News @ M-Media

Blog

  • နိုက်ဂျီးရီးယားရှိ ဘိုကိုဟရမ် ပြန်ပေးဆွဲထားသူ ၁၉၀ ခန့်ကို ပြန်လွှတ်ပေး

    နိုက်ဂျီးရီးယားရှိ ဘိုကိုဟရမ် ပြန်ပေးဆွဲထားသူ ၁၉၀ ခန့်ကို ပြန်လွှတ်ပေး

    ဇန်န၀ါရီ ၂၅၊ ၂၀၁၅
    M-Media

    bkh

    – ယိုဘီပြည်နယ်မှ ဇန်န၀ါရီလဆန်းပိုင်းတွင် ဖမ်းဆီးထားသည့် လူများထဲမှ ၁၉၀ ကို နိုက်ဂျီးရီးယားစစ်သွေးကြွအဖွဲ့ ဘိုကိုဟရမ်က သောကြာနှင့် စနေနေ့များတွင် ပြန်လည် လွှတ်ပေးခဲ့သည်ဟု သိရသည်။

    `သောင်းကျန်းသူတွေက တိုက်ခိုက်တဲ့အချိန်မှာ သူတို့ရဲ့အိမ်တွေ မီးလောင်သွားတာကြောင့် ဒီလူတွေကို ကူညီဖို့အတွက် အစိုးရက မနက်ဖြန် (တနင်္ဂနွေနေ့) ကျရင် ဆောင်ရွက်ပေးသွားမှာပါ´ ဟု ဖမ်းဆီးခံများ ရောက်ရှိလာသည့် ကာတာကိုမြို့မှ ရပ်မိရပ်ဖ ဂိုနီမာလီက ပြောခဲ့သည်။

    ပြည်နယ်အုပ်ချုပ်ရေးမှ ပြောရေးဆိုခွင့်ရှိသူ အဘ်ဒူလာဟီ ဘေဂိုကမူ စစ်သွေးကြွများမှာ လူငယ်များ၊ အမျိုးသမီးများနှင့် ကလေးများကို ပြန်လွှတ်ပေးခဲ့ပြီး ၎င်းတို့မှာ ဇန်န၀ါရီလ ၆ရက်နေ့က ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့ရာတွင် လူ ၂၀ မှာ ဘိုကိုဟရမ်၏ လက်တွင် ကျန်ရှိနေသည်။

    ဘိုကိုဟရမ်မှာ နိုင်ငံအရှေ့မြောက်ပိုင်းတွင် လွန်ခဲ့သည့် ၅ နှစ်ခန့်မှစတင်က လက်နက်ကိုင်၍ သီးခြားပြည်နယ်တစ်ခု ထူထောင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ဘော်နိုပြည်နယ်မှာ ဘိုကိုဟရမ်၏ ဒဏ်ကို အဆိုးရွားဆုံး ခံရသော ပြည်နယ်ဖြစ်ပြီး အက်ဒါမာဝါနှင့် ယိုဘီပြည်နယ်တို့တွင်လည်း ဘိုကိုဟရမ်၏ လက်ခွဲများ ရှိနေသည်။

    လွတ်မြောက်လာသူများထဲမှ အမျိုးသမီးအချို့ကမူ မိမိတို့အနေဖြင့် ထိုအဖွဲ့၏ စည်းကမ်းများကို မလိုက်နာသောကြောင့် လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ဘိုကိုဟရမ်အဖွဲ့မှာ မြို့တွင်းသို့ဝင်၍ လူငယ်များ၊ အမျိုးသမီးများနှင့် ကလေးများကို ဖမ်းဆီးပြန်ပေးဆွဲမှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ ပြီးခဲ့သည့် တစ်ပတ်ကလည်း ဘော်နိုပြည်နယ်တွင် ဘိုကိုဟရမ်အဖွဲ့မှ ပြုလုပ်သည်ဟု ယူဆရသော တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၁၄ ဦးသေဆုံးကာ အိမ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

    Ref : reuters

  • ဘာသာတရားများအား လေးစားတန်ဖိုးထားရေး သင်ခန်းစာသစ်များ ပြင်သစ်စာသင်ကျောင်းများတွင် ထည့်သွင်းသင်ကြားတော့မည်

    ဘာသာတရားများအား လေးစားတန်ဖိုးထားရေး သင်ခန်းစာသစ်များ ပြင်သစ်စာသင်ကျောင်းများတွင် ထည့်သွင်းသင်ကြားတော့မည်

    ဇန်န၀ါရီ ၂၅၊ ၂၀၁၅
    M-Media

    frna

    – ဒီမိုကရေစီတန်ဖိုးများအား ထိန်းသိမ်းရန်နှင့် ဘာသာတရားများကို လေးစားမှုရှိသည့် စိတ်ဓာတ်များ ပိုမိုရည်သန်လာစေရန် ရည်ရွယ်၍ ပြင်သစ်ရှိ စာသင်ကျောင်းများတွင် ဘာသာတရားများဆိုင်ရာ သင်ကြားချက်များကို ထပ်မံဖြည့်စွက်မည်ဟု သိရသည်။

