News @ M-Media

Blog

  • ကုလ၏ ဂါဇာစုံစမ်းရေးကော်မရှင် အကြီးအကဲ ရာထူးမှ နှုတ်ထွက်

    ကုလ၏ ဂါဇာစုံစမ်းရေးကော်မရှင် အကြီးအကဲ ရာထူးမှ နှုတ်ထွက်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၅
    M-Media

    gaza

    – ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့အတွက် အကြံဥာဏ်ပေးမှုများကို ပြုလုပ်ခဲ့သည့် မိမိအား ဘက်လိုက်သည်ဟု အစ္စရေးက စွပ်စွဲမှုကြောင့် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ဂါဇာစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ခေါင်းဆောင် ၀ီလီယံရှာဘက်စ်က ပြောကြားလိုက်သည်။

    အဆိုပါကော်မရှင်မှာ ၂၀၁၄ ခုနှစ် နွေရာသီတွင် ဂါဇာဒေသအား အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ဖြစ်နိုင်ဖွယ်ရှိသည့် စစ်ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂမှ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကနေဒါ ပညာရှင် ၀ီလီယံရှာဘက်စ်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။

    သို့သော်လည်း ယမန်နေ့တွင် ကော်မရှင်သို့ ပေးပို့သောစာ၌ ရှာဘက်စ်က လာမည့် မတ်လတွင် ထုတ်ပြန်တော့မည့် အစီရင်ခံစာအတွက် စီစဉ်မှုနှင့် တွေ့ရှိခဲ့ရသောအချက်များအတွက် ဘက်လိုက်မှုများ ရှိလိမ့်မည်ဆိုသော ပြဿနာကို ရှောင်ရှားရန်အတွက် ရာထူးမှ ချက်ချင်းနှုတ်ထွက်သွားမည်ဟု ဖော်ပြခဲ့သည်။

    အဆိုပါကော်မရှင်တွင် အဖွဲ့ဝင် ၃ ဦး ပါဝင်ပြီး ရှာဘက်စ်နှုတ်ထွက်သွားခြင်းက ကော်မရှင်၏ အမှားမခံသည့် အခြေအနေကို မီးမောင်းထိုပြသကဲ့သို့ ဖြစ်နေသည်။ ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အရင်ကလည်း နိုင်ငံတကာရာဇ၀တ်ခုံရုံးက မိမိတို့အနေဖြင့် ပါလက်စတိုင်း ပိုင်နက်အတွင်း ဖြစ်ပွားခဲ့သည့် ရက်စက်မှုများအတွက် ကနဦး စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ရှာဘက်စ်၏စာတွင် ၂၀၁၂ ခုနှစ်အတွင်း ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ကို သူမရေးပေးခဲ့သော ဥပဒေဆိုင်ရာ ယူဆချက်စာတမ်းအတွက် ကန်ဒေါ်လာ ၁၃၀၀ ရခဲ့ပြီး ထိုပမာဏမှာ အခြားသော အစိုးရများ၊ အဖွဲ့အစည်းများအတွက် ၎င်းရေးပေးခဲ့သော အကြံပြုစာတမ်းများအတွက် ရရှိခဲ့သည့် ငွေကြေးပမာဏခန့်သာဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။

    စုံစမ်းရေးကော်မရှင်၏ အကြီးအကဲအဖြစ် ခန့်အပ်မှုကို အစ္စရေးက တစ်စိုက်မတ်မတ် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

    ကုလ၏ အဆိုပါကော်မရှင်မှာ ဂါဇာဒေသအတွင်း အစ္စရေးနှင့် ဟားမက်စ်တို့၏ လှုပ်ရှားမှုများကို လေ့လာကာ အထောက်အထားများ စုစည်းပြီးနောက် ယခုလက်ရှိတွင် အစီရင်ခံစာကို စတင်ရေးသားနေပြီဖြစ်သည်။

    Ref: aljazeera

  • တရုတ်နိုင်ငံရှိ မြို့အများအပြား လေထုညစ်ညမ်းနေ

    တရုတ်နိုင်ငံရှိ မြို့အများအပြား လေထုညစ်ညမ်းနေ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၅
    M-Media

    cha

    – လေထုအရည်အသွေးနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်အတွင်း စောင့်ကြည့်ခဲ့သည့် တရုတ်နိုင်ငံ၏ မြို့ကြီး ၇၄ မြို့တွင် ၈ မြို့သာ နိုင်ငံ၏ လေထုအရည်အသွေးစံနှုန်းအတိုင်း ရှိနေသည်ဟု ယမန်နေ့က အစိုးရမှ တရားဝင် ထုတ်ပြန်ခဲ့သည့် စာရင်းတွင် ဖော်ပြထားသည်။

