News @ M-Media

Blog

  • အသစ်ထုတ်တော့မယ့် Raspberry Pi 2 တွင်  Windows 10 သုံးနိုင်မည်။

    အသစ်ထုတ်တော့မယ့် Raspberry Pi 2 တွင် Windows 10 သုံးနိုင်မည်။

    ဖေဖော်ဝါရီ ၅ ၊ ၂၀၁၅
    M-Media
    Windows-10-for-Raspberry-Pi2
    Raspberry Pi ဆိုတာကတော့ hardware ဝါသနာရှင်တွေနဲ့ ပရိုဂရမ်ရေးသူတွေ အဓိကထား သုံးစွဲကြတဲ့ ဈေးနှုန်း သက်သာတဲ့ ကွန်ပြူတာငယ်လေး ဖြစ်ပါတယ်။

    တစ်ကယ်တော့ hard disk အစား SD ကဒ်ကို သုံးထားတဲ့ mother-board အငယ်လေး လို့ ခေါ်ရင်လည်းရပါတယ်။

    လက်ရှိ Raspberry Pi ကတော့ Linux ကိုပဲ အသုံးပြုနိုင်ပေမယ့် အခု အသစ်ထုတ်တော့မယ့် Raspberry Pi 2 မှာတော့ မိုက်ခရိုဆော့ဖ်က အသစ်ထွက်မယ့် Windows 10 နဲ့ အသုံးပြုနိုင်တော့မယ်လို့ ကြေငြာလိုက်ပါတယ်။

    Raspberry Pi 2 မှာ သုံးစွဲထားတဲ့ အစိတ်အပိုင်းတွေကတော့ quad-core ARMv7 processor၊ RAM (1GB)၊ USB 2.0 port ၄ခု၊ တို့ပါဝင်မှာ ဖြစ်ပါတယ်။

    အခုလို Windows 10 သုံးနိုင်တဲ့ Raspberry Pi 2ကို ထုတ်လုပ်နိုင်ဘို့ လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက မိုက်ခရိုဆော့ဖ်က နဲ့ Raspberry Pi Foundation တို့ ဆွေးနွေးထားခဲ့ကြတယ်လို့ဆိုပါတယ်။

    Raspberry Pi 2 ကိုရောင်းချတဲ့အခါမှာ Windows 10ကို တစ်ပါတည်း အခမဲ့ပေးမှာ ဖြစ်ပါတယ်။ ရောင်းချမယ့် ဈေးနှုံးကတော့ $35 ဖြစ်ပါတယ်

    – daythanix တင်ဆက်သည်။

  • ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့သည့် ဘဂ္ဂဒတ်မြို့ ကာဖျူးအမိန့် ရုပ်သိမ်းမည်

    ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့သည့် ဘဂ္ဂဒတ်မြို့ ကာဖျူးအမိန့် ရုပ်သိမ်းမည်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၅
    M-Media

    bgd

    – အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တွင် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်စွာ ထုတ်ထားခဲ့သော ညမထွက်ရ ကာဖျူးအမိန့်အား လာမည့် စနေနေ့မှစ၍ ရုပ်သိမ်းတော့မည်ဟု နိုင်ငံပိုင် သတင်းဌာကန ကြေညာခဲ့သည်။

    ဘဂ္ဂဒတ်စစ်ဆင်ရေးတပ်ဖွဲ့ ဗိုလ်မှူးချုပ် စအာ့ဒ်မန်းကမူ အဆိုပါ ကာဖျူးအား ရုပ်သိမ်းရန် အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။ အလ် အာဘာဒီမှာ အီရတ်စစ်ဆင်ရေးဌာနချုပ်သို့ ယမန်နေ့က သွားရောက်ခဲ့ပြီး လုံခြုံရေးအခြေအနေနှင့် စစ်ဆင်ရေးအခြေအနေများကို အကျဉ်းရုံး နားထောင်ခဲ့ပြီးသည့်နောက် ထိုကဲ့သို့ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

