News @ M-Media

Blog

  • နာဇီတပ်များကို အောင်နိုင်မှု (၇၂) ပြည့် နှစ်ပတ်လည် အခမ်းအနား ရုရှား ဗော်လ်ဂိုဂရက်မြို့တွင် ကျင်းပ

    နာဇီတပ်များကို အောင်နိုင်မှု (၇၂) ပြည့် နှစ်ပတ်လည် အခမ်းအနား ရုရှား ဗော်လ်ဂိုဂရက်မြို့တွင် ကျင်းပ

    ဖေဖော်ဝါရီ ၂ ၊ ၂၀၁၅
    M-Media

    ဗော်လ်ဂိုဂရက် မြို့ရဲ့ ဗော်လဂါမြစ် တမံမှာ အထိမ်းအမှတ် မီးရှုးမီးပန်းတွေနဲ့ ဒုတိယကမ္ဘာစစ်အတွင်း အရေးပါတဲ့ စစ်အောင်နိုင်မှုအခမ်းအနား ဒီညမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

    1081189

    ဗော်လ်ဂိုဂရက် (ယခင် စတာလင်ဂရက်) မြို့သားတွေဟာ နာဇီတပ်သားတွေကို တိုက်ထုတ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲ ၇၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပွဲတော်တွေကျင်းပနေကြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက သမိုင်းကြောင်းတွေကို စစ်ပြန် စစ်မှုထမ်းဟောင်းကြီးတွေက ကျောင်းသားတွေကို ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်လို့ ပြောပြကြပါတယ်။ရှေ့တန်းက ဆိုဗီယက် စစ်သားတွေရဲ့ ကိုယ်ကျိုးမဖက်ဘဲ စစ်ပွဲအောင်နိုင်ဖို့အတွက် ရဲဝင့်စွာ ဇွဲသတ္တိရှိရှိ တိုက်ခိုက်ခဲ့တဲ့အကြောင်းအရာတွေကို ပြန်ပြောပြခဲ့ကြတာဖြစ်ပါတယ်။

    ရှရှားမှာ ရာသီဥတုဆိုးရွားနေပေမယ့်လည်း မြို့ခံထောင်ပေါင်းများစွာဟာ စစ်မှုထမ်းဟောင်းတွေနဲ့ တွေ့ဆုံပြီး စစ်ဆန့်ကျင်ရေး အစီအစဉ်တွေကို စီစဉ်တက်ရောက်သွားမှာဖြစ်ပါတယ်။ လုပ်အားပေးအဖွဲ့တွေဟာ ကမ္ဘာစစ်အတွင်းပုံနှိပ်ခဲ့တဲ့ စတာလင်ဂရက် ပရက်ဗ်ဒါ သတင်းစာ အထူးထုတ်စာစောင်ကို ထုတ်ဝေသွားကြမှာလည်းဖြစ်ပါတယ်။ စောင်ရေ နှစ်သောင်းကျော်လောက် ပုံနှိပ်ပြီးခဲ့ပြီဖြစ်တဲ့ ဒီစာစောင်မှာ ၁၉၄၃ ခုနှစ် ဖေဖေါ်ဝါရီ ၂ ရက် က စတာလင်ဂရက်မြို့ကို တိုက်ခိုက်ခဲ့တဲ့ နာဇီတပ်တွေရဲ့ လုံးဝရှုံးနိမ့်ခဲ့တဲ့ အကြောင်းအရာတွေပါဝင်ပါတယ်။

