News @ M-Media

Blog

  • ကမ္ဘာ့ဘေးအကင်းဆုံးမြို့ ၅၀ တွင် ရီယာ့ဒ်ပါဝင်

    ကမ္ဘာ့ဘေးအကင်းဆုံးမြို့ ၅၀ တွင် ရီယာ့ဒ်ပါဝင်

    ဖေဖော်ဝါရီ ၁၊ ၂၀၁၅
    M-Media

    ryd

    – The Economist မဂ္ဂဇင်းမှ ထုတ်ပြန်သော ၂၀၁၅ ခုနှစ် အလုံခြုံဆုံးနှင့် ဘေးအန္တရာယ်အကင်းဆုံး မြို့ ၅၀ စာရင်းတွင် ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့က အဆင့် ၄၆ နေရာတွင် ရပ်တည်ခဲ့သည်ဟု သိရသည်။

    ဘေးအကင်းဆုံးမြို့အား သတ်မှတ်ရာတွင် ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် ခိုးဝှက်မှုနှုန်းအပါအ၀င် စံ ၄ ခု ဖြင့် အဆိုပါမဂ္ဂဇင်းက သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ရီယာ့ဒ်မှာ ထိုကဏ္ဍများတွင် ၅၃.၂၆ ရာခိုင်နှုန်းရခဲ့ကာ အဆင့် ၄၃ နေရာတွင်ရှိနေသည်။

    မြို့အတွင်းရှိ ပြည်သူများ၏ အသက်ရှည်ရှည်နေထိုင်မှုအတွက် အရေးပါသည့် ကျန်းမာရေးလုံခြုံမှု၊ လူဦးရေနှင့်ကာမိသည့် ဆေးရုံများတည်ရှိမှုတို့တွင် ရီယာ့ဒ်မှာ ၅၃.၃၃ ရာခိုင်နှုန်းရရှိခဲ့ပြီး လမ်းများအရေအသွေး ကောင်းမွန်မှုအပါအ၀င် မြို့အတွင်းရှိ အခြေခံအဆောက်အဦးများ ပြည့်စုံကောင်းမွန်မှု လုံခြုံဘေကင်းမှုတို့တွင် ၆၁.၅၃ ရာခိုင်နှုန်း ရရှိခဲ့သည်။

    ရဲတပ်ဖွဲ့က ကြားဝင်ဆောင်ရွက်ပေးမှု၊ ရာဇ၀တ်မှု၏ သားကောင်ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း စသည့် လူတစ်ဦးချင်းစီ၏ လုံခြုံရေးအတွက် ဆောက်ရွက်ပေးမှုတွင်မူ ၆၀.၂၆ ရာခိုင်နှုန်း ရရှိခဲ့သည်။

    The Economist မဂ္ဂဇင်း၏ ၂၀၁၅ ခုနှစ် ဘေးအကင်းဆုံး မြို့များစာရင်းတွင် ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုက ထိပ်ဆုံးတွင်ရှိနေပြီး ယူအေအီးနိုင်ငံ အဘူဒါဘီက အဆင့် ၂၅၊ ကူဝိတ်က အဆင့် ၃၆၊ အီရန်နိုင်ငံ တီဟီရန်က အဆင့် ၄၉နှင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က အဆင့် ၅၀ စသဖြင့် အသီးသီးရှိနေကြသည်။

    အမေရိကန်ပြည်ထောင်စု နယူးယောက်နှင့် လော့စ်အိန်ဂျလိစ်မြို့များမှာ ဒစ်ဂျစ်တယ်လုံခြုံမှုတွင် ထိပ်ဆုံး၌ရှိနေပြီး ဇူးရစ်ခ်ျမြို့ကမူ ကျန်မာရေးစောင့်ရှောက်မှုနှင့် အခြေခံအဆောက်အဦး ဘေးကင်းလုံခြုံမှုတို့တွင် အဆင့် ၁ နေရာရရှိခဲ့သည်။

