News @ M-Media

Blog

  • သြစတေးလျဘောလုံးအသင်း အာရှဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူး

    သြစတေးလျဘောလုံးအသင်း အာရှဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူး

    ဇန်န၀ါရီ ၃၁၊ ၂၀၁၅
    M-Media

    aus

    – ယနေ့ညနေက ကစားခဲ့သော အာရှဖလားနောက်ဆုံးဗိုလ်လုပွဲတွင် အိမ်ရှင် သြစတေးလျအသင်းက တောင်ကိုရီးယားအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ကစားပြီး ပထမဆုံးအာရှဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

    ဆစ်ဒနီတွင်ကစားခဲ့သည့် အဆိုပါပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ပထမပိုင်း ၄၅ မိနစ်တွင် လူအွန်ဂိုက အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့သည်။ ထို့နောက် တောင်ကိုရီးယားဘက်ကလည်း ချေပဂိုးရရန် ကြိုးစားခဲ့ပြီး ဂိုးသွင်းခွင့်အချို့ ရခဲ့သော်လည်း လိုအပ်နေသည့် ချေပဂိုးကို ဒုတိယပိုင်း နာကျင်အချိန်ပိုတွင်မှ ဟွန်မင်ဆန်က သွင်းယူပေးနိုင်ခဲ့သည်။

    ပွဲအပြီး အချိန်ပိုဆက်လက်ကစားခဲ့ရာ ၁၀၅ မိနစ်တွင် ထရိုအီစီက သြစတေးလျအတွက် အဖိုးတန်အနိုင်ဂိုး သွင်းပေးခဲ့ပြီး မိမိကွင်း၊ မိမိပရိတ်သတ်ရှေ့မှောက်တွင် အာရှဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

    `လူတိုင်းလူတိုင်း အင်မတန်ကောင်းတဲ့ အားထုတ်မှုတွေ လုပ်ခဲ့ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲက လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။ ခက်ခဲတယ်။ အကြိမ်ကြိမ်ကြိုးစားခဲ့ရပြီး ကစားသမားတွေပြသတဲ့ သတ္တိကတော့ အံမခန်းပါပဲ´ ဟု သြစတေးလျနည်းပြ အန်ဂီ ပေါ့စ်တီကော့ဂ်လူက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    သြစေတးလျမှာ ၂၀၁၁ ခုနှစ် အာရှဖလားပွဲတွင် ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

    Ref:channelnewsasia

  • သီရိလင်္ကာတွင် တမီလ်လူမျိုးတစ်ဦး တရားရေးအကြီးအကဲဖြစ်လာ

    သီရိလင်္ကာတွင် တမီလ်လူမျိုးတစ်ဦး တရားရေးအကြီးအကဲဖြစ်လာ

    ဇန်န၀ါရီ ၃၁၊ ၂၀၁၅
    M-Media

    sri

    – ယခုလစောပိုင်းတွင် အာဏာရရှိခဲ့သည့် သီရိလင်္ကာသမ္မတသစ် မိုင်သရီပါလာ ဆရီစီနာက နိုင်ငံ၏ တရားရေးအကြီးအကဲအဖြစ် လူနည်းစုတမီလ်လူမျိုးထဲမှ တရားသူကြီတစ်ဦးကို ခန့်အပ်ခဲ့သည်ဟု သိရသည်။

    တရားရေးအကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံရသူမှာ အသက် ၆၂ နှစ်အရွယ် တမီလ်လူမျိုး ကာနာဂါဆာဘာပက်သီ ဆရီပါဝမ်ဖြစ်ပြီး ယမန်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ဆရီပါဝမ်မှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း နိုင်ငံ၏ ထိုကဲ့သို့ အမြင့်ဆုံးရာထူး၌ တာဝန်ထမ်းဆောင်သည့် ပထမဆုံး တမီလ်လူမျိုးလည်း ဖြစ်လာမည်ဖြစ်သည်။

    `တရားရေးအကြီးအကဲ ဆရီပါဝမ်ဟာ သမ္မတ ဆရီစီနာရဲ့ အရှေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးပါပြီ´ ဟု သမ္မတရုံးအတွင်းဝန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    တရားရေးအကြီးအကဲအဖြစ် တမီလ်လူမျိုးအား ခန့်အပ်ခဲ့ခြင်းမှာ ၃၇ နှစ်ကြာ စစ်ပွဲပြီးနောက် နိုင်ငံ၏ အကြီးဆုံး လူနည်းစုဖြစ်သည့် တမီလ်လူမျိုးများနှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်ရန် သီရိလင်္ကာခေါင်းဆောင်ပိုင်း၏ ကြိုးပမ်းမှုလည်းဖြစ်သည်။

