News @ M-Media

Blog

  • ထိုင်ဝမ်လေယာဉ်တစ်စီး မြစ်ထဲသို့ ပျက်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံး

    ထိုင်ဝမ်လေယာဉ်တစ်စီး မြစ်ထဲသို့ ပျက်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံး

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    tw 2

    – ခရီးသည်နှင့် လေယာဉ်အမှူထမ်းစုစုပေါင်း ၅၈ ဦးတင်ဆောင်သွားခဲ့သည့် ထိုင်ဝမ်လေကြောင်းလိုင်း TransAsia မှ လေယာဉ်တစ်စင်းမှာ ထိုင်ပေမြို့အနီး ကီးလန် မြစ်ထဲသို့ ယနေ့နံနက်ပိုင်းက ပျက်ကျခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ထိုင်ဝမ် ပြည်တွင်းခရီးစဉ်ကို ပျံသန်းသည့် လေယာဉ်အမှတ် ATR 72-600 ဖြစ်ပြီး မြစ်ထဲသို့မကျခင် ဂုံးကျော်တံတားတစ်ခုနှင့် တိုက်မိခဲ့ကာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၅၆ မိနစ်တွင် မြစ်ထဲသို့ ဆင်းခဲ့ခြင်းဖြစ်သည်။

    ကယ်ဆယ်ရေးအဖွဲ့များက အနည်းဆုံး လူ ၁၆ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံအရောက်တွင် ၂ ဦး သေဆုံးခဲ့ကာ လေယာဉ်အတွင်း ပိတ်မိနေသူများမှာ ၃၀ ခန့်ရှိနေသည်ဟု ထိုင်ဝမ် အရပ်ဘက်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ CAA မှ ပြောကြားခဲ့သည်။ အဆိုပါလေယာဉ်ရှိ ခရီးသည်များမှ ၃၁ ဦးမှာ တရုတ်ပြည်မကြီးမှ ခရီးသွားများ ဖြစ်ကြသည်။

    ပျက်ကျသွားသည့် အဆိုပါလေယာဉ်ကို မနှစ်ကမှ ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း TransAsia မှ လေယာဉ်တစ်စီးမှာ ရာသီဥတုဆိုးရွားမှုကြောင့် ဆင်းသက်ရန် ကြိုးစားစဉ် ပန်ဂူးကျွန်း၌ ပျက်ကျခဲ့ပြီး လူ ၄၈ ဦး သေဆုံးခဲ့ကာ နေအိမ်များ ကားဂိုထောင်များလည်း ပျက်ဆီးခဲ့သည်။

    Ref:channelnewsasia

  • IS ကိုလက်စားချေသည့်အနေဖြင့် အကြမ်းဖက်မှုဖြင့် သေဒဏ်ကျခံနေရသူနှစ်ဦးကို ဂျော်ဒန်ကွပ်မျက်

    IS ကိုလက်စားချေသည့်အနေဖြင့် အကြမ်းဖက်မှုဖြင့် သေဒဏ်ကျခံနေရသူနှစ်ဦးကို ဂျော်ဒန်ကွပ်မျက်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    JORDAN TERRORISM

    – မိမိတို့၏ လေယာဉ်မှူအား IS က အရှင်လတ်လတ် မီးရှို့သက်ဖြတ်မှုကို လက်စားချေသည့်အနေဖြင့် အကြမ်းဖက်လုပ်ရပ်များဖြင့် သေဒဏ်ကျခံနေရသည့် အကျဉ်းသား ၂ ဦးကို ဂျော်ဒန်က ကွပ်မျက်လိုက်သည်ဟု သိရသည်။

    ကွပ်မျက်လိုက်သူများမှာ IS က စောစောပိုင်းတွင် အကျဉ်းသားလဲလှယ်ရန် တောင်းဆိုခဲ့သည့် အလ်ကိုင်းဒါးအဖွဲ့အ၀င် အီရတ်မှ အမျိုးသမီး ဆာဂျေဒါ အလ်-ရီရှာဝီနှင့် အလ်ကိုင်ဒါး အကြီးတန်းအဖွဲ့ဝင် ဇိုက်ဒ် အလ်-ကာဘိုလီတို့ ဖြစ်ပြီး ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက်က ကြိုးပေးခဲ့ခြင်းဖြစ်သည်။

