News @ M-Media

Blog

  • ကမ္ဘာ့အဆန်းပြားဆုံး ကွင်းသစ်ကို အေစီမီလန် ဆောက်မည်

    ကမ္ဘာ့အဆန်းပြားဆုံး ကွင်းသစ်ကို အေစီမီလန် ဆောက်မည်

    ဖေဖော်ဝါရီ ၁၊ ၂၀၁၅
    M-Media

    acml

    – ကမ္ဘာ့အဆန်းသစ်ဆုံး ဘောလုံးကွင်းတစ်ခုကို တည်ဆောက်ရန် မိမိတို့စီစဉ်နေပြီး နောက်သုံးနှစ်အတွင်း ကွင်းအသစ်သို့ ပြောင်းရွှေ့ကစားတော့မည်ဟု အေစီမီလန်အသင်းက ပြောကြားလိုက်သည်။

    ကွင်းသစ်ဆောက်လုပ်ရန် အစီအစဉ်ကို အေစီမီလန်အသင်းက ၎င်းတို့၏၀ဘ်ဆိုက်တွင် ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ်ပြီး၊ မီလန်မြို့ ပေါ်တယ်လိုဒေသတွင် တည်ဆောက်မည့် အဆိုပါ ကွင်းသစ်ဒီဇိုင်းမှာ အင်္ဂလိပ်ကွင်းများအား မှီငြမ်းထားခြင်းဖြစ်သည်။

    ကွင်းအသစ်တွင် ဟိုတယ်၊ အားကစားကောလိပ်၊ စားသောက်ဆိုင်နှင့် ကလေးများကစားရန် နေရာများ ပါဝင်မည်ဖြစ်ပြီး အေစီမီလန်ကမူ ၎င်းတို့ကွင်းမှာ ကမ္ဘာ့အဆန်းသစ်ဆုံး ဘောလုံးကွင်းဖြစ်လာမည်ဟု မျှော်လင့်နေသည်။

    `မြို့ရဲ့ပေါ်တယ်လို့ဒေသအတွင်း ပြန်လည်ဖွံ့ဖြိုးလာဖို့ မီလန်က စိတ်ဝင်စားပါတယ်။ ကွင်းသစ်ဆောက်ဖို့ ကမ်းလှမ်းမှုတွေကို လေ့လာနေပြီး ကမ္ဘာပေါ်မှာ အဆန်းသစ်ဆုံးဘောလုံးကွင်းတွေထဲကတစ်ခု ဖန်တီးတာမျိုး ဖြစ်လာမယ်လို့ မီလန်က မျှော်လင့်ပါတယ်´ ဟု ၀ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါ ကွင်းမှာ ပရိတ်သတ် ၄၈၀၀၀ ၀င်ဆံ့နိုင်မည်ဖြစ်ပြီး နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်းများနှင့် အကောင်းဆုံး လုံခြုံရေးစနစ်ကိုလည်း ထားရှိသွားမည်ဖြစ်သည်။

    `ဒီစီမံကိန်းဟာ အင်္ဂလိပ်ဘောလုံးကွင်းပုံစံကို အတုယူပြီး လုပ်ထားတာပါ။ အများပြည်သူသုံး ပို့ဆောင်ရေးယာဉ်တွေကိုစီးပြီး ဘောလုံကွင်းလာနိုင်အောင်လုပ်ထားပြီး ဒီလိုလုပ်ခြင်းအားဖြင့် ပရိတ်သတ်တွေကို သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ ပိုအသိပေးနိုင်ပါလိမ့်မယ်´

    အေစီမီလန်မှာ ယခုလက်ရှိတွင် ဆန်စီရိုကွင်းအား အင်တာမီလန်အသင်းနှင့်အတူ ပူးတွဲသုံးစွဲနေရသည်။

    Ref: goal.com

  • `ကမ္ဘာ့ဟီဂျဘ်နေ့´ ကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အမျိုးသမီး သန်းပေါင်းများစွာ ဆင်နွှဲ

    `ကမ္ဘာ့ဟီဂျဘ်နေ့´ ကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အမျိုးသမီး သန်းပေါင်းများစွာ ဆင်နွှဲ

    ဖေဖော်ဝါရီ ၁၊ ၂၀၁၅
    M-Media

    hijab

    – ဖေဖော်ဝါရီ လ ၁ ရက်နေ့ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဟိဂျဘ်နေ့ကို ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်မဟုတ်သူ အမျိုးသမီးများက ဆင်နွှဲခဲ့ကြသည်ဟု သိရသည်။