    တရားရေးဌာန အကြီးအကဲဟောင်းမှာ ဘန်ဒရာနာယက်ဖြစ်ပြီး ၎င်းအား ချစားမှုစွဲချက်ဖြင့် ယခင်သမ္မတဟောင်း ရာဂျာပက်ဆာက ရာထူးမှ ထုတ်ပယ်ထားခြင်းဖြစ်သည်။ သူမမှာ သမ္မတသစ်လက်ထက်တွင် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့က တရားဝင်ရာထူး ရယူခဲ့သော်လည်း တစ်ရက်သာခံခဲ့ပြီး ကြာသာပတေးနေ့တွင် ရာထူးမှ ဆင်းပေးခဲ့ရသည်။

    လူများစု ဆင်ဟာလီများကြီးစိုးသည့် ဆရီစီနာ အစိုးရမှာ နိုင်ငံအတွင်းရှိ တမီလ်လူနည်းစုများနှင့် ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းများကို လုပ်ဆောင်မည်ဟု ကတိပြုထားသည်။ တမီလ်လူမျိုးများမှာ ၁၉၇၂ ခုနှစ်မှစ၍ လက်နက်ကိုင်ကာ ခွဲထွက်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အစိုးရတပ်များက အမြစ်ဖြတ်ချေမှုန်းနိုင်ခဲ့သည်။ ၃၇ နှစ်တာကြာမြင့်ခဲ့သည့် ထိုကာလအတွင်း အနည်းဆုံး လူပေါင်း ၁ သိန်းခန့် အသက်ဆုံးရှုံးခဲ့ရသည်။

    သီရိလင်္ကာ တရားရေးအကြီးအကဲအဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူ တမီလ်လူမျိုးမှာ ဟာရ်ဘတ် သမ်ဘီယာဖြစ်ပြီး ၁၉၉၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

    Ref: aljazeera

  • ဆော်ဒီဘုရင်၏ ဈာပနကိုကြည့်၍ တရုတ်လူမျိုး ၅၀၀ ကျော် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်

    ဆော်ဒီဘုရင်၏ ဈာပနကိုကြည့်၍ တရုတ်လူမျိုး ၅၀၀ ကျော် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်

    ဇန်န၀ါရီ ၃၁၊ ၂၀၁၅
    M-Media

    sd

    – ဆော်ဒီဘုရင်ကြီး အဘ်ဒူလာ ဘင် အဘ်ဒူလ် အဇစ်၏ ပကာသနမပါသည့် ဈာပနအခမ်းအနားကိုကြည့်၍ ဆော်ဒီနိုင်ငံရှိ တရုတ်လူမျိုး ၅၀၀ ကျော်မှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာခဲ့သည်ဟု YouTube ဗီဒီယိုတစ်ခုအရ သိရသည်။

    `အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခ၀ပ်ကိုးကွယ်ရာမရှိ။ မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ) သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်သည်- လို့ ဟစ်ကြွေးခဲ့ပြီးတဲ့ နောက်မှာတော့ သူတို့အားလုံးဟာ မွတ်စလင်တွေဖြစ်လာပါတော့တယ်´ ဟု ဆော်ဒီ နေ့စဉ် သတင်းစာတစ်စောင်ဖြစ်သော Ajel Arabic တွင် ဖော်ပြထားသည့် ထိုဗီဒီယိုတွင် ပြောကြားထားသည်။

    အဆိုပါ တရုတ်လူမျိုးများမှာ ဆော်ဒီအာရေဗျအရှေ့ပိုင်း ဂျူဘေးလ်မြို့ရှိ ကုမ္ပဏီတစ်ခုအနီးတွင် အစ္စလာမ်သို့
    သက်ဝင်ယုံကြည်ကြောင်း သက်သေခံချက်အား ရွတ်ဆိုနေသည်ကို အဆိုပါဗီဒီယိုတွင် တွေ့ရသည်။ ၎င်းတို့မှာ ဘာသာအယူဝါဒသစ်အား မည်ကဲ့သို့ လိုက်နာကျင့်ကြံရမည်ဆိုသည်နှင့်ပတ်သက်၍ ဆော်ဒီအာဏာပိုင်များ၏ ညွှန်ကြားချက်ကိုလည်း ရယူခဲ့ကြသည်။

    ဘုရင်ကြီးအဘ်ဒူလာမှာ ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က ကွယ်လွန်သွားခဲ့ပြီးနောက် ၎င်းအား ပိတ်ဖြူဖြင့်ထုတ်၍ အစ္စလာမ်၏သွန်သင်မှုအတိုင်း ပကာသနကင်းစွာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။

