News @ M-Media

Blog

  • ရီးယဲလ်တိုက်စစ်မှူး ဂျိမ်းစ်ရော်ဒရီဂက်စ် ဒဏ်ရာကြောင့် ၂ လ ခန့်နားရမည်

    ရီးယဲလ်တိုက်စစ်မှူး ဂျိမ်းစ်ရော်ဒရီဂက်စ် ဒဏ်ရာကြောင့် ၂ လ ခန့်နားရမည်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၅
    M-Media

    james

    – အသင်း၏ အားထားရသည့် တိုက်စစ်မှူး ဂျိမ်းစ်ရော်ဒရီဂက်စ်မှာ ခြေထောက်အရိုးကျိုးသွားခဲ့သည်ဟု ရီးယဲလ်မက်ဒရစ်အသင်းက အတည်ပြုခဲ့ပြီး နောက်ခံလူ ဆာဂျီယိုရာမို့စ်မှာလည်း ဒဏ်ရာရှိခဲ့သည်ဟု ဆိုသည်။

    ယမန်နေ့က ဆီးဗီးလားအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော လာလီဂါပွဲစဉ်တွင် ရော်ဒရီဂက်စ်မှာ ပထမပိုင်းတွင်ပင် ညာဘက်ခြေထောက်၌ ဒဏ်ရာရရှိခဲ့သောကြောင့် လူစားလဲခဲ့ရသည်။ ထို့နောက် ဆေရုံ၌ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ခြေသန်းအရိုးကျိုးသွားခဲ့သည်ကို တွေ့ရှိခဲ့ရသောကြောင့် ၂ လခန့် အနားယူရမည်ဖြစ်သည်။

    နောက်ခံလူ ရာမို့စ်မှာလည်း ပွဲပြီကာနီး ၇ မိနစ်တွင် ခြေသလုံးဒဏ်ရာကြောင့် လူစားလဲခဲ့ရသည်။ ရော်ဒရီဂက်စ်မှာ အကောင်းဆုံးခြေစွမ်းပြနေသူဖြစ်ပြီး ပွဲပယ်ခံထားရသည့် တိုက်စစ်မှူး ရော်နယ်ဒို မပါဝင်နိုင်သော ၂ ပွဲတွင် ၎င်းကပင် ပင်တိုင် ဂိုးသွင်းပေးခဲ့သည်။

    ရီးယဲလ်၏ လာမည့်လာလီဂါပွဲစဉ်တွင် မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်နှင့် ကစားရမည်ဖြစ်ပြီး နောက်ခံလူ ပီပီဒဏ်ရာရနေသည့် နောက်တန်းတွင် ရာမို့စ်လည်း ထပ်မံနားရမည်ဖြစ်သောကြောင့် လက်ရှိ နောက်တန်းတွင် ကြံ့ခိုင်မှုပြည့်ဝသည့် နောက်ခံအလယ်လူမှာ ၂ ဦးသာ ရှိတော့သည်။

    Ref: goal.com

  • Thaipusam နေ့ကို ဘာသာရေး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စင်ကာပူရှိ ဟိန္ဒူများ တောင်းဆို

    Thaipusam နေ့ကို ဘာသာရေး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စင်ကာပူရှိ ဟိန္ဒူများ တောင်းဆို

    ဖေဖော်ဝါရီ ၅၊ ၂၀၁၅
    M-Media

    sgp

    – ဟိန္ဒူတို့၏ ဘာသာရေးပွဲတော်ဖြစ်သည့် Thaipusam နေ့အား အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စင်ကာပူရှိ ဟိန္ဒူအမျိုးသမီးတစ်ဦးက အသနားခံစာရေး၍ တောင်းဆိုလိုက်သည်ဟု သိရသည်။