    စစ်ကာလအတွင်းက အဝတ်အစားတွေဝတ်ဆင်ထားတဲ့ အမျိုးသမီး နှစ်ဆယ်လောက်ဟာ မြို့တော်လမ်းတွေကို ချီတက်လျှောက်ခဲ့ကြပါတယ်။ အမျိုးသမီး ယျာဉ်ကျော ရှင်းပေးတဲ့ အဖွဲ့တွေက နှစ်အနည်းငယ်အတွင်းကပဲ ရှရှားမှာ စတင်ခဲ့ပေမယ့် ၊ ဒီဝတ်စုံတွေဟာ ရှေ့တန်းကို ရောက်ခဲ့ဖူးသူတိုင်းသတိတရရှိနေမယ့် သမိုင်းဝင် စတာလင်ဂရက် စစ်တိုက်ပွဲစိတ်ဓာတ်ကိုလည်း ပြန်လည်ဖန်တီးဖြစ်တည်စေပါတယ်။ ဒီသမိုင်းဝင် စစ်ပွဲဟာ ( ၁၉၄၂ ) ခုနှစ် ဂျူလိုင် ၁၇ ရက် နေ့ကစတင်ခဲ့ပြီး ၁၉၄၃ ခုနှစ် ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ နာဇီတပ်တွေကို အပြည့်အဝ အနိုင်ရတဲ့အကြောင်းကြေငြာခဲ့ပါတယ်။

    စနစ်တကျ သတ်ဖြတ်ရေး စခန်းတွေမှာ ဟစ်တလာဦးဆောင်တဲ့ နာဇီပါတီတပ်တွေ ဟာ ဂျူးလူမျိုး ( ၆ ) သန်းကျော်ကို သတ်ဖြတ်ခဲ့ပြီး ဂျူးမဟုတ်တဲ့ အခြားလူမျိုး ( ၅ ) သန်းပါထည့်တွက်ရင် အရပ်သား (၁၁) သန်းကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။

    1081159

    Source :http://itar-tass.com

  • နိုင်ငံတကာသတင်းတို (ဖေဖော်ဝါရီ ၂၊၂၀၁၅)

    နိုင်ငံတကာသတင်းတို (ဖေဖော်ဝါရီ ၂၊၂၀၁၅)

    ဖေဖော်ဝါရီ ၂၊ ၂၀၁၅
    M-Media

    – ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ ရုရှား၏စနက် မကင်းသည့် တိုက်ခိုက်မှုများ ဖြစ်ပွားနေချိန်တွင် ရုရှားနှင့် ပိုမိုနီးကပ်ရန်ဆောင်ရွက်နေသည့် သမ္မတ ဗစ်တာအော်ဘန်အား ဆန့်ကျင်သည့်အနေဖြင့် ဟန်ဂေရီပြည်သူ ထောင်ပေါင်းများစွာက မြို့တော်ဘူဒါပက်စ်၌ ယမန်နေ့တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး မိမိတို့မှာ ဥရောပနှင့်သာ ပူးပေါင်းချင်သည်ဟု ပြောကြားခဲ့သည်။

    – IS အဖွဲ့က ဓားစားခံများအား သတ်ဖြတ်ခြင်းမှာ အလွန်စက်ဆုပ်ဖွယ်ရာကောင်းသည့်လုပ်ရပ်ဖြစ်ပြီ မိမိတို့မှ ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟု အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ပြောကြားလိုက်ပြီး ဖမ်းဆီးထားသည့် ဓားစာခံများကိုလည်း အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုလိုက်သည်။

    – လွန်ခဲ့သည့် တစ်နှစ်ကျော် အီဂျစ်နိုင်ငံ မငြိမ်မသက်မှုအတွင်း ဖမ်းဆီးခြင်း ခံထားရသည့် အလ်ဂျာဇီးရား သတင်းဌာန၏ ဂျာနယ်လစ် ၃ ဦးမှ သြစတြေးလျနိုင်ငံသား ပီတာဂရက်စ်တီကို အီဂျစ်အစိုးရက ပြန်လွှတ်ပေးခဲ့သည်။ အယ်ဂျာဇီးရားကမူ ထိုသို့လွှတ်ပေးခဲ့ခြင်းမှာ သတင်းကောင်းဖြစ်သော်လည်း ကျန်ရှိနေသည့် ဂျာနယ်လစ်များဖြစ်သော ဘဟာရန် မိုဟာမက်နှင့် မိုဟာမက် ဖာမီတို့အား မလွှတ်ပေးမချင်း ဖိအားပေးမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