    အစ္စလာမ့်တရားတော်၏ သွန်သင်ချက်အရ မွတ်စလင်အမျိုးသမီးများ ဟီဂျဘ်ဝတ်ဆင်ခြင်းနှင့်ပတ်သက်၍ အစ္စလာမ်ဘာသာဝင် မဟုတ်သူများ သိရှိနားလည်စေရန်နှင့် ဟီဂျဘ်နှင့်ပတ်သက်သည့် တစ်ဘက်ဆွဲအတွေးများကို ပပျောက်စေရန် ရည်ရွယ်ပြုလုပ်သည့် `ကမ္ဘာ့ဟီဂျဘ်နေ့´ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ကျင်းပခဲ့ပြီး ယခုအကြိမ်နှင့်ဆိုလျှင် ၃ ကြိမ်မြောက် ရှိပြီဖြစ်သည်။

    ထိုနေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်မဟုတ်သူ အမျိုးသမီးများ၊ သာမန်အချိန်များတွင် ဟီဂျဘ်ဝတ်ဆင်ခြင်း မရှိသည့် အမျိုးသမီးများအား တစ်နေ့တာ ဟီဂျဘ်ဝတ်ဆင်စေပြီး၊ ဟီဂျဘ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ၊ ရှင်းလင်းပြောကြားမှုများကိုလည်း ပြုလုပ်ကြသည်။ ထို့ပြင် ချီတက်လမ်းလျှောက်မှုများကိုလည်း ပြုလုပ်ကြသည်။

    ယခုနှစ်တွင်လည်း ယခင်နှစ်များကဲ့သို့ပင် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။ ယူကေတွင်ပြုလုပ်သည့် `ကမ္ဘာ့ဟီဂျဘ်နေ့´ အခမ်းအနားက ဘာသာလူမျိုးပေါင်းစုံ ပေါင်းကူးပေးသည့် အခမ်းအနားမျိုး ဖြစ်ခဲ့ပြီး မွတ်စလင်မဟုတ်သူများကလည်း တစ်နေ့တာ ဟီဂျဘ်ဝတ်ဆင်ခြင်းအတွေ့အကြုံကို မြည်းစမ်းခဲ့ကြသည်။

    `အခြားယဉ်ကျေးမှုတွေ၊ ယုံကြည်မှုတွေကို နားလည်ဖို့၊ တွေ့ကြုံခံစားဖို့အတွက် ဒီနေ့ဟာ အရေးပါတဲ့နေ့လို့ ကျွန်မထင်ပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ပြောရရင် ဒီဟီဂျဘ်ဆိုတာ အစ္စလာမ်ကို တွေ့ကြုံခံစားဖို့၊ မွတ်စလင်အမျိုးသမီးတစ်ယောက်ဖြစ်ရတဲ့ အဓိပ္ပါယ်ကိုသိရှိစေဖို့ လှပပြီး ဆန်းသစ်လှတဲ့နည်းလမ်းလည်း ဖြစ်ပါတယ်´ ဟု အစ္စလာမ်ဘာသာဝင်မဟုတ်သည့် လန်ဒန်အမျိုးသမီး အဲလိဇဘက် ခရောက်ချာက ပြောကြားခဲ့သည်။

    ဟီဂျဘ်နှင့်ပတ်သက်၍ အထင်မှားအမြင်များရှိနေပြီး ထိုကိစ္စနှင့်ပတ်သက်၍ လန်ဒန်ရောက် ပါကစ္စတန်အမျိုးသမီး အဖီဖာ ဘင်တီ အစ်ရ်ဖာန်းက

    `ဟီဂျဘ်ဝတ်ဆင်တာကို ဖိနှိပ်မှုလက္ခဏာလို့ ကမ္ဘာကြီးက မြင်ကြပါတယ်။ ဒီလိုသမရိုးကျအမြင်တွေကို ချေဖျက်ဖို့ မွတ်စလင်အမျိုးသမီးတွေဟာ ဘ၀ရဲ့နယ်ပယ်အသီးသီးမှာ ရဲစွမ်းသတ္တိတွေပြရပါမယ်။ ဂျာနယ်လစ်ဇင်ကနေ ဆေးပညာ၊ ဖက်ရှင်ဒီဇိုင်းပညာတွေအထိ နယ်ပယ်တိုင်း နယ်ပယ်တိုင်းပါပဲ။ ပြီးတော့ ဟီဂျဘ်ဆိုတာ ကန့်သတ်ချုပ်ချယ်ထားတာမျိုး၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းမှာ အောင်မြင်တာကို တားဆီးပိတ်ပင်ထားတာမျိုး မဟုတ်ဘူးဆိုတာ ကမ္ဘာကြီးကို သက်သေပြရပါလိမ့်မယ်´ ဟု ပြောကြားခဲ့သည်။