    Ref:arabnews

  • ဖမ်းဆီးထားသည့် ဂျပန်ဂျာနယ်လစ်အား IS သတ်ဖြတ်လိုက်ပြီ

    ဖမ်းဆီးထားသည့် ဂျပန်ဂျာနယ်လစ်အား IS သတ်ဖြတ်လိုက်ပြီ

    ဖေဖော်ဝါရီ ၁၊ ၂၀၁၅
    M-Media

    is 1

    – ဖမ်းဆီးထားသည့် ဂျပန်ဂျာနယ်လစ်တစ်ဦးအား သတ်ဖြတ်ခဲ့သည်ဟု ယူဆရသော ဗီဒီယိုကို IS အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်လိုက်ပြီး ဂျပန်နိုင်ငံသားများအား မည်သည့်နေရာတွင် တွေ့ရှိသည်ဖြစ်စေ သတ်ဖြတ်ပစ်မည်ဟု ဂျပန်အစိုးရအား ခြိမ်းခြောက်ခဲ့သည်။

    ဂျာနယ်လစ် ကင်ဂျိဂိုတိုအား ခေါင်းဖြတ်သတ်ခဲ့သည့် အဆိုပါ ဗီဒီယိုကို စစ်သွေးကြွဝဘ်ဆိုက်တစ်ခုတွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ဂိုတို၏ ဘေးနားတွင် ရပ်နေသော မျက်နှာဖုံးဝတ် IS အဖွဲ့ဝင်တစ်ဦးက ထိုသတ်ဖြတ်မှုမှာ ဂျပန်အစိုးရကြောင့် ဖြစ်ရသည်ဟု ဗြိတိန်လေသံဖြင့် ပြောကြားခဲ့သည်။

    ဂိုတိုမှာ IS မှ သတ်ဖြတ်သည့် ဒုတိယမြောက် ဂျပန်နိုင်ငံသားဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်ကလည်း ဂျပန်နိုင်ငံသား ခြုံရေးကန်ထရိုက်တာ ဟာရူနာ ယူကာဝါကို IS မှ သတ်ဖြတ်ခဲ့သည်။ ၎င်းတို့ ၂ ဦးစလုံးအတွက် ဂျပန်အစိုးရထံမှ ပြန်ပေးငွေ ကန်ဒေါ်လာ သန်း ၂၀၀ ကို IS အဖွဲ့က တောင်းဆိုခဲ့သော်လည်း ဂျပန်အစိုးရက ပေးအပ်ခဲ့ခြင်း မရှိချေ။

    IS လက်ထဲတွင် ဂျော်ဒန်တိုက်လေယာဉ်မှူး မူအသ် အလ်-ကာဆီစ်ဘဟ်မှာ ဓားစားခံအဖြစ် ဆက်လက်ရှိနေပြီး ၎င်း၏ ကံကြမ္မာကို သိရှိရခြင်း မရှိသေးပေ။ ဂျော်ဒန်ကဖမ်းဆီးထားသော အလ်ကိုင်းဒါးအဖွဲ့ဝင် အမျိုးသမီးကို လွှတ်ပေးပါက အဆိုပါလေယာဉ်မှူးကို လွှတ်ပေးမည်ဟု IS အဖွဲ့က စောစောပိုင်းတွင် ပြောကြားထားပြီး ဂျော်ဒန်ကမူ မိမိတို့ လေယာဉ်မှူး
    အသက်ရှိနေသည့်အထောက်အထား ပြရန် တောင်းဆိုထားသည်။

    ဂိုတိုအားသတ်ဖြတ်မှုအတွက် ဒေါသဖြစ်မိသည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယနေ့တွင် ပြောကြားခဲ့သည်။