    – အီဘိုလာရောဂါ ကုသရန်အတွက် စမ်းသပ်ဆေးဝါးများကို လိုက်ဘေးရီးယားနိုင်ငံ၌ ယနေ့တွင် စတင်သုံးစွဲခဲ့ပြီး အမေရိကန်နှင့် လိုက်ဘေးရီးယား ဆေးပညာရှင်များ ပူးပေါင်းပြုလုပ်သည့် အဆိုပါ ကုသမှုမှာ အောင်မြင်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

    – အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားတို့၏ မည်သည့်ပုံစံမျိုးဖြင့် တွေ့ဆုံခြင်းကိုမဆို မိမိတို့က ဆန့်ကျင်ပြီး တိဘက်အရေးကိစ္စကို အကြောင်းပြကာ မိမိတို့၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုကိုလည်း ပြင်းပြင်းထန်ထန်ရှုချသည်ဟု တရုတ်နိုင်ငံက ယနေ့တွင် ပြောကြားလိုက်သည်။ အိုဘားမားနှင့် ဘုန်းတော်ကြီး ဒလိုင်းလားမားတို့မှာ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် တွေ့ဆုံရန်ရှိနေသည်။

    – ယနေ့နံနက်ပိုင်းတွင် ဗုံးလန့်မှုကြောင့် သတိပေးအဆင့် တိုးမြှင့်ထားရသည့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပ ပါလီမန်အဆောက်အဦးဝန်းကျင်တွင် သတိးပေးအဆင့်ကို လျှော့ချလိုက်ပြီး ပုံမှန်အတိုင်း သွားလာလှုပ်ရှားနိုင်ကာ ပတ်တယောင်ရဲများကိုသာ ထားရှိတော့မည်ဟု ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    Ref: aljazeera,xinhua

  • အစ္စလာမ်၏ အမည်ကို အလွဲသုံးစားလုပ်မှုအား ဆန့်ကျင်သည့် ချီတက် လမ်းလျှောက်ပွဲကို ကနေဒါမွတ်စလင်များ ပြုလုပ်

    အစ္စလာမ်၏ အမည်ကို အလွဲသုံးစားလုပ်မှုအား ဆန့်ကျင်သည့် ချီတက် လမ်းလျှောက်ပွဲကို ကနေဒါမွတ်စလင်များ ပြုလုပ်

    ဖေဖော်ဝါရီ ၂၊ ၂၀၁၅
    M-Media

    cna

    – အစ္စလာမ်သာသနာ၏ နာမတော်ကို အလွဲသုံးစားလုပ်ကာ ဆောင်ရွက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများအား ဆန့်ကျင်ကြောင်းနှင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ပြသသည့် အနေဖြင့် ချီတက် လမ်းလျှောက်ပွဲများကို ကနေဒါမွတ်စလင်များက မြို့ ၄ မြို့တွင် စနေနေ့က ပြုလုပ်ခဲ့ကြသည်။

    `ကနေဒါ မွတ်စလင်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးအားပေးခြင်း၊ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းအပေါ် ဂရုဏာထာခြင်း စတဲ့ ကတိက၀တ်တွေအတွက် စုရုံးကြတာပါ။ အစ္စလာမ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကျူးလွန်တဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်မှုတွေ ကို ကျွန်တော်တို့ စုစည်းညီညာစွာနဲ့ ဆန့်ကျင်ပါတယ်´ ဟု အဆိုပါ ချီတက်လမ်းလျှောက်မှုကို စီစဉ်သူများက ပြောကြားခဲ့သည်။

    အလွန်အေးခဲသည့် ရာသီဥတု ရှိနေသော်လည်း အွန်တာရီယိုပြည်နယ်ရှိ တိုရွန်တို၊ အိုတာဝါ၊ လန်ဒန်နှင့် ကင်းစတန်းမြို့တို့တွင် ပြုလုပ် ခဲ့သည့် အဆိုပါ ငြိမ်းချမ်းစွာချီတက်ပွဲကို အစ္စလာမ် ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင် မဟုတ်သူ ထောင်ချီ တက်ရောက်ခဲ့ကြသည်။

