News @ M-Media

Blog

  • ကမ္ဘာကျော် တင်းနစ်ချန်ပီယံ ရော်ဂျာဖက်ဒယ်ရာနှင့် Telegraph UK  အင်တာဗျူး

    ကမ္ဘာကျော် တင်းနစ်ချန်ပီယံ ရော်ဂျာဖက်ဒယ်ရာနှင့် Telegraph UK အင်တာဗျူး

    ဖေဖော်ဝါရီ ၆ ၊ ၂၀၁၅
    M-Media
    ဘာသာပြန်သူ – နုရည်ထွန်း
    Roger Federer_AFP_0_0
    ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ တင်းနစ်အားကစား စူပါစတား ရော်ဂျာဖက်ဒယ်ရာ (Roger Federer) ရဲ့ အိမ်ကတော့ သူ့ဇာတိမြေဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ဖြစ် ပါတယ်။ ဒါပေမယ့် သူကတော့ ဇနီးသည် မီကာ (Mirka) ရယ်၊ သမီး နှစ်ယောက်နဲ့ရယ် အတူ ခရီးသွားလာနေရင်းနဲ့  အချိန်တွေ ကုန်လွန်နေခဲ့ပါတယ်။ အာဖရိကတိုက်မှာရှိတဲ့ ထောင်ပေါင်းများစွာသော ကလေးငယ်တွေရဲ့ ပညာရေးအတွက် သူ့ရဲ့ ဒါနဖောင်ဒေရှင်းက ကူညီထောက်ပံ့ပေးလျက် ရှိပါတယ်။ သူကတော့ ကမ္ဘာတ၀ှမ်းက တင်းနစ်အားကစားပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်လျက်ရှိပြီး မကြာသေးမီကပဲ လန်ဒန်မြို့က O2 အားကစားရုံကြီးမှာ ATP ဖိုင်နယ်ပွဲစဉ်တွေကို ကစားခဲ့ပြီး Wimbledon ပြိုင်ပွဲအတွက်လည်း ပြင်ဆင်နေပါတယ်။

    မေး။   ။ ခင်ဗျား တစ်နှစ်မှာ အားလပ်ရက်  ဘယ်လောက်ယူသလဲ?

    ဖြေ။   ။ (၂) ကြိမ်၊ ဒါမှမဟုတ် (၃) ကြိမ်။ မဲလ်ဘုန်း၊ ပဲရစ်၊ လန်ဒန်နဲ့ နယူးယောက်တို့မှာ များသောအားဖြင့် ကစားဖြစ်တဲ့ Grand Slam ပွဲစဉ်တွေနဲ့ ချိန်ညှိပြီး အားလပ်ရက် ယူဖြစ်ပါတယ်။

    မေး။   ။ ခင်ဗျား ကစားပွဲတွေ သွားတဲ့ခါ မိသားစုကို ခေါ်သွားသလား?

    ဖြေ။   ။ အခုတော့ ခေါ်သွားဖြစ်ပါတယ်။ ကျနော့်ရဲ့ အမွှာသမီးလေး နှစ်ယောက် ရှာလင်း (Charlene) နဲ့ မိုင်လာ (Myla) က အသက် (၃) နှစ်ပဲ ရှိသေးတယ်လေ။ ဒီတော့ ကျနော်တို့ မိသားစုလိုက် ခရီးသွား ဖြစ်တာပေါ့။ သူတို့တွေ ကျောင်းတက်ရပြီ ဆိုရင်တော့ တစ်မျိုးပြောင်းမှာပေါ့။

    မေး။   ။ ခင်ဗျား အနှစ်သက်ဆုံးက ဘယ်မြို့လဲဗျ?

    ဖြေ။   ။ ရောမ။ ကျနော်က အဲဒီလို ရှေးဟောင်းရိုးရာနေရာတွေကို စွဲလမ်းနှစ်သက်တယ်။ ရောမက ကျနော် မျှော်မှန်းသလောက်ကို ကောင်းတယ်။ အီတလီ အစားအသောက်တွေလည်း ကြိုက်တယ်လေ။ ကျနော် အဲ့ဒီကို နောက်ဆုံးတစ်ခေါက် ရောက်တုန်းက ကျနော့ကလေးတွေနဲ  အမိုးဖွင့် ဘတ်စကားစီးခဲ့တာ အရမ်ကို အံ့မခန်းပါပဲ။ ရှေးဟောင်း အဆောက်အဦး လှလှပပတစ်ခုကို သဘောကျ ငေးမောနေတုန်းမှာပဲ လမ်းရဲ့တစ်ဘက်မှာ နောက်ထပ် ပိုကောင်းပိုလှတာတစ်ခုကို  တွေ့ရပြန်ရော။

    မေး။   ။ ခင်ဗျားအတွက် အကောင်းဆုံး အပန်းဖြေရာနေရာဆိုတာ ဘယ်လို နေရာမျိုးလဲ?

    ဖြေ။   ။ မိသားစုနဲ့အတူ သွားလို့ရတဲ့ ဆိတ်ငြိမ်အေးချမ်းပြီး privacy ရှိတဲ့ နေရာမျိုးပေါ့။ နောက်ဆုံးတစ်ခေါက် အားလပ်ရက်မှာ မိသားစုနဲ့အတူ မော်လဒိုက်ကိုသွားခဲ့တယ်။ အဲ့ဒီမှာက စရိတ်စကလည်း အနေတော်ပဲ။ အဲဒါနဲ့ဆို ကျနော် အဲ့ဒီကိုရောက်တာ သုံးကြိမ် ရှိပြီ။ တကယ်လို့ ကျနော်က ကိုယ်လက်လှုပ်ရှားရတာမျိုး မဟုတ်တဲ့ ရုံးထိုင်အလုပ် လုပ်ရသူတစ်ယောက်ဆိုရင် အားလပ်ရက်မှာ စွန့်စွန့်စားစား သွားလာလုပ်ကိုင်ရတာမျိုးကို ပိုကြိုက်ကောင်း ကြိုက်ပါလိမ့်မယ်။ ဒါပေမယ့် အခုတော့ ကျနော်က သက်တောင့်သက်သာ ရှိပြီး ခြေချောင်းတွေကြားမှာ သဲတွေဝင်နေတဲ့ ခံစားမှုမျိုးကို လိုချင်တယ်။

    မေး။   ။ ဒီကြားထဲ ဘယ်နေရာတွေကို လည်ပတ်ခဲ့သေးလဲ?