    လေထုအရည်အသွေးပြည့်မီသည့် မြို့ ၈ မြို့အနက် ၆ မြို့မှာ နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတမ်းဒေသတွင် ရှိကြသည့် ဇူရှန်၊ ရှန်ဇန်း၊ ဇူဟိုင်း၊ ဟွေဇူနှင့် ဖူဇူမြို့များဖြစ်ပြီး အခြားမြို့ ၂ မြို့မှာ လာဆာနှင့် ကူမင်းမြို့တို့ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၏ မှတ်တမ်းများက ဆိုသည်။

    ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လေထုအရည်အသွေး သတ်မှတ်ချက်အသစ်ကို တရုတ်နိုင်ငံက သတ်မှတ်ခဲ့ပြီး မြို့ပေါင်း ၇၄ မြို့ကို ရှေ့ပြေးအဖြစ် စောင့်ကြည့်ခဲ့သည်။ ၂၀၁၃ ခုနှစ်အတွင်း အဆိုပါ ၇၄ မြို့တွင် ၃ မြို့သာ လေထုအရည်အသွေး စံချိန်မီခဲ့သည်။

    အဆိုပါမြို့ ၇၄ မြို့တွင် မြူဆိုင်းမှုအများဆုံးနေ့မှာ ၂၀၁၃ ခုနှစ်တွင် ၃၂ ရက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် ၁၁ ရက်သာ ရှိတော့သော်လည်း ၀န်ကြီးဌာကနကမူ ဆိုးရွာသော လေထုညစ်ညမ်းခြင်း၏ ယေဘုယျအခြေအနေမှာ အနည်းငယ်သာပြောင်းလဲသည်ဟု ဆိုသည်။

    အဓိကအားဖြင့် ဘေဂျင်းနှင့် တီယန်ဂျင်းမြို့ရှိ မြို့ပြဧရိယာများမှာ လေထုအညစ်ညမ်းဆုံး နေရာများဖြစ်ပြီး၊ ထိုဒေသတစ်ဝိုက် မြို့ ၁၃ မြို့အနက် ၈ မြို့မှာ လေထုအညစ်ညမ်းဆုံး ၁၀ မြို့တွင် ပါဝင်သည်။

    Ref: xinhua

  • ရန်ကုန် (သို့) စင်ကာပူနှင့် တူချင်သောမြို့

    ရန်ကုန် (သို့) စင်ကာပူနှင့် တူချင်သောမြို့

    ဖေဖော်ဝါရီ ၃ ၊ ၂၀၁၅
    M-Media
    မိုးဝေ ဆီလျော်အောင် ပြန်ဆိုတင်ဆက်သည်။

    Yangon Circular Railway

    – ရန်ကုန်မြို့တော်တစ်ဝိုက် ပတ်၍ ဖောက်လုပ်ထားသော အရှည် ၂၈.၅ မိုင်ရှိ မြို့ပတ် ရထားလမ်းမှာ ဆူဆူညံညံ အသံများ ထွက်ပေါ်နေသည်။ ဒညင်းကုန်း ဘူတာသို့ သွားရာလမ်း တစ်လျှောက် ရန်ကုန်မြို့ လမ်းမများနှင့် လူဦးရေများသော မြို့ပြပတ်ဝန်းကျင်တွင်  ကွက်တိကွက်ကြား ရောင်းချနေကြသော ပျံကျဈေးသည်များအတွက် ဟင်းသီး ဟင်းရွက်များ ထောက်ပံ့ပေးနေကြသော လယ်သမားများဖြင့် ပျားပန်းခတ်မျှ ရှိနေကြသည်။ ထို့နောက် မောပမ်းနွမ်းနယ်သည့်အသံဖြင့် ခုတ်မောင်းနေသော ရထားကြီးက စပါးခင်းများ၊ ယိုင်နဲ့နဲ့ ဓနိမိုးအိမ်များ၊ နုန်းမြေလမ်းများ၊ နွားဖြင့်ဆွဲသော လယ်မြေများဆီသို့ ခေါ်ဆောင်သွားလေသည်။

