News @ M-Media

Blog

  • အစ္စရေးက ပါလက်စတိုင်းတို့၏ နေအိမ်များ ဖြိုချဖျက်ဆီးမှုကို ရပ်တန့်ပေးရန် ဂျူးဘုန်းကြီးများ တောင်းဆို

    အစ္စရေးက ပါလက်စတိုင်းတို့၏ နေအိမ်များ ဖြိုချဖျက်ဆီးမှုကို ရပ်တန့်ပေးရန် ဂျူးဘုန်းကြီးများ တောင်းဆို

    ဖေဖော်ဝါရီ ၈၊ ၂၀၁၅
    M-Media

    ples 2

    – ပါလက်စတိုင်းပြည်သူများ၏ နေအိမ်များကို အစ္စရေး၏ဖျက်ဆီးမှုများ ရပ်တန့်ပေးရန်အတွက် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုအား တိုက်တွန်းသောစာတစ်စောင်ကို ဂျူးဘုန်းတော်ကြီး ၅၀၀ ကျော်က လက်မှတ်ရေးထိုး ပေးပို့ခဲ့သည်ဟုသိရသည်။

    အစ္စရေး၊ ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါမှ ဂျူးဘုန်းတော်ကြီး ၅၀၀ ကျော်ပါဝင်သော “လူ့အခွင့်အရေးအတွက် ဂျူးဘုန်းတော်ကြီးများအဖွဲ့” RHR မှ အဆိုပါစာကို ပေးပို့လိုက်ခြင်းဖြစ်ပြီး နေတန်ယာဟု၏ ရပ်တည်ချက်မှာနိုင်ငံတကာ
    ဥပေဒများ၊ ဂျူးတို့၏ ဓလေ့ထုံးတမ်းများနှင့် ဆန့်ကျင်သည်ဟု အဆိုပါစာတွင် ထည့်သွင်းရေးသားခဲ့သည်။

    RHR ၏ ထိုကဲ့သို့ တိုက်တွန်းခြင်းမှာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် ပါလက်စတိုင်းတို့၏ အိမ်ခြေ ၄၀၀ ကျော်ကို ဖြိုဖျက်ပစ်ရန် အစ္စရေးဝန်ကြီးချုပ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကြေညာခဲ့ပြီးနောက်ပိုင်း ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

    “တရားမ၀င်အဆောက်အဦးတွေဆောက်လုပ်ဖို့ လူထောင်ပေါင်းများစွာက ဖိအားပေးခံနေရပါတယ်။ ပြီးတော့ ဧရိယာ C
    (အစ္စရေးက အိမ်များဖြိုမည့်ဒေသ) တစ်ခုတည်းမှာပဲ နှစ်တိုင်း အိမ်ရာပေါင်းများစွာ ဖြိုဖျက်တာကြောင့် ပြည်သူတွေဟာ အလွန်အမင်းထိခိုက်ခံစားရပါတယ်” ဟု အဆိုပါစာတွင် ရေးသားဖော်ပြထားပြီး အစ္စရေး၏ စီမံကိန်းနှင့် နယ်မြေဥပဒေက ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ထားသော နယ်မြေတွင်ပင် ပါလက်စတိုင်းများ နေအိမ်ဆောက်လုပ်နိုင်ခွင့်ကို တင်းတင်းကျပ်ကျပ်ကန့်သတ်ထားသည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

    ထို့ပြင် ၁၉၇၁ ခုနှစ် မြို့နယ်နှင့် ခရိုင်စီမံကိန်းကော်မတီများ ဖျက်သိမ်းပြီးကတည်းက ပါလက်စတိုင်းပြည်သူများအနေဖြင့် ၎င်းတို့၏ လူ့အဖွဲ့အစည်း နေရာချထားခြင်းအတွက် မည်ကဲ့သို့ စီမံကိန်းရေးဆွဲရမည်ကို ဆောင်ရွက်နိုင်စွမ်းမရှိတော့ဘဲ အစ္စရေးစစ်တပ်ကပင် ချယ်လှယ်နေကြောင်း ဂျူးဘုန်းတော်ကြီးများက ထည့်သွင်းရေးသားခဲ့သည်။