    ဖြေ။   ။ မော်ရစ်ရှပ်၊ ဆေချီလ်၊ ထိုင်း၊ ကာရစ်ဘီယံ။ အဲဒီနေရာတွေကို ခင်ဗျားကြည့်လိုက်ခြင်းအားဖြင့် ဆိတ်ငြိမ်အေးချမ်းတဲ့ ကမ်းခြေတွေရှိတဲ့ လှလှပပနေရာတွေကို ကျနော် ကြိုက်တယ်ဆိုတာ သိနိုင်ပါတယ်။

    မေး။   ။ ကာရစ်ဘီယံက ဘယ်ကျွန်းလဲ။

    ဖြေ။   ။ ကျနော် မပြောပြချင်ပါဘူး။

    မေး။   ။ ခင်ဗျားအတွက် privacy က အရေးကြီးတယ်ဆိုတဲ့ သဘောပေါ့?

    ဖြေ။   ။ ပရိတ်သတ်တွေ ရင်းရင်းနှီးနှီး၊ လေးလေးစားစားနဲ့ ကျနော့ကို လာနှုတ်ဆက်တာမျိုး ကျနော် လက်ခံပါတယ်။ ထိပ်တန်း တင်းနစ်ကစားသမား တစ်ယောက်အနေနဲ့ ဒီလိုမျိုးဟာ ပျော်ရွှင်ကျေနပ်မှု တစ်မျိုးပေါ့ဗျာ။ ဒါပေမယ့် ကျနော် ခွင့်မပြုဘဲ ဓာတ်ပုံရိုက်မယ်ဆိုရင်၊ အထူးသဖြင့် ကျနော့ သမီးလေးတွေ ရေကူးဝတ်စုံနဲ့ ဆိုရင် ကျနော် မကြိုက်ဘူး။

    မေး။   ။ အာရှမှာ ဘယ်နေရာတွေက ခင်ဗျားကို ဆွဲဆောင်သလဲ?

    ဖြေ။   ။ နေရာတွေ အများကြီးပါ။ အာရှမှာ ကမ္ဘာပေါ်မှာ အလွန်ထူးကဲတဲ့ နေရာဒေသပါ။ တရုတ်ပြည်ကို သွားရတဲ့ ခရီးတွေဆို ကျနော် အမြဲပျော်တယ်ဗျာ။ ပုံမှန်အားဖြင့် ကျနော့ တင်းနစ်ပွဲတွေကလည်း ရှန်ဟိုင်းနဲ့ ဘေကျင်းမှာ ပုံမှန်လို ရှိနေတယ်။ ဒါပေမယ့် တကယ်တမ်းမှာ အဲ့ဒီ မြို့ကြီးတွေက ဘဝရဲ့ အစိတ်အပိုင်း သေးသေးလေးပါဗျာ။ ယူနီဆက်ဖ် အစီအစဉ်နဲ့ ကျနော် အိန္ဒိယကိုလည်း ရောက်ခဲ့တယ်။ တကယ်ကို အံ့မခန်း အတွေ့အကြုံ တစ်ခုပါပဲ။ ကျနော် ဂျပန်ကိုလည်း တအားကြိုက်တယ်။ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားကိုလည်း သွားချင်သေးတယ်။

    မေး။   ။ အာဖရိကရော ဘယ်လိုလဲ။

    ဖြေ။   ။ အဲဗျာ၊ ကျနော့အမေက တောင်အာဖရိကသူ။ ဒါပေမယ့် တခြား အာဖရိက နိုင်ငံတွေ အတော်များများကိုတော့ ကျနော် မသိသေးဘူး။ အမေက ကျနော် ငယ်ငယ်တုန်းက မခေါ်သွားခဲ့ဘူးလေ။ ကျနော့မှာ အချိန်ပိုရှိလာပြီဆိုရင်တော့ အာဖရိကတိုက်ကြီးကို သေသေချာချာ စူးစမ်းလေ့လာဖို့တော့ ရည်ရွယ်ထားတယ်။ ကျနော့ ထိပ်ဆုံးစားရင်းမှာတော့ ဘော့ဆွားနားနိုင်ငံ၊ ဗစ်တိုးရီးယား ရေတံခွန်ကြီးနဲ့ အီဂျစ်နိုင်ငံတို့ ပါတယ်ဗျ။

    မေး။   ။ ခရီးသွားရင်း တခြား အားကစားတွေရော ကြည့်ဖြစ်လား?

    ဖြေ။   ။ ကမ္ဘာ့ ဘယ်နေရာရောက်ရောက် အဲ့ဒီနေရာဒေသက လူတွေ အရူးအမူးကြိုက်တဲ့ အားကစားကို ကျနော် ဂရုတစိုက် ကြည့်တယ်။ သြစတေးလျမှာဆို ခရစ်ကတ် ကြည့်တယ်။ အမေရိကန်မှာဆို ဘတ်စကတ်ဘောနဲ့ NFL ကြည့်တယ်။

    မေး။   ။ ဈေးဝယ်ထွက်တော့ရော?