    `ဒီနေ့တော့ အင်မတန်ရိုးရှင်းတဲ့ သတင်းစကားနဲ့ ကျွန်တော်တို့ ဒီမှာ စုစည်းကြတာပါ။ ဒီသတင်းစကားကတော့ ကနေဒါ မွတ်စလင်တွေဟာ မိမိတို့ရဲ့ နိုင်ငံသားတွေကို ကရုဏာနဲ့ ထွေးပိုက်ကြမယ် ဆိုတာပါပဲ။ နောက်ပြီး အစ္စလာမ်သာသနာဟာ အစွန်းရောက် အကြမ်းဖက်မှု၊ မှားယွင်းစွာ သွန်သင်ခံထားရသူတွေရဲ့ အယူသီးမှုတွေနဲ့ ဆေးခြယ်ခံ လိုက်ရပြီဆိုတာကို သိကြတဲ့ ကနေဒါကမွတ်စလင် လူကြီး၊ လူငယ်အားလုံး စီစဉ်တဲ့ လှုပ်ရှားမှုလည်းဖြစ်ပါတယ်´ ဟု တိုရွန်တိုမှ ချီတက်လမ်းလျှောက်မှုကို
    ဦးဆောင်ခဲ့သူ ရှာဇဒ် ဖိလစ်ပ်က ပြောကြားခဲ့သည်။

    အခြား မွတ်စလင်တစ်ဦးဖြစ်သူ မွတ်စ်တာဖာကလည်း ဖိလစ်ပ်၏ ပြောကြားမှု ကို ထောက်ခံခဲ့သည်။

    `သူတို့(အကြမ်းဖက်သမားတွေ)ရဲ့ အစ္စလာမ်ကို နားလည်မှုဟာ တော်တော်လေးကို လွဲနေပါတယ်။ ကျွန်တော်တို့ရဲ့ ကလေးတွေ၊ လူငယ်တွေအပါအ၀င် ကနေဒါပြည်သူအားလုံးကို အစ္စလာမ်က ဘယ်လိုရပ်တည်ချက်ရှိလဲဆိုတာကို ပြချင်ပြီး၊ အကျိုးရှိတဲ့သတင်းစကားကိုလည်း ကျွန်တော်တို့ ပေးချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့အယူဝါဒရဲ့ စစ်မှန်တဲ့ အနှစ်သာရကို ပြန်လည် ရယူချင်ပါတယ်´ ဟု မွတ်စ်တာဖာက ထည့်သွင်းပြောကြားခဲ့သည်။

    ကနေဒါမွတ်စလင်များ၏ အဆိုပါ ချီတက်လမ်းလျှောက်မှုမှာ ထောက်ခံအားပေးမှုများ ရရှိခဲ့ပြီး အခြားသော မြို့များကလည်း ထိုလှုပ်ရှားမှုကို ဆောင်ရွက်ချင်သည်ဟု စီစဉ်သူများအား အကြောင်းကြားခဲ့ကြသည်။

    `ဘယ်လိုအဖွဲ့အစည်းမျိုးနဲ့မှ ကျွန်တော်တို့ မဆက်သွယ်သလို ပူးလည်းမပူးပေါင်းခဲ့ပါဘူး။ ဒါပေမယ့် ပြည်သူတွေ၊ အဖွဲ့အစည်းတွေရဲ့ အားပေးထောက်ခံမှုတွေကို ရရှိခဲ့ပြီး အဲဒီအတွက် အရမ်းကျေးဇူးတင်ပါတယ်´ ဟု မွတ်စ်တာဖာက ဆိုသည်။

    ဆော်သြခြင်း
    ——————
    ထို့ပြင် ကနေဒါမွတ်စလင်များ အနေဖြင့် အစ္စလာမ်၏ စစ်မှန်သော သတင်းစကားများနှင့် ပတ်သက်၍ အသိပညာပေးမှုများ ပြုလုပ်ရန်နှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မွတ်စ်တာဖာက တိုက်တွန်းခဲ့သည်။

