News @ M-Media

Blog

  • လိင်ပိုင်းဆိုင်ရာပြဿနာကြောင့် စပိန်တွင် ကက်သလစ်ဘုန်းတော်ကြီး ၁၀ ပါးအား တရားစွဲ

    လိင်ပိုင်းဆိုင်ရာပြဿနာကြောင့် စပိန်တွင် ကက်သလစ်ဘုန်းတော်ကြီး ၁၀ ပါးအား တရားစွဲ

    ဇန်န၀ါရီ ၂၈၊ ၂၀၁၅
    M-Media

    spa

    – စပိန်နိုင်ငံတောင်ပိုင်း ဂရာနာဒါမြို့ရှိ ကက်သလစ်ဘုရားကျောင်းတစ်ခုမှ ဘုန်းတော်ကြီး ၁၀ ပါးနှင့် ဘုရားကျောင်းတွင် အလုပ်လုပ်ကိုင်နေသူ ၂ ဦးတို့အား ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ၎င်းတို့ ၁၂ ဦးမှာ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ဘုန်းတော်ကြီးများ၏ အိမ်တွင် ယောက်ျားလေး ၄ ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် သံသယရှိနေသူဖြစ်သည်ဟု အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော စွဲချက်တွင် ဖော်ပြထားသည်။ ယခုလက်ရှိတွင် ၎င်းတို့အား အာမခံဖြင့် လွှတ်ပေးထားသည်။

    ၎င်းတို့၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရသူတစ်ဦးက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သို့ ပြီးခဲ့သည့် နိုဝင်ဘာလတွင် စာရေးတိုင်ကြားခဲ့ပြီး ပုပ်ရဟန်းမင်းကြီးက ၎င်းအား ဖုန်းဆက်ကာ ဂရာနာဒါရှိ ခရစ်ယာန်ဂိုဏ်းအုပ်ဘုန်းတော်ကြီးအား သွားရောက်တိုင်ကြားရန် အကြံပေးခဲ့သည်။

    ပုပ်ရဟန်းမင်းကြီးကလည်း မိမိမှာ ဂါရာနာဒါမှ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဖရန်စစ္စကို ဂျာဗီယာ မာတီနက်ဇ်ထံသို့ စာပို့ကာ ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးရန် ဖိအားပေးခဲ့သည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ထို့နောက် ဂရာနာဒါရှိ ကက်သလစ်ဘုန်းတော်ကြီး အများအပြားကို ရာထူးမှ ဖယ်ရှားခဲ့ပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

    သံသယရှိသူများအနေဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ခံရမည်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်များစွာကပင် ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ ပြဿနာများမှာ အမြောက်အများပေါ်ထွက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကမူ ထိုကိစ္စအတွက် လုံးဝ သည်းခံမည်မဟုတ်ဟု ကတိပြုခဲ့သည်။

    ဗာတီကန်ကမူ မိမိတို့မှာ ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အရွယ်မရောက်သေးသူများအပေါ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြင့် ဘုန်းတော်ကြီး ၈၅၀ ခန့်ကို ရာထူးမှ ဖယ်ရှားခဲ့သည်ဟု ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သည်။

    Ref: aljazeera

  • မစ်ကီးဝေးဂလက်ဆီအတွင်း ကျွန်ုပ်တို့နေအဖွဲ့အစည်းထက် သက်တမ်းရင့်သော နေအဖွဲ့အစည်းတစ်ခု  တွေ့ရှိ

    မစ်ကီးဝေးဂလက်ဆီအတွင်း ကျွန်ုပ်တို့နေအဖွဲ့အစည်းထက် သက်တမ်းရင့်သော နေအဖွဲ့အစည်းတစ်ခု တွေ့ရှိ