    ထိုကွပ်မျက်မှုကို မြို့တော် အန်မန်တောင်ဘက်ရှိ ဆွာကွာ အကျဉ်းထောင်တွင် အစ္စလာမ့်တရားရေး လူကြီးများရှေ့မှောက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

    ဆာဂျေဒါမှာ လူ ၆၀ သေဆုံးခဲ့သော ၂၀၀၅ ခုနှစ် ဗုံးဖောက်ခွဲမှုအတွက် သေဒဏ်ကျခံနေရသူဖြစ်ပြီး ကာဘိုလီကမူ ဂျော်ဒန်နိုင်ငံသားတစ်ဦးကို သတ်ဖြတ်မှု အပါအ၀င် အကြမ်းဖက်မှု စွဲချက်များဖြင့် ၂၀၀၇ ခုနှစ်တွင် သေဒဏ်ချခံရသူဖြစ်သည်။

    အသက် ၂၆ နှစ်အရွယ်ရှိ ဂျော်ဒန်လေယာဉ်မှူး မိုအာဇ် အလ်-ကာဆက်ဘာဟ် လှောင်အိမ်ထဲတွင် မီးလောင်နေသည့်ပုံအား ယမန်နေ့တွင် IS က ထုတ်ပြန်ခဲ့ပြီးနောက် ဂျော်ဒန်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး၊ အဆုံးစွန်ဆုံး လက်စားချေသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: aljazeera

  • ကြီးနိုင်ငယ်ညှင်းတဲ့လား

    ကြီးနိုင်ငယ်ညှင်းတဲ့လား

    ဖေဖော်ဝါရီ ၄ ၊ ၂၀၁၅
    M-Media
    .နှင်းဆီခင် ရေးသည်။
    stop-bully-logo
    အလေ့အထတစ်ခုလို့ ပြောရမလား၊ သဘာဝတရားလို့ပဲ ဆိုမလား၊ အားသာသူက အားနည်းနိမ့်ပါးသူကို တစ်နည်းနည်း အနိုင်ယူ တတ်ကြတယ်။ ခွန်အားဗလကြီးသူက အားအင်ချည့်နဲ့သူကို ဗလအားကိုးနှင့် အနိုင်ယူသလို ငွေကြေးပြည့်စုံသူက ဆင်းရဲနွမ်းပါးသူကို အဖတ်မလုပ်၊ ထေ့ငေါ့တာမျိုးလည်း ရှိတတ်တယ်။ ဒီလိုပါပဲ ရုပ်ပိုင်းဆိုင်ရာ အားသာသူက ကျန်တဲ့သူတွေကို လျှော့တွက်ကြသည်ပဲပေါ့။ (လူတိုင်းကိုမဆိုလိုပါ)။ ကြီးနိုင်ငယ်ညှင်းတယ် ဆိုရာမှာ ထင်သာမြင်သာတဲ့ နှိပ်စက်ဒဏ်ခတ်ခြင်းမျိုးသာမကဘဲ စကားလုံးတွေနှင့် လည်း နှိပ်စက်နိုင် သည်ပဲပေါ့။ နှလုံးသားထဲ စူးနစ်ဝင်အောင် ပြင်းပြင်းထန်ထန် ခံစားရခြင်းဟာ ကိုယ်ခန္ဓာကို အနာတရဖြစ်စေတာထက် နာကျင်ခံစားရတယ်ဆိုတာ ခံစားဖူးသူတိုင်း သိမှာပါ။