    `ဒီလိုဆောင်ရွက်မှုဟာ သုံးပိုင်းရှိပြီး ဆက်သွယ်ခြင်း၊ ပူးပေါင်းပါဝင်ခြင်းနဲ့ ထမ်းဆောင်ခြင်း တို့ဖြစ်ပါတယ်။

    ပထမအပိုင်းက- အပြန်အလှန် ဆက်သွယ်ပြောဆိုရမှာဖြစ်ပြီး ရေငုံနှုတ်ပိတ် မနေရပါဘူး။ ပြီးတော့ အစ္စလာမ်ရဲ့ စစ်မှန်တဲ့သင်ကြားမှုတွေနဲ့ ပတ်သက်ပြီးလည်း ပြောပြ ရပါမယ်။ စာနယ်ဇင်းတွေဆီကို ဆောင်းပါတွေ ရေးရမယ်။ ပြီးတော့ လုပ်ဖော်ကိုင်ဘက်တွေ ကိုလည်း ခင်ဗျားတို့ ဘယ်လိုလူမျိုးတွေဖြစ်တယ်၊ ဘယ်လိုရပ်တည်ချက်တွေ ရှိကြတယ်ဆိုတာ ကိုလည်း ပြောရပါမယ်´

    `ဒုတိယက ခင်ဗျားတို့အနေနဲ့ ပြည်သူတွေနဲ့ တစ်သားတည်းရှိအောင်လုပ်ပါ။ တစ်သီးတစ်ခြားဖြစ်အောင် မနေပါနဲ့။ ပြီးတော့ ကြောက်ရွံ့တာ၊ ရှက်ရွံ့တာတွေလည်း မဖြစ်ပါစေနဲ့။ ကိုယ့်အယူဝါဒဟာ ကိုယ့်ရဲ့ဘ၀အပေါ်မှာ၊ ကိုယ်နဲ့ထိတွေ့ဆက်ဆံရသူတွေရဲ့ ဘ၀အပေါ်မှာ ဘယ်လို ကောင်းကျိုးသက်ရောက်မှုရှိလဲဆိုတာကို သူတို့ကိုပြပါ။ ပြီးတော့ အတုယူစရာဖြစ်အောင် စံနမူနာ ယူစရာဖြစ်အောင် နေထိုင်ပါ။

    တတိယ ကတော့- ကောင်းကျိုးပြုပါ။ မတရားမှုတွေ၊ ဆင်းရဲသားတွေရဲ့ ဆင်းရဲ ဒုက္ခတွေကို လစ်လျူမရှုလိုက်ပါနဲ့။ ခင်ဗျားရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ သူတွေရဲ့ ဘ၀တွေကို ပိုကောင်းအောင် ဆောင်ရွက်ပါ´ ဟု မွတ်စလင်များ လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံ၏ ကိန်းဂဏန်း အချက်အလက် အေဂျင်စီ၏ မှတ်တမ်းများအရ အစ္စလာမ်သာသနာမှာ ကနေဒါတွင် တိုးတက်ပြန့်ပွားဆုံး သာသနာ ဖြစ်နေသည်ဟု သိရသည်။ လွန်ခဲ့သည့် ၁၀ စုနှစ်များ အတွင်း ကနေဒါ၌ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၈၂ ရာခိုနှုန်းအထိ တိုးလာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကနေဒါ၌ အစ္စလာမ်ဘာသာဝင် ၁ သန်းကျော် အထိ ရောက်ရှိလာခဲ့ကာ နိုင်ငံလူဦးရေ၏ ၃.၂ ရာခိုင်နှုန်း ဖြစ်သည်။

    Ref: onislam

  • မစားဘဲစွန့်သူနဲ့  မစွန့်ဘဲစားသူ (Editorial)

    မစားဘဲစွန့်သူနဲ့ မစွန့်ဘဲစားသူ (Editorial)