    `ယုတ်မာပြီး မုန်းတီးစက်ဆုပ်ဖွယ်ကောင်းတဲ့ အကြမ်းဖက်ဝါဒရဲ့ လုပ်ရပ်အတွက် ကျွန်တော် ခံပြင်းဒေါသထွက်ရပါတယ်´ ဟု ကတ်ဘိနတ်အရေးပေါ်အစည်းဝေးပြီးနောက် အာဘေးက သတင်းထောက်များအား ထိုကဲ့သို့ ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့အနေဖြင့် နောက်ဆုတ်သွားမည်မဟုတ်ဘဲ IS အစွန်းရောက်အဖွဲ့အား တိုက်ခိုက်နေသည့် နိုင်ငံများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

    IS ၏ ထိုသတ်ဖြတ်မှုအတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမား၊ ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေးတို့အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်များက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

    ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေအချို့အား သိမ်းပိုက်ထားသည့် IS အဖွဲ့ကို အစ္စလာမ်ဘာသာဝင် မျိုးနွယ်စုဖြစ်သော ကာ့ဒ်လူမျိုးများက ဦးဆောင်တိုက်ခိုက်နေပြီး အမေရိကန်ဦးဆောင်ကာ အာရပ်နိုင်ငံများပါဝင်သည့် မဟာမိတ်အဖွဲ့ကလည်း လေကြောင်းမှ တိုက်ခိုက်မှုများကို ပြုလုပ်ပေးနေသည်။

    Ref:Usatoday, japantimes

  • မြိတ်မြို့တွင် ၈၅ နှစ် သက်တမ်းရှိ အလှူရှင် ဂရမ်အမည်ပေါက် မွတ်စလင် သုသာန် ဖျက်သိမ်းခံရ

    မြိတ်မြို့တွင် ၈၅ နှစ် သက်တမ်းရှိ အလှူရှင် ဂရမ်အမည်ပေါက် မွတ်စလင် သုသာန် ဖျက်သိမ်းခံရ

    ဇန်နဝါရီ ၃၁၊ ၂၀၁၄
    M-Media
    မိုးစက်
    1451326_905700469453071_321889374604692768_n
    ရန်ကုန်။      ။ မြိတ်မြို့တွင် တိုင်းရင်းဆေးရုံဆောက်ရန် ဆိုပြီး အဖျက်ခံနေရသော မွတ်စလင် သုဿန် မှာ လွန်ခဲ့သော နှစ်ပေါင်း များစွာက မြိတ်မြို့မှ အီအာမတ် (ခ) ဘဲရွှေမြမှ လှူဒါန်းထားသောမြေဖြစ်ကြောင်း သိရပါတယ်။

    သက်ဆိုင်ရာမှ ပုဂ္ဂိုလ်များက အခု အစိုးရ အဆက်ဆက်က ချပေးခဲ့တဲ့မြေဆိုပြီး လာဖျက်သိမ်းကြတာဖြစ်ပြီး အီအာမတ် (ခ) ဘဲရွှေမြ၏ ဆွေမျိုးများထံတွင် ပိုင်ဆိုင်မှုတွေ အထောက်အထားအပြည့်၊ စာချုပ်၊ ဦးပိုင်အမှတ်၊ ဂရမ်အားလုံးရှိပါကြေင်း အီအာမတ် (ခ) ဘဲရွှေမြ၏ ဆွေးမျိုးများက ပြောပါတယ်။

    1970683_905701686119616_4692607069243775803_n
    ယင်းမြေအား ဖျက်သိမ်းမှု မပြုလုပ်ရန် အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများဖြစ်သော တနသာင်္ရီတိုင်း အိုလမာ အစ္စလာမ့် သာသာနာရှင်များ အဖွဲ့နှင့် တနသာင်္ရီတိုင်း အစ္စလာမ် သာသာရေးရာကောင်စီတို့မှ တနသာင်္ရီတိုင်း ဝန်ကြီးချုပ်နှင့်တွေ့ရန် တောင်းဆို ခဲ့သော်လည်း ဝန်ကြီးချုပ်မှာ အတွေ့မခံခဲ့ကြောင်း သိရှိရပါတယ်။