    အမေရိကန်တို့ ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ညဘက်လှုပ်ရှားမှုကို ကန့်သတ်ခြင်းအားဖြင့် အကြမ်းဖက်မှုများကို လျှော့ချရန် ဆောင်ရွက်သော ပေါ်လစီဖြစ်ပြီး ၁၀ စုနှစ်တစ်ခုကြာ ကျင့်သုံးလာခဲ့သည့် ထိုပေါ်လစီကို ရုပ်သိမ်းခြင်းက အဓိက ပြောင်းလဲမှုလည်းဖြစ်သည်။

    ဘဂ္ဂဒတ်တွင် ထုတ်ပြန်ထားသည့် ကာဖျူးအမိန့်မှာ တစ်ဖြည်းဖြည်းဖြင့် လျော့နည်းခဲ့ပြီး လက်ရှိအချိန်တွင် ညသန်းခေါင်ယံမှ နံနက် ၅ နာရီအထိ သတ်မှတ်ထားသည်။

    ဘဂ္ဂဒတ်မြို့မြောက်ဘက်နှင့် အနောက်ဘက်ကို ပြီးခဲ့နှစ် ဇွန်လမှစ၍ IS အဖွဲ့က ၀င်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အီရတ်စစ်တပ်က တွန်းလုန်နိုင်ခဲ့သည်။ အီရတ်မြို့တော်ဖြစ်သည့် ဘဂ္ဂဒတ်တွင် တိုက်ခိုက်ရေးသမားများ၏ ခြိမ်းခြောက်မှုများ မရှိတော့သော်လည်း မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလျက်ရှိနေသည်။

    Ref: aljazeera

  • ရီးယဲလ်တိုက်စစ်မှူး ဂျိမ်းစ်ရော်ဒရီဂက်စ် ဒဏ်ရာကြောင့် ၂ လ ခန့်နားရမည်

    ရီးယဲလ်တိုက်စစ်မှူး ဂျိမ်းစ်ရော်ဒရီဂက်စ် ဒဏ်ရာကြောင့် ၂ လ ခန့်နားရမည်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၅
    M-Media

    james

    – အသင်း၏ အားထားရသည့် တိုက်စစ်မှူး ဂျိမ်းစ်ရော်ဒရီဂက်စ်မှာ ခြေထောက်အရိုးကျိုးသွားခဲ့သည်ဟု ရီးယဲလ်မက်ဒရစ်အသင်းက အတည်ပြုခဲ့ပြီး နောက်ခံလူ ဆာဂျီယိုရာမို့စ်မှာလည်း ဒဏ်ရာရှိခဲ့သည်ဟု ဆိုသည်။

    ယမန်နေ့က ဆီးဗီးလားအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော လာလီဂါပွဲစဉ်တွင် ရော်ဒရီဂက်စ်မှာ ပထမပိုင်းတွင်ပင် ညာဘက်ခြေထောက်၌ ဒဏ်ရာရရှိခဲ့သောကြောင့် လူစားလဲခဲ့ရသည်။ ထို့နောက် ဆေရုံ၌ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ခြေသန်းအရိုးကျိုးသွားခဲ့သည်ကို တွေ့ရှိခဲ့ရသောကြောင့် ၂ လခန့် အနားယူရမည်ဖြစ်သည်။

    နောက်ခံလူ ရာမို့စ်မှာလည်း ပွဲပြီကာနီး ၇ မိနစ်တွင် ခြေသလုံးဒဏ်ရာကြောင့် လူစားလဲခဲ့ရသည်။ ရော်ဒရီဂက်စ်မှာ အကောင်းဆုံးခြေစွမ်းပြနေသူဖြစ်ပြီး ပွဲပယ်ခံထားရသည့် တိုက်စစ်မှူး ရော်နယ်ဒို မပါဝင်နိုင်သော ၂ ပွဲတွင် ၎င်းကပင် ပင်တိုင် ဂိုးသွင်းပေးခဲ့သည်။