    ဆန်ဂီသာ သာနာပါလ်ဆိုသူ အမျိုးသမီးက အဆိုပါအသနားခံစာကို ယမန်နေ့က ရေးသားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဆိုရှယ်စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။ စင်ကာပူ ပါလီမန်ရှိ အသနားခံစာ စီစစ်ရေးကော်မတီ ဥက္ကဌ ဟာလီမာယာကွဘ်ထံ လိပ်မူထားသည့် ထိုစာတွင် ၎င်းက စင်ကာပူ၌ တရုတ်နှစ်ကူး၊ မွတ်စလင်တို့၏ အီဒ်းနေ့များ၊ အိန္ဒိယ လူမျိုးတို့၏ ဒေပါဝါလီနှင့် ၀ီဆက်ပွဲတော် (ကဆုန်ညောင်ရေသွန်းပွဲတော်) စသည်တို့အတွက် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားသော်လည်း ဟိန္ဒူတို့၏ Thaipusam ပွဲတော်အတွက် ပိတ်ရက်ကို သတ်မှတ်ထားခြင်း မရှိဟု ထောက်ပြခဲ့သည်။

    ထို့ပြင် ၀ီဆက်နေ့မှာ ဗုဒ္ဓဘာသာဝင်များ၏ ပွဲတော်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာမှာ အိန္ဒိယ၌ပေါ်ထွန်းခဲ့သော်လည်း အများစုမှာ အရှေ့အာရှ၌ရှိကြောင်း၊ စင်ကာပူတွင်လည်း ဗုဒ္ဓဘာသာဝင် အများစုမှာ တရုတ်လူမျိုးများဖြစ်ပြီး အိန္ဒိယလူမျိုး ဗုဒ္ဓဘာသာဝင်မှာ မရှိသလောက်ဖြစ်သောကြောင့် ၀ီဆက်နေ့ကို အိန္ဒိယ လူမျိုးတို့၏ ပိတ်ရက်အဖြစ် အဘယ့်ကြောင့် ထည့်သွင်းထား သနည်းဟု မေးခွန်းထုတ်ခဲ့သည်။

    ထို့နောက် စင်ကာပူရှိ လူမျိုး အားလုံးအား တန်းတူညီမျှဖြစ်စေရန် အတွက် Thaipusam နေ့ကို ၂၀၁၆ ခုနှစ်မှစ၍ အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးသင့်သည်ဟုဆိုပြီး ထိုအသနားခံစာကိုလည်း လက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့ကာ လက်မှတ်ရေးထိုးထားသည့် ထိုစာအား စင်ကာပူ ပါလီမန်ရှိ ပြည့်သူ အသနားခံစာ စီစစ်ရေးကော်မတီသို့ ပို့ဆောင်သွားမည်ဟု ထည့်သွင်းရေးသားခဲ့သည်။

    Thaipusam ပွဲတော်မှာ ဟိန္ဒူဘာသာဝင်တို့၏ ဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး ယခုနှစ်တွင် ဖော်ဖော်ဝါရီ ၃ ရက်နေ့၌ ကျရောက်ခဲ့သည်။ ဆန်ဂီသာ သာနာပါလ်၏ ထိုအသနားခံစာ လွှင့်တင်ပြီး ၂၁ နာရီအကြာတွင်ပင် ထောက်ခံသူဦးရေမှာ ၇ ထောင်ကျော်ရှိခဲ့သည်။

    Ref :change.org

  • လေယာဉ်များ မိနစ်တိုင်း အချက်ပြသည့်စနစ်ကို လာမည့်နှစ်တွင်  အသုံးပြုမည်

    လေယာဉ်များ မိနစ်တိုင်း အချက်ပြသည့်စနစ်ကို လာမည့်နှစ်တွင် အသုံးပြုမည်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၅
    M-Media

    fly

    – ခရီးသည်တင်လေယာဉ်များအားလုံး အရေးပေါ်အခြေအနေနှင့် ကြုံတွေ့ရသည့်အခါ မိနစ်တိုင်းတွင် အချက်ပြမှုများ ပြုလုပ်ပေးမည့် စနစ်တစ်ခု တပ်ဆင်ရန် အစီအစဉ်ကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ အရပ်ဘက်လေကြောင်းအဖွဲ့ ICAO ၏ အစည်းအဝေးတွင် အားပေးထောက်ခံမှုများ ရရှိခဲ့သည်ဟု သိသည်။