    ဇန်န၀ါရီ ၂၈၊ ၂၀၁၅
    M-Media

    npl

    – မစ်ကီးဝေးနီးကဲ့သို့ သက်တမ်းရှိပြီး ဂြိုဟ် ၅ လုံးပါဝင်သည့် ရှေးဟောင်း နေအဖွဲ့အစည်းတစ်ခုကို ဗြိတိန်သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြပြီး ထိုတွေ့ရှိမှုက ဂလက်ဆီအတွင်း ရှေးဟောင်းသက်ရှိများ ရှိနိုင်သလားဆိုသည်နှင့် ပတ်သက်၍ လေ့လာရန် လမ်းစတစ်ခုလည်း ဖြစ်လာခဲ့သည်။

    အဆိုပါ နေအဖွဲ့အစည်းကို ကက်ပလာ ၄၄၄ ဟု အမည်ပေးထားပြီး ၎င်း၏ သက်တမ်းမှာ နှစ်ပေါင်း ၁၁.၂ ဘီလီယံရှိကာ ကျွန်ုပ်တို့၏ နေအဖွဲ့အစည်း၏ သက်တမ်းထက် ၂ ဆခန့်ရှိသည်ဟု ဇန်န၀ါရီ ၂၇ ရက်နေ့ထုတ် Astrophysical ဂျာနယ်တွင် ဖော်ပြခဲ့သည်။ ထိုနေအဖွဲ့အစည်းတွင် ကမ္ဘာကဲ့သို့ ဂြိုဟ် ၅ လုံး ပါဝင်သည်။

    အဆိုပါ နေအဖွဲ့အစည်းမှာ မစ်ကီးဝေးအတွင်းရှိ Cygus နှင့် Lyra ကြယ်စုများ၏ လမ်းကြောင်းတွင်ရှိပြီး ကမ္ဘာမြေပြင်မှ အလင်းနှစ် ၁၁၇ အကွာတွင်ရှိနေသော်လည်း ကြယ်များ၏ အလင်းရောင်ဖြာထွက်မှုကို တွက်ချက်ကာ ၎င်းတို့၏ တည်ဆောက်ပုံကိုလေ့လာသည့် astroseismology နည်းလမ်းဖြင့် သုတေသနပညာရှင်များက လေ့လာနိုင်မည်ဖြစ်သည်။

    ကက်ပလာ ၄၄၄ နေအဖွဲ့အစည်းအတွင်း ဂြိုဟ်များလည်ပတ်မှုအသံကို နားထောင်ခြင်းဖြင့် သိပ္ပံပညာရှင်များက နေ၏ အချင်းနှင့် ထုထည်ကို ခန်မှန်းတွက်ချက်နိုင်ခဲ့သည်။ ထို့ပြင်နေ၏ အလင်းရောင်ကို လေ့လာခဲ့ပြီး ဂြိုဟ်များက လှည့်ပတ်သွားခြင်းကြောင့် နေ၏လင်းရောင်မှာ တစ်ခါတစ်ရံ မှိန်သွားသည်ကိုလည်း တွေ့ရှိခဲ့သည်။

    အလင်းရောင်မည်မျှမှိန်သွားသည်ကို လေ့လာ၍ သိပ္ပံပညာရှင်များက ကက်ပလာ ၄၄၄ နေအဖွဲ့အစည်းတွင်းရှိ ဂြိုဟ်များ၏ အရွယ်အစားကို တိုင်းတာနိုင်ခဲ့သည်။

    “ဒီနေအဖွဲ့အစည်းနဲ့ ပတ်သက်လို့ ရှုပ်ထွေးမှုတွေ ရှိနေပါသေးတယ်။ စကြ၀ဠာကြီးရဲ့ သက်တမ်း ၁၃.၈ ဘီလီယံတစ်လျှောက်လုံးမှာ ကမ္ဘာအရွယ်လောက်ရှိတဲ့ ဂြိုဟ်တွေ ဖြစ်တည်ခဲ့တာကို ကျွန်တော်တို့ အခု သိပါပြီ။ ဒါဟာ ကျွန်တော်တို့ ဂလက်စီအတွင်းမှာ ရှေးဟောင်းသက်ရှိတွေ တည်ရှိတယ်ဆိုတာအတွက် အခွင့်အခမ်းတစ်ခုလည်း ဖြစ်စေပါတယ်” ဟု Astrophysical ဂျာနယ်တွင် ထည့်သွင်းရေးသားထားသည်။

