News @ M-Media
Blog
  • သူဖုန်းစားယောင်ဆောင်ကာ ပရိတ်သတ်တွေကို ဖျော်ဖြေခဲ့တဲ့ ရော်နယ်ဒို
    သူဖုန်းစားယောင်ဆောင်ကာ ပရိတ်သတ်တွေကို ဖျော်ဖြေခဲ့တဲ့ ရော်နယ်ဒို
    ဇန်န၀ါရီ ၂၆၊ ၂၀၁၅
    M-Media
    rnd (5)
    – ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ပူပူနွေးနွေးရရှိထားတဲ့ ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုတစ်ယောက် မက်ဒရစ်က ပရိတ်သတ်တွေကိုထူးခြားတဲ့ ပုံစံတစ်မျိုးနဲ့ ဖျော်ဖြေမှုပေးခဲ့ပါတယ်။
    ဒါကတော့ သူဖုန်းစားပုံပြောင်းပြီး ဘောလုံးစွမ်းရည်တွေကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။ အနွေးထည်ပွပွကြီးဝတ်၊ နှုတ်ခမ်းမွှေးအတု၊ မုတ်ဆိတ်အတု၊ ဆံပင်အတုနဲ့ ရော်နယ်ဒိုဟာ မက်ဒရစ်မြို့ရဲ့ လူစည်ကားတဲ့ Plaza de Callao အရှေ့မှာ ဘောလုံး တစ်လုံးကိုယူပြီး စွမ်းရည်ပြခဲ့တာပါ။
    သာမန် သူဖုန်းစားပဲလို့ ထင်တဲ့အတွက် သူ့ကို ကလေးတစ်ချို့ကလွဲလို့ ဘယ်သူမှ သိပ်ဂရုမစိုက်ခဲ့ကြပါဘူး။ ဒါပေမယ့် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်နဲ့ ဆံပင်တုတွေကို ချွတ်လိုက်တဲ့ နောက်ပိုင်းမှာတော့ အားလုံးက အံအားသင့်ခဲ့ကြပါတယ်။ အဲဒီချိန်ကျမှ ဘောလုံး မင်းသား ရော်နယ်ဒိုနားကို လူတွေဝိုင်းအုံလာပြီး ပရိတ်သတ်တွေ အတွက် ထူးခြားတဲ့ ဖျော်ဖြေမှု ပေးခဲ့တဲ့ သူ့ကို အပြုံးတစ်ပိုင်းနဲ့ နှုတ်ဆက်ခဲ့ကြပါတယ်။
    Ref: themirror
  • မျိုးစောင့်ဥပဒေ လက်ရှိ မလိုအပ်သေးကြောင်း ရွှေဝါရောင် သံဃာတပ်ပေါင်းစုမှ ဦးဆောင် ဆရာတော် မိန့်ကြား
    မျိုးစောင့်ဥပဒေ လက်ရှိ မလိုအပ်သေးကြောင်း ရွှေဝါရောင် သံဃာတပ်ပေါင်းစုမှ ဦးဆောင် ဆရာတော် မိန့်ကြား
    ဇန်နဝါရီ ၂၅ ၊ ၂၀၁၅
    M-Media
    သတင်း-ဇေယျာ
    Ashin Sandar Thiri
    မျိုးစောင့်ဥပဒေများမှာ ယနေ့ခေတ် တိုင်းပြည်တွင် မလိုအပ်သေးကြောင်း ရွှေဝါရောင် သံဃာတပ်ပေါင်းစုမှ ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ အရှင်စန္ဒာသီရိ မှ ဇန်နဝါရီလ၂၄ရက်နေ့ကမိန့်ကြားလိုက်ပါတယ်။
    ” မျိုးစောင့်ဥပဒေဟာမလိုအပ်သေးပါဘူး။ အချိန်ကာလတစ်ခုအရ တိုင်းပြည်မှာ စစ်အာဏာရှင် စနစ်ကျဆုံးပြီးတော့ ပြည်သူလူထု တကယ်လိုလားတဲ့ အစိုးရ ပြည်သူ့အကျိုးစီးပွား ဆောင်ရွက်ရတဲ့ အစိုးရသာ ဒီနေ့အချိန်တိုင်းပြည် မှာ အုပ်ချုပ်ခွင့် စီမံခန့်ခွဲမှု ရရှိပါမယ်။ ကျန်တဲ့ကိစ္စတွေဟာ ကျွဲကူးရေပါဖြစ်မှာပါ။