    တကယ်တမ်းပြောရရင် အသက်အရွယ်နှင့် အတွေ့အကြုံ ရင့်ကျက်လာသူတွေ၊ ညဏ်အမြော်အမြင်တွေနှင့် ဆင်ခြင်တတ်သူတွေဟာ ညှင်းပန်းဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိကြတယ်။ အရာရာကို ယထာဘူတကျကျ တွေးချင့်ပြီး ဥပေက္ခာပြုနိုင်ကြတာကြောင့် ပဲပေါ့။ စကားလုံးတွေနှင့် ထိုးနှက်ခံရတဲ့အခါ လေစကားလေထဲပျောက် သဘောမျိုးထားလိုက်ပြီး ဦးနှောက်ထဲက အပြီးထုတ်လိုက်ရော။ ထုတ်ပစ်ဆို ကိုယ့်ရဲ့အဖိုးတန်အချိန်တွေနှင့် အင်အားကို အလဟာသ ဖြုန်းတီးမပစ်ချင်တာလည်း တစ်ကြောင်းပေါ့။

    လူလတ်လူငယ် တော်တော်များများကတော့ ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်းနှင့် အနာဂတ်ဘဝ သာယာလှပဖို့အတွက် အာရုံစူးစိုက်လေ့ ရှိကြတယ်။ ကြုံလာသမျှ လောကဓံရဲ့အထိုးအနှက်ကို လုံးဝမခံစားရဘူးလို့ မဆိုနိုင်ပေမယ့် ဆင်ခြင်ဥာဏ်သုံးပြီး ထိန်းနိုင်စွမ်းရှိတယ်။ ဘဝအမောနှင့် သောကတွေကို စိတ်လက် ပေါ့ပါးသွားအောင် ကိုယ့်ကိုယ်ကို ဖြေသိမ့်နိုင်ကြတယ်။ ယုံကြည်အားကိုးထိုက်သူ တစ်ယောက်ကို အားပါးတရ ရင်ဖွင့်ပြောပြလိုက်တာနှင့်ပဲ ရင်ထဲမှာခံစားနေရတဲ့ ကြီးနိုင်ငယ်ညှင်း ဒဏ်ကို လျော့ပါးသက်သာသွားအောင် လုပ်တယ်။ အကြံဥာဏ်ကောင်းတွေ ရယူတယ်။ ကိုယ့်စိတ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစား လေ့ကျင့်ယူတယ်။ ဒါပေမယ့် အတွေးနုပြီး အငိုအရယ်မြန် ခံစားလွယ်တဲ့ ကလေးဘဝကိုလည်း လစ်လျူရှုထားလို့မရပြန်ဘူး။ အထူးသဖြင့်တော့ မိဘရင်ခွင်ကနေ ဦးဆုံးခွဲခွာစကာလအချိန်၊ မူကြိုအရွယ်ကလေးတွေပဲပေါ့။ ကလေးတွေဟာအန္တရာယ်ဖြစ်လောက်တဲ့ ရန်လိုမှုတွေကို မူကြိုကျောင်းမှာ ခံစားရတယ်ဆိုပါတော့။ အဲဒါတွေကို ကလေးသူငယ် ပြုစုစောင့်ရှောက်သူတွေအနေနဲ့ လစ်လျူရှုထား လိုက်မယ်ဆိုရင် ဒါဟာ ကြီးနိုင်ငယ်ညှင်းလုပ်ခြင်းကို အားပေးတဲ့သဘော ဖြစ်သွားတယ်လို့ ဆိုလိုပါတယ်။ အဲဒီကနေ ဆယ်ကျော်သက် အရွယ်ကို ရောက်လာတဲ့အခါ နိုင်ထက်စီးနင်းလုပ်ချင်တဲ့ဆန္ဒက အမြစ်တွယ်သွားတတ်တယ်။ အနိုင်အထက် ပြုလုပ်တာမျိုးတွေ ဟာ နေ့ကလေးထိန်းကျောင်းတွေနှင့် မူကြိုကျောင်းတွေမှာလည်း ရှိပါလားဆိုပြီးတချို့က အံ့သြကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်နှစ်၊ သုံးနှစ်အရွယ်ကလေးတွေကလည်း တစ်ယောက်နှင့်တစ်ယောက် အနိုင်ကျင့်တတ်သလို၊ အနိုင်ကျင့်တာလည်း ခံရတတ်တယ်ကိုး။ တကယ်တော့ ကလေးအရွယ်မှာကလေးတိုင်း အပြစ်ကင်းစင်ကြတယ်လို့ ယေဘုယျအနေနှင့် ထင်မှတ်ထားတာလည်း တစ်ကြောင်းပေါ့။

