာ အနာဂတ်မှာ Muslim Medical Family အဖွဲ့အနေဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနတွင် ခွင့်ပြုမိန့်တင်ပြီး ဖွဲ့စည်းကာ  ပညာရေး၊ ကျန်မာရေး၊ လူမှုရေး ဖွံ့ဖြိုးရေး ဘာသာပေါင်းစုံ ချစ်ကြည်ရေးတို့ကို  ကို ဦးတည်လုပ်ဆောင်ရန် ပြောကြားဆွေးနွေးခဲ့ပါတယ်။

    အခြားသော ဦးဆောင်ဆရာဝန်ကြီးများမှ အမှာစကားပြောကြားရာတွင် အသင်းမှ ဆရာဝန်များ စုစည်းပြီး အခမဲ့ ဆေး ကုသခြင်းပြုလုပ်ရန်၊ သစ်လွင်ဆေးကျောင်းသားများ အနေဖြင့် ဆေးကျောင်းတက်ပြီး စိတ်မပါတာမျိုး မဖြစ်စေရန်၊ မိမိရောက်ရှိနေသည့် နယ်ပယ်တွင် အကောင်းဆုံးထူးချွန်အောင် ကြိုးစားကြရန်၊ ပထမနှစ်ဆေးကျောင်းသားများ စာမေးပွဲ အကျများသဖြင့် ဂရုစိုက်ပြီး စာကြိုးစားကြရန် အသီးသီး ပြောကြားသွားခဲ့ ပါတယ်။

    ယနေ့ မိတ်ဆုံ စားပွဲသို့ မွတ်စလင် သက်ကြီးဆရာဝန် (၈) ဦးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အသက်ကြီးဆုံးမှာ (၈၅) နှစ်ဖြစ်ကြောင်းသိရှိရပါတယ်။

    6

    အဆိုပါအခမ်းအနားမှာ ၂၀၁၄ ခုနှစ်အတွက် မန္တလေး ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်မှု တက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ၊ သူနာပြုတက္ကသိုလ် နှင် တိုင်းရင်းဆေးတက္ကသိုလ်များမှာ ပထမနှစ်တက်ရောက် ခွင့်ရရှိတဲ့ ပထမနှစ် မွတ်စလင် ကျောင်းသား/သူများကို မောင်မယ် သစ်လွင် များနှင့် ဆရာဝန်ကြီးများ၊ ကျန်းမာရေးနှင့် ဆက်စပ်သည့် လုပ်ငန်းရှင်များ အပြင် တိရိစ္ဆာန်ဆေးကုဆရာဝန်များ လည်းပါဝင်တက်ရောက်ကာ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ခန့်ရှိကြောင်း သတင်းရရှိပါတယ်။

    10951453_900965116601698_613889481_n

    10961686_900965486601661_569492400_n

  • မက်ဒရစ်ဒါဘီအရှုံးအတွက် ပရိတ်သတ်များကို ဘန်ဇီမာတောင်းပန်

    မက်ဒရစ်ဒါဘီအရှုံးအတွက် ပရိတ်သတ်များကို ဘန်ဇီမာတောင်းပန်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၅
    M-Media

    bzm]

    – စနေနေ့က ကစားခဲ့သည့် မက်ဒရစ်ဒါဘီတွင် အက်သလက်တီကိုမက်ဒရစ်အား ၄ ဂိုးပြတ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ရီးယဲလ်တိုက်စစ်မှူး ကရင်မ်ဘန်ဇီမာက ရီးယဲလ် ပရိတ်သတ်များအား တောင်းပန်လိုက်သည်။

    အဆိုပါပွဲတွင် အန်ဆယ်လော့တီ၏ ရီးယဲလ်မှာ လူစုံပါခဲ့သော်လည်း ဂိုးပြတ်ခြေပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး တစ်ပွဲလုံးတွင် ရီးယဲလ်မှာ ဂိုးကန်သွင်းခွင့် ၄ ကြိမ်သာ ရရှိခဲ့သည်။ အက်သလက်တီကို၏ အနိုင်မှာ မက်ဒရက်ဒါဘီ နောက်ဆုံး ၅ ပွဲတွင် ၄ ကြိမ်မြောက်အနိုင်လည်း ဖြစ်ခဲ့သည်။

    ဘန်ဇီမာကမူ အသင်းဖော်များအား ထိုအရှုံးမှ ရုန်းထွက်ကြရန် တိုက်တွန်းခဲ့ပြီး လာလီဂါထိပ်တွင်ရှိနေသည့် မိမိတို့အသင်း၏ ကံကြမ္မာမှာ မိမိတို့ လက်ထဲတွင်သာရှိနေသည်ဟု ပြောကြားခဲ့သည်။