    သာမန်ကိစ္စကို ရှေတန်းမတင်ပါနဲ့။ သာမန်ကိစ္စကို သာမန်ပဲထားပါ။ တိုင်းပြည်မှာ အရေးကြီးတာကိုပဲဆောင်ရွက်ပါ။ ” ဟု တော်ဝင်နှင်းဆီ ခန်းမမှာ ပြုလုပ်ခဲ့တဲ့ ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့်အကြို အခမ်းအနားမှာ အခုလို မိန့်ကြားခဲ့တာဖြစ်ပါတယ်။
    နိုင်ငံအတွင်းမှာ ဘာသာရေး လူမျိုးရေး ဝါဒမှိုင်းများကို တိုက်ဖျက်ရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ပဋိပက္ခအသွင်ဆောင်မှုများကိုလည်း လက်ဦးမှု ရယူကာဖြေရှင်းဆောင်ရွက်သွားရမည်လို့ ဆရာတော်က မိန့်ပါတယ်။
    လက်ရှိအချိန်တွင် ဘာသာပေါင်းစုံအတွင်း အမုန်းတရား၊ အမုန်းစကားများ လွှမ်းမိုးမှုများကို ပပျောက်ရန် အရေးကြီးကြောင်း မိန့်ကြားခဲ့ကြားခဲ့ပါတယ်။
    မျိုးစောင့်ဥပဒေများတွင် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်း မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာဥပဒေကြမ်း ၄ခုကို ရေးဆွဲထားပြီး ကျင်းပလျက်ရှိသည့် လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေး လျက်ရှိပါတယ်။
    ရွှေဝါရောင်ဦးဆောင် ဆရာတော်က တိုင်းပြည်တွင် စစ်မှန်သော ဒီမိုကရေစီစနစ်ကို တည်ဆောက်လိုလျှင် စစ်မှန်သော အစိုးရပေါ်ပေါက်နိုင်ရေး အတွက် အားလုံးဟာ လက်တွဲညီညီနှင့် မတူညီမှုတွေကို ဘေးဖယ်ထား တူတာတွေနဲ့ တတ်နိုင်သမျှ ညှိညှိနှိုင်းနှိုင်း နဲ့ မိမိတို့ တိုင်းပြည်ငြိမ်းချမ်း သာယာစေဖို့ လူမျိုးဘာသာဝင်နိုင်ငံသား အလွှာ အသီးသီးမှ ပါဝင်လာကြစေရန် တိုက်တွန်းကြောင်း ၄င်းဆရာတော်မှ မိန့်ကြားခဲ့ပါတယ်။
    ထိုဥပဒေကြမ်းများပေါ်ထွက်လာခြင်းမှာ သံဃာတော်တချို့ ဦးဆောင်သည့် အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့ (မဘသ) က သမ္မတထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။
  • အရှိန်တက် တရုတ်-အမေရိကန် အားပြိုင်မှုကြားက မြေစာပင် မြန်မာ
    အရှိန်တက် တရုတ်-အမေရိကန် အားပြိုင်မှုကြားက မြေစာပင် မြန်မာ
    ဇန်နဝါရီ ၂၅ ၊ ၂၀၁၅
    M-Media
    us-china-pipeline
    ရပ်တည်ချက်အတိုင်း မယိုင်မလဲရှေ့ဆက်ရန် နေပြည်တော်သို့ ၀ါရှင်တန်မှ တွန်းအားပေးလိုက်ပြီးသည့်နောက် တရုတ်ပြည်မှ လိပ်ခဲတည်းလည်း ခံစားနေရသည်။ မြန်မာနိုင်ငံသည် ဘေဂျင်း၏ စွမ်းအင်လုံခြုံရေးနှင့် ပိုးလမ်းမကြီး စီမံကိန်းများဆိုင်ရာ မဟာဗျူဟာဒေသဖြစ်နေ၍ပင်။
    ပြည်ပနေ တရုတ်လူမျိုးတို့၏ ၀က်ဘ်ဆိုဒ်ဖြစ်သော Duowei မှ တင်ပြသည်မှာ – ၀ါရှင်တန် ကျောထောက်နောက်ခံ လက်တင် အမေရိကနိုင်ငံများနှင့် လက်ပွန်းတတီးဆက်ဆံမှု၌ တရုတ်၏ အာရုံစိုက်နေမှုသည် မြန်မာနိုင်ငံအား အမေရိကန်၏ တွန်းအားပေး ဆုံးဖြတ်ချက်အပေါ် သြဇာသက်ရောက်စေရန်ဖြစ်သည်။