    “ဘူရိုဇာနဲ့ လာထိုးနေတော့ ကျွန်တော်တို့တွေလည်း ဝိုင်းတားကြတော့ လာဖျက်တဲ့သူတွေက ဗလီကိုတော့ မဖျက်ဘူးဆိုပြီး ပေ ၁၆၀ လောက်ချန်ပေးခဲ့တယ်။ အဲဒါကလည်း စာရွက်စာတမ်းနဲ့ မဟုတ်ဘူး။ ပါးစပ်ပေးပဲ ပေးသွားတယ်။ ဘာမှသေချာမှု မရှိပါဘူး” ဟု မြိတ်မြို့မှ အစ္စလာမ်ဘာသာဝင် တစ်ဦးကဆိုပါတယ်။

    မြိတ်မြို့မှ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သူကလည်း “ဒီမြေက ဟိုးအရင်ကတည်းက သူဌေးကြီး ဘဲရွှေမြလှူခဲ့တယ်ဆိုတာ မြို့ကလူတွေတော်တော်များများသိကြပါတယ်။ အခုတော့အစိုးရကသိမ်းနေပြီ။ မြေကို ဗလီအတွက် ပေ ၁၆၀ လောက်ချန်ပေးခဲ့တယ်။ အဲ့ချန်ထားခဲ့တဲ့မြေကို အစ္စလာမ်ဘာသာဝင်တွေက ခြံစည်းရိုးကာမယ်လုပ်တော့လည်း သူတို့တွေကပေးမကာပြန်ဘူး။ ဒီတိုင်းပဲထားရမယ်တဲ့”ဟု ၎င်းတွေ့မြင်ခဲ့ရသည်များကို ပြောပါတယ်။

    10929987_905700022786449_4810247962312488514_n

    ယင်းမြေနေရာကို ၁၉၂၇ ခုနှစ်တွင် အီအာမတ် (ခ) ဘဲရွှေမြေမှဝယ်ယူခဲ့ပြီး ၁၉၃၀ ကျော်တွင် ဗလီဝတ်ကျောင်းတော်ဆောက်လုပ်ရန်နှင့်  မွတ်စလင်သုသာန် ပြုလုပ်ရန် အတွက် ယင်းပိုင်ဆိုင်သည့်မြေအား လှူဒါန်းခဲ့ကြောင်း အီအာမတ် (ခ) ဘဲရွှေမြ နီးစပ်ရာဆွေးမျိုးများ ထံမှ စုံစမ်းသိရှိရပါတယ်။

    10409137_906643499358768_4391482872719396431_n

    10349086_913092578701092_3582682870600942022_n  10423791_913092428701107_6848775858549746806_n

    954690_913092492034434_1213559175094613679_n 10349086_913092578701092_3582682870600942022_n

    535923_913092532034430_3243878979986827800_n

  • နိုင်ငံတကာသတင်းတို (ဇန်န၀ါရီ ၃၁၊ ၂၀၁၅)

    နိုင်ငံတကာသတင်းတို (ဇန်န၀ါရီ ၃၁၊ ၂၀၁၅)

    ဇန်န၀ါရီ ၃၁၊ ၂၀၁၅
    M-Media

    – ပြီးခဲ့သည့် စနေနေ့က ပြုလုပ်ခဲ့သည့် IS အဖွဲ့အား လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အီရတ်ခေါင်းဆောင်ဟောင်း ဆက်ဒမ်ဟူစိန်လက်ထက်တွင် အမှူထမ်းခဲ့ပြီး ယခုလက်ရှိ IS အဖွဲ့တွင် ပါဝင်နေသည့် ဓာတုလက်နက်ကျွမ်းကျင်သူများ သေဆုံးခဲ့သည်ဟု အမေရိကန်စစ်ဘက် တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    – ဒီဇင်ဘာ ၂၈ ရက်နေ့က ပျက်ကျသွားခဲ့သည့် Air Asia လေကြောင်းလိုင်းမှ QZ8501 လေယာဉ် ပျက်မကျခင်အချိန်တွင် လေယာဉ်မှူးမှာ ၎င်း၏နေရာတွင်မရှိဘဲ တွဲဘက်လေယာဉ်မှူးကသာ လေယာဉ်ကို ကိုင်တွယ်မောင်းနှင်နေပြီး ထိန်ချုပ်၍ မရတော့သည့်အချိန်မှသာ လေယာဉ်မှူး ပြန်လည်ရောက်ရှိလာသော်လည်း နောက်ကျသွားခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ပြောကြားလိုက်သည်။