    အစ္စရေးမှာ ပြီးခဲ့သည့် ဇန်န၀ါရီ နှောင်းပိုင်းကလည်း အရှေ့ဂျေရုစလင်၊ ရာမာလာ၊ ဂျီရီချိုနှင့် ဟီဘရွန်ခရိုင်များတွင် ကလေးများ၏ နေအိမ်များအပါအ၀င် နေအိမ် ၇၇ လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်လည်း အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်အတွင်း ပါလက်စတိုင်းပြည်သူများ၏ နေအိမ်များကို စံချိန်တင်ပမာဏအထိ ဖြိုချဖျက်ဆီးခဲ့သည်ဟု ကုလ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

    Ref: RT

  • မဲခေါင်မြစ်ဝှမ်း မူးယစ်ဆန့်ကျင် စစ်ဆင်ရေးအတွင်း လူ ၈၀၀ ကျော်ဖမ်းဆီး

    မဲခေါင်မြစ်ဝှမ်း မူးယစ်ဆန့်ကျင် စစ်ဆင်ရေးအတွင်း လူ ၈၀၀ ကျော်ဖမ်းဆီး

    ဖေဖော်ဝါရီ ၈၊ ၂၀၁၅
    M-Media

    mekongmap

    – မဲခေါင်မြစ်ဝှမ်းအတွင်း တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းကာ ဒုတိယအကြိမ်မြောက်ပြုလုပ်သည့် မူးယစ်ဆန့်ကျင် စစ်ဆင်ရေးများအတွင်း သံသယရှိသူ ၈၄၁ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    ဇန်န၀ါရီ ၁၅ ရက်နေ့က ထိုင်းနိုင်ငံပိုင်နက် မဲခေါင်မြစ်ဝှမ်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးနှင့် ဆက်စပ်သည့် အမှုပေါင်း ၅၉၀ ကို ဖြိုခွင်းနိုင်ခဲ့ကာ ဘိန်းဖြူ ၇၀.၆ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁.၂ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၄.၁၂ သန်းနှင့် အရည် ၃၇.၅ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ စစ်ဆင်ရေးမှာ လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ဒုတိယအကြိမ်မြောက် စစ်ဆင်ရေးလည်းဖြစ်သည်။

    ထိုစစ်ဆင်ရေးတွင် ဥပဒေစိုးမိုးရေးဝန်ထမ်း ၅၄၈၂ ဦး ပါဝင်ခဲ့ပြီး သင်္ဘောငယ်ပေါင်း ၅၁၂ စီးဖြင့် မဲခေါင်မြစ်အတွင်း ကင်းလှည့်ခဲ့ခြင်းဖြစ်ကာ စစ်ဆင်ရေး ၈၃၉ ခုကို ဆောင်ရွက်ခဲ့သည်။ ၎င်းတို့မှာ မဲခေါင်မြစ်အတွင်း စစ်ဆေးရေးဂိတ်များ
    ပြုလုပ်ခြင်း ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်သည်ဟု ယူဆရသော ကျေးရွာများသို့ ၀င်ရောက်ရှာဖွေခြင်း၊ ပတ္တယောင်လှည့်ခြင်း၊ သတင်းအချက်အလက်များ စုဆောင်းခြင်း၊ သံသယရှိသူများအား ဖမ်းဆီးခြင်နှင့် အခြားသော လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။

    တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းတို့မှ ဥပဒေစိုးမိုးရေးအဖွဲ့များမှာ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ရည်မှန်းချက်ကို ချဲ့ထွင်သွားမည်ဖြစ်ပြီး ဥပဒေစိုးမိုးရေးအဖွဲ့များ၏ ပူးပေါင်းလုပ်ဆောင်မှုကိုလည်း အဆင့်တစ်ခုအထိ တိုးမြှင့်သွားမည်ဟု တရုတ်ကွန်မြူနစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    လေးနိုင်ငံပူးပေါင်းပြုလုပ်သည့် ပထမအကြိမ် စစ်ဆင်ရေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ၂၀၁၃ ခုနှစ် ဧပြီလ ၂၀
    ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

    Ref: xinhua

  • ထိုင်ဝမ်လေကြောင်းလိုင်း TransAsia လေယာဉ်ပျံသန်းမှုများ ထပ်မံ ဖျက်သိမ်းမည်

    ထိုင်ဝမ်လေကြောင်းလိုင်း TransAsia လေယာဉ်ပျံသန်းမှုများ ထပ်မံ ဖျက်သိမ်းမည်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၅
    M-Media

    Wreckage of TransAsia Airways plane Flight GE235 is transported on the back of a truck after it crash landed into a river, in New Taipei City