    နိုင်ငံတကာ အရပ်ဘက်လေကြောင်းအဖွဲ့၏ အဖွဲ့ဝင် ၁၉၁ နိုင်ငံတွင် အများစုက ထိုအစီအစဉ်ကို အမြန်ဆုံး အကောင်ထည်ဖော်ရန် ဆန္ဒရှိကြပြီး လာမည့်နှစ်အတွင်း ဆောင်ရွက်နိုင်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် မတ်လက ကွာလာလမ်ပူမှ ဘေဂျင်းသို့ပျံသန်းသည့် မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် MH 370 ပျောက်ဆုံးသွားပြီးနောက်ပိုင်း ထိုအစီအစဉ်ကို စတင်ရန် နိုင်ငံတကာမှ တိုက်တွန်းခဲ့ကြခြင်းဖြစ်သည်။

    ထိုအစီအစဉ်အတွက် လေကြောင်းလိုင်းများမှာ ခြေရာခံစနစ်တစ်ခုကို တပ်ဆင်ရမည်ဖြစ်ပြီး အဆိုပါစနစ်မှာ လေယာဉ် မည်သည့်နေရာ ရောက်နေသည်ဆိုသည်ကို သာမန်အချိန်တွင် ၁၅ မိနစ်တစ်ခါ အချက်ပြသွားမည်ဖြစ်ပြီး အရေးပေါ်အခြေအနေနှင့် ကြုံတွေ့ရသည့်အခါ၌ မိနစ်တိုင်းတွင် အချက်ပြမည်ဖြစ်သည်။

    ICAO ကမူ ထိုအဆိုပြုချက်ကို လာမည့် နိုဝင်ဘာတွင် လက်မှတ်ရေးထိုးသွားရန် မျှော်လင့်ထားပြီး ၂၀၁၆ ခုနှစ်မှစ၍ လေကြောင်းလိုင်းများမှာ ထိုစနစ်ကို မတပ်မနေရအဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။ တာဝန်ရှိသူများကမူ ထိုအစီအစဉ်က လေကြောင်းလိုင်းများ လုံခြုံရေးနှင့်ပတ်သက်၍ လက်ရှိကြုံတွေ့နေရသည့် စိုးရိမ်ပူပန်မှုများကို အလျင်မြန်ဆုံးနှင့် အလွယ်ကူဆုံး ဖြေရှင်းခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

    Ref: channelnewsasia

  • ဂျော်ဒန် လေယာဉ်မှူး မီးရှို့ခံရတဲ့ ဗီဒီယိုကို အနောက် မီဒီယာတွေက ရိုက်ကူးပေးတာလား?

    ဂျော်ဒန် လေယာဉ်မှူး မီးရှို့ခံရတဲ့ ဗီဒီယိုကို အနောက် မီဒီယာတွေက ရိုက်ကူးပေးတာလား?

    ဖေဖော်ဝါရီ ၅ ၊ ၂၀၁၅
    M-Media
    0012163585
    – ဖမ်ထားတဲ့ ဂျော်ဒန်တိုက်လေယာဉ်မှူးကို လှောင်အိမ်ထဲထည့်ကာ မီးရှို့ပုံသတ်ဖြတ်ပုံကို ပြသထားတဲ့ IS ရဲ့ နောက်ဆုံး ဗီဒီယိုဟာ အနောက်နိုင်ငံက သတင်းမီဒီယာတွေ ထုတ်လုပ်ကြတဲ့ ဗီဒီယိုအရည်အသွေးနဲ့တောင် နှိုင်းယှဉ်လို့ရတယ်လို့ အမေရိကန် ပညာရှင် ပရော်ဖက်ဆာ ဂျိမ်းစ် ဟင်နရီ ဖတ်ဇာက ပြောလိုက်ပါတယ်။