    ဖြေ။   ။ အ၀တ်အစား ဝယ်ဖို့သွားရင် တခြားယောက်ျားတွေ အတိုင်းပါပဲ၊ လျှောက်ပတ်နေလေ့ သိပ်မရှိဘူး။ လိုချင်တာတွေ့ရင် ဝယ်လိုက်တယ်။ ဥပမာ – ရှပ်အင်္ကျီတစ်ထည်၊ ဂျင်းတစ်စုံနဲ့  အားကစားဝတ်စုံ နည်းနည်းပါးပါး ၀ယ်ပြီးရင် ပြီးပြီပဲ။ ဖက်ရှင်အမြင် ခပ်သွက်သွက် ရှိတယ်လို့ ကိုယ်ဟာကိုယ် ထင်တာပဲ။ ခြေဆုံးခေါင်းဆုံး အဖြူရောင်ဝတ်ခဲ့တဲ့ ခပ်နုံနုံ အချိန်တွေ ကုန်ခဲ့ပါပြီဗျာ။

    မေး။   ။ အကြိုက်ဆုံး ကုန်အမှတ်တံဆိပ် ရှိသလား?

    ဖြေ။   ။ မကြာခင်က ဝယ်ခဲ့တဲ့ Louis Vuitton ရှူးဖိနပ်ကတော့ ကျနော့မှာ ရှိဖူးသမျှထဲ သက်တောင့်သက်သာ အရှိဆုံးပဲ။

    မေး။   ။ ခင်ဗျား ကစားပြိုင်ပွဲတွေ သွားတဲ့အခါ ဘယ်မှာ တည်းလဲ။

    ဖြေ။   ။ Wimbledon ပွဲ ဆိုရင်တော့ Wimbledon Village မှာ အိမ်တစ်လုံး ငှါးလိုက်တယ်။ ဒါမှမဟုတ်ရင် မြို့လည်ခေါင်က ဟိုတယ်တွေမှာ တည်းတယ်။ ဥပမာ နယူးယောက်မှာလုပ်တဲ့ US Open ပွဲမျိုး ဆိုရင်ပေါ့။

    မေး။   ။ Wimbledon နဲ့ ယှဉ်ရင် နယူးယောက်မြို့က ဘယ်လိုရှိလဲ?

    ဖြေ။   ။ ဈေးဝယ်စရာ၊ ပြဇာတ်ရုံတွေ၊ စားသောက်ဆိုင်တွေ၊ အနုပညာ ပြခန်းတွေနဲ့ လုပ်စရာတွေ အများကြီး ရှိပါတယ်။ အဲ့ဒီကိုရောက်ရင် ကျနော် အရမ်း ပျော်တယ်။ ပြန်ရပြီဆိုရင်တော့ မပျော်ဘူးပေါ့ဗျာ။

    မေး။   ။ ပွဲစဉ်ကြီးတစ်ခု ပြီးသွားရင် ခင်ဗျား ဘာလုပ်လဲ?

    ဖြေ။   ။ နိုင်နိုင်ရှုံးရှုံးပေါ့ဗျာ၊ ကျနော့ကို လာရောက်အားပေးကြသူတွေကို ကျေးဇူးတင်ဖို့ အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော့ အဖွဲ့က ခင်ဗျား ကစားကွင်းထဲမှာ မြင်ရထာတက် ပိုလူများတယ်။ ကျွန်တော့်ရဲ့ အပေါင်းအသင်းတွေက အလွန်များတယ်လေ။ မနှစ်က French Open ပွဲစဉ်မှာဆို အဖွဲ့သား (၇၅) ယောက်ပါတယ်။ ကျနော်တို့ အားလုံးအတူတူ  စားသောက်ဆိုင်ကောင်းကောင်း တစ်ခုကို သွားလေ့ရှိတယ်။ စကားစမြည်တောင် ပြောလို့မရတဲ့ ဆူညံလွန်းတဲ့ နိုက်ကလပ်မျိုးတွေကိုတော့ ကျနော် မုန်းတယ်ဗျ။

  • အမေရိကန်သမ္မတ ဘာရာက်အိုဘားမား မွတ်စလင်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

    အမေရိကန်သမ္မတ ဘာရာက်အိုဘားမား မွတ်စလင်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

    ဖေဖော်ဝါရီ ၆၊ ၂၀၁၅
    M-Media

    obm

    – အစွန်းရောက်ဝါဒအား တိုက်ဖျက်ရန်နှင့် အခြားသော ပြည်တွင်းပြည်ပအရေးများကို ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားမှာ အမေရိကန် မွတ်စလင်ခေါင်းဆောင်များနှင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သည်ဟု သိရသည်။

    ”တက်ရောက်လာသူတွေရဲ့ နယ်ပယ်အသီးသီးမှာ ဆောင်ရွက်မှုနဲ့ လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်တွေကို ချပြတာတွေအတွက် သမ္မတက ကျေးဇူးတင်ခဲ့ပါတယ်။ ပြီးတော့ မတူညီတဲ့ ဘာသာရေးအသိုင်းအ၀ိုင်းတွေနဲ့ တွေ့ဆုံခြင်းဟာ တန်ဖိုးရှိတဲ့အမြင်တွေ၊ တုံ့ပြန်မှုတွေ ရရှိစေတယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်” ဟု အိမ်ဖြူတော်မှ ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါတွေ့ဆုံပွဲတွင် အိုဘားမားက IS အဖွဲ့နှင့် အစ္စလာမ်၏ အမည်နာမကို အသုံးပြုကာ အကြမ်းဖက်မှုများကို ဆိုးရွားစွာ ကျူးလွန်နေကြသည့် အခြားသောအဖွဲ့များကို ဆက်လက်တွန်းလှန်ရေး လိုအပ်ချက်ကို အလေးထားဆွေးနွေးခဲ့သည်။

    ထို့ပြင် အိုဘာမားဦးဆောင်ပြုလုပ်ခဲ့သည့် ကျန်မာရေးစောင့်ရှောက်မှုအစီအစဉ် Obamacare နှင့် အမေရိကန်အတွင်း အစ္စလာမ်ဆန့်ကျင်ရေးတိုက်ခိုက်မှုများ မြင့်တက်လာမှုများကဲ့သို့ ပြဿနာများအပြင် ပြည်တွင်းရေးကိစ္စများကိုလည်း
    ဆွေးနွေးခဲ့ကြသည်။ အိုဘားမားကမူ မိမိအနေဖြင့် ပြည်သူများနှင့် ဥပဒေစိုးမိုးရေး ၀န်ထမ်းများအကြား ယုံကြည်မှုကို ပိုမိုခိုင်မြဲစေချင်သည်ဟု ပြောကြားခဲ့သည်။