    ထိုခရီးကိုကြည့်လျှင် ရန်ကုန်မြို့မှာ သေးကွေးပြီး ခေတ်နောက်ပြန်သွားနေသည့် သဘောကိုတွေ့ရမည်။ တကယ်တော့ ထိုသို့မဟုတ် တိုးတက်ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ ၁၉၈၃ ခုနှစ်မှစ၍ မြို့၏ လူဦးရေမှာ ၃ ဆတိုးလာပြီး ၇.၄ သန်းအထိ ရောက်လာခဲ့သည်။ ၂၀၁၁ ခုနှစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုပြီးကတည်းက ရန်ကုန်မြို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း အများအပြားဝင်ရောက်လာသည်ဟု ဆိုကြသည်။ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၁၀ ခုနှစ်က ကန်ဒေါ်လာ သန်း ၉၀၀ ကျော်ရှိရာမှ ယခုဘဏ္ဍာရေးနှစ်တွင်တော့ ၅ ဘီလီယံကျော်လာခဲ့သည်။ စပါးခင်းများက ကုန်ထုတ်လုပ်ရာနေရာများ ဖြစ်သွားကြပြီး၊ မြေလွတ်မြေရိုင်းများကလည်း မကြာခင်မီ ထိုကဲ့သို့ဖြစ်လာတော့မည်။

    မြို့လယ်ကောင်တွင်တော့ ဆိုက်ကားများ၏ ဘဲလ်သံနေရာတွင် ဟွန်းသံများက အစားထိုးသွားခဲ့ပေပြီ။ အရက်ဘားများနှင့် စားသောက်ဆိုင်များက မူလအတိုင်း ထိန်းသိမ်းထားသော ကိုလိုနီခေတ်အဆောက်အဦးများနှင့် အခြားဆွဲဆောင်မှု ရှိသော နေရာများတွင် ပေါ်ပေါက်လာကြသည်။ တစ်ချို့ဆိုလျှင် လှေကားခွင်လေးမှာ ဆိုင်ဖွင့်ကြသည်။ အချို့က ချောကလက်ရောင် မြစ်ကမ်း နဘေးရှိ ဂိုထောင်များတွင် ဖွင့်ကြသည်။ လဟာပြင်မီးဖိုဖြင့် မုန့်ဟင်းခါးချက်စားတတ်ကြသော မိသားစုများရှိပြီး၊ ၅၀ ကျပ်တန် စီးကရက်ကိုလည်း လမ်းဘေးဆိုင် သေးသေးလေးများက တစ်လိပ်ချင်းစီ ရောင်းကြသည်။ သို့သော်လည်း ရန်ကုန်ရှိ အခန်းငှားခနှုန်းကတော့ အာရှတွင် ဈေးအကြီးဆုံးဖြစ်သည်။ ရန်ကုန်မြို့၏ မိုးကုပ်စက်ဝိုင်းတွင် ရွှေတိဂုံစေတီတော်မှ ထွက်သော မီးရောင်များဖြင့် တောက်ပနေသည်။ မိုးမျှော် အဆောက်အဦးများ ဆောက်လုပ်ရာတွင် အသုံးပြုနေသည့် ကရိန်းကြီးများကို သံချေးတက်နေသော တိုက်ခေါင်မိုးများ၏အပေါ်၌ ထီးထီးကြီးတွေ့မြင်ရလေသည်။

    တစ်ချို့တွေက ဆုံးရှုံးမှာကိုကြောက်နေကြသည်။ ရန်ကုန်အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ YHT ကို ထူထောင်သူ ဦးသန်းမြင့်ဦးက ရန်ကုန်မြို့မှာ မည်ကဲ့သို့သောမြို့ ဖြစ်သင့်သည်ဆိုခြင်းအတွက် မြို့နေပြည်သူများက ဆွေးနွေးတိုင်ပင်သင့်သည်ဟု ပြောခဲ့သည်။

    `လူဦးရေသိပ်သည်းတဲ့မြို့ပုံစံလား။ ကျယ်ပြန့်တဲ့မြို့လား။ ဘယ်လိုအရွယ်အစားမျိုးက ပိုကောင်းမလဲ။ ဒါတွေက အတတ်ပညာနဲ့ဆိုင်တဲ့ မေးခွန်းတွေ မဟုတ်ပါဘူး။ ဒါဟာ မြို့ကို ကျွန်တော်တို့ ဘယ်လိုပုံစံမျိုး လိုချင်တယ်ဆိုတာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေပါပဲ´ ဟု ၎င်းကဆိုသည်။

    ၎င်းတို့အုပ်စုမှာ ရန်ကုန်မြို့လည်ခေါင် စကွဲယားမိုင် ၁ မိုင်အတွင်းရှိ ရှေးဟောင်းအဆောက်အဦးပေါင်း တစ်ထောင်ကျော်အား ထိန်းသိမ်းခြင်းအလုပ်ကို ဦးဆောင် လုပ်ကိုင်နေသည့် အဖွဲ့ဖြစ်သည်။ ထိုအဆောက်အဦး တစ်ထောင်ကျော်တွင် ခရစ်ယာန်ဘုရားကျောင်း၊ ဗလီဝတ်ကျောင်း၊ ဟိန္ဒူဘုရားကျောင်း၊ စေတီပုထိုးနှင့် ဂျူးဘုရားကျောင်းတစ်ခုအပါအ၀င် ၀တ်ပြုရာ အဆောက်အဦးပေါင်း ၁၄၀ ကျော်ရှိနေသည်။