    `IS အကြမ်းဖက်သမားတွေရဲ့လက်ထဲမှာ ဂျော်ဒန်လေယာဉ်မှူး စတေးခံလိုက်ရပြီးတဲ့နောက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားနဲ့ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ တို့ မကြာသေးခင်က တွေ့ဆုံခဲ့တာကို သတိနဲ့ သေချာစွာ စစ်ဆေးဖို့လိုပါတယ်´ လို့ ဂျိမ်းစ်က ပြောပါတယ်။

    အသက် ၂၆ နှစ်အရွယ် ဂျော်ဒန်လေယာဉ်မှူး မိုအဇ် အလ်-ကက်စ်အက်စ်ဘာဟ်ကို အကြမ်းဖက်သမားတွေက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဗီဒီယိုကို IS က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အင်္ဂါနေ့မှာ အိုဘားမားက အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ နဲ့တွေ့ဖို့ အဆောတလျင် စီစဉ်ခဲ့ပါတယ်။

    `IS ဟာ ခေါင်းဖြတ်တဲ့ ဗီဒီယိုတော်တော်များများကို ထုတ်လုပ်ခဲ့ပြီး အဲဒီဗီယိုတွေမှာ သွေးထွက်နည်းတာကို ထင်ထင်ရှားရှားတွေ့ရတာ မျိုးတွေ ရှိပါတယ်။ ဒါပေမယ့် လေယာဉ်မှူးဟာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်နဲ့ စတေးခံရတဲ့ပုံပေါ်တဲ့ လတ်တလော ထုတ်ခဲ့တဲ့ (မိနစ် ၃၀ နီးပါးကြာသည့်) ဒီဗီဒီယိုရဲ့ အရည်အသွေးဟာ အနောက်နိုင်ငံက မီဒီယာတွေထုပ်လုပ်နိုင်တဲ့ အကောင်းဆုံးအရည်အသွေးနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ ဒီဗီဒီယိုကို ထုတ်လုပ်ဖို့အတွက် တော်တော်အကုန်အကျများမှာပါ´ လို့ ဂျိမ်းစ်က ဆိုပါတယ်။

    ဆီးရီးယားအစိုးရကို ဖြုတ်ချဖို့ စီအိုင်အေက ဂျော်ဒန်မှာ ၂၀၁၂ ခုနှစ်အတွင်း လေ့ကျင့်ပေးခဲ့တဲ့ IS အကြမ်းဖက်သမားတွေဟာ အခုအချိန်မှာတော့ အီရတ်နဲ့ ဆီးရီးယားက နယ်မြေတွေကို ထိန်းချုပ်ထားပါတယ်။ ပြီးတော့ သူတို့ ထိန်းချုပ်ထားတဲ့ဒေသတွေမှာ လူသားထုအပေါ် စစ်ရာဇ၀တ်မှုတွေလည်း ကျူးလွန်ခဲ့ကြပါတယ်။

    သူတို့ဟာ ရှီအာမွတ်စလင်၊ ဆွန်နီမွတ်စလင်၊ ကာဒ့်နဲ့ ခရစ်ယာန်တွေအပါအ၀င် လူ့အဖွဲ့အစည်းအားလုံးက ပြည်သူတွေကို လူမြင်ကွင်းမှာ ခေါင်းဖြတ်သတ်ပြတာ၊ ကားစင်တင်ပြတာတွေလို စက်ဆုပ်ဖွယ်ကောင်းတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြပါတယ်။

    `IS အဖွဲ့ဟာ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ ဖန်းတီးမှု ဖြစ်ပုံရပြီး အမေရိကန်၊ အစ္စရေးနဲ့ ဆော်ဒီတို့က ထောက်ပံ့နေပုံရပါတယ်´ လို့ ဖတ်ဇာက ဆိုပါတယ်။ ဂျွန်မက်ကိန်းဟာ ဆီးနိတ် လက်နက်ကော်မတီ အကြီးအကဲတစ်ဦးပါပဲ။