    အမေရိကန်တွင်ပြုလုပ်သည့် အခမ်းအနားများတွင် မွတ်စလင်မဟုတ်သူများ၏ အားပေးထောက်ခံမှုများကို ရရှိခဲ့သည်။ ဟီဂျဘ်အား တစ်နေ့တာဝတ်ဆင်ခဲ့သည့် တန်နက်ဆီးပြည်နယ်မှ အစ္စလာမ်ဘာသာဝင် မဟုတ်သူ အမျိုးသမီး အိန်ဂျလာဒေးဗစ်က မိမိအနေဖြင့် ထိုကဲ့သို့ ၀တ်ဆင်ခြင်းမှာ မွတ်စလင်မဟုတ်သူ အမျိုးသမီးများအတွက် ဥပမာအနေဖြင့် ၀တ်ဆင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မွတ်စလင်အမျိုးသမီးများ ထိုကဲ့သို့ ၀တ်ဆင်ခြင်းကို လေးစားအားကျမိပြီး အနာဂတ်တစ်ချိန်ချိန်တွင် အချိန်ပြည့် ဟီဂျဘ်ဝတ်ဆင်သူဖြစ်လာအောင် သိတ္တိမွေးသွားမည်ဟု ဆိုသည်။

    `လူတွေ ဟီဂျဘ်ဝတ်ဆင်တာကို ကျွန်မတွေ့တဲ့အခါ ဒါနဲ့ပတ်သက်ပြီး ပိုတွေးမိပါတယ်။ ဒါဟာ အနာဂတ်မှာ ကျွန်မ အသေအချာကိုဆောင်ရွက်မယ့် ကိစ္စဖြစ်ပါတယ်´

    အစ္စလာမ်ဘာသာဝင်ဦးရေ သန်း ၁၄၀ ရှိသည့် နိုက်ဂျီးရီးယားနိုင်ငံတွင် မွတ်စလင်ပြည်သူ့ရေးရာစင်တာ MPAC နှင့် အခြားမွတ်စလင်အဖွဲ့အစည်း ၁၀ ဖွဲ့ကျော်ပူးပေါင်းကာ `ကမ္ဘာ့ဟီဂျဘ်နေ့´ ကိုဆင်နွှဲခဲ့ကြသည်။ ထို့ပြင် အခြားသော မွတ်စလင်အမျိုးသမီး အဖွဲ့အစည်းများကလည်း အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။

    အာရှတွင်လည်း ကျင်းပ

    ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင် ဒုတိယအမျာဆုံးရှိရာ အိန္ဒိယနိုင်ငံတွင်လည်း `ကမ္ဘာ့ဟိဂျဘ်နေ့´ ကို ဆင်နွှဲခဲ့ကြပြီး အစ္စလာမ်နှင့်ပတ်သက်သည့် မှားယွင်းသော ထင်မြင်ယူဆချက်များကို ဖယ်ရှားခဲ့ကြသည်။

    `ဆိုရှယ်မီဒီယာမှာတင်ထားတာတွေ့လို့ ဒီအခမ်းအနားကို ကျွန်မ ရောက်လာတာပါ။ ဟီဂျဘ်နဲ့ပတ်သက်ပြီး အသိပညာပေးဖို့ အစ္စလာမ်ရဲ့ ရှုထောင့်တွေကို ကျယ်ကျယ်ပြန့်ပြန့်တင်ပြဖို့ ဒါဟာ သိပ်ကောင်းတဲ့ နည်းလမ်းပါပဲ။ ဟီဂျဘ်ဆိုတာ တစ်ကယ်တော့ အမျိုးသမီးတွေ သူတို့ရဲ့ဆန္ဒအတိုင်း ၀တ်ဆင်တဲ့ လွတ်လပ်မှုတစ်ခုပါပဲ´ ဟု အူတာပရာဒက်ရှ်ပြည်နယ် လက်ခ်နောင်မြို့တွင် ပြုလုပ်ခဲ့သည့် `ကမ္ဘာ့ဟီဂျဘ်နေ့´ အခမ်းအနားသို့ တက်ရောက်ခဲ့သူ မွတ်စလင်အမျိုးသမီး အယူရှီ ဆရီဗက်စ်တာဗာက ပြောကြားခဲ့သည်။