    “ပရိတ်သတ်တွေ ထိခိုက်ခံစားရတဲ့အတွက် ကျွန်တော်တို့အားလုံး တောင်းပန်ပါတယ်။ ကျွန်တော့်တို့အတွက်တော့ ဒီနေ့ဟာ ဖြစ်ရပ်ဆိုးကြီးပါပဲ။ ဒါဟာ ကျွန်တော်တို့အတွက် အလှည့်အပြောင်းဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့ကစားခဲ့တဲ့ ပုံစံထက်ပိုဆိုးတဲ့ ပုံစံမျိုး နောက်ထပ် ကစားဖို့ မဖြစ်နိုင်ပါဘူး” ဟု ဘန်ဇီမာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထိုပွဲမှာ ၂၀၁၀ နိုဝင်ဘာတွင် ဘာစီလိုနာအား ၅ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ရီးယဲလ်၏ အဆိုးဝါးဆုံးအရှုံးလည်း ဖြစ်သည်။ ထိုပွဲရှုံးခဲ့သော်လည်း ရီးယဲလ်မှာ ဘာစီလိုနာအား တစ်ပွဲအသာ ၄ မှတ်ဖြတ်ကာ လာလီဂါကို ဦးဆောင်ထားသည်။

    Ref: goal.com

  • အစ္စရေးက ပါလက်စတိုင်းတို့၏ နေအိမ်များ ဖြိုချဖျက်ဆီးမှုကို ရပ်တန့်ပေးရန် ဂျူးဘုန်းကြီးများ တောင်းဆို

    အစ္စရေးက ပါလက်စတိုင်းတို့၏ နေအိမ်များ ဖြိုချဖျက်ဆီးမှုကို ရပ်တန့်ပေးရန် ဂျူးဘုန်းကြီးများ တောင်းဆို

    ဖေဖော်ဝါရီ ၈၊ ၂၀၁၅
    M-Media

    ples 2

    – ပါလက်စတိုင်းပြည်သူများ၏ နေအိမ်များကို အစ္စရေး၏ဖျက်ဆီးမှုများ ရပ်တန့်ပေးရန်အတွက် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုအား တိုက်တွန်းသောစာတစ်စောင်ကို ဂျူးဘုန်းတော်ကြီး ၅၀၀ ကျော်က လက်မှတ်ရေးထိုး ပေးပို့ခဲ့သည်ဟုသိရသည်။

    အစ္စရေး၊ ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါမှ ဂျူးဘုန်းတော်ကြီး ၅၀၀ ကျော်ပါဝင်သော “လူ့အခွင့်အရေးအတွက် ဂျူးဘုန်းတော်ကြီးများအဖွဲ့” RHR မှ အဆိုပါစာကို ပေးပို့လိုက်ခြင်းဖြစ်ပြီး နေတန်ယာဟု၏ ရပ်တည်ချက်မှာနိုင်ငံတကာ
    ဥပေဒများ၊ ဂျူးတို့၏ ဓလေ့ထုံးတမ်းများနှင့် ဆန့်ကျင်သည်ဟု အဆိုပါစာတွင် ထည့်သွင်းရေးသားခဲ့သည်။

    RHR ၏ ထိုကဲ့သို့ တိုက်တွန်းခြင်းမှာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် ပါလက်စတိုင်းတို့၏ အိမ်ခြေ ၄၀၀ ကျော်ကို ဖြိုဖျက်ပစ်ရန် အစ္စရေးဝန်ကြီးချုပ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကြေညာခဲ့ပြီးနောက်ပိုင်း ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

    “တရားမ၀င်အဆောက်အဦးတွေဆောက်လုပ်ဖို့ လူထောင်ပေါင်းများစွာက ဖိအားပေးခံနေရပါတယ်။ ပြီးတော့ ဧရိယာ C
    (အစ္စရေးက အိမ်များဖြိုမည့်ဒေသ) တစ်ခုတည်းမှာပဲ နှစ်တိုင်း အိမ်ရာပေါင်းများစွာ ဖြိုဖျက်တာကြောင့် ပြည်သူတွေဟာ အလွန်အမင်းထိခိုက်ခံစားရပါတယ်” ဟု အဆိုပါစာတွင် ရေးသားဖော်ပြထားပြီး အစ္စရေး၏ စီမံကိန်းနှင့် နယ်မြေဥပဒေက ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ထားသော နယ်မြေတွင်ပင် ပါလက်စတိုင်းများ နေအိမ်ဆောက်လုပ်နိုင်ခွင့်ကို တင်းတင်းကျပ်ကျပ်ကန့်သတ်ထားသည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