    တရုတ်ပြည်၏ မဟာဗျူဟာပြည်နယ် တစ်ခုဖြစ်သော ယူနန်သည် မြန်မာပြည်တွင်း အမေရိကန်၏ ထိုးဖောက်မှုများအတွက် အကြွင်းမဲ့ ပစ်မှတ်ဟု သုတေသီများက ဆိုကြသည်။ ယူနန်ပြည်နယ်သည် မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံနယ်နမိတ်များနှင့် ထိစပ်လျက်ရှိပြီး အရှေ့တောင်အာရှထွက်လမ်းအဖြစ် တည်ရှိကာ သမ္မတ စီဂျင်းပင်၏ ၂၁ ရာစု ပင်လယ်ဖောက် ပိုးလမ်းမကြီး 21st century Maritime Silk Road (MSR) စီမံကိန်း စတင်ရာ အပါအ၀င်နယ်မြေတစ်ခု ဖြစ်၏။
    အောက်တိုဘာလတွင်ကျင်းပမည့် မြန်မာ့ရွေးကောက်ပွဲ အကြိတ်အနယ် အချိန်တွင် သြဇာပြိုင်ဆိုင်မှုမှာ အထွဋ် အထိပ်သို့ ရောက် လာနိုင်ပြီး၊ ၎င်း၏ရလဒ်များက ပထ၀ီနိုင်ငံရေးရေချိန်အား သတ်မှတ်ပေးဖွယ်ရှိနေသည်။
    Duowei ၏အဆိုအရ ဇန္န၀ါရီလ ၁၁ ရက်မှ ၁၅ ရက်အတွင်း အမေရိကနှင့် မြန်မာအကြား လူ့အခွင့်အရေး စကားဝိုင်းများ ရှိခဲ့သည်။ စကားဝိုင်းအတွင်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဦးဆောင်သူ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လုပ်သားရေးရာ ဒုဝန်ကြီး Tom Malinowski အပြင် အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်မှ ထိပ်တန်း အရာရှိကြီးနှစ်ဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီး အင်ထော်နီ ခရခ်ျဖီးလ်ဒ်၊ အရှေ့အာရှရေးရာ လက်ထောက် ကာကွယ်ရေးရေး ဝန်ကြီး David F Helvey လည်း ပါဝင်ခဲ့၏။ ပြည်တွင်းစစ်၌ ကြားညှပ်နေသောဒေသဖြစ်သည့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့သို့လည်း ဗိုလ်ချုပ် ခရခ်ျဖီးလ်ဒ် မှ အလည်အပတ် သွားရောက်ခဲ့သေးသည်။
    ကချင်ပြည်နယ်၏တိုက်ပွဲများအကြား ပိတ်မိနေသည့် တရုတ်နိုင်ငံသားအချို့အတွက် လတ်တလောတွင် တရုတ်သံ အမတ်ကိုယ်စားလှယ် အဖွဲ့တစ်ခုသည် မြစ်ကြီးနားသို့ ရောက်လျက်ရှိသည်။
    မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA အကြား အသည်းအမည်း တိုက်ပွဲ တစ်ရပ်နောက်ပိုင်း ဖြစ်ပေါ်လာသော အခြေအနေဆိုးမှန်သမျှကို တရုတ်ပြည်အား စိုးရိမ်လာစေသည်၊ အကြောင်းမှာ ယင်း စစ်မက်ဇုံနှင့် မဝေးကွာလှသည့် ယူနန်ပြည်နယ်သို့ ဒုက္ခသည်များ လှိမ့်ဝင်လာနိုင်စေခြင်းကြောင့်ဖြစ်ကြောင်း လေ့လာသူများကဆိုသည်။