    အဆောက်အဦးအတော်များများမှာ ပိုင်ဆိုင်မှုအတွက် ရှုပ်ထွေးမှုများရှိနေသည်။ နှစ်ပေါင်းများစွာ နေထိုင်လာသူများက တိုက်ခန်းများအား ပိုင်သော်လည်း အဆောက်အဦးနှင့် မြေနေရာက အခြားသူများ၏ အပိုင်ဖြစ်နေသည်။ မြေနေရာပိုင်ဆိုင်မှု၊ ပြန်လည်ရောင်းချမှုများနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ ဥပဒေက ခေတ်မမီတော့၊ တင်းကျပ် သလိုရှိနေပြီး ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားဖြစ်စေသည်။ သို့သော်လည်း ရန်ကုန်နှင့် နိုင်ငံတစ်ဝှမ်းရှိ မြေဈေးနှုန်းများကတော့ မြင့်တက်နေသည်။ အဘယ့်ကြောင့်ဆိုသော် ဈေးကစားသူများက မတန်တဆဈေးများပေးနေပြီး၊ စတော့ရှယ်ယာဈေးကွက်မရှိခြင်းနှင့် မခိုင်မာသည့် ဘဏ်စနစ်များကြောင့်ဖြစ်လေသည်။ ချမ်းသာသူများအတွက် ငွေသားများ ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံတွင် အခြားသောနေရာအနည်းငယ်လည်း ရှိနေသည်။

    အိုမင်းဟောင်းနွမ်းသည့် ရန်ကုန်မြို့တွင် သမိုင်းဝင်အဆောက်အဦးများ ကြွယ်ဝသလောက် ဖွံ့ဖြိုးတိုးတက်မှုအတွက် လုံလောက်သောနေရာမှာ မြို့ဧရိယာ စုစုပေါင်းတွင် အနည်းငယ်သော ရာခိုင်နှုန်းမျှသာရှိသည်။ ဂျပန်အကူအညီပေးရေးအေဂျင်စီ JICA ကမူ လာမည့် ၂၅ နှစ်အတွင်း ရန်ကုန်မြို့ဖွံ့ဖြိုး တိုးတက်ရေးအတွက် `မာစတာပလန်´ တစ်ခုကို ချမှတ်ထားသည်။ ထိုအစီအစဉ်ကို ဝေဖန်သူများလည်း ရှိသည်။ အချို့က ထိုအစီအစဉ်မှာ အခြေခံအဆောက်အဦးများ အတွက် အင်ဂျင်နီယာ သဘောဆန်သည့် အစီအစဉ် အဖြစ် ရှုမြင်ကြပြီး အချို့ကတော့ ဂျပန်လုပ်ငန်းများ ဧရာမအခွင့်အရေးများကို ရရှိမည့်အစီအစဉ်ဟု ဆိုကြသည်။ သို့သော်လည်း မည်သည့်အစီအစဉ်မှ မလုပ်သည်ထက်စာလျှင် မြို့ပြတည်ဆောက်မှုအတွက် အငြင်းပွားဖွယ်ရာ ယခုအစီအစဉ်သည်ပင်လျှင် ပိုကောင်းသည် မဟုတ်ပါလား။

    အင်္ဂလန်အရှေ့မြောက်ပိုင်းတွင် ကြီးပြင်းလာသည့် အသက် ၂၅ နှစ်အရွယ် ထက်မြတ်ဦးတစ်ယောက် တက္ကသိုလ်ပြီးနောက် ရန်ကုန်သို့ပြန်လာခဲ့ပြီး အခုအချိန်တွင်တော့ ခေတ်မီသည့် တီးဟောက်စ် Rangoon Tea House တစ်ခုကို ပိုင်ဆိုင်ထားသည်။ ရေရှည် စီမံကိန်းက ရေတိုတွင် ဖြေရှင်းနိုင်သည့်ပြဿနာများကို ဟန့်တား ပိတ်ပင်လိုက်သကဲ့သို့ ဖြစ်သည်ဟု ထက်မြတ်ဦးကထောက်ပြခဲ့သည်။ လူဦးရေသိပ်သည်းမှုကို ဖြေရှင်းရန် အထပ်မြင့်အဆောက်အဦးများဆောက်လုပ်ခြင်းထက် `မီးပွိုင့်များကိုပြင်ပါ´ ဟု သူက စိတ်ပျက်လက်ပျက်ဖြင့်ပြောသည်။ ထိုနည်းတူစွာ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုမှာလည်း ရေရှည်ရင်ဆိုင်နေရသည့် စိန်ခေါ်မှုဖြစ်သည်။