    ယခုတွေ့ရှိခဲ့သည့် နေအဖွဲ့အစည်းမှ ဂြိုဟ်များမှာ ကမ္ဘာထက် သက်တမ်းပိုရင့်သည်ကို တွေ့ခဲ့ရသောကြောင့် သုတေသနပညာရှင်များက ဂြိုဟ်များဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ပိုမိုလေ့လာနိုင်မည်ဖြစ်သည်။

    Ref: abcnews

  • ဗြိတိန်နိုင်ငံမှ ပထမဆုံး မွတ်စ်လင်မ် မြို့တော်ဝန်၏ အောင်မြင်မှုများ

    ဗြိတိန်နိုင်ငံမှ ပထမဆုံး မွတ်စ်လင်မ် မြို့တော်ဝန်၏ အောင်မြင်မှုများ

    ဇန်နဝါရီ ၂၈ ၊ ၂၀၁၅
    M-Media

    Lutfur Rahman
    ၂၀၁၀ ခုနှစ်မှာ လုသ်ဖုရ် ရဟ်မာန်းဟာ ဗြိတိန်နိုင်ငံရဲ့ ပထမဆုံးမွတ်စ်လင်မ်မြို့တော်ဝန် ဖြစ်လာပါတယ်။ ၂၀၁၄ ခုနှစ်မှာ လန်ဒန်အရှေ့ပိုင်းက  Tower Hamlets ရဲ့ မြို့တော်ဝန်အဖြစ် ထပ်မံရွေးချယ်ခံရပါတယ်။ လူ့အဖွဲ့အစည်းရေးရာအတွင်းရေးမှူး Eric Pickles ပြုလုပ်စေတဲ့ လတ်တစ်လောအစီရင်ခံစာထဲမှာ Tower Hamlets ဒေသက အခွန်တော်ကို ပြည့်ပြည့်၀၀မထမ်းဆောင်ခဲ့ကြောင်း၊ မြို့တော်ဝန်ကို နှုတ်ထွက်ဖို့ တောင်းဆိုချက်များ ရှိနေကြောင်း ဖော်ပြထားပါတယ်။

    လုသ်ဖုရ် ရဟ်မာန်းက ပြီးပြည့်စုံတဲ့ – အမှားအယွင်းကင်းစင်တဲ့ လူသား မဟုတ်ပါဘူး။ အလားတူစွာပဲ ဘယ်နိုင်ငံရေးသမားမှ အမှားကင်းပြီး ပြီးပြည့်စုံတာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းရေးရာဌာနက ဘီစကစ်၊ ဒိန်ခဲညှပ်ပေါင်မုန့်၊ လက်ဖက်ရည်နဲ့ ကော်ဖီအတွက် ပေါင်စတာလင် ၆ သောင်းအထိ သုံးစွဲခဲ့ကြောင်း ပေါ်လွင်ခဲ့လို့ Eric Pickles ကိုယ်တိုင်ပင်လျှင် ဒီပုပ်ထဲကဒီပဲ စာရင်းဝင်ခဲ့ပါတယ်။

    Tower Hamlets ကဒေသခံတစ်ဦးအနေနဲ့ ဒီဒေသအတွင်း မြို့တော်ဝန် လုသ်ဖုရ် ရဟ်မာန်းလက်ထက်မှာ ထူးထူးခြားခြားတိုးတက်မှုတွေကို ကျွန်တော် တွေ့မြင်ရပါတယ်။ မြို့တော်ဝန်အရည်အချင်းနဲ့ထိုက်တန်စွာ အောင်မြင်စေခဲ့တဲ့ အကြောင်း ငါးရပ်ကို ကျွန်တော်ဖော်ပြပါမယ်။ ဒါဟာ အခွန်ပေးဆောင်မှုဆိုင်ရာတန်ဖိုးကို ညွှန်းပြချက်တစ်ရပ် ဖြစ်ပါတယ်။

