News @ M-Media

Blog

  • ပါကစ္စတန်၏ နျူစီမံကိန်းဖခင် အဘ်ဒွလ် ကာဒရ်ခန်း ကွယ်လွန်

    ပါကစ္စတန်၏ နျူစီမံကိန်းဖခင် အဘ်ဒွလ် ကာဒရ်ခန်း ကွယ်လွန်

    အောက်တိုဘာ ၁၀ ၊၂၀၂၁
    M-Media

    -ပါစ္စတန်ကို နျူအင်အားကြီးနိုင်ငံတစ်ခုဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ သိပ္ပံပညာရှင် အဘ်ဒွလ် ကာဒရ်ခန်းဟာ အဆုတ်ရောဂါနဲ့ ဒီကနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

    အသက် ၈၅ နှစ်အရွယ် ခန်းရဲ့ နိုင်ငံတော် ဈာပနအခမ်းအနားကို မြို့တော် အစ္စလာမ်မာဘတ်က ဖိုက်ဆယ် ဗလီဝတ်ကျောင်းတော်မှာ နေ့ချင်းကျင်းပမှာ ဖြစ်ပါတယ်။

    ပါကစ္စတန်ဟာ အစ္စလာမ်ကမ္ဘာမှာ ပထမဆုံး နျူပိုင်ဆိုင်တဲ့ နိုင်ငံ၊ ရန်ဖက် အိန္ဒိယရဲ့ စိန်ခေါ်မှုကို အန်တုနိုင်တဲ့နိုင်ငံ ဖြစ်လာမှုမှာ ခန်းက အဓိကကျခဲ့ပြီး နိုင်ငံရဲ့ အမျိုးသား သူရဲကောင်းအဖြစ် မှတ်ယူခံရသူလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် နျူနည်းပညာကို အီရန်၊ မြောက်ကိုရီးယားနဲ့ လစ်ဗျားတို့လို နိုင်ငံတွေကို မျှဝေပေးခဲ့တယ်လို့ အမေရိကန်က စွပ်စွဲခဲ့တဲ့အတွက် ၂၀၀၄ ခုနှစ်မှာ ပါကစ္စတန်အစိုးရက ခန်းကို နေအိမ်အကျယ်ချုပ် ချခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် သွားလာမှုကိုတော့ တင်းတင်းကြပ်ကြပ် ကန့်သတ်ခံခဲ့ရပါတယ်။

    ပါကစ္စတန်သမ္မတ အာရစ်ဖ်အလ်ဗီက အဘ်ဒွလ်ကာဒရ်ခန်း ကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲရတယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဝန်ကြီးချုပ် အင်မရန်းခန်းက တိုင်းပြည်ကို နျူပိုင်တဲ့နိုင်ငံဖြစ်အောင် ကူညီပေးနိုင်မှုအတွက် တိုင်းပြည်က အဘ်ဒွလ်ကာဒရ်ခန်းကို ချစ်ကြကြောင်း၊ နျူပိုင်ဆိုင်ခဲ့တဲ့အတွက် ပိုကြီးတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ရန်လိုမှုကနေ လုံခြုံခဲ့ကြောင်း၊ ပါကစ္စတန်ပြည်သူတွေအတွက် အဘ်ဒွလ်ကာဒရ်ခန်းက အမျိုးသား အမှတ်သညာတစ်ခုဖြစ်ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: CNN

  • သဟဇာတဖြစ်ရေး ယူအေအီး၏ လုပ်ဆောင်မှုကို ခရစ်ယာန်နှင့် အစ္စလာမ်ခေါင်းဆောင်များ ချီးကျူး

    သဟဇာတဖြစ်ရေး ယူအေအီး၏ လုပ်ဆောင်မှုကို ခရစ်ယာန်နှင့် အစ္စလာမ်ခေါင်းဆောင်များ ချီးကျူး

    အောက်တိုဘာ ၁၀၊ ၂၀၂၁
    M-Media

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ရှိခ် နဟ်ယန် ဘင် မူဘာရက် အလ် နဟ်ယန်