    `မြို့တစ်ဝိုက်မှာ အမှိုက်ပုံးအနည်းငယ် ပိုချထားပေးလိုက်တာဟာ ဘယ်သူ့ကိုမှ ထိခိုက်မယ့်ကိစ္စမျိုး မဟုတ်ပါဘူး´ ဟု ထက်မြတ်ဦးက ဆိုသည်။

    အနီးအနားရှိ ရေလှောင်ကန်မှ ရေပိုက်ပေါက်သွားခြင်းကြောင့် ၎င်း၏ တီးဟောက်စ်တွင် ၃ ရက်ခန့် ရေမရခဲ့။ သူ၏ ဆိုင်မှာ တစ်နေ့လျှင် ရေလီတာ ၅၀၀ ခန့် အသုံးပြုနေရပြီး ထိုပြဿနာကြောင့် ဆိုင်ပိတ်လိုက်ရမည့် အနေအထား ဖြစ်သွားသည်။

    ရန်ကုန်မြို့တစ်ဝှမ်း ရေပေးဝေမှုကလည်း စင်းလုံးချောမဟုတ်။ ပြည်သူအများစုက မိုးရေ၊ ကန်ရေနှင့် ရေတွင်းမှ ရေများကို အားပြုနေရသည်။ ထိုအချင်းအရာကလည်း မြို့၏ မြေအောက်ရေ ထိန်းသိမ်းမှုကို လျော့ကျစေသည်။ ၁၈၈၈ ခုနှစ် မြို့တည်စဉ်ကတည်းက တည်ဆောက်ခဲ့သည့် မိလ္လာလမ်းစနစ်ကိုလည်း အဆင့်မြှင့်တင်ခြင်း မပြုလုပ်ရသေး။ ထိုမိလ္လာစနစ်ကို မြို့လူဦးရေ၏ ၁၀ ပုံတစ်ပုံအောက်သာ အသုံးပြုနိုင်ကြပြီး ကျန်သည့် ပြည်သူများကတော့ မိလ္လာကန်များ၊ ရေလောင်းအိမ်သာများကို အသုံးပြုနေကြရသည်။ ထိုမျှမက လျှပ်စစ်ဓာတ်အားကလည်း စိတ်မချရ။ မီးမပြတ်တော့သော မြို့နယ်များတွင်ပင် မီးအားက မမှန်ဘဲ တက်လိုက်ကျလိုက်ဖြစ်နေ တတ်သည်။ ဟိုတယ်တစ်ခုကိုပိုင်ဆိုင်ပြီး အခြားတစ်ခုထပ်ဖွင့်ရန်ပြင်ဆင်နေသည့် မခင်စန္ဒာဝင်းက ၎င်းတို့၏လုပ်ငန်းမှာ မြို့ငယ်လေးတစ်ခု ဖန်တီးနေရသည်နှင့်တူပြီး အစိုးရက လုပ်ဆောင်ပေးရသည့် အညစ်အကြေးစီမံခန့်ခွဲမှုနှင့် ပုံမှန်ဓာတ်အားထောက်ပံ့မှုကို စီးပွားရေးလုပ်ငန်းရှင်များကိုယ်တိုင် လုပ်ဆောင်ပေးနေရသည်ဟုဆိုသည်။

    အိမ်ငှားခကြီးမြင့်ခြင်းက မြို့တွင်း၌ နေထိုင်သူများကို မြို့ပြင် ဆင်ခြေဖုံးသို့ ရောက်ရရှိသွားစေသည်။ ထိုနေရာများတွင် အလုပ်အကိုင်ရလိုရငြား မြို့ပေါ်သို့တက်လာသည့် ကျေးလက်ဒေသမှသူများနှင့် နီးနီးကပ်ကပ် နေရသည်။ သန့်ရှင်းမှုမရှိသည့် ပျံကျရပ်ကွက်များလည်း အစီအရီပေါ်လာသည်။ ထက်မြတ်ဦးတစ်ယောက်ကတော့ ရန်ကုန်မြို့မှာ ဒါကာနှင့် မွမ်ဘိုင်းတို့ကဲ့သို့ လူဦးရေသိပ်သည်းပြီး ညစ်ပတ်ရှုပ်ပွသောမြို့ ဖြစ်လာမည်ကို စိုးရိမ်နေသည်။