    – အာဖရိက နိုင်ငံပေါင်း ၅၄ နိုင်ငံပါဝင်သည့် အာဖရိကသမဂ္ဂ၏ ဥက္ကဌသစ်အဖြစ် အသက် ၉၀ အရွယ် ဇင်ဘာဘွေ အာဏာရှင် ရောဘတ်မူဂါဘီအား ယမန်နေ့တွင် ခန့်အပ်ခဲ့ပြီးနောက် မူဂါဘီမှာ ဇင်ဘာဘွေ၏ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးခဲ့ပြီး စီးပွားရေးကိုလည်း ကျဆင်းစေခဲ့ကြောင်း၊ ၎င်းအား ထိုကဲ့သို့ ခန့်အပ်ခဲ့မှုမှာ အာဖရိကခေါင်ဆောင်များအကြား စုစည်းညီညွတ်မှုကို အဖျက်သဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်လာနိုင်ကြောင်း စသည့် ဝေဖန်မှုများ ထွက်ပေးလာခဲ့သည်။

    – လူဆိုးဂိုဏ်းများမှ ကျူးလွန်သည့် ရာဇ၀တ်မှုများကို ဦးဆောင်တိုက်ဖျက်ခဲ့သူ စစ်စီလီကျွန်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားသူကြီး ဆာဂျီယို မတ်တာရယ်လာမှာ ၀န်ကြီးချုပ် မတ်တို ရန်ဇီ၏ ဒီမိုကရက်တစ်ပါတီမှ ထောက်ခံမှုဖြင့် အီတလီသမ္မတသစ်အဖြစ် ယနေ့တွင် ခန့်အပ်ခံခဲ့ရသည်။

    – မြို့တော်ဆန်နာအား သူပုန်အဖွဲ့ ဟူသစ်၏ သိမ်းပိုက်မှုကို ဆန့်ကျင်သည့်အနေဖြင့် ဆန်နာမြို့အပါအ၀င် ယီမင်နိုင်ငံတစ်ဝှမ်း ပြည်သူလူထုထောင်ပေါင်းများစွာက ယနေ့တွင် ဆန္ဒပြခဲ့ကြပြီး သူပုန်အဖွဲ့ကလည်း လူကိုသေစေနိုင်သည့် လက်နက်များအသုံးပြုကာ လူစုခွဲခဲ့ကြသည်။

    – ဘာလင်တံတိုင်းဖြိုချပြီး ၁၁ လအကြာ ၁၉၉၀ တွင် အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီပေါင်းစည်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပြီး ပြတ်သားသည့် နိုင်ငံရေးရပ်တည်ချက်များကြောင့် ပြည်တွင်းနှင့် ပြည်ပတွင် လေးစားအသိအမှတ်ပြုမှုများ ရရှိခဲ့သည့် အသက် ၉၄ နှစ်အရွယ် ဂျာမနီသမ္မတဟောင်း ရစ်ချက် ဗွန် ၀ဇ်ဆက်ကာမှာ ယနေ့တွင် ကွယ်လွန်သွားခဲ့သည်။

    Ref: channelnewsasia, aljazeera

  • ဟစ်ဇ်ဘိုလာအကြီးတန်းခေါင်းဆောင်ကို အမေရိကန်နှင့် အစ္စရေးတို့ပူးပေါင်း၍ ၂၀၀၈ ခုနှစ်တွင်လုပ်ကြံခဲ့