    ဒါတင်မကသေးဘဲ အဲဒီလေယာဉ်မှူး အသတ်ခံရခြင်းဟာ အမေရိကန်ပြည်သူတွေအပေါ် ကြောက်ရွံ့မှုတွေတိုးလာစေပြီး အရှေ့အလယ်ပိုင်းမှာ အမေရိကန်စစ်တပ်တို ပိုမိုချထားဖို့အတွက် သူတိုတွေ ထောက်ခံကြမယ်ဆိုတာ သံသယရှိစရာမလိုဘူးလို့လည်း သူက ဆိုပါတယ်။

    `IS အဖွဲ့ကို အမေရိကန် ဗိုလ်ချုပ် ၂ ဦးက အကြံပေးနေပြီး အမေရိကန် C-130 ကုန်တင်လေယာဉ်နဲ့ အစားသောက်တွေ၊ လက်နက်ခဲယမ်းတွေ ထောက်ပံ့နေပါတယ်။ ကျွန်တော်တို့နဲ့ မဆိုင်တဲ့ဒေသမှာ အမေရိကန်က ဆက်လက်ပါဝင်နေသမျှတော့ ရက်စက်ကြမ်းကြုတ်မှုတွေ ပိုဖြစ်လာအုံးမှာပါပဲ။ ပြီးတော့  ဇီယွန်ဝါဒီတွေက သူတို့ရဲ့ လွှမ်းမိုးဖို့အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နေဦးမှာပါ´ လို့ ဖတ်ဇာက နိဂုံးချုပ်ခဲ့ပါတယ်။

    တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့မှတ်တမ်းတွေအရ အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း IS အကြမ်းဖက်အုပ်စုကို တိုက်ဖို့ ရန်ပုံငွေ ကန်ဒေါ်လာ ၈.၈ ဘီလီယံ တောင်းထားတယ် ဆိုတာ တွေ့ရပါတယ်။

    ဒီရန်ပုံငွေဟာ နိုင်ငံရပ်ခြားစစ်ပွဲတွေမှာ သုံးစွဲဖို့ အိမ်ဖြူတော်က တောင်းဆိုထားတဲ့ ဘက်ဂျက် ကန်ဒေါ်လာ ၅၈ ဘီလီယံရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

    ref: presstv

  • တိုင်းပြည်ကို မိမိ ဦးဆောင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

    တိုင်းပြည်ကို မိမိ ဦးဆောင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

    ဖေဖော်ဝါရီ ၅ ၊ ၂၀၁၅
    M-Media
    25d0e7f9-6fad-4dc1-8091-709c6eb03ebb.img
    – ယခုနှစ်အတွင်း အဓိကကျသည့် ရွေးကောက်ပွဲရှိနေပြီး အာဏာရှင်စနစ်မှ ကူးပြောင်းလာခဲ့သည့် ဒီမိုကရေစီစနစ်မှာ အတုအယောင် ဒီမိုကရေစီဖြစ်လာသည်ဟု စိုးရိမ်မှုများရှိနေသော်လည်း မြန်မာနိုင်ငံအား ဦးဆောင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က အခိုင်အမာပြောကြားခဲ့သည်။

    လက်ရှိအာဏာရနေသော ဗိုလ်ချုပ်ဟောင်းများ၏ အာဏာကို တားဆီးရန်နှင့် ရာစုနှစ်တစ်ဝက်နီးပါး ကြာမြင်ခဲ့သည့် စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်ပြီးနောက် ပေါ်ထွက်လာသော ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သူမ၏ သမ္မတဖြစ်ခွင့်အား ပိတ်ပင်ထားသည့် အပိုဒ်ကို ဖြုတ်ပစ်ရန်အတွက် ဆောင်ရွက်သွားမည်ဟု မြန်မာ့ အတိုက်အခံခေါင်းဆောင် သူမက ဆိုသည်။