    ရန်ကုန်မြို့တိုးတက်ရန်အတွက် အန္တရာယ်နောက်တစ်ခုက နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ကျဆုံးသွားခြင်း၊ သို့မဟုတ် ဆိုးရွားသွားခြင်း ပင် ဖြစ်လေသည်။ ထိုသို့ဖြစ်လာလျှင်တော့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ၊ ကူညီထောက်ပံ့မှုများမှာလည်း ခန်းခြောက်၍ သွားပေမည်။ တစ်ခြားတစ်ဖက်တွင် နှစ်ပေါင်း ၅၀ အတွင်း YHT က ၂၁ ရာစုအစောပိုင်း၏ တောက်ပြောင်မြင့်မားသော အဆောက်အဦး အနည်းငယ်ကိုသာ ထိန်းသိမ်းရန် လှုပ်ရှားဆောင်ရွက် ရပေလိ့မ်မည်။

    ref: The Economist
    မိုးဝေ ဆီလျော်အောင် ပြန်ဆိုတင်ဆက်သည်။

    Photo Credit-swerin.com

  • မလေးရှားပြည်နယ်တစ်ခုတွင် မွတ်စလင်အများစုရှိရာဒေသများ၌ အရက်ရောင်းချမှု ပိတ်ပင်

    မလေးရှားပြည်နယ်တစ်ခုတွင် မွတ်စလင်အများစုရှိရာဒေသများ၌ အရက်ရောင်းချမှု ပိတ်ပင်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၅
    M-Media

    ach 2

    – မလေးရှားနိုင်ငံတောင်ပိုင်း မလာကာပြည်နယ်တွင် မွတ်စလင်အများစုရှိရာဒေသများ၌ အရက်ရောင်းချမှုကို တားမြစ်ပိတ်ပင်လိုက်ပြီး အရက်ထုတ်လုပ်သည့်စက်ရုံများတွင် မွတ်စလင်များ အလုပ်လုပ်ခြင်းကိုလည်း တရားမ၀င်ဟု ပြည်နယ်အစိုးရက သတ်မှတ်လိုက်သည်။

    `ဒီလိုပိတ်ပင်မှုကို ဆောင်ရွက်ခဲ့တဲ့ မလာကာ ပြည်နယ်အစိုးရကို ကျွန်တော်တို့ ချီးကျူးပါတယ်။ ပြည်သူတွေအနေနဲ့ ဟာလာနည်းကျ ဘ၀တည်ဆောက်ဖို့အတွက် ဒီဆောက်ရွက်ချက်ဟာ သွယ်ဝိုက်ပြီး အကူအညီပေးပါတယ်။ မွတ်စလင်တစ်ယောက်ချင်းစီတိုင်းအတွက် အရက်သေစာရောင်းချမှုကို ဥပဒေနဲ့ တားမြစ်ပိတ်ပင် လိုက်ပါပြီ´ ဟု အစ္စလာမ်ပါတီတစ်ခုဖြစ်သော PAS ၏ ဗဟိုကော်မတီအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    မလာကာဝန်ကြီးချုပ် ဒါတွတ် ဆီ အီဒရစ် ဟာရွန်က အတည်ပြုခဲ့သည့် အဆိုပါ ပိတ်ပင်မှုတွင် အစ္စလာမ်က ဟာရမ်(သုံးစွဲ၊ ရောင်းချပိုင်ခွင့်မရှိ) ဟု သတ်မှတ်ထားသည့် အရက်သေစာ ရောင်းချမှုကို စတိုးဆိုင်များက ချက်ချင်း ရပ်တန့်ရမည်ဖြစ်ပြီး မွတ်စလင်လူဦးရေ ၉၀ ရာခိုင် နှုန်းကျော်ရှိသော ဒေသများ၌ 7-11 ဆိုင်များတွင်ပါ အရက်ရောင်းချမှုကို ရပ်တန့်ရမည်ဖြစ်သည်။

    PAS ခေါင်းဆောင်များကမူ စင်ကာပူရှိ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ည ၁၀ နာရီခွဲမှ နံနက် ၇ နာရီအထိ အရက်သောက်သုံးမှုမပြုလုပ်ရန် ပိတ်ပင်သည့် ဥပေဒမူကြမ်းကိုလည်း ကြိုဆိုခဲ့သည်။

    `ဒါဟာ အရက်ရဲ့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုကို ရှင်းရှင်းလင်းလင်း ပြနေတာပါပဲ။ နောက်ပြီး မလေးရှားမှာ အထူးသဖြင့် မြို့ပြဒေသတွေမှာဆို အရက်ကို စတိုးဆိုင်တွေမှာတောင် အလွယ်တကူရနေပြီး ဘယ်လို အရေးယူမှုမှ မလုပ်နိုင်ပါဘူး´ ဟု PAS ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    အစ္စလာမ်သာသနာမှာ မူးယစ်စေတတ်သောအရာများ သုံးစွဲခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ပိတ်ပင်ထားပြီး မွတ်စလင်များ အရက်သောက်သုံးခြင်းနှင့် ရောင်းချခြင်းကိုပင် ဟာရမ်ဟု သတ်မှတ်ထားသည်။ အစ္စလာမ့်အခြေခံဥပဒေတွင် အရက်၊ မူးယစ်ဆေးဝါး၊ ကစော် သို့မဟုတ် လူများအားမူးယစ်ထုံထိုင်းစေသော အခြားအရာအားလုံးကို သုံးစွဲခြင်းမှာ တရားမ၀င်ဟု သတ်မှတ်ထားသည်။