    – ခရီးသည်တင်လေယာဉ်တစ်စင်း ထိုင်ပေမြစ်ထဲသို့ ထိုးကျခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းခဲ့သည့် ထိုင်ဝမ်လေကြောင်းလိုင်း TransAsia က လာမည့် သီတင်းပတ်တွင်လည်း ခရီးစဉ် ၅၀ ကျော်ကို ဖျက်သိမ်းမည်ဟု ယနေ့တွင် ကြေညာခဲ့သည်။

    အဆိုပါလေကြောင်းလိုင်းမှ ATR 72-600 လေယာဉ်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ခရီးသည် ၅၈ ဦးကို တင်ဆောင်ကာ ပြည်တွင်းခရီးစဉ်ပျံသန်းစဉ် ထိုင်ပေမြစ်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ပြီး ခရီးသည် ၁၅ ဦး အသက်ရှင်ခဲ့ကာ ယခုအချိန်အထိ ရုပ်အလောင်း ၄၀ ကို ဆယ်ယူရရှိထားသည်။

    အဆိုပါ လေယာဉ်၏ Black Box မှတ်တမ်းများကို စစ်ဆေးသည့်အခါတွင် အသစ်နီးပါးရှိနေသည့် ထိုလေယာဉ်၏ အင်ဂျင်မှာ လေပေါ်ပျံတက်ပြီးနောက် လုံလောက်သော တွန်းကန်အားကို ပေးနိုင်ခြင်းမရှိဘဲ၊ အင်ဂျင်တစ်လုံးမှာ ရပ်သွားခဲ့ပြီး ပြန်လည်နှိုးခဲ့ရသောကြောင့် အရှိန်ကျကာ ပျက်ကျခဲ့ခြင်းဖြစ်သည်ကို တွေ့ခဲ့ရသည်။

    ထို့ကြောင့် TransAsia လေကြောင်းလိုင်းက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လေယာဉ်ခရီးစဉ် ၉၀ ကို ဖျက်သိမ်းခဲ့ကာ ထိုင်ဝမ် အရပ်ဘက်လေကြောင်း တာဝန်ရှိသူများကလည်း အဆိုပါ လေကြောင်းလိုင်းမှ လေယာဉ်မှူးများ၏ ကျွမ်းကျင်မှုကို ပြန်လည်စစ်ဆေးရန်နှင့် သင်တန်းများပေးရန်အတွက် စီစဉ်ခဲ့သည်။ ထို့ပြင် လာမည့်သီတင်းပတ်တွင်လည်း လေကြောင်းခရီးစဉ်များ ဖျက်သိမ်းမည်ဟု ဆိုသည်။

    “ပြီးခဲ့တဲ့ ၃ ရက်မှာ ကျွန်တော်တို့ဟာ လေကြောင်းခရီးစဉ် ၉၀ ကို ဖျက်သိမ်းခဲ့ပါတယ်။ ပြီးတော့ လာမယ့် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာလည်း နောက် ခရီးစဉ် ၅၂ ခုကို ဖျက်သိမ်းပါမယ်” ဟု လေကြောင်းလိုင်း ဒုတိယဥက္ကဌ အေမီ ချန်က ပြောကြားခဲ့သည်။

    လေယာဉ်ပျက်ကျမှုတွင် လေယာဉ်မှူး ၂ ဦးစလုံ သေဆုံးခဲ့ပြီး အင်ဂျင်ပြဿနာဖြစ်စဉ် ထိုင်ပေမြို့တွင်းရှိ လူနေအဆောက်အဦးများအား မတိုက်မိအောင် စွမ်းဆောင်နိုင်ခဲ့သည့် လေယာဉ်မှူးကိုလည်း ချီးကျူးခဲ့ကြသည်။

    Ref: channelnewsasia

  • တောင်ကြီးမြို့တွင် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် “သစ္စာပြတင်း ပန်းချီအနုပညာပြပွဲ”  ပြုလုပ်

    တောင်ကြီးမြို့တွင် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် “သစ္စာပြတင်း ပန်းချီအနုပညာပြပွဲ” ပြုလုပ်

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၅
    M – Media
    သတင်း/ဓာတ်ပုံ – နှင်းစက်၊ ညီမင်း
    10967722_843374872393307_180178763_n
    အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ်  တောင်ကြီးမြို့ရှိ ပန်းချီအနုပညာရှင်များမှ ဦးစီးသော တတိယကြိမ်မြောက် “သစ္စာပြတင်း ပန်းချီအနုပညာပြပွဲ”  တောင်ကြီးမြို့မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