    အဆိုပါအခမ်းအနားကို အိန္ဒိယလူငယ်အမျိုးသမီးများက ဦးဆောင်ပြုလုပ်ကြခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင်မဟုတ်သည့် အမျိုးသမီးများကိုလည်း ပါဝင်ရန် ဖိတ်ခေါ်ခဲ့ကြသည်။

    `အမျိုးသမီးတစ်ယောက် တိုတိုနံ့နံ့လေးတွေဝတ်ရင် လူတွေက ခေတ်မီတယ်လို့ပြောကြပြီး အခြားတစ်ယောက်က သူ့ကိုယ်သူ လုံလုံခြုံခြုံဝတ်ပြီဆိုရင်တော့ ဒါဟာ ဖိနှိပ်ချုပ်ချယ်မှုလို့ ထင်ကြပါတယ်။ ကျွန်မတို့ သာသနာက သွန်သင်တဲ့ ဟီဂျဘ်ဆိုတာ ဆံပင်ကို ဖုံးအုပ်တာဖြစ်ပြီး ကျွန်မရဲ့အသိဥာဏ်နဲ့ ဦးနှောက်ကို အမှောင်ချလိုက်တာမျိုး မဟုတ်ပါဘူး´ ဟု လက်ခ်နောင်ကမ္ဘာ့ဟီဂျဘ်အဖွဲ့ဝင် ဆာရာဟူစိန်က ပြောကြားခဲ့သည်။

    အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုတွင်လည်း `ကမ္ဘာ့ဟီဂျဘ်နေ့´ အထိမ်းအမှတ် ချီတက်လမ်းလျှောက်မှုကို ယနေ့တွင် ပြုလုပ်ခဲ့ကြပြီး ဟီဂျဘ်ဝတ်ဆင်ထားသည့် အမျိုးသမီး ၁၀၀၀ ကျော် ပါဝင်ခဲ့ကြသည်။

    Ref: onislam

  • မော်စကိုစာကြည့်တိုက် မီးလောင်မှု သမိုင်းဝင် စာအုပ်စာတမ်း ၁ သန်းကျော် ဆုံးရှုံး

    မော်စကိုစာကြည့်တိုက် မီးလောင်မှု သမိုင်းဝင် စာအုပ်စာတမ်း ၁ သန်းကျော် ဆုံးရှုံး

    ဖေဖော်ဝါရီ ၁၊ ၂၀၁၅
    M-Media

    msc

    – ရုရှားနိုင်ငံ မော်စကိုရှိ တက္ကသိုလ်စာကြည့်တိုက်တစ်ခု ယမန်နေ့က မီးလောင်မှုအတွင်း သမိုင်းဝင် စာရွက်စာတမ်းပေါင်း တစ်သန်းကျော် ပျက်စီးခဲ့သည်ဟုသိရသည်။

    လူမှုသိပ္ပံဆိုင်ရာ သိပ္ပံအချက်အလက်တက္ကသိုလ် INION မှ စာကြည့်တိုက်ဖြစ်ပြီး သောကြာနေ့က မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ စနေနေ့ညနေပိုင်းအထိ စနေနေ့ညပိုင်းမှ လုံးဝ ငြှိမ်းသက်နိုင်ခဲ့ကာ မီးလောင်မှုကြောင့် ၂၀၀၀ စတုရန်းမီတာ ပျက်စီးခဲ့သည်။

    အဆိုပါတက္ကသိုလ်ကို ၁၉၁၈ ခုနှစ်တွင် စတင်ထည်တောင်ခဲ့ပြီး စာကြည့်တိုက်တွင် စာအုပ်စာတမ်းပေါင်း ၁၀ သန်းကျော်ရှိကာ ၁၆ ရာစုနှစ်မှ သိပ္ပံဆိုင်ရာ စာရွက်စာတမ်းများပင် ပါဝင်သည်။ ထိုစာကြည့်တိုက်မှာ ရုရှားနိုင်ငံ၏ အကြီးဆုံးစာကြည့်တိုက်များထဲမှ တစ်ခုလည်းဖြစ်သည်။