    နိုင်ငံတစ်ဝှမ်းလုံး

    မလာကာအစိုးရ၏ အဆိုပါပိတ်ပင်မှုကို ကြိုဆိုခဲ့သည့် PAS က နိုင်ငံတစ်ဝှမ်းတွင်လည်း ထိုကဲ့သို့ ပိတ်ပင်မှုများကို ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    `တစ်နိုင်ငံလုံးမှာ စံတစ်ခုရှိဖို့ အရက်သေစာနဲ့ပတ်သက်တဲ့ ပေါ်လစီတွေကို အစိုးရကချမှတ်ပါလို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ နောက်ပြီး အရက်သေစာလုပ်ငန်းတွေကနေ မွတ်စလင်တွေလွတ်မြောက်ဖို့ ကြိုစားအားထုတ်မှုတိုင်းကို ကျွန်တော်တို့ အကြွင်းမဲ့ ထောက်ခံသွားမှာပါ´ ဟု PAS ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားပြီး ထိုသို့ပိတ်ပင်မှုက မွတ်စလင်များ ၎င်းတို့၏ ဘာသာတရားမှ တားမြစ်ထားသော အလုပ်များတွင် ပါဝင်ခြင်းမှ လွတ်ကင်းအောင် အကူအညီဖြစ်စေမည်ဟု ဆိုသည်။

    PAS က ထောက်ခံသော်လည်း မလေးရှားတရုတ်အသင်း MCA နှင့် အခြားသောအဖွဲ့များကမူ ထိုပိတ်ပင်မှုကို ဆန့်ကျင်ခဲ့သည်။

    MCA က ထိုကဲ့သို့ ပိတ်ပင်ခြင်းမှာ အခြားသော တိုင်းရင်းသားများအား ခွဲခြားသကဲ့သို့ ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ ကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုးစုများအကြား ပေါင်းစည်းမှုကို အဟန့်အတားဖြစ်စေသည်ဟု ဆိုသည်။

    Gerakan Youth အဖွဲ့ကလည်း အစိုးရ၏ အဆိုပါပေါ်လစီအသစ်မှာ ကုန်သွယ်ရေးကဏ္ဍတွင် နိုင်ငံရေးက ၀င်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း ကန့်ကွက်ပြောကြားခဲ့ပြီး အစိုးရအနေဖြင့်အဆိုပါ ပိတ်ပင်မှုအား ပြန်လည်စဉ်းစားရန် တိုက်တွန်းပြောကြားခဲ့သည်။

    လွန်ခဲ့သည့် ၅ နှစ်မှစ၍ ဆီလန်ဂေါပြည်နယ် ရှေ့ဆောင်အီမာမ်များနှင့် မုအ်ဇင်(၀တ်ပြုရန်နှိုးဆော်သူ) များကဲ့သို့ ဗလီဝတ်ကျောင်းတော်ရှိ တာဝန်ရှိသူများအနေဖြင့် လူမြင်ကွင်းတွင် အရက်သေစာသောက်စားသည့် မွတ်စလင်များအား ဖမ်းဆီးရန် ခွင့်ပြုထားသည်။

    မလေးရှားနိုင်ငံ၏ လူဦးရေမှာ ၂၆ သန်းနီးပါးရှိပြီး အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ၆၀ ရာခိုင်နှုန်းခန့်ရှိသည်။

    Ref: onislam

  • နာဇီတပ်များကို အောင်နိုင်မှု (၇၂) ပြည့် နှစ်ပတ်လည် အခမ်းအနား ရုရှား ဗော်လ်ဂိုဂရက်မြို့တွင် ကျင်းပ

    နာဇီတပ်များကို အောင်နိုင်မှု (၇၂) ပြည့် နှစ်ပတ်လည် အခမ်းအနား ရုရှား ဗော်လ်ဂိုဂရက်မြို့တွင် ကျင်းပ