    “သမ္မတက အမုန်းတရားကြောင့်ဖြစ်တဲ့ ရာဇ၀တ်မှုတွေကို တရားစွဲဆိုခြင်းနဲ့ ဥပဒေစိုးမိုးရေးအဖွဲ့တွေကို အရေးယူခြင်းဖြင့် ပြည်သူ့အခွင့်အရေးကို ကာကွယ်ပေးမယ်ဆိုတဲ့ အစိုးရအဖွဲ့ရဲ့ ကတိက၀တ်ကိုလည်း ထပ်မံကတိပြုခဲ့ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

    အမေရိကန်မွတ်စလင်ခေါင်းဆောင်များအနေဖြင့် လူ့အဖွဲ့အစည်းတွင် စေ့စပ်ဆောင်ရွက်ကြရန် အိုဘားမားက တိုက်တွန်းခဲ့ပြီး လာမည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့ အိမ်ဖြူတော်တွင်ပြုလုပ်မည့် အကြမ်းဖက်တိုက်ဖျက်ရေး ထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်၍လည်း ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါထိပ်သီးအစည်းဝေးပွဲတွင် အစွန်းရောက်ဝါဒအား တားဆီးရန် နိုင်ငံတကာနှင့် ပြည်တွင်းတွင် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးမည်ဟု အိမ်ဖြူတော်ကဆိုသည်။

    တရားဝင် စစ်တမ်းကောက်ယူမှုများ မရှိသော်လည်း အမေရိကန် ပြည်ထောင်စုတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူအရေအတွက်မှာ ၆ သန်းမှ ၈ သန်းအထိ ရှိမည်ဟု ခန့်မှန်းရသည်။

    Ref: onislam

  • IS အုပ်စုဝင်တွေမှာ ကုရ်အာန် ကျမ်းစာအုပ်ပင် မရှိဟု ၁၀ လကျော် ဖမ်းခံရပြီး လွတ်လာသူပြော

    IS အုပ်စုဝင်တွေမှာ ကုရ်အာန် ကျမ်းစာအုပ်ပင် မရှိဟု ၁၀ လကျော် ဖမ်းခံရပြီး လွတ်လာသူပြော

    ဖေဖော်ဝါရီ ၅ ၊ ၂၀၁၅
    M-Media ISIS captors cared little about religion, says former hostage

    ဆီးရီးယားတွင် ၁၀ လကျော် အကျဉ်းသားဖြစ်ခဲ့သူ ပြင်သစ်ဂျာနယ်လစ် ဒီဒီယာ ဖရန်ဆွာ Didier François သည် ISIS အုပ်စုဝင်များထံ ကုရ်အာန်ကျမ်းပင် မရှိခြင်းကို တစွန်းတစ သတိပြုလိုက်မိကြောင်း အင်္ဂါနေ့က CNN မှ Christiane Amanpour နှင့်ပြုလုပ်သည့် အင်တာဗျူး တစ်ရပ်တွင် ဖွင့်ချပြောဆိုသွားသည်။

    “ကျမ်းဂန်အချက်အလက်တွေ အကြောင်း ဖလှယ်ပြောကြားခြင်း လုံးဝကို မရှိဘူး၊ ဘာသာရေးဆွေးနွေးချက်ဆိုတာလည်း မရှိဘူး။ နိုင်ငံရေး အကြောင်းတွေကိုသာ ပြောကြားနေခဲ့ကြတယ်။ ကုရ်အာန်ရဲ့ သွန်သင်ချက်ထက် သူတို့ရဲ့ယုံကြည်ချက် အကြောင်းတွေ ပိုပြီးဖုံးလွှမ်းနေတယ်။ အဲ့ဒါတွေကလည်း ကုရ်အာန်နဲ့ လားလားမျှ သက်ဆိုင်နေခြင်း မရှိလို့ဖြစ်ပါတယ်။ သူတို့ဆီမှာ ကုရ်အာန်ကျမ်းပင်လျှင် ရှိမနေရုံမက ကျွန်တော်တို့ကို ကုရ်အာန်ကျမ်း တစ်အုပ်လေးကိုတောင် ပေးလိုစိတ် မရှိကြတာ တွေ့ခဲ့ရပါတယ်”။

    ယမန်နှစ် ဧပြီလ၌ ဖရန်ဆွာ လွတ်မြောက်လာခဲ့သော်လည်း သူ့အဖြစ်ဆိုးကို မဆိုစလောက်မျှသာ ပြောကြားခဲ့၏။ သူသည် ISIS လက်မှ ရှားရှားပါးပါး လွတ်မြောက်လာသူဓားစာခံများအနက် တစ်ဦးဖြစ်သည်။ ထိန်းသိမ်းထားဆဲ ဓားစာခံများတွင် အမေရိကန်အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ယခုရက်သတ္တပတ်အတွင်း NBC News အင်တာဗျူး၌ ထုတ်ဖော်ဝန်ခံခဲ့သည်။ သူမအား နှစ်ကြိမ်ဆုံတွေ့ခဲ့ကြောင်း ဖရန်ဆွာမှ Amanpour သို့ပြောပြသည်။ သို့သော် သူမ၏ လုံခြုံရေးအန္တရာယ်ကြောင့် အသေးစိပ် မပြောလိုခဲ့ချေ။ သူ့အကြောင်းကိုသာ ဖိပြောခဲ့သည်။

    အမျိုးသမီးများမှာ လွတ်လပ်စွာသွားလာခွင့်တော့ ရရှိသည့်တိုင် ISIS ဓားစာခံဖြစ်နေခြင်းကြောင့်တစ်ကြောင်း၊ အမျိုးသမီး ဘ၀ဖြစ်နေခြင်းကြောင့် တစ်ကြောင်း အမြဲတစေ တုန်လှုပ်ခြောက်ခြားနေရကြောင်း၊ ထိုအချက်များကို လိုသည်ထက် ပိုမိုပြီး မစူးစမ်းသင့်ကြောင်း ဟူ၍ ယေဘူယျအားဖြင့် သူက ပြောပြသည်။