    အမြဲတမ်းပင် တွေ့ဆုံဆွေးနွေးရေး စကားများကိုသာ ပြောဆိုလေ့ရှိသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၏ ထိုမှတ်ချက်များက နိုင်ငံရေးအရှုပ်အထွေးနှင့် ပဋိပက္ခများရှိနေသည့် မြန်မာနိုင်ငံအတွင်း စိုးရိမ်စရာကောင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အာဏာခွဲဝေမှုပြဿနာများကို မီးမောင်းထိုးပြနေသည်။

    `သိပ်အန္တရာယ်ကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်မှန်တဲ့ ဒီမိုကရေစီမဟုတ်လို့ပါ။ ဒါပေမယ့် စစ်မှန်တဲ့ဒီမိုကရေစီလို့ ယုံကြည်နေကြတဲ့သူတွေနဲ့၊ စစ်မှန်တဲ့ ဒီမိုကရေစီလိုမျိုး ဟန်ဆောင်နေကြတဲ့ သူတွေလည်း အများကြီးရှိပါတယ်´ ဟု နေပြည်တော် ပါလီမန်အဆောက်အဦးရှိ သူမ၏ ရုံးခန်၌ ပြုလုပ်ခဲ့သော အင်တာဗျူး၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်၏ သားများမှာ မြန်မာနိုင်ငံသား မဟုတ်သောကြောင့် မိခင်ဖြစ်သူ သူမနေဖြင့် သမ္မတဖြစ်ခွင့် မရှိဟု ဆိုလိုသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ စည်းမျဉ်းအား သူမက ပြင်နိုင်မည်ဆိုခြင်းနှင့် ပတ်သက်၍ သံသယများ ရှိနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ စွန်လွှတ်မည်မဟုတ်ဟု ဆိုသည်။ အခြေခံဥပဒေအား ပြင်ဆင်ခြင်းမှာ လွှတ်တော်တွင် အသက်ဝင်နေသည့် ကိစ္စဖြစ်သည်ဟု သူမကထောက်ပြသည်။ ထိုပြင်ဆင်မှုတွင် သူမအား သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် အပိုဒ်ကိုဖြုတ်ရန်၊ စစ်တပ်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူထားခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှုအား တားမြစ်ပိတ်ပင်နိုင်သည့် အာဏာ စသည်တို့ကို ပယ်ဖျက်ရန်တို့ ပါဝင်သည်။

    `အခြေခံဥပဒေဟာ ပြောင်းသွားမယ်လို့ ကျွန်မ သေချာပြောရဲပါတယ်။ ဘယ်တော့လဲဆိုတာကို ပြောလို့ မရပါပေမယ့် ဒီလိုမျိုး စာပိုဒ်တွေက တစ်သက်လုံးရှိနေမှာ မဟုတ်ပါဘူး´ ဟု အသက် ၇၀ အရွယ်ရှိပြီဖြစ်သည့် သူမက ဆိုသည်။

    ၁၈၈၅ ခုနှစ် အင်္ဂလိပ်က သီပေါဘုရင်ကို ဖြုတ်ချပြီးနောက်ပိုင်း နှစ်ပေါင်း ၁၃၀ လုံးလုံး နိုင်ငံအား မည်ကဲ့သို့ အုပ်ချုပ်ရမည်ဆိုခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ရုန်းကန်နေရဆဲပင်ဖြစ်သည်။ ထိုအတောအတွင်း ကိုလိုနီအုပ်ချုပ်ရေး၊ စစ်အာဏာရှင်စနစ်တို့ဖြင့် နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်။ နေအိမ်အကျယ်ချုပ် ၁၅ နှစ်အပါအ၀င် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း နိုင်ငံရေးအခွင့်အရေး အတွက် ဒေါ်အောင်ဆန်းဆုကြည် တစ်ယောက် စစ်ဗိုလ်ချုပ်ကြီးများနှင့် တိုက်ပွဲဝင်ရာတွင် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရနှင့် ပဋိပက္ခများဖြစ်ခဲ့ကြသည့် တိုင်းရင်းသားများအား အာဏာခွဲဝေရေးနှင့် ပတ်သက်သည့် ပြဿနာကိုလည်း စဉ်းစားခဲ့ကြရသည်။ ထို့ပြင် လူများစု ဗမာလူမျိုးများ၏ လွှမ်းမိုးမှုကိုလည်း သတိထားခဲ့ကြရလေသည်။