    ထို့ပြင် ၁၉၇၁ ခုနှစ် မြို့နယ်နှင့် ခရိုင်စီမံကိန်းကော်မတီများ ဖျက်သိမ်းပြီးကတည်းက ပါလက်စတိုင်းပြည်သူများအနေဖြင့် ၎င်းတို့၏ လူ့အဖွဲ့အစည်း နေရာချထားခြင်းအတွက် မည်ကဲ့သို့ စီမံကိန်းရေးဆွဲရမည်ကို ဆောင်ရွက်နိုင်စွမ်းမရှိတော့ဘဲ အစ္စရေးစစ်တပ်ကပင် ချယ်လှယ်နေကြောင်း ဂျူးဘုန်းတော်ကြီးများက ထည့်သွင်းရေးသားခဲ့သည်။

    အစ္စရေးမှာ ပြီးခဲ့သည့် ဇန်န၀ါရီ နှောင်းပိုင်းကလည်း အရှေ့ဂျေရုစလင်၊ ရာမာလာ၊ ဂျီရီချိုနှင့် ဟီဘရွန်ခရိုင်များတွင် ကလေးများ၏ နေအိမ်များအပါအ၀င် နေအိမ် ၇၇ လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်လည်း အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်အတွင်း ပါလက်စတိုင်းပြည်သူများ၏ နေအိမ်များကို စံချိန်တင်ပမာဏအထိ ဖြိုချဖျက်ဆီးခဲ့သည်ဟု ကုလ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

    Ref: RT

  • မဲခေါင်မြစ်ဝှမ်း မူးယစ်ဆန့်ကျင် စစ်ဆင်ရေးအတွင်း လူ ၈၀၀ ကျော်ဖမ်းဆီး

    မဲခေါင်မြစ်ဝှမ်း မူးယစ်ဆန့်ကျင် စစ်ဆင်ရေးအတွင်း လူ ၈၀၀ ကျော်ဖမ်းဆီး

    ဖေဖော်ဝါရီ ၈၊ ၂၀၁၅
    M-Media

    mekongmap

    – မဲခေါင်မြစ်ဝှမ်းအတွင်း တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းကာ ဒုတိယအကြိမ်မြောက်ပြုလုပ်သည့် မူးယစ်ဆန့်ကျင် စစ်ဆင်ရေးများအတွင်း သံသယရှိသူ ၈၄၁ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    ဇန်န၀ါရီ ၁၅ ရက်နေ့က ထိုင်းနိုင်ငံပိုင်နက် မဲခေါင်မြစ်ဝှမ်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးနှင့် ဆက်စပ်သည့် အမှုပေါင်း ၅၉၀ ကို ဖြိုခွင်းနိုင်ခဲ့ကာ ဘိန်းဖြူ ၇၀.၆ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁.၂ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၄.၁၂ သန်းနှင့် အရည် ၃၇.၅ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ စစ်ဆင်ရေးမှာ လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ဒုတိယအကြိမ်မြောက် စစ်ဆင်ရေးလည်းဖြစ်သည်။

    ထိုစစ်ဆင်ရေးတွင် ဥပဒေစိုးမိုးရေးဝန်ထမ်း ၅၄၈၂ ဦး ပါဝင်ခဲ့ပြီး သင်္ဘောငယ်ပေါင်း ၅၁၂ စီးဖြင့် မဲခေါင်မြစ်အတွင်း ကင်းလှည့်ခဲ့ခြင်းဖြစ်ကာ စစ်ဆင်ရေး ၈၃၉ ခုကို ဆောင်ရွက်ခဲ့သည်။ ၎င်းတို့မှာ မဲခေါင်မြစ်အတွင်း စစ်ဆေးရေးဂိတ်များ
    ပြုလုပ်ခြင်း ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်သည်ဟု ယူဆရသော ကျေးရွာများသို့ ၀င်ရောက်ရှာဖွေခြင်း၊ ပတ္တယောင်လှည့်ခြင်း၊ သတင်းအချက်အလက်များ စုဆောင်းခြင်း၊ သံသယရှိသူများအား ဖမ်းဆီးခြင်နှင့် အခြားသော လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။

    တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းတို့မှ ဥပဒေစိုးမိုးရေးအဖွဲ့များမှာ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ရည်မှန်းချက်ကို ချဲ့ထွင်သွားမည်ဖြစ်ပြီး ဥပဒေစိုးမိုးရေးအဖွဲ့များ၏ ပူးပေါင်းလုပ်ဆောင်မှုကိုလည်း အဆင့်တစ်ခုအထိ တိုးမြှင့်သွားမည်ဟု တရုတ်ကွန်မြူနစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    လေးနိုင်ငံပူးပေါင်းပြုလုပ်သည့် ပထမအကြိမ် စစ်ဆင်ရေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ၂၀၁၃ ခုနှစ် ဧပြီလ ၂၀
    ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