    လူသားများ အသက်ရှင်နေသည်ဖြစ်စေ၊ သေဆုံးသွားသည်ဖြစ်စေ လေးစားရန်အတွက် အစ္စလာမ်သာသနာက သွန်သင်ထားသည်။

    မွတ်စလင်တစ်ဦးတစ်ယောက် ကွယ်လွန်သေဆုံးသွားပါက ၎င်းအလောင်းအား ပထမဦးစွာ ရေချိုးသန့်စင်ကာ ပိတ်ဖြူနှင့်ပတ်ပြီး အမွှေးနံ့သာများ ထည့်ရမည်ဖြစ်သည်။ ထို့နောက် ၎င်းအတွက် ၀တ်ပြုဆုတောင်းပေး၍ မြေမြှုပ်သင်္ဂြိုဟ်ပေးရန် အစ္စလာမ်ကသွန်သင်ထားည်။ ထိုကဲ့သို မြှုပ်နှံသင်္ဂြိုဟ်ခြင်းကို အတတ်နိုင်ဆုံး အလျင်အမြန်ဆောင်ရွက်ရမည်ဖြစ်ပြီး အချိန်ဆွဲခြင်းမှာ မနှစ်မြို့ဖွယ်ရာ ကိစ္စရပ်အဖြစ် သတ်မှတ်ထားသည်။

    မရဏသေခြင်းတရားမှာ သက်ရှိတိုင်း တစ်နေ့တွင် ကြုံတွေ့ရမည့်ကိစ္စဖြစ်သည်ဟု ကုရ်အာန်ကျမ်းတော်မြတ်တွင် သတိပေးထားပြီး သေခြင်းတရားနှင့်ပတ်သက်၍ နေ့စဉ် သတိသံဝေဂ ရနေရမည်ဟုလည်း ဆိုထားသည်။ သေဆုံးပြီးနောက် နောင်တမလွန်တွင် လူသားတိုင်းမှာ ကောင်းမှု၊ မကောင်းမှုများကို အလ္လာဟ်အရှင်မြတ်ရှေ့တော်မှောက်၌ စစ်ဆေးမေးမြန်းခြင်းခံရမည်ဟု အစ္စလာမ်က သွန်သင်ထားသည်။ ထို့နောက် မိမိတို့ ပြုလုပ်ခဲ့သော ကောင်းမှု၊ မကောင်းမှုနှင့်လျှော်ညီစွာ ကောင်းကျိုး၊ ဆိုးကျိုးများကို ခံစား၊ စံစားရမည်ဖြစ်သည်။

    Ref:onislam

  • သွေးလွန်တုပ်ကွေး ရှိ၊ မရှိ မိနစ် ၂၀ အတွင်း ကိုယ်တိုင်စမ်းသပ်နိုင်တော့မည်

    သွေးလွန်တုပ်ကွေး ရှိ၊ မရှိ မိနစ် ၂၀ အတွင်း ကိုယ်တိုင်စမ်းသပ်နိုင်တော့မည်

    ဇန်န၀ါရီ ၃၁၊ ၂၀၁၅
    M-Media

    dengu

    – စက္ကူအရောင်ပြောင်းသည့် နည်းစနစ်ကို အခြေခံထားပြီး မိနစ် ၂၀ အတွင်း သွေးလွန်တုပ်ကွေး ရှိ၊ မရှိ စမ်းသပ်နိုင်မည့် အိတ်ဆောင် ကိရိယာတစ်ခုကို တီထွင်လိုက်ပြီဟု စင်ကာပူ သိပ္ပံ၊ နည်းပညာနှင့် သုတေသနအေဂျင်စီ ASTAR က ပြောကြားလိုက်သည်။

    စင်ကာပူ ဇီဝအင်ဂျင်နီယာနှင့် နာနိုနည်းပညာအသင်း IBN မှ ထုတ်လုပ်သည့် အဆိုပါကိရိယာတွင် လူ၏ တံတွေးနမူနာကိုယူ၍ သွေးလွန်တုပ်ကွေးဖြစ်ပွားနေသူတွင် တွေ့ရသော ပဋိပစ္စည်းများကို စမ်းသပ်နိုင်မည်ဖြစ်သည်။ ထိုကိရိယာမှာ ယခုလက်ရှိအသုံးပြုနေသော သွေးဖောက်၍ ဓာတ်ခွဲခန်းသို့ပို့ကာ စမ်းသပ်မှုထက် ပို၍ လျင်မြန်မည်ဖြစ်ကာ နာကျင်မှုလည်း ရှိမည်မဟုတ်ချေ။