    ဥပမာဖြစ်ရပ်လေးတွေ လေ့လာကြည့်ရအောင်ပါ။ ကလေးပြုစုစောင့်ရှောက်ရေး ဌာနတစ်ခုမှာပေါ့ ဆရာမက အသက်နှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ဘောလုံးတစ်လုံးပေးလိုက်တဲ့အခါ တခြား(အရွယ်နည်းနည်းကြီးတဲ့) ယောက်ျားလေးတစ်ယောက်က မိန်းကလေးလက်ထဲက ဘောလုံးကိုလုယူလိုက်တယ်။  ဒါပေမယ့် မိန်းကလေးက လျှောက်သွားပြီး ကစားစရာအရုပ်လေးတစ်ရုပ်ကို ယူလိုက်တယ်။ ဒါကိုလည်း အဲဒီယောင်္ကျားလေးက လုယူလိုက်ပြန်ရော။ ခဏလေးကြာတဲ့အခါ ဒုတိယ ယောင်္ကျားလေးတစ်ယောက်က ပထမကလေးဆီက ဘောလုံးကိုလုယူလိုက်တော့ ပြန်ရအောင် ကြိုးစားတယ်။ ဒါပေမယ့် မရတဲ့အခါ လက်လျှော့ပြီးထွက်သွားတယ်။ အဲဒီဖြစ်ရပ်အားလုံးကို ဆရာမက အသေအချာမြင်တယ်။ ဒါပေမယ့် ဘာမှမဟန့်ဘူး။

    နောက်ဖြစ်ရပ်တစ်ခုကတော့ လေးနှစ်အရွယ်ကလေးတွေက သစ်သားတုံးတွေနှင့် အိမ်ဆောက်တမ်း ကစားနေကြတယ်။ အဲဒီအချိန်မှာ တခြားကလေးတွေထက် ခေါင်းတစ်လုံးစာပိုမြင့်ပြီး ဝဝတုတ်တုတ်ရှိတဲ့ မိန်းကလေးတစ်ယောက်ရောက်လာပြီး ကလေးတစ်ယောက် စီထားတဲ့ သစ်သားတုံးလေးတွေကို ခြေထောက်နှင့်ကန်ပစ်လိုက်တယ်။ ကောင်လေးက ဘာမှပြန်မလုပ်ဘူး။ ကျန်တဲ့ သစ်တုံးလေးတွေနှင့် ဆက်ပြီးကစားနေလိုက်တယ်။ ကောင်မလေးက တခြားကလေးနှစ်ယောက်ဆီသွားပြီး သူတို့ရဲ့သစ်သားတုံးလေးတွေ ပြန့်ကျဲသွားအောင် ကန်ပစ်လိုက်တယ်။ အဲဒီကလေးနှစ်ယောက်ကလည်း ဘာမှပြန်ပြီးမတုန့်ပြန်ကြပါဘူး။

    တကယ်တော့ နိုင်ထက်စီးနင်းလုပ်တယ်ဆိုတာဟာ ရန်လိုတဲ့အပြုအမူတစ်ခုဖြစ်ပြီး ခွန်အားမညီမျှခြင်းဟာ အပြစ်ကျူးလွန်သူကို မျက်နှာသာပေးတဲ့ သဘောပါပဲလို့ သတ်မှတ်ထားတယ်။ ဒါဟာ တရားမျှတမှုမရှိတဲ့လုပ်ရပ်ပါပဲ။ အထူးသဖြင့်တော့ ကလေးတွေအကြား နိုင်ထက်စီးနင်းလုပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာခြိမ်းခြောက်ပြီး အနိုင်ယူတာမျိုးပဲပေါ့။ တစ်စုံတစ်ယောက်ကို (နှိမ်တဲ့သဘောနှင့်) နာမည်ပြောင်ခေါ်တာ၊ မခံချင်အောင် တမင်တကာ နောက်ပြောင်ကျီစယ်တာတွေဟာ ကြီးနိုင်ငယ်ညှင်းလုပ်တဲ့ သဘောပါပဲ။