    Ref: xinhua

  • ထိုင်ဝမ်လေကြောင်းလိုင်း TransAsia လေယာဉ်ပျံသန်းမှုများ ထပ်မံ ဖျက်သိမ်းမည်

    ထိုင်ဝမ်လေကြောင်းလိုင်း TransAsia လေယာဉ်ပျံသန်းမှုများ ထပ်မံ ဖျက်သိမ်းမည်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၅
    M-Media

    Wreckage of TransAsia Airways plane Flight GE235 is transported on the back of a truck after it crash landed into a river, in New Taipei City

    – ခရီးသည်တင်လေယာဉ်တစ်စင်း ထိုင်ပေမြစ်ထဲသို့ ထိုးကျခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းခဲ့သည့် ထိုင်ဝမ်လေကြောင်းလိုင်း TransAsia က လာမည့် သီတင်းပတ်တွင်လည်း ခရီးစဉ် ၅၀ ကျော်ကို ဖျက်သိမ်းမည်ဟု ယနေ့တွင် ကြေညာခဲ့သည်။

    အဆိုပါလေကြောင်းလိုင်းမှ ATR 72-600 လေယာဉ်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ခရီးသည် ၅၈ ဦးကို တင်ဆောင်ကာ ပြည်တွင်းခရီးစဉ်ပျံသန်းစဉ် ထိုင်ပေမြစ်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ပြီး ခရီးသည် ၁၅ ဦး အသက်ရှင်ခဲ့ကာ ယခုအချိန်အထိ ရုပ်အလောင်း ၄၀ ကို ဆယ်ယူရရှိထားသည်။

    အဆိုပါ လေယာဉ်၏ Black Box မှတ်တမ်းများကို စစ်ဆေးသည့်အခါတွင် အသစ်နီးပါးရှိနေသည့် ထိုလေယာဉ်၏ အင်ဂျင်မှာ လေပေါ်ပျံတက်ပြီးနောက် လုံလောက်သော တွန်းကန်အားကို ပေးနိုင်ခြင်းမရှိဘဲ၊ အင်ဂျင်တစ်လုံးမှာ ရပ်သွားခဲ့ပြီး ပြန်လည်နှိုးခဲ့ရသောကြောင့် အရှိန်ကျကာ ပျက်ကျခဲ့ခြင်းဖြစ်သည်ကို တွေ့ခဲ့ရသည်။

    ထို့ကြောင့် TransAsia လေကြောင်းလိုင်းက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လေယာဉ်ခရီးစဉ် ၉၀ ကို ဖျက်သိမ်းခဲ့ကာ ထိုင်ဝမ် အရပ်ဘက်လေကြောင်း တာဝန်ရှိသူများကလည်း အဆိုပါ လေကြောင်းလိုင်းမှ လေယာဉ်မှူးများ၏ ကျွမ်းကျင်မှုကို ပြန်လည်စစ်ဆေးရန်နှင့် သင်တန်းများပေးရန်အတွက် စီစဉ်ခဲ့သည်။ ထို့ပြင် လာမည့်သီတင်းပတ်တွင်လည်း လေကြောင်းခရီးစဉ်များ ဖျက်သိမ်းမည်ဟု ဆိုသည်။

    “ပြီးခဲ့တဲ့ ၃ ရက်မှာ ကျွန်တော်တို့ဟာ လေကြောင်းခရီးစဉ် ၉၀ ကို ဖျက်သိမ်းခဲ့ပါတယ်။ ပြီးတော့ လာမယ့် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာလည်း နောက် ခရီးစဉ် ၅၂ ခုကို ဖျက်သိမ်းပါမယ်” ဟု လေကြောင်းလိုင်း ဒုတိယဥက္ကဌ အေမီ ချန်က ပြောကြားခဲ့သည်။

    လေယာဉ်ပျက်ကျမှုတွင် လေယာဉ်မှူး ၂ ဦးစလုံ သေဆုံးခဲ့ပြီး အင်ဂျင်ပြဿနာဖြစ်စဉ် ထိုင်ပေမြို့တွင်းရှိ လူနေအဆောက်အဦးများအား မတိုက်မိအောင် စွမ်းဆောင်နိုင်ခဲ့သည့် လေယာဉ်မှူးကိုလည်း ချီးကျူးခဲ့ကြသည်။

    Ref: channelnewsasia