    ဖေဖော်ဝါရီ ၂ ၊ ၂၀၁၅
    M-Media

    ဗော်လ်ဂိုဂရက် မြို့ရဲ့ ဗော်လဂါမြစ် တမံမှာ အထိမ်းအမှတ် မီးရှုးမီးပန်းတွေနဲ့ ဒုတိယကမ္ဘာစစ်အတွင်း အရေးပါတဲ့ စစ်အောင်နိုင်မှုအခမ်းအနား ဒီညမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

    1081189

    ဗော်လ်ဂိုဂရက် (ယခင် စတာလင်ဂရက်) မြို့သားတွေဟာ နာဇီတပ်သားတွေကို တိုက်ထုတ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲ ၇၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပွဲတော်တွေကျင်းပနေကြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက သမိုင်းကြောင်းတွေကို စစ်ပြန် စစ်မှုထမ်းဟောင်းကြီးတွေက ကျောင်းသားတွေကို ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်လို့ ပြောပြကြပါတယ်။ရှေ့တန်းက ဆိုဗီယက် စစ်သားတွေရဲ့ ကိုယ်ကျိုးမဖက်ဘဲ စစ်ပွဲအောင်နိုင်ဖို့အတွက် ရဲဝင့်စွာ ဇွဲသတ္တိရှိရှိ တိုက်ခိုက်ခဲ့တဲ့အကြောင်းအရာတွေကို ပြန်ပြောပြခဲ့ကြတာဖြစ်ပါတယ်။

    ရှရှားမှာ ရာသီဥတုဆိုးရွားနေပေမယ့်လည်း မြို့ခံထောင်ပေါင်းများစွာဟာ စစ်မှုထမ်းဟောင်းတွေနဲ့ တွေ့ဆုံပြီး စစ်ဆန့်ကျင်ရေး အစီအစဉ်တွေကို စီစဉ်တက်ရောက်သွားမှာဖြစ်ပါတယ်။ လုပ်အားပေးအဖွဲ့တွေဟာ ကမ္ဘာစစ်အတွင်းပုံနှိပ်ခဲ့တဲ့ စတာလင်ဂရက် ပရက်ဗ်ဒါ သတင်းစာ အထူးထုတ်စာစောင်ကို ထုတ်ဝေသွားကြမှာလည်းဖြစ်ပါတယ်။ စောင်ရေ နှစ်သောင်းကျော်လောက် ပုံနှိပ်ပြီးခဲ့ပြီဖြစ်တဲ့ ဒီစာစောင်မှာ ၁၉၄၃ ခုနှစ် ဖေဖေါ်ဝါရီ ၂ ရက် က စတာလင်ဂရက်မြို့ကို တိုက်ခိုက်ခဲ့တဲ့ နာဇီတပ်တွေရဲ့ လုံးဝရှုံးနိမ့်ခဲ့တဲ့ အကြောင်းအရာတွေပါဝင်ပါတယ်။

    စစ်ကာလအတွင်းက အဝတ်အစားတွေဝတ်ဆင်ထားတဲ့ အမျိုးသမီး နှစ်ဆယ်လောက်ဟာ မြို့တော်လမ်းတွေကို ချီတက်လျှောက်ခဲ့ကြပါတယ်။ အမျိုးသမီး ယျာဉ်ကျော ရှင်းပေးတဲ့ အဖွဲ့တွေက နှစ်အနည်းငယ်အတွင်းကပဲ ရှရှားမှာ စတင်ခဲ့ပေမယ့် ၊ ဒီဝတ်စုံတွေဟာ ရှေ့တန်းကို ရောက်ခဲ့ဖူးသူတိုင်းသတိတရရှိနေမယ့် သမိုင်းဝင် စတာလင်ဂရက် စစ်တိုက်ပွဲစိတ်ဓာတ်ကိုလည်း ပြန်လည်ဖန်တီးဖြစ်တည်စေပါတယ်။ ဒီသမိုင်းဝင် စစ်ပွဲဟာ ( ၁၉၄၂ ) ခုနှစ် ဂျူလိုင် ၁၇ ရက် နေ့ကစတင်ခဲ့ပြီး ၁၉၄၃ ခုနှစ် ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ နာဇီတပ်တွေကို အပြည့်အဝ အနိုင်ရတဲ့အကြောင်းကြေငြာခဲ့ပါတယ်။

    စနစ်တကျ သတ်ဖြတ်ရေး စခန်းတွေမှာ ဟစ်တလာဦးဆောင်တဲ့ နာဇီပါတီတပ်တွေ ဟာ ဂျူးလူမျိုး ( ၆ ) သန်းကျော်ကို သတ်ဖြတ်ခဲ့ပြီး ဂျူးမဟုတ်တဲ့ အခြားလူမျိုး ( ၅ ) သန်းပါထည့်တွက်ရင် အရပ်သား (၁၁) သန်းကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။

    1081159

    Source :http://itar-tass.com