    တရုတ်နယ်စပ်အနီး ကချင်အခြေစိုက်တစ်ခုဖြစ်သော ဖားကန့်အား မြန်မာစစ်တပ်မှ ၀င်ရောက်တိုက်ခိုက်မှုက ယူနန်နယ်အတွင်း ဒုက္ခသည်များ ထိန်းမရအောင် ၀င်ရောက်စေမည့်ခြေလှမ်းအစ ဖြစ်ကြောင်း၊ ယူနန်နယ်စပ် ကိုးကန့်အထူးဒေသအတွင်း အစိုးရတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ၂၀၀၉ ခုနှစ်အခြေအနေအတိုင်းဖြစ်ကြောင်း Sina Military Network ၀က်ဘ်ဆိုဒ်မှလည်း သတင်းများ ထုတ်လွှင့်နေသည်။
    ကချင်လူမျိုးမှ မျိုးနွယ်တစ်စုဖြစ်သော ဂျိန်းဖောတို့သည် ယူနန်ပြည်နယ်၌ မှီတင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းအုပ်စုတစ်စုနှင့် အတူတူပင်ဖြစ်သဖြင့် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းလာသူများအား စာနာနားလည်ပေးမည်မှာလည်း သဘာဝပင်။ သို့ဖြစ်ရာ ဒုက္ခသည်တစ်ဦးဦးမှ လူမှုရေးတင်းမာမှုများ မီးမွှေးပေးနိုင်သည်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ မတည်ငြိမ်မှုက စီးပွားရေးကဏ္ဍကိုလည်း အရှုပ်အထွေး ဖြစ်စေနိုင်ပြန်၏။ အကြောင်းသော် ကချင်တောင်တန်းများမှ မြစ်ဖျားခံထွက်ရှိနေသော ကျောက်စိမ်းနှင့်ရတနာများ၊ ကျွန်းသစ်များအတွက် တရုတ်ပြည်မှာ အဓိကဈေးကွက်ဖြစ်သောကြောင့်တည်း။
    မြန်မာပြည်ရှိ စားကျက်တစ်ခုအားဆုံးရှုံးခြင်းက စီးပွားရေးခါးစည်း ပိုးလမ်းမနှင့် MSR ၏ အချက်အခြာတစ်ရပ်ကို ဖယ်ရှားပစ်နိုင်သည်။ ပိုးလမ်းမနှင့် MSR နှစ်မျိုးလုံးသည် အာရှနှင့်ဥရောပ စီးပွားရေးများပေါင်းစုရေးအတွက် တရုတ်ပြည်ကြားခံထားရန် မရှိမဖြစ် အရေးပါလွန်းလှသည်။ ဘင်္ဂလားပင်လယ်ဝရှိ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းနှင့် ယူနန်ပြည်နယ်အကြား ရထားလမ်းဖောက်လုပ်ရန် တရုတ်ပြည်မှ သဘောတူလက်မှတ် ရေးထိုးထားသည်။ သို့သော် စီမံကိန်းအကောင်အထည်ပေါ်ပါက အမေရိကမှ လွှမ်းမိုးထားသော အပြည်ပြည်ဆိုင်ရာ ရေကြောင်း ကုန်သွယ် လမ်းတစ်ခုဖြစ်သည့် မလက္ကာရေလက်ကြားကို တရုတ်ပြည်အနေဖြင့် ရှောင် ကွင်းသွားနိုင်ပေမည်။ ထိုထိုသော အချက်များကြောင့် အကြီးအကျယ် သောကရောက်နေခြင်းဖြစ်၏။ ရွေးကောက်ပွဲ ၏နောက် ၀ါရှင်တန်ထောက်ခံသည့် အစိုးရတစ်ရပ်လတက်လာလျှင်ကား ဤအတားအဆီးများ ဆင့်ကဲဆင့်ကဲ ကြီးမားလာပေလိမ့်မည်။
    ကျောက်ဖြူသည်လည်း ယူနန်နယ်သို့ ရှေ့ရှုသော ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ အစပြုနေရာဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံတွင် မိမိတို့ အပေါ် သဘောထား ညွှတ်ပြောင်းခြင်း မရှိသည့် အစိုးရတစ်ရပ် တာဝန်ယူလာခဲ့လျှင် ဒေသတွင်း စီမံကိန်းဆန့်ကျင် ဆန္ဒပြမှုများ ဆင့်ကဲမြင့်မားလာနိုင်ခြင်းကို ဘေဂျင်းမှ အလစ်မပေး စောင့်ကြည့်နေပြီဖြစ်ကြောင်း သုတေသီများက ဆိုကြ၏။