    အလွန်အကျွံ ရုပ်လုံးမဖော်ပါနှင့်
    —————————
    ထိန်းသိမ်းခံရစဉ် သူသည် မတွေးဝံ့စရာ ရက်စက်မှုများကို တွေ့မြင်ခဲ့သည်။ သူ့အား အလက်ပိုဆေးရုံ၌ ထိန်းသိမ်းထားစဉ် တစ်လျှောက်လုံး ၎င်းတို့၏ အဓမ္မစည်းမျဉ်းများ မနာခံကြသည့် အီရတ်နှင့်ဆီးရီးယားပြည်သူတို့အပေါ် သူ့အား ချုပ်ကိုင်ထားသူ၏ ရှေ့ဆက်နှိပ်စက် ညှင်းပန်းနေမှုများကို ကြားသိတွေ့မြင်နေခဲ့သည်။

    “ကျွန်တော်တို့ကို အိမ်သာတွေထဲ ခေါ်ဆောင်သွားချိန် စင်္ကြံလမ်းတွေမှာ အဲ့ဒီလူတစ်ချို့ကို  သွေးအိုင်ထဲလဲနေကြတာ တွေ့ကြရတယ်။ တွဲလောင်းချထားတဲ့ ကြိုး၊ သံကြိုးနဲ့ သံချောင်းတွေလည်း မြင်နေရတယ်။ ကျွန်တော်တို့လည်း အရိုက်နှက်ခံရတာပါပဲ။ ဒါပေမယ့် နေ့စဉ်နေ့တိုင်းတော့ မဟုတ်ပါဘူး။ ကျွန်တော် ဆိုလိုချင်တာကတော့ တော်တော် ဒုက္ခခံစားရတာမှန်ပေမယ့် ခင်ဗျားတို့ ဒီ့ထက်ပိုပြီး လွန်လွန်ကျွံကျွံ ရုပ်လုံး မဖော်အပ်ဘူး”။

    “ကျွန်တော်တို့တိုင်းပြည်မှာ ဗုံးထောင်နိုင်ပါတယ်ဆိုတဲ့ တူနီးရှား၊ လစ်ဗျား၊ အီရတ်နဲ့ ဆီးရီးယားဒေသခံတွေက အဲ့ဒီလူတွေလက်ထဲမှာ ရာထောင်ချီပြီး အသတ်ခံနေရတယ်။ တော်တော့်ကို တုန်လှုပ်စရာပါ။ ပြင်းပြင်းထန်ထန် ရိုက်နှက်တတ်ပေမယ့် နေ့တိုင်းတော့ မဟုတ်ဘူး၊ ရံဖန်ရံခါပေါ့။ အဲ့ဒီအကြမ်းဖက်မှုမှာ ဗြိတိန် နိုင်ငံသား တွေက ပိုပြီး လက်သံပြောင်ကြတယ်”။

    ISIS ၏ အနောက်တိုင်း ဂျာနယ်လစ်တို့အပေါ် ရက်ရက်စက်စက်ကွပ်မျက်မှုများကို ကြည့်လျှင် ဂျိဟာဒီဂျွန် “Jihadi John” ဟူသော အမည်ဝှက် တိုက်ခိုက်ရေးသမားတစ်ဦး၏ ပီသပိုင်နိုင်လှသည့် ဗြိတိန် လေယူလေသိမ်းကြောင့် ကမ္ဘာတစ်ဝှန်းမှ သတိပြုမိသွားသည်။ ၎င်းသူသည် အစောင့်အကြပ်များ အနက် တစ်ဦးဖြစ်ကြောင်း ဓားစာခံ ဘ၀ဖြစ်စဉ်က ဖရန်ဆွာ သိလိုက်ရသည်။

    “သူဟာ ပတ်သက်ချင်စရာကောင်းတဲ့လူစား မဟုတ်တာကို ခင်ဗျားတို့ ဗီဒီယိုထဲမှာ ကြည့်ရှုနိုင်ပါတယ်”။

    ဓားစာခံများမှ “The Beatles” ဟု အမည်ပြောင်ပေးထားသည့် ဗြိတိန် ဂျိဟာ့ဒ်သမားများမှာ အကြမ်းဖက်မှု၌ လက်သံ အပြောင်ဆုံးဖြစ်သည်။ ပိုပြီး အစွန်းရောက်ကြသည်။ ထိုဗြိတိန် တို့က ပိုကောင်းသော အစာရေစာ ပေးသော်လည်း ရိုက်နှက်သည့်အခါ ပိုမိုကြမ်းတမ်းသည်။ မြောက်အမေရိက သို့မဟုတ် မဃ်ရစ်ဘ် ရှိ ယခင်ပြင်သစ်ကိုလိုနီနယ်များမှ ဂျိဟာ့ဒ်သမားတို့က ပြင်သစ် သုံ့ပန်းများအပေါ် ဆက်ဆံပုံများနှင့် မတိမ်းမယိမ်းဖြစ်နေသည်ဟု ဖရန်ဆွာက ဆိုသည်။

    “သူတို့ဟာ အမေရိကန်နဲ့ ဗြိတိန်တွေလိုမျိုး ပြင်သစ် သုံ့ပန်းတွေကို အုပ်စုတူထဲမှာပဲ ထားဖို့ အထူးအားသန်ကြတယ်။ ကျွန်တော်တို့ အတွက် စေ့စပ်ညှိနှိုင်းမှု မပြုကြဘူး”။