    စိတ်ဝင်စားသည့် အဖွဲ့ပေါင်းများစွာနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခြင်းအတွက် ယခင်ဗိုလ်ချုပ်ဟောင်းဖြစ်သည့် သမ္မတဦးသိန်းစိန်နှင့် သူ၏ လေးနှစ်သားရှိသော အရပ်သားတစ်ပိုင်း အစိုးရ၏ အစီအစဉ်များမှာ ပရမ်းပတာအခြေအနေဖြစ်စေ၍ ပြုပြင်ပြောင်းလဲမှုကို တမင်ဖျက်ဆီးရန် အားထုတ်မှုကဲ့သို့ ဖြစ်နေသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။ အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်က အားပေးသည့် နိုင်ငံရေးခေါင်းဆောင်များ အကြား ဆွေးနွေးညှိနှိုင်းမှုတွင် ၎င်းတို့၏ အစီအစဉ်မှာ အပေါ်အောက်သွားသည့်စနစ်ထက် ပို၍ ဒီမိုကရက်တစ်ဆန်သည်ဟု ဆိုသည်။

    ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်ကို ဝေဖန်ခဲ့ပြီး ဒေါ်စုအနေဖြင့် တစ်ခါတစ်ရံတွင် စစ်တပ်နှင့်ပတ်သက်၍ အလွန်အမင်း ပွင့်ပွင့်လင်းလင်းပြောတတ်သည်ဟုဆိုသည်။

    `ဒီလိုပြောဆိုမှုမျိုးဟာ အနောက်တိုင်း နိုင်ငံရေးယဉ်ကျေးမှုမှာတော့ အလုပ်ဖြစ်မှာဖြစ်ပေမယ့် မြန်မာ့နိုင်ငံရေး ဓလေ့မှာတော့ သူမ လိုချင်တဲ့ ရလဒ်ကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး´ ဟု ဦးရဲထွဋ်က ဆိုလေ၏။

    တစ်ချိန်က မာမာထန်ထန်တုန့်ပြန်ရန် လိုလားခဲ့သော ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် စစ်ခေါင်းဆောင်များ၏ အတိတ်က မှားယွင်းမှုများအတွက် အနာဂတ်အစိုးရတွင် ပြစ်ဒဏ်ခတ်ခြင်း ပြုလုပ်မည် မဟုတ်ဟုဆိုကာ စစ်တပ်ကို စိတ်အေးစေအောင် ဆောင်ရွက်ခဲ့သည်။

    `ကျွန်မတို့ ရှေ့ဆက်ဖို့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်မတို့ကိုယ်ကျွန်မတို့ တစ်ချိန်လုံး အတိတ်မှာပဲ တစ်ဝဲလည်လည်ဖြစ်နေရမယ်လို့ ကျွန်မ မယူဆပါဘူး။ အတိတ်ဆိုတာ ကျွန်မတို့အတွက် သင်ယူဖို့ဖြစ်ပြီး ကျွန်မတို့ကို တုပ်နှောင်ထားဖို့ မဟုတ်ပါဘူး´