    xxxxxxxxxxx
    မူရင်း – Myanmar becomes battleground for growing China-US rivalry(The Hindu)
    ဘာသာပြန် – မြင့်မိုရ်မောင်မောင်
  • အစ္စလာမ်ကောင်စီ နှစ်(၆၀)ပြည့်နှင့် ဗိုလ်မှူးကြီးဘရှင် ရာပြည့် အခမ်းအနား မန္တလေးမှာ ပြုလုပ်
    အစ္စလာမ်ကောင်စီ နှစ်(၆၀)ပြည့်နှင့် ဗိုလ်မှူးကြီးဘရှင် ရာပြည့် အခမ်းအနား မန္တလေးမှာ ပြုလုပ်
    ဇန်နဝါရီ ၂၅ ၊ ၂၀၁၅
    M-Media
    သတင်း/ဓါတ်ပုံ- မောင်ကောင်းမြတ် (M-Media CJ)
    10952368_867806516592198_1613778183241352430_n
    အစ္စလာမ်သာသနာရေးရာကောင်စီ နှစ် (၆၀) ပြည့် နှင့် ဇေယျကျော်ထင် ဗိုလ်မှုးကြီးဘရှင် မွေးနေ့ ရာပြည့် အထိမ်းအမှတ် အခမ်းအနား တရပ်ကို မန္တလေးမြို့ လမ်း၈၀ရှိ ပန်းသေးခန်းမတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တနင်္ဂနွေနေ့ မှာကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
    အဆိုပါအခမ်းအနားတွင် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ ဥက္ကဌ အလ်ဟဂ်ျ ဦးညွန့်မောင်ရှိန်၊ မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ဥက္ကဌ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်ဝင်း၊ မန္တလေးတိုင်းဒေသကြီး အစ္စလာမ် သာသနာရေးရာ ကောင်စီဥက္ကဌ ဦးအေးကြူ တို့မှ အမှာစကား အသီးသီးပြောကြားခဲ့ပါတယ်။
    အစ္စလာမ်သာသနာရေးရာ ကောင်စီရဲ့ သမိုင်းကြောင်း အကျဉ်းနဲ့ အစ္စလာမ်ကောင်စီတွင် အတွင်းရေးမှူးချူပ် ရာထူး ထမ်းဆောင် ခဲ့ဖူးသူ ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်ရဲ့ အတ္ထုပတ္တိ အကျဉ်းကို မန္တလေးတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပညာဌာန တွဲဘက် ပါမောက္ခ(ငြိမ်း)  အလ်ဟဂ်ျ ဆရာကြီးဦးမောင်မောင်လေး က ဖတ်ကြားခဲ့ပါတယ်။
    10942833_382969178530530_643541490_n 10943550_382965598530888_1376902515_n
    အခမ်းအနားသို့ တက်ရောက်လာကြသော မန္တလေးတိုင်းမှဘာသာပေါင်းစုံအဖွဲ့၊ ဘာသာအသီးသီးမှ ဆရာတော်များ၊ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး (၇)ဖွဲ့မှ ကိုယ်စားတက်ရောက်သူမျာကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရပါတယ်။
    အဲဒီနောက်မှာတော့ ဘုန်းအိုး အာရဗီသိပ္ပံ ကျောင်းအုပ်ဆရာကြီးအလ်ဟဂ်ျ မောင်လာနာဟာကင်ဆပ်မှ ဒိုအာဆုမွန်တောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါတယ်။
    အလားတူ အစ္စလာမ်ကောင်စီနှစ်၆၀ပြည့်နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အခမ်းအနားများကို