    “ထွက်သွားစမ်း” “နင့်မျက်နှာကိုငါမမြင်ချင်ဘူး” ဆိုတဲ့စကားရပ်တွေဟာ လူငယ်တွေအတွက် အခံရခက်လွန်းပါတယ်။ အားမတန်လို့ ပြန်မပြောသာလို့သာ ငြိမ်နေလိုက်မယ်။ ရင်ထဲမှာတော့ ကြိတ်မနိုင်ခဲမရ ဖြစ်မိတာအမှန်ပါပဲ။ ဒီလိုပါပဲ ကလေးဘဝတုန်းကဆို  “သွားသွား၊ နင်နဲ့မကစားချင်ဘူး” ဆိုတဲ့စကားတစ်ခွန်းကြောင့် သိပ်ကိုခံစားရသည်ပေါ့။ အဲဒီလိုစကားလုံးတွေနှင့် အနိုင်ကျင့်တာ၊ ကိုယ်ထိလက်ရောက်စော်ကားတာတွေကို မြင်လိုက်ရတာနှင့် တစ်ပြိုင်နက်တရား မျှတအောင် ဖြေရှင်းဆောင်ရွက်ပေး ရမှာက မိဘတွေ၊ လူကြီးသူမတွေနှင့် ကလေးပြုစုစောင့်ရှောက် သူတွေပဲပါပဲ။ ပေါ့ပေါ့တန်တန် သဘောထားပြီး မမှန်မကန်ဖြေရှင်းပေးတာ၊ လစ်လျူရူနေလိုက်တာတွေဟာ ကလေးတွေရဲ့ရင်ထဲမှာ စိတ်ဒဏ်ရာ ရသွားတတ်တာမို့ ဒီကိစ္စမျိုးတွေဟာ သာမန်လို့ထင်ရသည့်တိုင်ဘဝမှာ သိပ်ကိုအရေးပါပါတယ်။

    ငယ်ငယ်လေးကတည်းက အနိုင်ကျင့်ခံခဲ့ရဖန်များတဲ့အခါ လူငယ်ဘဝရောက်လာရင်လည်း သိမ်ငယ်စိတ်က လွှမ်းမိုးနေတတ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဘဝမှာအောင်မြင်သူဖြစ်လာဖို့ ငယ်ဘဝဟာ သိပ်ကိုအရေးကြီးတဲ့ အချိန်ကာလဆိုတာ မမေ့သင့်ဘူး။ နောင်တစ်ချိန်မှာ မိဘနေရာကို ရောက်လာကြမယ့် လူငယ် လူရွယ်တွေအနေနှင့်လည်း နိုင်လိုမင်းထက်လုပ်တာ၊ ဒါမှမဟုတ်ခံရတာတွေကို အလေးထား ဆင်ခြင်သင့်တယ်ဆိုတဲ့အကြောင်း ……။

    နှင်းဆီခင်

  • စစ်တပ် ချွေးတပ်ဆွဲမှာ ကြောက်လို့ ဝေးရာကို ထွက်ပြေးရင်း အမေရိကန် ရောက်ခဲ့သူ ချင်းတိုင်းရင်းသား ကီယိုဇီး

    စစ်တပ် ချွေးတပ်ဆွဲမှာ ကြောက်လို့ ဝေးရာကို ထွက်ပြေးရင်း အမေရိကန် ရောက်ခဲ့သူ ချင်းတိုင်းရင်းသား ကီယိုဇီး