    -ငြိမ်းချမ်းရေးနဲ့ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး ဆောင်ရွက်ရာမှာ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ခရစ်ယာန်နဲ့ အစ္စလာမ် ထိပ်တန်း ဘာသာရေးခေါင်းဆောင်နှစ်ဦးက ပြောကြားလိုက်ပါတယ်။

    ယူ​​အေအီး စည်းလုံးညွတ်ရေးဝန်ကြီး ရှိခ် နဟ်ယန် ဘင် မူဘာရက် အလ် နဟ်ယန်ဟာ အီတလီနိုင်ငံ ရောမမြို့မှာ ပြုုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်စဉ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊ အီဂျစ်နိုင်ငံ အလ်အဇ်ဟာရ် အစ္စလာမ့်တက္ကသိုလ်က မွဖ်သီချုပ် ဒေါက်တာ အဟ်မဒ် အလ် တိုင်ယစ်ဘ်တို့နဲ့ တွေ့ဆုံခဲ့တာပါ။

    ဘာသာရေးခေါင်းဆောင်နှစ်ဦးက ငြိမ်းချမ်းရေး၊ မတူကွဲပြားမှုကို သည်းခံကာ အတူယှဉ်တွဲနေထိုင်ရေး၊ စေ့စပ်ဆွေးနွေးရေး၊ လူသားဝါဒ ထွန်းကားရေးတို့ကို ဆောင်ရွက်ရာမှာ ယူအေအီးဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

    ရှိခ် နဟ်ယန်က ကမ္ဘာ့နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်နိုင်တဲ့အတွက် မိမိတို့ ဂုဏ်ယူကြောင်း၊ အခုလို ငြိမ်းချမ်းရေး​ဆွေးနွေးပွဲကို တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့ပါတယ်။

    “ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်လူ့အဖွဲ့အစည်းကမှ လူအားလုံးကို ဘာသာတရားတစ်ခုတည်း သွတ်သွင်းလို့ မရပါဘူး။ ကြီးကျယ်တဲ့ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကမှလည်း ဒါမျိုး မလုပ်ပါဘူး။ ကျွန်တော်တို့ လုပ်ရပ်မယ့် အကောင်းဆုံးအရာက ကိုယ်ကျင့်တရားပိုင်းနဲ့ လုပ်ရပ်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ဖို့ပါ။ မတူညီတာတွေအားလုံး ပေါင်းစည်းလိုက်ရင် လူသားထုတစ်ရပ်လုံးအတွက် ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်မှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ဆက်ဆံမှု၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းအောင် လုပ်ဖို့လိုပြီး၊ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့လည်း ကျွန်တော်တို့ တတ်နိုင်သမျှအားလုံး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”

    Ref: Khaleej Times

  • အိန္ဒိယအစိုးရပိုင် လက်နက်ကုမ္ပဏီက စစ်ကောင်စီထံ လကြောင်းရန် ကာကွယ်ရေးစနစ် ပေးပို့

    အိန္ဒိယအစိုးရပိုင် လက်နက်ကုမ္ပဏီက စစ်ကောင်စီထံ လကြောင်းရန် ကာကွယ်ရေးစနစ် ပေးပို့

    အောက်တိုဘာ ၁၀၊ ၂၀၂၁
    M-Media

    -အိန္ဒိယလက်နက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Bharat Electronics Limited (BEL) ဟာ ဇူလိုင်လအတွင်း မြန်မာစစ်ကောင်စီတပ်ကို အဝေးထိန်း လေကြောင်းရန် ကာကွယ်ရေးစနစ်တစ်ခု ပေးပို့ရောင်းချခဲ့တယ်လို့ စောင့်ကြည့်အဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

    BEL ဟာ အိန္ဒိယအစိုးရ ရှယ်ယာအများစုပါတဲ့ ကုမ္ပဏီဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ လည်ပတ်နေတာပါ။