    (၈-၁၁-၂၀၁၄)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့  ၊ ပြည်နယ် အစ္စလာမ်ကောင်စီရုံး ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ခန်းမ၌ လည်းကောင်း၊
    (၂၄-၁၁-၂၀၁၄)ရက်နေ့တွင် ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့  ၊ ချင်းကြိန်း ခန်းမ၌ လည်းကောင်း၊
    (၃၀-၁၁-၂၀၁၄)ရက်နေ့တွင်ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့  ၊ ဟုတ်ဝမ် ခန်းမ၌ လည်းကောင်း ၊
    (၇-၁၂-၂၀၁၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့  ၊ အစ္စလာမ်ကောင်စီရုံး ခန်းမ၌ လည်းကောင်း၊
    (၁၃-၁၂-၂၀၁၄)ရက်နေ့တွင် ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့၊ သီတာအေး ခန်းမ၌ လည်းကောင်း ၊
    (၁၇-၁၂-၂၀၁၄)ရက်နေ့တွင် ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့  ၊ ဃာဇီအောက်မေ့ဖွယ်ကျောင်း ခန်းမ၌ လည်းကောင်း၊
    (၂၀-၁၂-၂၀၁၄)ရက်နေ့တွင် ရန်ကုန်မြို့  ၊ STRAND HOTEL၌ လည်းကောင်း ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။
    ဓါတ်ပုံများ ကြည့်ရန် =>http://goo.gl/hO4eQu
  • Charlie Hebdo အား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု ဆစ်ဒနီတွင်ပြုလုပ်
    Charlie Hebdo အား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု ဆစ်ဒနီတွင်ပြုလုပ်
    ဇန်န၀ါရီ ၂၅၊ ၂၀၁၅
    M-Media
    prp
    – ပြင်သစ်မဂ္ဂဇင်း Charlie Hebdo ၏ တမန်တော်မိုဟာမက်အား လှောင်ပြောင်သည့် ကာတွန်းကို ဆန့်ကျင်သော ဆန္ဒပြမှုတစ်ခုကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
    ဆစ်ဒနီမွတ်စလင်များက ဦးဆောင်ကာ သောကြာနေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင် မဟုတ်သူများ အပါအ၀င် လူပေါင်း ၈၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
    ထိုပွဲစီစဉ်သူကမူ မိမိတို့မှာ အစ္စလာမ်သာသနာအား အပျက်သဘောဆောင်သည့်အမြင်ဖြင့် မီဒီယာများက ဖော်ပြမှုများကို တန်ပြန်ဆန့်ကျင်ရန် ရည်ရွယ်၍ ငြိမ်းချမ်းစွာ၊ စည်းကမ်းရှိစွာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဆစ်ဒနီရဲတပ်ဖွဲ့ကမူ အဆိုပါဆန္ဒပြပွဲမှာ ငြိမ်းချမ်းစွာ ပြီးသွားခဲ့သော်လည်း လေးဦးကို ဖမ်းထားပြီး ငြိမ်းချမ်းမှုကို ချိုးဖောက်သည့်အတွက် ၁၀ ဦးကို ဆန္ဒပြပွဲမှ ဖယ်ရှားခဲ့သည်ဟု ပြောကြားခဲ့သည်။
    Ref: muslimvillage