    ရီးယဲလ်၏ လာမည့်လာလီဂါပွဲစဉ်တွင် မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်နှင့် ကစားရမည်ဖြစ်ပြီး နောက်ခံလူ ပီပီဒဏ်ရာရနေသည့် နောက်တန်းတွင် ရာမို့စ်လည်း ထပ်မံနားရမည်ဖြစ်သောကြောင့် လက်ရှိ နောက်တန်းတွင် ကြံ့ခိုင်မှုပြည့်ဝသည့် နောက်ခံအလယ်လူမှာ ၂ ဦးသာ ရှိတော့သည်။

    Ref: goal.com

  • Thaipusam နေ့ကို ဘာသာရေး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စင်ကာပူရှိ ဟိန္ဒူများ တောင်းဆို

    Thaipusam နေ့ကို ဘာသာရေး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စင်ကာပူရှိ ဟိန္ဒူများ တောင်းဆို

    ဖေဖော်ဝါရီ ၅၊ ၂၀၁၅
    M-Media

    sgp

    – ဟိန္ဒူတို့၏ ဘာသာရေးပွဲတော်ဖြစ်သည့် Thaipusam နေ့အား အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စင်ကာပူရှိ ဟိန္ဒူအမျိုးသမီးတစ်ဦးက အသနားခံစာရေး၍ တောင်းဆိုလိုက်သည်ဟု သိရသည်။

    ဆန်ဂီသာ သာနာပါလ်ဆိုသူ အမျိုးသမီးက အဆိုပါအသနားခံစာကို ယမန်နေ့က ရေးသားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဆိုရှယ်စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။ စင်ကာပူ ပါလီမန်ရှိ အသနားခံစာ စီစစ်ရေးကော်မတီ ဥက္ကဌ ဟာလီမာယာကွဘ်ထံ လိပ်မူထားသည့် ထိုစာတွင် ၎င်းက စင်ကာပူ၌ တရုတ်နှစ်ကူး၊ မွတ်စလင်တို့၏ အီဒ်းနေ့များ၊ အိန္ဒိယ လူမျိုးတို့၏ ဒေပါဝါလီနှင့် ၀ီဆက်ပွဲတော် (ကဆုန်ညောင်ရေသွန်းပွဲတော်) စသည်တို့အတွက် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားသော်လည်း ဟိန္ဒူတို့၏ Thaipusam ပွဲတော်အတွက် ပိတ်ရက်ကို သတ်မှတ်ထားခြင်း မရှိဟု ထောက်ပြခဲ့သည်။

    ထို့ပြင် ၀ီဆက်နေ့မှာ ဗုဒ္ဓဘာသာဝင်များ၏ ပွဲတော်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာမှာ အိန္ဒိယ၌ပေါ်ထွန်းခဲ့သော်လည်း အများစုမှာ အရှေ့အာရှ၌ရှိကြောင်း၊ စင်ကာပူတွင်လည်း ဗုဒ္ဓဘာသာဝင် အများစုမှာ တရုတ်လူမျိုးများဖြစ်ပြီး အိန္ဒိယလူမျိုး ဗုဒ္ဓဘာသာဝင်မှာ မရှိသလောက်ဖြစ်သောကြောင့် ၀ီဆက်နေ့ကို အိန္ဒိယ လူမျိုးတို့၏ ပိတ်ရက်အဖြစ် အဘယ့်ကြောင့် ထည့်သွင်းထား သနည်းဟု မေးခွန်းထုတ်ခဲ့သည်။

    ထို့နောက် စင်ကာပူရှိ လူမျိုး အားလုံးအား တန်းတူညီမျှဖြစ်စေရန် အတွက် Thaipusam နေ့ကို ၂၀၁၆ ခုနှစ်မှစ၍ အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးသင့်သည်ဟုဆိုပြီး ထိုအသနားခံစာကိုလည်း လက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့ကာ လက်မှတ်ရေးထိုးထားသည့် ထိုစာအား စင်ကာပူ ပါလီမန်ရှိ ပြည့်သူ အသနားခံစာ စီစစ်ရေးကော်မတီသို့ ပို့ဆောင်သွားမည်ဟု ထည့်သွင်းရေးသားခဲ့သည်။