    ၁။ ကိုယ်ပိုင်အိမ်များ ဖန်တီးပေးခြင်း
    ———————————-

    homes
    Tower Hamlets ရပ်ဝန်းအကြောင်းသိသူတိုင်း သို့မဟုတ် လန်ဒန်အရှေ့ပိုင်းဒေသက လူမှန်သမျှ လူမှုဘ၀ဖူလုံရေးအတွက် နေထိုင်နိုင်စရာ နေအိမ်တွေ မလောက်မငဖြစ်နေတာ၊ ပြီးတော့ သီးသန့်လုံးချင်းအိမ် ငှားရမ်းခ ဈေးနှုန်းမြင့်မားသထက် မြင့်မားနေတာကို သိရှိကြပါလိမ့်မယ်။  လုသ်ဖုရ် ရဟ်မာန်းနဲ့အဖွဲ့ဟာ တန်ဖိုးနည်းအိမ်ရာပေါင်း လေးထောင်ကို တည်ဆောက်ခဲ့တယ်။ ဒါဟာ ယူကေမှာ အများဆုံးပါပဲ။ အိမ်ရာလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ဖို့လည်း ဆက်လက်တည်ဆောက်နေပါတယ်။

    ၂။ ပညာရေးကဏ္ဍ
    ——————-

    Education_Chalkboard
    လုသ်ဖုရ် ရဟ်မာန်းလက်ထက်မှာ GCSE နဲ့ A-level အောင်ချက်တွေ တိုးတက်ကောင်းမွန်လာပြီး အခုဆိုရင် ပျမ်းမျှအောင်ချက်ရာခိုင်နှုန်းအထက်မှာ ရောက်နေပါပြီ။ မြို့တော်ဝန်က ကောလိပ်ကျောင်းသားတိုင်း £400 စီ၊ တက္ကသိုလ်ကျောင်းသားတိုင်းကို £1,500 စီ နှစ်စဉ်ချီးမြှင့်ပေးနေပါတယ်။ Tower Hamlets ရဲ့ စာသင်ကျောင်းတွေဟာလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးနယ်ခံကျောင်းများအဖြစ် အမည်ထွက်လာခဲ့ပါတယ်။ ဒါဟာ ထိပ်တန်းအောင်မြင်မှုတစ်ရပ် မဟုတ်ဘူးလားဗျာ။

    ၃။ တဆင့်ပြီးတဆင့်တက်လာတဲ့ ကျောင်းတွင်း အခမဲ့ အစားအသောက် အစီအစဉ်
    ———————————————————————————

    school-meal
    လုသ်ဖုရ် ရဟ်မာန်းရဲ့အစိုးရအဖွဲ့ဟာ ဧည့်ခံကြိုဆိုဌာနနဲ့ ပထမတန်းကျောင်းသားတွေ အတွက် အခမဲ့ အစားအသောက် အစီအစဉ်ကို ထိတွေ့မိတ်ဆက်ပေးခဲ့တယ်။ ဒီအစီအစဉ်ကို အစိုးရက နိုင်ငံတော်အဆင့်ထိ လိုက်လံဆောင်ရွက်တဲ့အခါ သူက နောက်ထပ် ၂ နှစ်စာ မူလတန်းကျောင်းသားအားလုံးအတွက် အခမဲ့အစားအသောက်အစီစဉ်ကို ထပ်မံ တိုးချဲ့ဆောင်ရွက်ခဲ့ပါတယ်။ ဒါဟာ ချာတိတ်လေးတွေအတွက် သူ့တို့မူလတန်းကျောင်းသားကာလရဲ့ အချိုမြိန်ဆုံးလိုအပ်ချက် မဟုတ်ပေဘူးလား ?