    ကံထူးခဲ့ကြသူများ
    ——————
    ISIS အီရတ်ပိုင်နက် အများစုအား ရှောင်တခင် မသိမ်းပိုက်မီ ဖရန်ဆွာအား လွှတ်ပေးခဲ့သည်။ ISIS လက်ဝယ်ရှိစဉ် သူနှင့်အတူ သူ၏လုပ်ဖော်ကိုင်ဖက် သုံးဦးအား လွှတ်ပေးလိမ့်မည် ဆိုသည်မှာ သူ့အဖို့ မယုံနိုင်စရာ ဖြစ်နေရသည်။ အထူးသဖြင့် မဟာမိတ်တပ် အတွင်း ပြင်သစ်ပါဝင်ခြင်းနှင့် အီရတ်တွင် ဗုံးကြဲခြင်း ဖြစ်သည်။

    150203111248-aman-dider-francois-par7859057-large-169

    “ကျွန်တော်တို့က ကံထူးခဲ့သူများပါ”။

    သူ ဆီးရီးယားသို့သွားစဉ်က ဂျာနယ်လစ် သို့မဟုတ် NGO ၀န်ထမ်းတစ်ဦး၏အဖမ်းခံရမှုသတင်းဟူ၍ မရရှိခဲ့။ ထို့ကြောင့် အဘယ်မျှ အန္တရာယ်များမည်ကို သိရန် ခဲယဉ်းလှသည်။

    “ကျွန်တော်တို့က အန္တရာယ် အတိုင်းအဆကို မသိခဲ့ကြဘူး။ အဲ့ဒီအချိန်မှာ သဘော မပေါက်ခဲ့ကြဘူးလို့ ဆိုနိုင်ပါတယ်။ အဲ့ဒီတုန်းက ISIS ဟာ Jabhat al-Nusra ထဲမှာပဲ လျှိုနေခဲ့ကြတယ်၊ အလ်ကိုင်းဒါးထဲကနေ ဒီလိုအုပ်စုခွဲထွက်တာမျိုး မလုပ်သေးဘူးလေ”။

    1398011024263

    အမေရိကန်ပြည်ထောင်စု၊ ယူကေတို့နှင့် ခြားနားစွာ ဥရောပနိုင်ငံများစွာက ပြန်ပေးဆွဲခြင်း အတွက် ရွေးငွေပေးလိမ့်မည်ဟု ISIS အပါအ၀င် အကြမ်းဖက် အုပ်စုများ ယုံကြည်နေကြသည်။ ပြင်သစ်ကမူ ဂျာနယ်လစ်များ လွတ်မြောက်ရေး အတွက် ပြန်ပေးဆွဲရွေးငွေပေးရန် တရားဝင်ငြင်းဆို လိုက်ပြီဖြစ်သည်။

    “ဒါဟာ ငွေကြေးပြဿနာ တစ်ခုတည်းကြောင့် လုံးဝ မဖြစ်နိုင်ပါဘူး။ ပေးရမယ့် ငွေကြေးပမာဏနဲ့ စပ်လျဉ်းပြီး မီဒီယာထဲ ခန့်မှန်းနေမှုတွေက ရုပ်ပျက်ဆင်းပျက် ဟာသတွေပါပဲ”။

    ဂျိမ်းစ်ဖိုလေး၏ ခြင်္သေ့နှလုံးသား
    ———————————-
    ဖရန်ဆွာသည် ဂျိမ်းစ်ဖိုလေးနှင့်အတူ ဖမ်းဆီးခံရသည်။ ဂျာနယ်လစ် ဖိုလေးမှာ ISIS ၏ ရက်စက်စွာသတ်ဖြတ်ခြင်း ခံရသူဖြစ်၏။ ယင်းဗီဒီယိုထွက်လာရာ ၎င်းသည် ပထမဆုံး အနိဌာရုံမြင်ကွင်းဖြစ်ခဲ့သည်။

    ဘာများလိုအပ်သနည်းဟု အစောင့်များက မေးမြန်းရာတွင် လူတို့က မလိုအပ်ပါဟု ပြေလည်ရာပြေလည်ကြောင်း အလိုက်အထိုက်သာ ဖြေကြားကြသည်။

    “ဂျိန်းစ်က လက်ဖျားခါလောက်တဲ့ မိတ်ဆွေ တစ်ဦးပါပဲ။ သူက လုံးဝ အလျှော့ပေးအညံ့ခံတာမျိုး လုံးဝမလုပ်ခဲ့ဘူး။ ခြသေ့င်္နှလုံးသား ပိုင်ရှင်ပါပဲ”။

    ဆန့်ကျင်ဖက်အားဖြင့် ဖိုလေးကမူ အသီးအရွက်များဖြင့် အစားအသောက်ကို အစားထိုးပေးနိုင်မလားဟု ပြန်ပြောခဲ့သည်။

    “သူ ဦးမကျိုးတာကို သူတို့က မနှစ်သက်ကြဘူး။ သူက ပိုပြီး ရိုက်နှက်ခံရတာ ဒီလို အံတုနေတဲ့အချက်ကြောင့်ပဲ။ သူက သူ့ပုံဟန်အတိုင်း ဆတ်ဆတ်ကြဲ အာခံရင်ဆိုင်နေခဲ့တယ်”။

    ၎င်းနောက် ဂျာနယ်လစ် ဖိုလေးအား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။ ISIS မှ ရိုက်ကူးလွှင့်တင်သည့် ဗီဒီယို၌ သူ့လည်ပင်းကို ဂျိဟာဒီဂျွန်က ဓားထောက်ထားကြောင်း တွေ့ကြရသည်။

    အမှန်တကယ် ခေါင်းဖြတ်ခြင်းကို ကင်မရာနှင့် ရိုက်ကူးဖော်ပြမှု မရှိသဖြင့် ဂျိဟာဒီဂျွန်သည် ထိုသတ်ဖြတ်မှု၏ လက်သည်အစစ် ဟုတ် မဟုတ် ခန့်မှန်းချက်များ ထွက်လာခဲ့သည်။ လူသတ်ကောင်မှာ ဂျိဟာဒီဂျွန်ပင်ဖြစ်သည်ဟု ယုံကြည်ကြောင်း ဖရန်ဆွာက Amanpour သို့ ပြောကြားသည်။