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media
    20150202smlocalOdysseys
    – ကီယိုဇီးတစ်ယောက် မြန်မာနိုင်ငံရှိ မွေးရပ်မြေသို့ ပြန်သွားရန် မဖြစ်နိုင်ပေ။ ချောန်ကမ်ဟုခေါ်သည့် ထိုရွာလေးက အလွန် တစ်သီးတစ်ခြားဖြစ်နေပြီး တောင်တန်းများ၊ သစ်တောများ ထူထပ်သောဒေသတွင် ရှိနေ၏။ လမ်းတွေက ဆိုးသည်။ သူတို့၏ ရွာတွင် အိမ်ခြေ ၁၀၀ ခန့်သာရှိသည်ဟု ကီယိုဇီးက ဖွင့်ဟခဲ့ပြီး ဧည့်သည်များအနေဖြင့် ထိုဒေသသို့ရောက်ရန် ကားကြုံစီးရသည်ဟု ဆိုလေသည်။ ဒေသခံများ အနီးဆုံးမြို့ကိုသွားရန် ဘတ်စ်ကားမှတ်တိုင်သို့ လမ်းမကြီးအတိုင်း ၁၂ မိုင်လောက် လမ်းလျှောက်သွားရသည်။

    ၂၀၁၁ ခု နွေရာသီ၏ နေ့တစ်နေ့တွင်တော့ မြန်မာစစ်တပ်မှ စစ်သားတစ်စုက သစ်တောများမှဖြတ်ပြီး ချောန်ကမ် ရွာလေးသို့ ရောက်လာကြသည်။ ကီယို တစ်ယောက် လယ်သမားဖြစ်သူ မိဘများနှင့် အိမ်တွင်ရှိနေ၏။ ထိုအချိန်မှစ၍ ကီယို၏ ဘ၀က လုံးဝ ပြောင်းလဲသွားလေတော့သည်။

    ချောန်ကမ်ရွာလေးက မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်ဖြစ်သော ချင်းပြည်နယ်တွင် တည်ရှိသည်။ ချင်းတိုင်းရင်းသားများဖြစ်သြသည့် ကီယိုနှင့် ရွာသားများက ခရစ်ယာန် ဘာသာဝင်များဖြစ်၏။ လွန်ခဲ့သည့် ရာစုနှစ်တစ်ခုကျော်က သာသနာပြုအဖွဲ့များ၏ ကြိုးပမ်းမှုကြောင့် သူတို့မှာ ခရစ်ယာန်များဖြစ်သွားခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာနိုင်ငံတွင် ချင်းလူမျိုးများမှာ ဖိနှိပ်ချုပ်ချယ်မှု အခံရဆုံးသော လူမျိုးများထဲမှ တစ်ခုဖြစ်သည်ဟု လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။ လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်သည့်  Physicians for Human Rights မှ ထုတ်ပြန်သော အစီရင်ခံစာတွင်တော့ ချင်းလူမျိုးများမှာ အဓ္ဓမပြုခြင်း၊ နှိပ်စက် သတ်ဖြတ်ခြင်းတို့ကို ခါးစီးခံနေရသည်ဟု ဖော်ပြခဲ့သည်။ ထိုစော်ကားမှုတော်တော်များများက လူမသိသူမသိပင် ပြီးဆုံးခဲ့၏။ ချင်းပြည်နယ်သို့ မကြာသေးမီကာလကမှ နိုင်ငံခြားသားများ သွားရောက်ခွင့်ရခဲ့သည်။

    ချောန်ကမ်ရွာသို့ လာရောက်ကြသည့် စစ်သားများက ချင်းတိုက်ခိုက်ရေးသမားများကို လာရောက်ရှာဖွေခြင်းဖြစ်သည်ဟု ကီယိုကဆိုသည်။ ၎င်းတို့ ရှာဖွေသူများမှာ ချင်းလွတ်မြောက်ရေးတပ်မှ တပ်သားများ ဖြစ်နိုင်သည်။ မည်သူ့ကိုမှ မတွေ့သည့်အခါ စစ်သားများက ပြန်သွားကြသည်။ ထိုအချိန်မှစ၍ ကီယို၏ ဘ၀က ပစ်စ်ဘာ့ဂ်မြို့ (အမေရိကန်ပြည်ထောင်စုရှိ မြို့တစ်မြို့) သို့ ဦးတည်ခဲ့သည်။