    နယူယောက်အခြေစိုက် ကမ္ဘာ့ကုန်သွယ်ရေး လေ့လာစောင့်ကြည့်မှုအဖွဲ့ Panjiva ရဲ့မှတ်တမ်းအရ BEL ဟာ မြန်မာကုမ္ပဏီတစ်ခုဖြစ်တဲ့ Mega Hill General Trading ကနေတစ်ဆင့် လေကြောင်းရန် ကာကွယ်ရေးစနစ်ကို မြန်မာရေတပ်အတွက် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

    စစ်ကောင်စီက လတ်တလော ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ဒီလက်နက်ကို အသုံးပြုလာနိုင်တယ်ဆိုတာ BEL က သိသိကြီးနဲ့ ပေးပို့ခဲ့တာဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖော်ထုတ်နေတဲ့ Justice For Myanmar အဖွဲ့က ပြောပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း BEL က စစ်ကောင်စီတပ်ကို လက်နက်ရိကိယာ အနည်းဆုံး ၇ ကြိမ်လောက် ပေးပို့ခဲ့ပြီး အဲဒီအထဲမှာ ကမ်းရိုးတမ်းစောင့်ကြည့်ရေးစနစ်၊ VHF ဆက်သွယ်ရေးစနစ်၊ ရေဒါပစ္စည်း စတာတွေ ပါဝင်ပါတယ်။ ဇူလိုင်လက ပေးပို့ခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ကန်ဒေါ်လာ ၆ သိန်းကျော် တန်ကြေးရှိပါတယ်။

    Ref: The Wire

  • ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူများကိုသာ ဆော်ဒီက အွမ္မရာပြုခွင့်၊ မြင့်မြတ်ရာဗလီများတွင် ဝတ်ပြုခွင့်ပေးမည်

    ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူများကိုသာ ဆော်ဒီက အွမ္မရာပြုခွင့်၊ မြင့်မြတ်ရာဗလီများတွင် ဝတ်ပြုခွင့်ပေးမည်

    အောက်တိုဘာ ၁၀၊ ၂၀၂၁
    M-Media

    -မက္ကာနဲ့ မဒီနာမြို့က မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်နှစ်ခုမှာ အွမ္မရာ​ပြုဖို့နဲ့ ဝတ်ပြုဆုတောင်းဖို့အတွက် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပြီးသားသူတွေကိုသာ ခွင့်ပြုမယ်လို့ ဆော်ဒီအာရေဗျက ထုတ်ပြန်လိုက်ပါတယ်။

    ဆော်ဒီ ဟဂျ်နဲ့ အွမ္မရာဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်ဟာ မက္ကာမြို့က မတ်စ်ဂျစ်ဒ် ဟရာမ် ဗလီဝတ်ကျောင်းတော်၊ မဒီနာမြို့က မတ်စ်ဂျစ်ဒ် နဗဝီ ဗလီဝတ်ကျောင်းတော်နဲ့ တမန်တော်မိုဟာမက်ရဲ့ ဂူဗိမာန်စတဲ့ မြင့်မြတ်ရာနေရာတွေအားလုံမှာ အကြုံးဝင်မှာ ဖြစ်ပါတယ်။

    အဲဒီနေရာတွေမှာ အွမ္မရာဟ်ပြုဖို့၊ ဝတ်ပြုဆုတောင်းဖို့ လျှောက်ထားလိုသူတွေဟာ Pfizer-BionTech၊ Oxford-AstraZeneca နဲ့ Moderna ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်စီ၊ ဒါမှမဟုတ် Johnson & Johnson ကာကွယ်ဆေးတစ်ကြိမ် ထိုးထားဖို့ လိုအပ်ပါတယ်။ Tawakkalna အက်ပလီကေးရှင်းကနေ လျှောက်ထားရမှာပါ။

    ကာကွယ်ဆေးမထိုးထားပေမယ့် ချွင်းချက်နဲ့ခွင့်ပြုထားသူတွေကတော့ အရင်အတိုင်း ဝင်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

    အရင်က အွမ္မရာပြုခွင့်ရထားပြီး ဒုတိယအကြိမ်ကာကွယ်ဆေး မထိုးရသူတွေအနေနဲ့ ခွင့်ပြုရက်စွဲ မတိုင်ခင် ၄၈ ရှိနာရီ နောက်ဆုံးထားကာ ကာကွယ်ဆေးထိုးဖို့လည်း ဟဂျ်နဲ့ အွမ္မရာဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