    `သိပ္ပံဆိုင်ရာအတွက် ဆုံးရှုံးမှုကြီးတစ်ခုပါပဲ။ ကမ္ဘာပေါ်က ဒီလိုမျိုးစုစည်းထားတဲ့အထဲမှာ ဒါဟာအကြီးမားဆုံး စာကြည့်တိုက်ဖြစ်ပြီး (အမေရိကန်က) လွှတ်တော်စာကြည့်တိုက်လောက်ကို ရှိပါတယ်။ ဘယ်နေရာမှာမှ ရှာလို့မရတဲ့ စာရွက်စာတမ်းတွေကို ဒီမှာ ရှာနိုင်တယ်။ လူမှုသိပ္ပံဆိုင်ရာ သမိုင်းပညာရှင်တွေအားလုံးက ဒီစာကြည့်တိုက်ကိုပဲ သုံးကြတာပါ´ ဟု ရုရှား သိပ္ပံအကယ်ဒမီမှ ဥက္ကဌ ဗလာဒီမီရ် ဖော်တော့ဗ်၏ ပြောကြားမှုကို ရုရှားသတင်းစာများက ဖော်ပြခဲ့သည်။

    မီးလောင်မှုကြောင့် စာကြည့်တိုက်တွင်စုထားသည့် စာရွက်စာတမ်းပေါင်း ၁၅ ရာခိုင်နှုန်း ပျက်ဆီးခဲ့ပြီး ဆာလ်ဗစ်ဘာသာစကားဖြင့် ရေးသားထားသော စာအုပ်စာတမ်းအမြောက်အများနှင့် ဗြိတိန်၊ အီတလီနှင့် အမေရိကန်တို့မှ စာရွက်စာတမ်းများလည်း ပါဝင်သည်။ ဖော်တော့ဗ်ကမူ ပျက်ဆီးမှုအများစုမှာ မီးသတ်သမားများ၏ ရေကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့ပြီး သေဆုံးဒဏ်ရာရသူ မရှိခဲ့ပေ။

    မီးမှာ စာကြည့်တိုက်၏ ဒုတိယထပ်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးလုပ်သားများကမူ မီးအရှိန်ကြောင့် စာအုပ်များကို ပြောင်းရွှေ့ရန် မဖြစ်နိုင်ခဲ့ဟု ပြောကြားခဲ့သည်။ တာဝန်ရှိသူများကမူ မီးလောင်ရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးခဲ့ပြီး လျှပ်စစ်ရှော့ဖြစ်ခြင်းကြောင့်ဟု ဆိုသည်။

    Ref: alarabiya

  • ထွက်ပြေးနေသည့် ကိုလံဘီယာထောက်လှမ်းရေးအကြီးအကဲဟောင်း အဖမ်းခံ

    ထွက်ပြေးနေသည့် ကိုလံဘီယာထောက်လှမ်းရေးအကြီးအကဲဟောင်း အဖမ်းခံ

    ဖေဖော်ဝါရီ ၁၊ ၂၀၁၅
    M-Media

    clby

    – ကိုလံဘီယာသမ္မတဟောင်း၏ အတိုက်အခံများကို လျှို့ဝှက်ထောက်လှမ်းမှုဖြင့် တရားစွဲဆိုခြင်းခံထားရပြီး ထွက်ပြေးနေသော ထောက်လှမ်းရေးအကြီးအကဲဟောင်း အမျိုသမီးမှာ ကိုလံဘီယာအစိုးရထံ အဖမ်းခံခဲ့သည်ဟု သိရသည်။

    မာရီယာ ဒဲလ် ပီလာ ဟာတာဒို ဆိုသူဖြစ်ပြီး ဂျာနယ်လစ်များ၊ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားသော တရားမ၀င် စုံစမ်းထောက်လှမ်းသည့်ဂိုဏ်းတွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်။ သူမအား အစိုးရက ဖမ်းဆီးရန်ကြိုးစားပြီးနောက် ၂၀၁၀ ခုနှစ်တွင် ပနားမားသို့ထွက်ပြေးခဲ့ပြီး ယမန်နေ့တွင် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။