    စစ်သားများက ကီယိုအား ၎င်းတို့၏ ထောက်ပံ့ရေး ပစ္စည်းများကို သယ်ဆောင်ရန် အမိန့်ပေးခဲ့သည်။ ချင်းပြည်နယ်တွင် ထိုကဲ့သို့ ပေါ်တာဆွဲမှုများမှာ ဖြစ်နေကျဖြစ်ရပ်တစ်ခုပင်။ ထို့ကြောင့် ကီယိုနှင့် စစ်သားများက တောတောင်များကိုဖြတ်၍ အခြားမြို့တစ်မြို့သို့ သွားကြလေသည်။ ထိုမြို့သို့ရောက်သည့်အခါတွင် ကီယိုက မိမိမှာ ရေးချိုဖို့လိုနေသည်ဟု စစ်သားများအား ပြောခဲ့သည်။ ထို့နောက် စစ်သားများနှင့်ဝေးရာ အရောက်တွင်တော့ ကီယိုတစ်ယောက် သယ်လာသည့်အိတ်ကို ချကာ ထွက်ပြေးခဲ့လေသည်။

    ၂ ရက်ကြာပြီးနောက် ကီယိုမှာ မြို့တော်ဟားခါးသို့ရောက်ခဲ့သည်။ ထိုမြို့တွင် ဖိနှိပ်ခံ ချင်းလူမျိုးများအား ကူညီပေးနေသော အေဂျင်စီ တစ်ခုရှိပြီး ထိုအေဂျင်ဆီက ကီယိုအား ကားဖြင့် ၂ ရက်တာကြာမည့် ကော့သောင်းခရီးစဉ်ကို စီစဉ်ပေးခဲ့လေသည်။ ကော့သောင်းမှ တစ်ဆင့် ကီယိုတစ်ယောက် လှေဖြင့် မလေးရှားသို့ သွားခဲ့ရသည်။ မလေးရှားရှိ ရွာငယ်တစ်ခုတွင် ကီယိုမှာ ၃ နှစ်ခန့်နေရပြီး ကုလသမဂ္ဂ ဒုက္ခသည်ကဒ် ရရှိအောင် စောင့်ဆိုင်းနေခဲ့ရသည်။

    ထိုကဒ်ရပြီးနောက် ကီယိုမှာ ချင်းလူမျိုး ၁၈၀၀၀ ခန့်ရှိနေသော မြို့တော်ကွာလာလမ်ပူသို့ ပြောင်းခွင့်ရခဲ့သည်။ ထို့နောက် စားသောက်ဆိုင်တစ်ခုတွင် အချိန်ပိုင်းအလုပ်လုပ်ခဲ့ပြီး အခြားသော ချင်းလူမျိုး ၇ယောက် ၈ ယောက်ခန့်ဖြင့် အခန်းကျဉ်းကျဉ်း တစ်ခုတွင် နေထိုင်ရလေသည်။

    ထို့နောက် အမေရိကန်သို့ ဒုက္ခသည်အဖြစ် ပြောင်းရွှေ့အခြေချခွင့်ရရန် ကီယိုက လျှောက်ထားခဲ့သည်။ ၃ နှစ်ခန့်ကြာပြီးနောက် ဇန်န၀ါရီ ၃၁ ရက် ၂၀၁၄ ခုနှစ်တွင် ကီယိုမှာ နယူးယောက်သို့ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ပစ်ဘာ့ဂ်သို့ ရောက်ရှိခဲ့လေသည်။ ယခုတွင်တော့ ကီယိုတစ်ယောက် မောင့်အိုလီဗာဒေသတွင် မြန်မာနိုင်ငံမှ အခြားသော ဒုက္ခသည်များနှင့်အတူ နေထိုင်လျက်ရှိနေသည်။

    `ကျွန်တော့်အတွက်တော့ ဒီနေရာဟာ သိပ်အေးပါတယ်။ ကျွန်တော်တို့တိုင်းပြည်က နွေးတယ်။ မလေးရှားကတော့ပူတယ်။ ကျွန်တော် ပစ်ဘာ့ဂ်ကိုစရောက်တုန်းက နှင်းတွေတအားကျနေပြီး ကျွန်တော် အံ့သြခဲ့ရပါတယ်´