    တရုတ်မှတည်ဆောက်မည့် ရေကာတာစီမံကိန်းများမှအစ မူးယစ်ဆေးဝါး၊ ကျောက်စိမ်း၊ ကျွန်းသစ်စသည်တို့ မှောင်ခိုထွက်နေခြင်းတို့အဆုံး ပြဿနာများဖြင့် စိုးရိမ်မှုများ မြင့်တက်လာချိန်တွင် မြန်မာ့စီးပွားရေး၊ နိုင်ငံခြားရင်းနှီမြှုပ်နှံမှု၊ သဘာဝသယံဇာတများအတွက် လိုင်စင်ချပေးခြင်း စသည်တို့နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပေါ်လစီများကို အသေးစိတ်ပြောပြရန် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့သည်။ သို့ရာတွင် ချစားမှုပြဿနာကို ပထမဆုံး ဖြေရှင်းရမည်ဟု သူမက ထောက်ပြခဲ့သည်။ ထိုအတွက် အစိုးရကိုယ်တိုင်က စတင်ရမည်ဖြစ်ပြီး ထို့နောက် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးကို တည်ဆောက်ရမည်ဟု သူမက ဆိုလေသည်။

    `ဒါဟာ စီးပွားရေးကိစ္စ သက်သက်ချည်းမဟုတ်ပါဘူး။ နိုင်ငံရေးကိစ္စမျိုးဖြစ်ပါတယ်´ ဟု တိုင်းရင်းသား လူနည်းစုများနှင့် သယံဇာတဝေခွဲရေးကို ရည်ညွှန်း၍ သူမက ပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်အတွင်း လွှတ်တော်အမတ်ဖြစ်လာပြီးနောက်ပိုင်း ဝေဖန်မှုများနှင့် ပိုမိုရင်ဆိုင်ခဲ့ရသည်ဆိုသည်ကို သူမက ငြင်းဆန်ခဲ့သော်လည်း သူမ၏ သမ္မတဖြစ်ရေး ရည်မှန်းချက်အတွက် အချို့သောသူများ၏ ဝေဖန်မှုကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ရင်ဆိုင်ခဲ့ရလေသည်။

    လက်ရှိအနေအထားအတွင်း အကျိုးခံစားနေရပြီး ဒေါ်အောင်ဆန်းစုကြည်ကို သံသယရှိသူအချို့က သူမအနေဖြင့် လက်ရှိအာဏာကို လှုပ်ခတ်နိုင်မည်လားဆိုခြင်းနှင့်ပတ်သက်၍ သောကရောက်နေကြသည်။ သူမကို အားပေးထောက်ခံသူတစ်ချို့ကတော့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် သူမ၏ လွှမ်းမိုးမှုမှာ ရွေးချယ်ခွင့်ရှိသော ခေါင်းဆောင်များ ပေါ်ထွက်လာရေးကို ထိန်းထားနိုင်ပြီး စစ်တပ်အား စောစီးစွာ အာဏာလွှဲပြောင်းပေးရေး ဖြစ်နိုင်ချေများကို ပိတ်ဆို့တားဆီးနိုင်လိမ့်မည်ဟု မြင်ကြလေသည်။

    `ဒီအင်တာဗျူးမှာ အံ့သြစရာကောင်းတဲ့အရာကတော့ ကျွန်မဟာ အရင်က ဝေဖန်မခံခဲ့ရဘူးဆိုတဲ့ စကားပါပဲ။ ကျွန်မ ဝေဖန်ခံခဲ့ရပါတယ်။ အနောက်နိုင်ငံကပါအ၀င် လူတော်တော်များများက ကျွန်မဟာ လိုက်လျောညီထွေမှု လုံလုံလောက်လောက်မရှိဘူးလို့ပြောကြပြီး စစ်အစိုးရကိုလည်း ပိုမိုကောင်းမွန်စွာ ဆက်ဆံသင့်တယ်လို့လည်း ဆိုကြပါတယ်။ ပြီးတော့ ကျွန်မသာ ပူးပေါင်းဆောင်ရွက်မှုတွေပိုလုပ်ရန် စစ်တပ်က ကျွန်မကို ပိုမိုကောင်းမွန်စွာ ဆက်ဆံမယ်လို့ ပြောတာမျိုးတွေလည်း ရှိပါတယ်´ ဟု သူမက ထောက်ပြပြောဆိုခဲ့လေသည်။

    ref:Financial Times‎