    ဟစ်ဇ်ဘိုလာအကြီးတန်းခေါင်းဆောင်ကို အမေရိကန်နှင့် အစ္စရေးတို့ပူးပေါင်း၍ ၂၀၀၈ ခုနှစ်တွင်လုပ်ကြံခဲ့

    ဇန်န၀ါရီ ၃၁၊ ၂၀၁၅
    M-Media

    hiz

    – ဟစ်ဇ်ဘိုလာ အကြီးတန်းခေါင်းဆောင် အီမက်ဒ် မွဂ်နီယာအား ၂၀၀၈ ခုနှစ်က ဆီးရီးယားတွင် ကားဗုံးဖြင့် လုပ်ကြံမှုကို အမေရိကန်ထောက်လှမ်းရေးဌာန စီအိုင်အေနှင့် အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၀ါရှန်တန်ပို့စ်သတင်းဌာနက ယမန်နေ့တွင် ရေးသားဖော်ပြခဲ့သည်။

    စီအိုင်အေတာဝန်ရှိသူဟောင်းများ၏ ပြောကြားမှုကို ကိုးကား၍ ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး မွဂ်နီယာမှာ ၂၀၀၈ ခုနှစ် အဖော်ဝါရီ ၁၂ ရက်နေ့တွင် ဒမတ်စကတ်ရှိ စားသောက်ဆိုင်မှထွက်ကာ ရပ်ထားသော ၎င်း၏ကားထဲသို့ ၀င်အထိုင်တွင် ကားမှာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

    အစ္စရေးနှင့် အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အဆိုပါလုပ်ကြံမှုတွင် ဗုံးကို စပယ်ယာဘီးတွင် တပ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ၀ါရှင်တန်ပို့စ်ကဆိုပြီး အဆိုပါကားဗုံးအား အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်ခဲ့ကာ မြောက်ကယ်ရိုလိုင်းနားတွင် စပ်သပ်ခဲ့ကြောင်း၊ ထို့နောက်ဒမတ်စကတ်ရှိ စီအိုင်အေးဂျင့်များနှင့် အဆက်အသွယ်ရှိသော တလ်အဗီးရှိ မော့ဆက်အေးဂျင့်များထံ ပေးပို့ခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    မွဂ်နီယာမှာ ဟစ်ဇ်ဘိုလာအဖွဲ့မှ အမေရိကန်စစ်ဘက်နှင့် ပတ်သက်သည့်နေရာများအား တိုက်ခိုက်မှုအတွက် ညွှန်ကြားသူဟု သံသယရှိနေသူဖြစ်ပြီး ၁၉၉၂ ခုနှစ်က အာဂျင်တီးနားရှိ အစ္စရေးသံရုံးအား တိုက်ခိုက်မှုကိုလည်း ၎င်းက ကြိုးကိုင်ခဲ့သည်ဟု သံသယရှိခြင်း ခံခဲ့ရသူဖြစ်သည်။

    စီအိုင်အေကမူ ၀ါရှင်တန်ပို့စ်၏ ထိုဖော်ပြမှုအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ ၀ါရှင်တန်ပို့စ်၏ ဖော်ပြမှုအရ ထိုလုပ်ကြံမှုတွင် ထိုစဉ်က သမ္မတ ဂျော့ ဒဘလူဘုရှ်၏ ဆုံးဖြတ်ချက်လိုအပ်ပြီး တရားသူကြီးချုပ်၊ အမျိုးသားထောက်လှမ်းရေးဒါရိုက်တာ၊ အမျိုးသားလုံခြုံရေးအကြံပေးတို့ အပါအ၀င် အကြီးတန်းအရာရှိများက သတ်ဖြတ်မှုအမိန့်အတွက် လက်မှတ်ရေးထိုးပေးရသည်ဟု သိရသည်။

    Ref:aljazeera