    ကီယိုမှာ ပစ်ဘာ့ဂ် စာပေကောင်စီတွင် အင်္ဂလိပ်စာကို သင်ယူလေ့လာနေပြီး ကောလိပ်တက်ရန် မျှော်လင့်နေ၏။ ယခုလက်ရှိ ဟားခါးတွင်နေထိုင်နေသော မိဘများကို လွမ်းသည်ဟု ကီယိုက ဖွင့်ဟသည်။ ဖုန်းဖြင့် အဆက်သွယ်ရှိသော်လည်း မိဘများနှင့် အတူတကွ ပြန်လည်နေထိုင်ရန် မဖြစ်နိုင်တော့ဟူ သူက ၀န်ခံခဲ့သည်။ ချင်းလူမျိုးများ၏ အခြေအနေ တိုးတက်ဖွံ့ဖြိုးခြင်း မရှိသမျှတော့ ကိုယီတစ်ယောက် မြန်မာနိုင်ငံသို့ ပြန်တော့မည်မဟုတ်။

    သို့ရာတွင် အခုလက်ရှိ အမေရိကန်တွင်ရှိနေသည့် ကီယိုက အလုပ်လုပ်ကာ ငွေပို့၍ မိဘများကို ထောက်ပံ့နိုင်သည်။ ပြီးခဲ့သည့် မေလက စ၍ ကီယိုမှာ အိမ်အကူ လုပ်သားအဖြစ် အလုပ်ဝင်ခဲ့လေ၏။

    ref:post-gazette
    ဘာသာပြန်- လေးမောင်

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၃၊ ၂၀၁၅)

    နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၃၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၃၊ ၂၀၁၅
    M-Media

    – ရုရှားမှ ထောက်ပံ့ပေးထားသည့် ခွဲထွက်ရေးသမားများအား တိုက်ခိုက်နေသော ယူကရိန်းစစ်တပ်ကို လက်နက်များ ထောက်ပံ့ပေးသွားရန် အမေရိကန်အစိုးရက စဉ်းစားနေသည်ဟု အစိုးရနှင့်နီးစပ်သူတစ်ဦးက ပြောကြားလိုက်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီမှာ ကိဗ်မြို့သို့ လာမည့် ကြာသာပတေးနေ့တွင် သွားရောက်ရန်ရှိနေသည်။ ခွဲထွက်ရေး သမားများကမူ ၎င်းတို့မှာ စစ်အင်အား ၁ သိန်း ဖြည့်တင်းမည်ဟု ယမန်နေ့က ပြောကြားထားသည်။

    – သူပုန်များအား ပစ်မှတ်ထား၍ ဆီးရီးယားအစိုးရမှ ယမန်နေ့က နိုင်ငံတစ်ဝှမ်း ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားအများစုအပါအ၀င် စုစုပေါင်း ၄၄ ဦးသေဆုံးခဲ့ပြီး ၁၀၀ ကျော်ဒဏ်ရာရှိခဲ့သည်ဟု လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားလိုက်သည်။

    – သြစတေးလျ အနောက်ပိုင်း ပါသ့်မြို့ ရှော့ပင်းစင်တာတစ်ခုရှိ လျှပ်စစ်ထရန်ဖော်မာထားရာ အခန်း၌ ယနေ့နံနက်ပိုင်း ပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး သုံးဦးမှာ ဆိုးရွားသည့် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်ဟု အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    – အီဂျစ်နိုင်ငံ ကိုင်ရိုမြို့လည်ကောင်တွင် လက်လုပ်ဗုံးတစ်လုံး ယနေ့နံနက်အစောပိုင်းက ပေါက်ကွဲခဲ့ပြီး သေဆုံးဒဏ်ရာရသူများ မရှိခဲ့ချေ။ ထို့ပြင် ကိုင်ရို အဓိကလေဆိပ်၏ ၀င်ပေါက်များတွင်လည်း ဗုံး ၂ လုံးကို တွေ့ရှိရသောကြောင့် လုံခြုံရေးများကို တိုးမြှင့်ချထား လိုက်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    Ref: channelnewsasia,aljazeera