    ဖေဖော်ဝါရီ ၂ ၊ ၂၀၁၅
    M-Media (Editorial)
    r
    အခုတလော အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကိစ္စဟာ အတော်ရေပန်းစားတဲ့ သတင်းတစ်ပုဒ်ဖြစ်နေပါတယ်။ ဒီသပိတ်စစ်ကြောင်းရဲ့ အကျိုးရလဒ်အဖြစ်  လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပေါ်ပေါက် လာတာကိုလည်း တွေ့ရပါတယ်။

    ကျောင်းသားတွေဘက်ကတော့ ဒီဆွေးနွေးပွဲရလဒ်အဖြေ ကောင်း၊ မကောင်းဆိုတာကို ဆက်ပြီးစောင့်ကြည့်နေဦးမယ့် အနေအထားပါပဲ။

    အမျိုးသားပညာရေးဥပဒေရဲ့ အသွင်ကူးပြောင်းရေးကာလသတ်မှတ်ချက်ဟာ ၅ နှစ်ဖြစ်ပါတယ်။ ဒီဥပဒေပြောင်းသွား၊ ကောင်းသွား၊ ပြည့်စုံသွား လို့ ပညာရေး စနစ်ကောင်းသွားလို့ အကျိုးခံစားရရင်လည်း နောက် ၅ နှစ်အကြာမှာ ကျောင်းဆက်တက်ကြမယ့် မျိုးဆက်သစ်တွေ သာ ခံစားကြရမှာပါ။ အခုသပိတ်မှောက် တိုက်ပွဲဝင်နေကြတဲ့ ကျောင်းသားတွေ ဟာ အဲဒီအချိန်မှာ ကျောင်းပြီးကုန်ကြပါပြီ။ အခန့်မသင့်ရင် ကျောင်း ထုတ်ခံရတာ၊ ထောင် ကျမှာတွေတောင် ရှိကောင်းရှိနိုင်ပါတယ်။ သူတို့ တိုက်ပွဲဝင်ပြီး ပြုပြင်ပြောင်းလဲယူဖို့ ကြိုးစားနေတဲ့ ပညာရေးဥပဒေဟာ သူတို့အတွက် မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။

    ဒီလိုပဲ ၁၉၂၀၊ ဒီဇင်ဘာ ၅ ရက်မှာ နယ်ချဲ့အင်္ဂလိပ်ရဲ့ တက္ကသိုလ်၊ ကောလိပ်ပညာရေးဥပဒေကို ကျောင်းသားတွေ သပိတ်မှောက်ခဲ့ကြဖူးပါတယ်။ အဲဒီသပိတ်မှာ ကျောင်းသားတွေ ဘယ်လောက် စွန့်လွှတ် အနစ်နာခံခဲ့ကြသလဲဆိုတာ ဦးဖိုးကျားရေးတဲ့ အမျိုးသားနေ့ဆောင်းပါး(လက်ရှိ တက္ကသိုလ်ဝင်တန်း မြန်မာစာပြဋ္ဌာန်းစကားပြေ)မှာ လေ့လာကြည့်နိုင်ပါတယ်။ အစားဆင်းရဲ၊ အနေဆင်းရဲဘ၀ပါ။ ကျောင်းပြီးတာနဲ့ မြို့အုပ်၊ ဓနရှင်၊ အရာရှိအရာခံတွေဖြစ်လုဆဲဆဲမှာ သပိတ်ကြောင့် မျှော်လင့်ချက်အိပ်မက်တွေကို စွန့်လွှတ်ခဲ့ကြရပါတယ်။ မိဘတွေ ရင်ထုမနာ ဖြစ်ကြရပါတယ်။ အဲဒီအချိန်က ဒီကလေးတွေ အုတ်နံရံကို ခေါင်းနဲ့တိုက်နေကြတာပါကွာ။ ဘာမှမသိဘဲ အပျော်အပြက်လျှောက်လုပ်နေကြတာပါ။ သူများယောင်လို့ ယောင်နေကြတာပါ။ သူတို့ဆန့်ကျင်နေတဲ့ ဥပဒေကို သူတို့ကိုယ်တိုင်လည်း သိတဲ့ကောင်တွေ မဟုတ်ပါဘူးကွာ စသဖြင့် ကရော်ကမည်ပြောဆိုပြီး သေးသိမ်အောင် ရှုံ့ချကြတဲ့ မြန်မာပြည်သူထဲက ပြည်သူများလည်း ဒုနဲ့ဒေးရှိခဲ့ကြပါတယ်။