    အဆိုပါပြပွဲ ဖွင့်ပွဲကို  တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း မြစပယ်မင်္ဂလာခန်းမတွင် ပြုလုပ်ရာ တောင်ကြီးမြို့ ဘာသာပေါင်းစုံလူငယ် အဖွဲ့မှ ဖဲကြိုးဖြတ်၍ မီးပုံပျံများလွှတ်တင်ခြင်း၊ ရှမ်းရိုးရာအကအတီးအမှုတ်နှင့်တစ်ကွ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

    ယင်းပြပွဲ၌ ဗိုလ်ချုပ်၏ပုံတူပန်းချီကားများ၊ ဗိုလ်ချုပ်အကြောင်းရုပ်ရှင်ကားများ၊ ဗိုလ်ချုပ်အသုံးပြုခဲ့သည့် ပစ္စည်းပစ္စယများအပြင် မူလတန်း၊ အလယ်တန်းကျောင်းသားတို့၏ ပန်းချီလက်ရာများကိုလည်း စုပေါင်းပြသတင်ဆက်ထားပါတယ်။

    ပြပွဲကို ၁၀.၂.၂၀၁၅ ရက်အထိ ပြသသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက်လေ့လာနိုင်ကြောင်း သတင်းရရှိပါတယ်။

  • ကိုယ်ထူကိုယ်ထ သန့်ရှင်းရေး တောင်ကြီးမြို့ဘာသာပေါင်းစုံ လူငယ်များကွန်ရက်မှ ပြုလုပ်

    ကိုယ်ထူကိုယ်ထ သန့်ရှင်းရေး တောင်ကြီးမြို့ဘာသာပေါင်းစုံ လူငယ်များကွန်ရက်မှ ပြုလုပ်

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၅
    M – Media
    သတင်း/ဓာတ်ပုံ – နှင်းစက်၊ ညီမင်း
    22a816da14db5ad5c85017af314536a5141bdddbbcb8eb10371dadc6f31112e4
    တောင်ကြီးမြို့ ဘာသာပေါင်းစုံလူငယ်များကွန်ရက် Interfaith Network of Youth (Taunggyi) မှဦးစီးကာ ကိုယ်ထူကိုယ်ထ ရပ်ရွာ သန့်ရှင်းရေးကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါတယ်။

    တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ အုတ်တံတိုင်းတစ်လျှောက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ထားမှုကြောင့် ရေမြောင်းပိတ်ဆို့ခြင်း၊ ရေ၀ပ်ခြင်း၊ အသွားအလာ ခက်ခဲလာခြင်းတို့ ဖြစ်ပေါ်လျက်ရှိရာ မတူကွဲပြား ဘာသာဝင်များ သဟဇာတရှိမှု၊ ချစ်ကြည်ရင်းနှီးမှု၊ အများပြည်သူမှ စိတ်ဝင်စားပြီး ပူးပေါင်းပါဝင်လာစေလိုမှု၊ မြို့တွင်းသန့်ရှင်းမှုတို့ကို ရည်ရွယ်၍ တောင်ကြီးမြို့ ဘာသာပေါင်းစုံလူငယ်များကွန်ရက် Interfaith Network of Youth (Taunggyi) မှဦးစီးကာ “မွှေး အမှိုက်သိမ်းဆည်းရေး ကုမ္ပဏီ” နှင့် ပူးပေါင်းလျက် တူညီဝတ်စုံများဖြင့် အမှိုက်များကို ကုန်စင်သည်အထိ ရှင်းလင်းကြတာဖြစ်ပါတယ်။

    လုပ်အားပေးလူငယ်များအား အများပြည်သူတို့မှလည်း သောက်ရေ၊ အအေးများ လာရောက်လှူဒါန်းအားပေးခဲ့ကြပါတယ်။

    လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့တွင်လည်း ဘာသာပေါင်းစုံလူငယ်များက “ပုံပြောသူများအဖွဲ့” ဖွဲ့စည်းပြီး မိဘမဲ့ကလေးကျောင်းများသို့ သွား၍ စိတ်ဓာတ်မြှင့်တင်ဖျော်ဖြေရေး အစီအစဉ်များ ပြုလုပ်သွားမည်ဟု သတင်းရရှိပါတယ်။

    63355f02e07ffab32d576dcca4178a617e0fa0372f50a799b6198e04f2d79eb4

    7cc7343f7ad69bad39635741402ea0ee4aa0d8cb3d976a820cc5bb36a4d60910