    သမ္မတဟောင်း အဲလ်ဗာရိုလက်ထက်တွင် ထောက်လှမ်းရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် သူမမှာ အဲလ်ဗာရိုအား ဆန့်ကျင်သော တရားရုံးချုပ်တရားသူကြီးများ၏ ဖုန်းပြောဆိုမှုများကိုပင် ကြားဖြတ် နားထောင်ခဲ့သူဖြစ်သည်။

    သူမအား မြို့တော်ဘိုဂိုတာသို့ ယမန်နေ့ နံနက်စောစောလေယာဉ်ဖြင့် ခေါ်ဆောင်လာခဲ့ပြီး အမှုများအား ပြန်လည်စစ်ဆေးနေစဉ်အတွင်း ထောင်သွင်းအကျဉ်းထားရန် တရာရုံးက အမိန့်ပေးခဲ့သည်။

    တရားသူကြီးချုပ် အက်ဒူရာဒို မွန်တီယာလီဂရီကမူ ဟာတာဒိုမှာ အနည်းဆုံး အမှု ၅ မှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်မှ အနှစ် ၂၀ အထိ ကျခံရဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အဏာရှိစဉ်က တရားမ၀င်စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည့် ဟာတာဒိုအား ပူးပေါင်းဆောင်ရွက်ရန် ၎င်းအနေဖြင့် တိုက်တွန်းသွားမည်ဟု တရားသူကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref:aljazeera

  • အာဆင်နယ်မှာ အဓိကဖလားတစ်လုံး ရနိုင်မည်ဟု နောက်ခံလူ ဂစ်ဘ်ပြော

    အာဆင်နယ်မှာ အဓိကဖလားတစ်လုံး ရနိုင်မည်ဟု နောက်ခံလူ ဂစ်ဘ်ပြော

    ဇန်န၀ါရီ ၃၁၊ ၂၀၁၅
    M-Media

    ars

    – ရာသီအစက ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းတွင် ပြန်လည်တည်ငြိမ်လာသည့် မိမိတို့အသင်းမှာ ယခုနှစ်တွင် အဓိကဖလားတစ်လုံးကို ရယူနိုင်မည်ဟု အာဆင်နယ်နောက်ခံလူ ကီရန် ဂစ်ဘ်က ပြောကြားလိုက်သည်။

    နောက်ဆုံးကစားသော ပရီးမီးယားလိဂ် ၇ ပွဲတွင် ၁ ပွဲသာရှုံးခဲ့သည့် အာဆင်နယ်မှာ ယခုလက်ရှိတွင် အဆင့် ၅ နေရာ၌ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သည့် အဆင့် ၄ နေရာနှင့် ၁ မှတ်သာကွာနေသည်။ ထို့ပြင် FA ဖလား ပဉ္စမအဆင့်သို့ရောက်နေကာ၊ ချန်ပီယံလိဂ်တွင်လည်း ၁၆ သင်း ရှုံးထွက်အဆင့်သို့ ရောက်နေသည်။

    ယခုနှစ်တွင် အကောင်းဆုံးခြေစွမ်းပြနေသည့် ဂစ်ဘ်ကမူ မိမိတို့မှာ ဖလားရရှိရေး မျှော်လင့်ချက်ရှိနေပြီး ပရီးမီးယားလိဂ်ကိုပင် မျက်စောင်းထိုးနေသည်။

    `ပြီးခဲ့တဲ့ရာသီကိုကြည့်လိုက်ရန် အချိန်အများစုမှာ ကျွန်တော်တို့က ဇယားထိပ်ဆုံးမှာ ရှိခဲ့တာပါ။ ဒါပေမယ့် အဆုံးမှာတော့ မှေးမှိန်ခဲ့ရပါတယ်။ အခုကျွန်တော်တို့မှာ ဒီလိုပုံစံဖြစ်ဖို့ အခွင့်အရေးရှိနေပြီး ဘယ်နေရာမှာဆုံးမလဲဆိုတာကို ကျွန်တော်တို့ မြင်နေပါတယ်´ ဟု ဂစ်ဘ်က The Mirror သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ကစားရမည့်ပွဲများရှိနေပြီး မိမိတို့အနေဖြင့် အောင်ပွဲရအောင် ကြိးစားသွားမည်ဖြစ်ကြောင်း မန်စီးတီးအသင်းကလည်း အလှည့်အပြောင်းဖြစ်သွားနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: goal.com