    ဒါပေမဲ့ အဲဒီသပိတ်ကြောင့် မြန်မာတွေနိုးကြားမှု စခဲ့တယ်။ အဲဒီသပိတ်ကြောင့် ပညာရေးကတစ်ဆင့် တိုင်းပြည်ဟာ (ဦးဖိုးကျားစကား ကိုးကားပြောရရင်) အနှစ် ၃၀ စာလောက် ခုန်ကျော် တိုးတက်သွားတယ်။ နောက်ဆုံး အမျိုးသားနေ့ဆိုတာ အဲဒီသပိတ်ကို အကြောင်းပြုပြီး ပေါ်လာတယ်။ အမျိုးသား ကျောင်းထွက်တွေက လွတ်လပ်ရေးတိုက်ပွဲဝင်တွေဖြစ်လာတယ်။ ခြုံပြောရရင် အဲဒီသပိတ်က စတဲ့ ခြေတစ်လှမ်းက လွတ်လပ်ရေးအောင်ပန်းဆွတ်နိုင်တဲ့အထိ ခရီးဆန့်နိုင်ခဲ့တယ်ဆိုတာ သမိုင်းက သက်သေပဲဖြစ်ပါတယ်။

    အဲဒီအချိန်က သပိတ်တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတွေဟာ ဒုက္ခမျိုးစုံကြုံခဲ့ရသလို ကျောင်းဆက် မတက်နိုင်တော့တဲ့ ဘ၀လည်း ရောက်ခဲ့ရပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် သူတို့ဟာ စွန့်ရုံစွန့်ခဲ့ကြသူတွေဖြစ်ပြီး အသီးအပွင့်ကိုတော့ မစားခဲ့ရသူတွေပါ။ သူတို့ကို ဝေဖန်ပုတ်ခတ် အပြစ်တင်ရှုံ့ချကြသူတွေရဲ့ သားသမီးတွေ၊ နောင်လာနောက်သားတွေ ကတော့ ဘာမှ မစွန့်လိုက်ရဘဲ အသီး အပွင့်စားသုံးခဲ့ရပါတယ်။ ရှေးလူတွေ မစားရဘဲ စွန့်ခဲ့လို့ နှောင်းလူတွေ မစွန့်ရဘဲ စားနေကြရတာမဟုတ်ပါလား။

    အခုလည်း အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို စာနာမှု၊ လေးစားဂုဏ်ယူမှုတွေနဲ့ အားပေးကြ၊ ဖေးမကြ၊ သူတို့ လုပ်မှားကိုင်မှား ဆုံးဖြတ်မှားဖြစ်မှာကို စိုးရိမ်ကြ၊ သူတို့ဆီ မမြင်နိုင်တဲ့ ဘေး အန္တရာယ်တွေ၊ ထောင်ချောက်တွေ ကျရောက်မှာကို ပူပန်ကြတဲ့ပြည်သူတွေ ရှိနေပေမဲ့ အမနာပ ဝေဖန်ရှုံ့ချနေသူတွေ၊ နာမည်ကြီးချင်လို့လား၊ အလှူခံကောင်းအောင်လို့လား၊ နိုင်ငံရေးအမြတ်ထုတ်တာလားလို့ အမြင်မကြည်မေးငေါ့ချင်ကြသူတွေ၊ ရှုပ်တယ်ကွာ ကိုယ့်ဘာသာကိုယ် စာကောင်းကောင်း မသင်ဘဲ တိုင်းပြည်ဆူပူအောင် လုပ်နေတယ်လို့ ပြစ်တင်ကဲ့ရဲ့နေသူတွေလည်း ရှိနေပါတယ်။