    ၄။ ဒုစရိုက်သားနှိမ်နှင်းရေး အတွက် လင်းနို့လူသား မလို
    ——————————————————–

    batman
    လုသ်ဖုရ် ရဟ်မာန်းရဲ့ အစိုးရအဖွဲ့ဟာ ၂၀၁၀ ခုနှစ်ကစလို့ အထူးကျွမ်းကျင် ရဲတပ်ဖွဲ့ဝင် ၅၅ ဦးကို ပေါင်စတာ လင် ၂.၂ သန်းထိ အကုန်ခံပြီး ထောက်ပံ့ပေးခဲ့တယ်။ နယ်ပယ်တွင်းမှာ £187,384 တန်ကြေးရှိ မူးယစ်ဆေးဝါးတွေနဲ့တစ်ကွ မူးယစ်ဆေးရောင်းဝယ်သူ ၁၂၃၀ ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့တယ်။ လမ်းပေါ်ကတေလေတွေ အမြောက်အများ ကင်းရှင်းသွားလို့ လင်းနို့လူသား Batman ကတော့ ဂုဏ်ယူနေမှာပါ။

    ၅။ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး
    ——————————————-

    Senior Man with Cane
    နောက်ဆုံးအနေနဲ့ ကတော့ ယူကေကောင်စီက ဒေသခံသက်ကြီးရွယ်အိုများကို အိမ်တိုင်ရာရောက်ပြုစုစောင့်ရှောက်ရေး အတွက် နှစ်စဉ် ပေါင်စတာလင် ၁၇ သန်း အကုန်အကျခံပေးကမ်းထောက်ပံ့နေတာ Tower Hamlets တစ်ခုတည်းရှိပါတယ်။ ကဲ့ – မလုံလောက်သေးဘူးလားဗျာ။ သိပ်ပြီး သေးကွေးနေပါသလား ?

    Tower Hamlets ကနေ လုသ်ဖုရ် ရဟ်မာန်း Lutfur Rahman ကို ကန်ထုတ်သင့်သလား ဆိုတာ ခင်ဗျားတို့ပဲ ဆုံးဖြတ်လိုက်ပါတော့။

    xxxxxxxxxxx

    Muhammad Rafiq ရေးသားသော 5 Achievements of Britain’s First Muslim Mayor ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင်ပြန်ဆိုသည်။

  • # တစ်ကျော့ပြန် #

    # တစ်ကျော့ပြန် #

    ဇန်နဝါရီ ၂၇ ၊ ၂၀၁၅
    M-Media
    10347485_626164910822999_3134236253809444867_n
    ကျည်ဆံတွေကြားမှာ အဖြူ အစိမ်းတွေ

    အဖြူ အစိမ်းတွေကြားမှာ အနီရောင်တွေ

    အနီရောင်တွေကြားမှာ အခွင့်တူကြယ်တွေ

    အခွင့်တူကြယ်တွေကြားမှာ ဥသြဆွဲသံတွေ

    ဥသြဆွဲသံတွေကြားမှာ ကမ္ဘာမကြေသီချင်းသံတွေ

    ကမ္ဘာမကြေသီချင်းသံတွေကြားမှာ သွေးစွန်းလိပ်ပြာတွေ

    သွေးစွန်းလိပ်ပြာတွေကြားမှာ လွတ်မြောက်လိုခြင်းတွေ

    လွတ်မြောက်လိုခြင်းတွေကြားမှာ ယုံကြည်ပြတ်သားခြင်းတွေ

    ယုံကြည်ပြတ်သားခြင်းတွေကြားမှာ အနိဌာရုံမြင်ကွင်းတွေ

    အနိဌာရုံမြင်ကွင်းတွေကြားမှာ ပြက္ခဒိန်စာမျက်နှာတွေ

    ပြက္ခဒိန်စာမျက်နှာတွေကြားမှာ သံသရာစက်ဝိုင်းတွေ

    သံသရာစက်ဝိုင်းတွေကြားမှာ အဖြူ အစိမ်းတွေ

    အဖြူ အစိမ်းတွေကြားမှာ ကျည်ဆံတွေ။

    ကျည်ဆံတွေကြားမှာ ——

    ——————-
    အိမ်ဝေးသူ(KZ)
    ——————-
    မှတ်ချက်။ ပုံများကို အွန်လိုင်းစာမျက်နှာများမှ ရယူပြီး ပေါင်းစည်းထားခြင်းဖြစ်ပါသည်။