    ထိုကိရိယာမှာ သွေးလွန်တုပ်ကွေး၏ ဒုတိယအဆင့်တွင်ပင် ရောဂါ၏ ပဋိဇီဝပစ္စည်းများကို စမ်းသပ်တွေ့ရှိနိုင်မည်ဖြစ်သည်။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်၍ ဒုတိယအဆင့်သို့ရောက်နေသော လူနာများမှာ အဖျားကြီးကာ သွေးအန်ခြင်း သို့မဟုတ် ဆိုးရွားသည့် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများကို ပြသနိုင်သည်အထိ အန္တရာယ်ရှိနေသည်။

    သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ပြီးနောက် ရောဂါလက္ခဏာများ မပြသခင် ရောဂါပိုးပေါက်ဖွားသည့်ကာလမှာ များသောအားဖြင့် ၄ ရက်မှ ၁၀ ရက်အတွင်း ရှိသောကြောင့် စောစောစီးစီး စမ်းသပ်နိုင်ခြင်းမှာ အရေးကြီးသည့် ကိစ္စတစ်ခုလည်းဖြစ်သည်။

    အရောင်ပြောင်းသည့်စက္ကူကို အခြေခံသော စမ်းသပ်မှုကိရိယာများမှာ များသောအားဖြင့် တံတွေးပမာဏ အမြောက်အများကို ကိုင်တွယ်နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း မဟုတ်သော်လည်း IBN မှ ယခုတီထွင်လိုက်သည့် ကိရိယာမှာ ကြီးမားသည့် တံတွေးပမာဏကိုလည်း ကိုင်တွယ်နိုင်မည်ဖြစ်သည်။

    သုတေသနပညာရှင်များကမူ အဆိုပါ သွေးလွန်တုပ်ကွေးစပ်းသပ်သည့် ကိရိယာကို ကိုယ်ဝန် ရှိ၊ မရှိ စမ်းသပ်နိုင်သည့် ကိရိယာကဲ့သို့ လွယ်ကူစွာ အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားပြီး ထိုကိရိယာအား အခြားသော ရောဂါများကို စမ်းသပ်နိုင်သည့် ကိရိယာအဖြစ် ပြောင်းလဲရန် ကြိုးစားနေကြသည်။

    Ref:channelnewsasia

  • M-Media e-NewsLetter Vol2.No2 ထွက်ပါပြီ။

    M-Media e-NewsLetter Vol2.No2 ထွက်ပါပြီ။

    ဇန်နဝါရီ ၃၀ ၊ ၂၀၁၅
    M-Media
    M-Media e-NewsLetter Vol2_cover
    M-Media e-NewsLetter Vol2.No2 ကို ဖြန့်ဝေလိုက်ပါတယ်။

    ယခုတပတ်မှာ အပတ်စဉ် ပြည်တွင်း ပြည်ပ သတင်းတွေနဲ့ ပါဝင်နေကြ ကဏ္ဍတွေကို ဝေဝေစာစာ ထည့်သွင်းဖော်ပြထားပါတယ်။

    ဤစာစောင်ငယ်ဟာ အွန်လိုင်းလုံးဝ အသုံးမပြုနိုင်သူများ၊ အွန်လိုင်း အမြဲမသုံးနိုင်ဘဲ အချိန်အခက်အခဲရှိသူများ personal print ထုတ်ဖတ်နိုင်ရန် ၊ လက်ဆင့်ကမ်း ဖြန့်ဝေနိုင်ရန် သတင်းနှင့်ဆောင်းပါးအချို့ ကို ကန့် သတ် အနေဖြင့် စုစည်းပေးထားခြင်းဖြစ်ပါတယ်။

    ယခု ထုတ်ဝေဖြန်ချိလိုက်တဲ့ e-Newsletter ကို ဖတ်ရှုသူများ အနေဖြင့် မျက်နှာဖုံးနဲ့ မာတိကာမှာ ပါရှိတဲ့ Link များကို နှိပ်ရုံဖြင့် သတင်းရှိရာ စာမျက်နှာသို့ ရောက်ရှိသွားအောင် Hyperlink များ ထည့်သွင်းပေးထားပါတယ်။

    M-Media မှ e-Newsletter ကို ၂ ပတ်တကြိမ် ပုံမှန် ကြိုးစား တင်ဆက်ပေးသွားပါမယ်။

    File Size 7 MB

    Download လုပ်ရန်
    ———————
    https://www.dropbox.com/s/ycn4k5k7h4keecr/M-Media%20e-NewsLetter%20Vol2.No2.pdf?dl=0

    http://goo.gl/pCKLrD

    စာမူနှင့် အကြံဥာဏ်များ [email protected] သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

    M Media e NewsLetter Vol2.No2 by Mmedia_Doc