    တကယ်တော့ ကျောင်းသားတွေဟာ တိုင်းပြည်ဖွံ့ဖြိုးရေးရဲ့ အဓိကသော့ချက်ဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီဆိုရင် သူတို့စွန့်ပြီး စိုက်ခဲ့တဲ့အသီးအပွင့်ကို သူတို့စားရမှာမဟုတ်ဘဲ ဝေဖန်၊ အထင်သေး၊ ပြစ်တင်ကဲ့ရဲ့၊ သားပုပ်လေလွင့်ပြောဆို၊ ဆဲရေးတိုင်းထွာနေကြသူတွေ၊ ခြိမ်းခြောက်ကြိမ်းမောင်းကြသူတွေ၊ ရန်သူလိုသဘောထားပြီး အသိအမှတ်ပြုဖို့ကို ရှက်ကြောက်နေသူတွေရဲ့ သားသမီးမြေးမြစ်တွေသာ ဘာမှ မစွန့်လိုက်ရဘဲ အချောင်စားရမှာ ဆိုတာကို  ထိုအသိခေါက်ခက်အ၀င်နက်သူများ သိမှသိကြပါလေစ။

    M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။

    Photo Credit =>ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ FB

  • ရာသီဥတုခန့်မှန်းရေး အထောက်အကူပြု ဂြိုဟ်တု တစ်ခု နာဆာလွှတ်တင်

    ရာသီဥတုခန့်မှန်းရေး အထောက်အကူပြု ဂြိုဟ်တု တစ်ခု နာဆာလွှတ်တင်

    ဖေဖော်ဝါရီ ၂၊ ၂၀၁၅
    M-Media

    SPACE-WEATHER-US-JAPAN-CYCLONE

    – ရာသီဥတုကို ခန့်မှန်းရာတွင် အထောက်အကူဖြစ်စေမည့် ကမ္ဘာ့မြေဆီစိုစွတ်မှု မည်မျှရှိနေသည်ကို သိရှိနိုင်စေရန်အတွက် အရည်အသွေးမြင့်ပုံရိပ်များကို ရိုက်ကူးပေးပို့နိုင်သော ကမ္ဘာ့လေ့လာရေး ဂြိုဟ်တုတစ်ခုကို နာဆာက ပြီးခဲ့သည့် စနေနေ့တွင် လွှတ်လိုက်သည်ဟု သိရသည်။

    SMAP စူးစမ်းလေ့လာရေးယာဉ်ဟု အမည်ပေးထားသည့် အဆိုပါ ဂြိုဟ်တုကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားရှိ ဗန်ဒန်ဘာ့ဂ် လေတပ်စခန်းမှ စနေနေ့ နံနက်ပိုင်းတွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါဂြိုဟ်တုမှ ပေးပို့သည့် အရည်အသွေးမြင့်မြေပုံများကိုကြည့်၍ သိပ္ပံပညာရှင်များက အနာဂတ်တွင် ဖြစ်ပွားနိုင်သည့် မိုးခေါင်ရေရှားမှုများ၊ မုန်တိုင်းများကဲ့သို့ ဆိုးရွားသောရာသီဥတုများနှင့် ပတ်သက်၍ ပိုမိုပြင်ဆင်ခြင်းလုပ်ငန်းများကို ပိုမိုတိကျစွာ လုပ်ကိုင်နိုင်မည်ဖြစ်သည်။

    ထို့ပြင် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ကောက်ပဲသီးနှံများနှင့် သစ်တောများ မည်ကဲ့သို့ ပြောင်းလဲလာသည်ဆိုခြင်းနှင့် ပတ်သက်၍ ခန့်မှန်းရာတွင်လည်း သိပ္ပံပညာရှင်များက အဆိုပါ ဓာတ်ပုံများကို အသုံးပြုနိုင်မည်ဖြစ်သည်။

    Ref: alarabiya