  • ဂါဇာဒုက္ခသည်များအတွက် အိမ်များဆောက်လုပ်ပေးရန် ရန်ပုံငွေမရှိတော့ဟု ကုလဆို

    ဂါဇာဒုက္ခသည်များအတွက် အိမ်များဆောက်လုပ်ပေးရန် ရန်ပုံငွေမရှိတော့ဟု ကုလဆို

    ဇန်န၀ါရီ ၂၇၊ ၂၀၁၅
    M-Media

    Mideast Israel Amnesty Report

    – အလှူရှင်နိုင်ငံများက ထောက်ပံ့ပေးမည်ဟူသော အလှူငွေများ ရရှိခြင်းမရှိသောကြောင့် ပြီးခဲ့သည့်နှစ် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ပျက်ဆီးသွားခဲ့သည့် ဂါဇာရှိ နေအိမ်များ ပြုပြင်ခြင်းလုပ်ငန်းကို မလုပ်ဆောင်နိုင်တော့ဟု ကုလသမဂ္ဂမှ ပြောကြားလိုက်သည်။

    `အိမ်တွေပြင်ပေးဖို့၊ အိမ်ငှားတွေအတွက် ထောက်ပံ့ပေးဖို့ ကျွန်တော်တို့မှာ ရန်ပုံငွေတွေ ကုန်သွားပါပြီ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ကိုင်ရိုမှာကျင်းပခဲ့တဲ့ညီလာခံမှာ နိုင်ငံတွေက စုစုပေါင်း ကန်ဒေါ်လာ ၅.၄ ဘီလီယံထောက်ပံ့မယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ ဂါဇာကို အကုန်ရောက်မလာခဲ့ပါဘူး´ ဟု ပါလက်စတိုင်းဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေသည့် ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး အေဂျင်စီ UNRWA က ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

    အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းတို့၏ အိမ်ပေါင်း ၉၆၀၀၀ ကျော် ပျက်ဆီးခဲ့ရသည်ဟု UNRWA က ဆိုပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ အိမ်ငှားနေရန် ထောက်ပံ့ကြေးများကို ဖြတ်တောက်ရခြင်းကြောင့် လက်ရှိ လူပေါင်း ၁၂၀၀၀ ကို
    နေရာချထားပေးထားရသည့် ကုလ၏ စာသင်ကျောင်းများနှင့် ကယ်ဆယ်ရေးစင်တာများတွင် လူများ ပိုမိုများလာမည်ဟု ကုလက ဆိုသည်။

    `ဂါဇာက ပါလက်စတိုင်း ဒုက္ခသည်မိသားစု ၆၆၀၀၀ ကို သူတို့တွေရဲ့ အိမ်တွေပြင်ဖို့ ဒါမှမဟုတ် အခြားနေစရာတစ်ခုခုရှာဖို့အတွက် UNRWA က ထောက်ပံ့ငွေဟာ ကန်ဒေါ်လာ ၇၇ သန်းလောက်ရှိပါပြီ။ ဒါဟာ တစ်မူထူးခြားတဲ့ အောင်မြင်မှုပါပဲ။ ဒါပေမယ့် လုံလောက်မှုတော့ မရှိသေးပါဘူး။ နေစရာလုံလုံလောက်လောက်မရှိဘဲနဲ့ ချမ်းအေးလှတဲ့ ဆောင်းရာသီဒဏ်ကို ခံစားရမယ့် မိသားစုထောင်ပေါင်းများစွာအကြောင်း ကျွန်တော်တို့ ပြောနေပါ။ လူတွေက အုတ်ပုံတွေကြားမှာ အိပ်နေရတယ်။ ကလေးတွေက အအေးလွန်ပြီး သေဆုံးနေကြပါတယ် ´ ဟု အဆိုပါ ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

    Ref: alarabiya