    Ref: Khaleej Times

  • ဘာဆန်ချာကျွန်းမှ ရိုဟင်ဂျာဒုက္ခသည်များကို ထောက်ပံ့ကူညီရန် ကုလနှင့် ဘင်္ဂလားဒေ့ရှ်တို့ လက်မှတ်ရေးထိုး

    ဘာဆန်ချာကျွန်းမှ ရိုဟင်ဂျာဒုက္ခသည်များကို ထောက်ပံ့ကူညီရန် ကုလနှင့် ဘင်္ဂလားဒေ့ရှ်တို့ လက်မှတ်ရေးထိုး

    အောက်တိုဘာ ၁၀၊ ၂၀၂၁၂
    M-Media

    ဘာဆန်ချာကျွန်းမှ လူနေလိုင်းခန်းများ

    -ဘင်္ဂလားပင်လယ်အော်အတွင်းက ဘာဆန်ချာကျွန်းကို ရွှေ့ပြောင်းခဲ့တဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီထောက်ပံ့နိုင်ရေး ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သဘောတူညီချက်တစ်ခုကို မနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ ဖိနှိပ်ညှင်းပန်း သတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေအတွက်ဟာ ၁ သန်းကျော်လောက်ရှိပြီး အဲဒီအထဲက ၁၉၀၀၀ လောက်ကို ဘာဆန်ချာကျွန်းမှာ ဘင်္ဂလားဒေ့ရှ်ဖက်က ပြောင်းရွှေ့ နေရာချပေးထားတာပါ။

    ဘာဆန်ချာကျွန်းမှာ ရိုဟင်ဂျာဒုက္ခသည်စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို နေရာချထားပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားပေမယ့် မုန်တိုင်းဒဏ်ခံရပြီး မကြာခဏရေကြီးလေ့ရှိတဲ့အတွက် ဒုက္ခသည်တွေကို ဒီနေရာပို့တာဟာ မသင့်တော်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ သဘာ၀ဘေးအန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တာတွေအားလုံး လုပ်ဆောင်ပေးထားတယ်လို့ တုန့်ပြန်ပါတယ်။

    ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လူမှုဘ၀ကို ပိုမို ထောက်ပံ့ကူညီနိုင်ရေး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ဘင်္ဂလာဒေ့ရှ်အစိုးရတို့ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

    “အဲဒီ သဘောတူညီချက်တွေထဲမှာ အကာအကွယ်ပေးရေး၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်း အတတ်ပညာ သင်ကြားပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး စတာတွေ ပါဝင်ပြီး၊ ဒုက္ခသည်တွေ ကျွန်းပေါ်မှာ ကောင်းမွန်တည်ငြိမ်စွာ နေထိုင်ရပ်တည်နိုင်ရေး အထောက်အပံ့ဖြစ်စေသလို၊ အနာဂတ်မှာ နေရပ်မြန်မာနိုင်ငံကို ပြန်နိုင်ရေး ပြင်ဆင်ပေးတာမျိုးလည်း ဖြစ်ပါတယ်” လို့ UNHCR က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဘင်္ဂလားဒေ့ရှ် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်ရေး ဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူ မိုဟာမက် မိုဆင်က ဘာဆန်ချာကျွန်းပေါ်မှာ ရိုဟင်ဂျာ ဒုက္ခသည် ၈၁၀၀၀ လောက် ရောချထားပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

    ကျွန်းပေါ်မှာ သွားလာခွင့် ကန့်သတ်ခံရတာ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်ခွင့်မရတာ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေး လုံလုံလောက်လောက်မရတာ စတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။

    ဩဂုတ်လအတွင်းက ဘာဆန်ချာကျွန်းကနေ လှေနဲ့ ထွက်ပြေးသွားရာမှာ လှေမှောက်တဲ့အတွက် အနည်းဆုံး ရိုဟင်ဂျာ ဒုက္ခသည် ၁၂ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Reuters