    ဂိုဏ်းကွဲများကြားက ရုန်းကြွမှု
    ——————————–
    အကျဉ်းသားဟောင်းဖြစ်ခဲ့ဖူးသဖြင့် ဖရန်ဆွာထံ၌ ယင်းလျှို့ဝှက်အဖွဲ့သစ်၏ အတွင်းပိုင်း လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မယုံနိုင်စရာအမြင် တစ်ရပ် ရှိနေသည်။

    “ISIS ထဲ ပူးပေါင်းဝင်ရောက်လာတဲ့ အီရတ်၊ ဆီးရီးယားကလူတွေဟာ သူတို့လူမျိုးတွေထဲက အလွန်အမင်း အယူသည်းအစွဲကြီးလွန်းတဲ့ လူစားတွေ ဖြစ်နေပါတယ်။ တခြားနိုင်ငံများက ၀င်ရောက်လာတဲ့ ဂျိဟာ့ဒ်သမားတွေနဲ့ လက်ရည်တစ်ပြင်တည်းရှိဖို့ ရံဖန်ရံခါ မလွယ်တာလည်း တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ အတွေးအမြင်၊ အကျင့်စရိုက်၊ စည်းစံနစ်တွေ မတူညီကြလို့ပါပဲ။ ဒါကြောင့် တစ်ခါတစ်ခါ သူတို့အကြား တကယ်ကို တင်းမာမှု ဖြစ်ကုန်တယ်”။

    အလ်ကိုင်းဒါးနှင့်မတူညီသည်မှာ ISIS သည် လျှိုဝင်နေသော သပ်တစ်ချောင်း ဖြစ်နေ၏။ အဘူဘကရ် အလ်ဘဂ္ဂ ဒါဒီသည် ဒေသတွင်း ပဋိပက္ခ အတွင်း၌ သူ့အဖွဲ့ကို မွှေနှောက် ရှင်သန်နေစေရန် ထာဝစဉ် အားထုတ်လျက်ရှိ၏။

    “သူဟာ စွန္နီအုပ်စုတွေ၊ အခြေတကျမနေထိုင်ကြတဲ့ ကျေးတောသားတွေကို ရှီအိုက် သို့မဟုတ် ယာဇီဒီ သို့မဟုတ် ခရစ်ယာန်တွေကို တိုက်ခိုက်ကြဖို့ပဲ အမြဲတစေ တွန်းအားပေးနေလေ့ရှိတယ်။ ပြီးတော့ လူ့အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု အပြန်အလှန် ရန်တိုက်နိုင်အောင် ကြိုးစားနေတယ်။ ဒါက သူ့ရဲ့ရပ်တည်နေပုံ၊ သူရဲ့အင်အား စုဆောင်းပုံဖြစ်တယ်။ ဒါကြောင့် ဥရောပဖြစ်စေ ဘယ်ကပဲဖြစ်စေ လာတဲ့ လူငယ်လူရွယ်တွေကို အသုံးချနေတာပေါ့။ ဒါပေမယ့် အဲ့ဒါတွေက သူ့အဖွဲ့ရဲ့အစိပ်အပိုင်းတစ်ခုမျှသာ ဖြစ်ပြီး ဒေသခံစွန္နီအုပ်စုတွေ၊ မျိုးနွယ်စုတွေသာလျှင် သူ့အဖွဲ့ရဲ့အားအကောင်းဆုံး အစိပ်အပိုင်းဖြစ်နေပါတယ်”။

    ထိုထိုသောအုပ်စုများအကြား  ရပ်တည်နိုင်ဖို့ အရေးအကြီးဆုံးမှာ ရှင်သန်ကျန်ရစ်နေခြင်း ဟု ဖရန်ဆွာက မှတ်ချက်ပြုလေသည်။

    xxxxxxxxxxxxxx
    Ref :CNN
    ဘာသာပြန်- မင်းထွဋ်ခေါင်

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၅၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၅၊ ၂၀၁၅
    M-Media

    – ယူကရိန်းအရှေ့ပိုင်း အစိုးရနှင့် ခွဲထွက်ရေးတပ်များ တိုက်ခိုက်နေမှုများအတွက် မိမိတို့အနေဖြင့် အလွန်အမင်းစိုးရိမ်မိပြီး သံတမန်ရေးနှင့် နိုင်ငံရေးနည်းလမ်းတို့ဖြင့် ရေရှည်ခံသော အပစ်ရပ်ရေးကို ချက်ခြင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်က တိုက်တွန်းလိုက်သည်။

    – ယမန်နေ့က ထိုင်ပေမြစ်ထဲသို့ ပျက်ကျခဲ့သည့် လေယာဉ်မှ လေယာဉ်မှူးမှာ လေယာဉ်ပျက်ကျကာနီးအချိန်တွင် မြို့အတွင်းရှိ လူနေတိုက်တာအဆောက်အဦးများကို ရှောင်ရှားနိုင်ခဲ့သည်ဟု ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့ပြီး လူအများအပြားသေဆုံးမည့် အန္တရာယ်ကို ရှောင်ရှားနိုင်အောင် ဆောင်ရွက်ခဲ့သည့် လေယာဉ်မှူးကိုလည်း ချီးကျူးခဲ့သည်။

    – မက္ကဆီကိုမြောက်ပိုင်း အမေရိကန်နယ်စပ်နီးတွင် မက္ကဆီကို စစ်တပ်နှင့် မူးယစ်ဂိုဏ်းတို့ ယမန်နေ့ညပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မူးယစ်ဂိုဏ်ဒသား ၈ ဦးသေဆုံးခဲ့သည်။

    – ဆီးရီးယားနှင့် အီရတ်ရှိ IS အဖွဲ့သို့ ၀င်ရောက်ခဲ့သော တရုတ်လူမျိုး သုံးဦးမှာ ထွက်ပြေးရန် ကြိုးစားခြင်းကြောင့် IS အဖွဲ့က တစ်ဦးအား ပစ်သတ်ခဲ့ကာ ၂ ဦးအားခေါင်းဖြတ်သက်ခဲ့သည်ဟု တရုတ်အခြေစိုက် Global Times သတင်းစာတွင် ဖော်ပြခဲ့သည်။