    Thaipusam ပွဲတော်မှာ ဟိန္ဒူဘာသာဝင်တို့၏ ဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး ယခုနှစ်တွင် ဖော်ဖော်ဝါရီ ၃ ရက်နေ့၌ ကျရောက်ခဲ့သည်။ ဆန်ဂီသာ သာနာပါလ်၏ ထိုအသနားခံစာ လွှင့်တင်ပြီး ၂၁ နာရီအကြာတွင်ပင် ထောက်ခံသူဦးရေမှာ ၇ ထောင်ကျော်ရှိခဲ့သည်။

    Ref :change.org

  • လေယာဉ်များ မိနစ်တိုင်း အချက်ပြသည့်စနစ်ကို လာမည့်နှစ်တွင်  အသုံးပြုမည်

    လေယာဉ်များ မိနစ်တိုင်း အချက်ပြသည့်စနစ်ကို လာမည့်နှစ်တွင် အသုံးပြုမည်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၅
    M-Media

    fly

    – ခရီးသည်တင်လေယာဉ်များအားလုံး အရေးပေါ်အခြေအနေနှင့် ကြုံတွေ့ရသည့်အခါ မိနစ်တိုင်းတွင် အချက်ပြမှုများ ပြုလုပ်ပေးမည့် စနစ်တစ်ခု တပ်ဆင်ရန် အစီအစဉ်ကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ အရပ်ဘက်လေကြောင်းအဖွဲ့ ICAO ၏ အစည်းအဝေးတွင် အားပေးထောက်ခံမှုများ ရရှိခဲ့သည်ဟု သိသည်။

    နိုင်ငံတကာ အရပ်ဘက်လေကြောင်းအဖွဲ့၏ အဖွဲ့ဝင် ၁၉၁ နိုင်ငံတွင် အများစုက ထိုအစီအစဉ်ကို အမြန်ဆုံး အကောင်ထည်ဖော်ရန် ဆန္ဒရှိကြပြီး လာမည့်နှစ်အတွင်း ဆောင်ရွက်နိုင်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် မတ်လက ကွာလာလမ်ပူမှ ဘေဂျင်းသို့ပျံသန်းသည့် မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် MH 370 ပျောက်ဆုံးသွားပြီးနောက်ပိုင်း ထိုအစီအစဉ်ကို စတင်ရန် နိုင်ငံတကာမှ တိုက်တွန်းခဲ့ကြခြင်းဖြစ်သည်။

    ထိုအစီအစဉ်အတွက် လေကြောင်းလိုင်းများမှာ ခြေရာခံစနစ်တစ်ခုကို တပ်ဆင်ရမည်ဖြစ်ပြီး အဆိုပါစနစ်မှာ လေယာဉ် မည်သည့်နေရာ ရောက်နေသည်ဆိုသည်ကို သာမန်အချိန်တွင် ၁၅ မိနစ်တစ်ခါ အချက်ပြသွားမည်ဖြစ်ပြီး အရေးပေါ်အခြေအနေနှင့် ကြုံတွေ့ရသည့်အခါ၌ မိနစ်တိုင်းတွင် အချက်ပြမည်ဖြစ်သည်။

    ICAO ကမူ ထိုအဆိုပြုချက်ကို လာမည့် နိုဝင်ဘာတွင် လက်မှတ်ရေးထိုးသွားရန် မျှော်လင့်ထားပြီး ၂၀၁၆ ခုနှစ်မှစ၍ လေကြောင်းလိုင်းများမှာ ထိုစနစ်ကို မတပ်မနေရအဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။ တာဝန်ရှိသူများကမူ ထိုအစီအစဉ်က လေကြောင်းလိုင်းများ လုံခြုံရေးနှင့်ပတ်သက်၍ လက်ရှိကြုံတွေ့နေရသည့် စိုးရိမ်ပူပန်မှုများကို အလျင်မြန်ဆုံးနှင့် အလွယ်ကူဆုံး ဖြေရှင်းခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

    Ref: channelnewsasia