    – ယနေ့နံနက်ပိုင်းက ၀ါရှင်တန်တွင်ပြုလုပ်ခဲ့သည့် ဘာသာရေးအခမ်းအနားတစ်ခုတွင် အမေရိကန်သမ္မတ ဘာရက်ဘိုဘားမားနှင့် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားတို့မှာ တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ခဲ့ကြသည်။ ၎င်းတို့နှစ်ဦးမှာ စကားပြောဆိုမှု မလုပ်ခဲ့ကြဘဲ တရုတ်နိုင်ငံကမူ ၎င်းတို့နှစ်ဦး၏ မည်သည့် တွေ့ဆုံမှုမျိုးမဆို ဆန့်ကျင်သွားမည်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။

    – ၂၀၁၁ ခုနှစ် တော်လှန်ရေးနောက်ပိုင်း နိုင်ငံအား ပြည်ဝသည့် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရန် ကြိုးပမ်းမှုအဖြစ် တူနီးရှားနိုင်ငံတွင် လောကီဝါဒီ၊ ဘာသာရေးဝါဒီနှင့် ပါတီငယ်များမှ အဖွဲ့ဝင်များ အားလုံးပါဝင်သော ညွှန့်ပေါင်းအစိုးရကို ယနေ့တွင်ဖွဲ့စည်းခဲ့သည်။

    Ref: news agencies

  • ခရစ်ယာန်ဘုရားကျောင်းများအား ဟိန္ဒူအစွန်းရောက်များ၏ တိုက်ခိုက်မှုအတွက် အိန္ဒိယ ခရစ်ယာန်များ  ဆန္ဒပြ

    ခရစ်ယာန်ဘုရားကျောင်းများအား ဟိန္ဒူအစွန်းရောက်များ၏ တိုက်ခိုက်မှုအတွက် အိန္ဒိယ ခရစ်ယာန်များ ဆန္ဒပြ

    ဖေဖော်ဝါရီ ၅၊ ၂၀၁၅
    M-Media

    Demonstrators shout slogans as they hold placards during a protest outside a church in New Delhi

    – ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရပြီးနောက် မိမိတိုလူနည်းစုများကို အစိုးရက ကာကွယ်မှုပေးရန် အိန္ဒိယရှိခရစ်ယာန်များက ဒေလီမြို့တွင် ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ခဲ့ကြသည်ဟု သိရသည်။

    ယနေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြမှုတွင် ခရစ်ယာဘာသာဝင် ရာပေါင်းများစွာ ပါဝင်ခဲ့ပြီး ပါလီမန်အဆောက်အဦးအနီး တည်ရှိသော ဒေလီ၏ အကြီးဆုံး ကက်သလစ်ဘုရားကျောင်းမှ ပြည်ထဲရေ၀န်ကြီး ရာဂ်ျနသ် ဆင်း၏ နေအိမ်သို့ ချီတက်ရန် ကြိုးစားရာမှ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ လူစုဝေးမှုကို တားမြစ်ပိတ်ပင်သည့် အရေးပေါ်ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ရာပေါင်းများစွာသော ခရစ်ယာန်ပြည်သူများ ဘုရားကျောင်းထဲ ရှိနေချိန်တွင် အပြင်မှ ရဲတပ်ဖွဲ့ဝင် ၂၀၀ ခန့်က ပိတ်ဆို့ထားခဲ့ကြသည်။

    `ကျွန်တော်တို့ မေးနေတာက “ရဲတွေဘာလုပ်နေလဲ ဆိုတာပါပဲ´´ အစိုးရက ဘာလုပ်နေလဲ´ ဟု ဂယ်ရီဟု အမည်ရသည့် ဆန္ဒပြ ခရစ်ယာန်တစ်ဦးက ပြောကြားခဲ့ပြီး ခရစ်ယာန်များအနေဖြင့် သင့်တော်သည့် လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းမှုကို လိုချင်သည်ဟု ပြောကြားခဲ့သည်။

    ဒီဇင်ဘာနောက်ပိုင်းအတွင်း ဒေလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ၅ ခုခန့်မှာ မီးရှို့ခံရခြင်း၊ ဖျက်ဆီးခံရခြင်းနှင့် လုယက်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရပြီး ယခုတစ်ပတ် တနင်္လာနေ့က ဒေလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှ အခမ်းအနားနှင့်ဆိုင်သည့် ပစ္စည်းများ အခိုးခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ဒေလီမြို့မြောက်ဘက်ရှိ ကက်သလစ်ဘုရာကျောင်းတစ်ခုမှာ မီးရှို့ခံခဲ့ရသည်။

    ခရစ်ယာန်များက ထိုတိုက်ခိုက်မှုများကို အာဏာရ အမျိုးသားရေးပါတီ BJP မှ ဟိန္ဒူအစွန်းရောက်များက ဆောင်ရွက်ကြသည်ဟု ပြောကြားခဲ့သော်လည်း ရဲတပ်ဖွဲ့မူ သက်သေမရှိသောကြောင့် အရေးမယူနိုင်ဟု ပြောကြားခဲ့သည်။ အတိုက်အခံများကလည်း ခရစ်ယာန်ဘုရားကျောင်းများတိုက်ခိုက်ခံရမှုအတွက် BJP ကို အပြစ်တင်ခဲ့သည်။

    ဟိန္ဒူအစွန်းရောက်များမှာ ခရစ်ယာန်ဘာသာဝင်များအပြင် အစ္စလာမ်ဘာသာဝင်တို့၏ ဗလီဝတ်ကျောင်းတော်များကိုလည်း မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ အိန္ဒိယ၏ သန်းပေါင်း ၁၂၀၀ ကျော်သော လူဦးရေတွင် ခရစ်ယာန်ဘာသာဝင်ဦးရေမှာ ၅ ရာခိုင်နှုန်းခန့်ရှိသည်။

    Ref: reuters, BBC