    စာသင်ကျောင်းများမှာ လူ့အဖွဲ့အစည်းများအကြား သည်းမခံမှုနှင့် အမုန်းတရားများ ပြန့်ပွားမှုကို တွန်းလှန်ရန် အရေးပါသော နေရာဖြစ်သည့်အတွက်ကြောင့် ထိုအစီအစဉ်အား ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြင်သစ်ပညာရေးဝန်ကြီး နာဂျက် ဗာလူ-ဘဲလ်ကာစမ်က The Independent သတင်းစာသို့ ပြောကြားခဲ့သည်။

    ထိုအစီအစဉ်အသစ်ရ အသက် ၆ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများမှာ ဘာသာရေးနှင့် နိုင်ငံများ၏ အရေးပါသော ကွဲပြားမှုများအပါဝင် လူ့အဖွဲ့အစည်းများ၏ တန်ဖိုးများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားရမည်ဖြစ်သည်။

    ထို့ပြင် ဒီမိုကရေစီ၏ အရေးကြီးပုံအကြောင်းကို သင်ယူရမည့်အပြင် ဘာသာတရားများ၏ စည်းမျဉ်းစည်းကမ်းများအကြား တူညီမှုများနှင့် ကွဲပြားမှုများအကြောင်းကိုလည်း စာသင်ကျောင်းများတွင် ပထမဆုံးအကြိမ်အဖြစ် သင်ကြားပို့ချတော့မည်ဖြစ်သည်။

    သတင်းများစုဆောင်းခြင်း၊ ၀ါဒဖြန့်ခြင်းနှင့် ပူးပေါင်းကြံစသည့် သီအိုရီများအကြား မတူညီမှုများအကြောင်း သင်ကြားပေးရန်လည်း ပါဝင်ပြီး၊ အစီအစဉ်အသစ်အရ ကျောင်းတိုင်းတွင် ကိုယ်ပိုင်သတင်းစာ၊ ရေဒီယိုအသံလွှင့်ရုံ သို့မဟုတ် သတင်းဝဘ်ဆိုက်တစ်ခု
    ထားရှိရန်လည်း ပါဝင်သည်။

    ယူရို သန်း ၂၅၀ ကုန်ကျမည့် အဆိုပါအစီအစဉ်တွင် လာမည့်စက်တင်ဘာလမှစ၍ ကျောင်းသားများနှင့် မိဘများမှာ `လောကီရေး ပဋိညာဉ်´ တွင် လက်မှတ်ရေးထိုးရမည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်သည်။

    ၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အဆိုပါ ပဋိညာဉ်တွင် ကျောင်းသားများအနေဖြင့် လူမျိုးရေးနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားသောအပြုအမူများ၊ အခြားသောအယူဝါဒများနှင့် ဒီမိုကရေစီ၏ လက္ခဏာရပ်များကို မလေးမစားပြုမှုများကို တားမြစ်ထားသည်။

    ထို့ပြင် ပြင်သစ်နိုင်ငံမှာ ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားထားသည့်နိုင်ငံဖြစ်ကြောင်း အမှတ်ရစေရန်အတွက် ဒီဇင်ဘာ ၉ ရက်နေ့အား လောကီရေးရာနေ့အဖြစ်သတ်မှတ်၍ အခမ်းအနားများကျင်းပခြင်း၊ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံလွှင့်ထူ၍
    နိုင်ငံတော်သီချင်းသီဆိုမှုကို ပုံမှန်ပြုလုပ်ခြင်းတို့လည်း အဆိုပါ အစီအစဉ်သစ်တွင် ပါဝင်မည်ဖြစ်သည်။

    စာသင်ကျောင်းများတွင် ထပ်တိုးသွားမည့် ဆောင်ရွက်ချက်အသစ်များအတွက် ဆရာ၊ ဆရာမ ၁၀၀၀ ကျော်ကိုလည်း ယခုပညာသင်နှစ်ကုန်တွင် သင်တန်းများ ပေးသွားမည်ဖြစ်သည်။

    ပညာရေးဝန်ကြီး ဘဲလ်ကာစမ်၏ အဆိုပါဆောင်ရွက်ချက်အတွက် ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေးက ချီးကျူးခဲ့သည်။ မော်ရိုကိုနွယ်ဖွား ဘဲလ်ကာစမ်မှာ ပြင်သစ်ပညာရေးဝန်ကြီးဌာန သမိုင်းတွင် ပထမဆုံး မွတ်စလင်ဝန်ကြီးလည်းဖြစ်သည်။

    Ref: onislam

  • ဂျပန်ဓားစားခံတစ်ဦးအား IS ၏ သတ်ဖြတ်မှု ဂျပန်ဝန်ကြီးချုပ် အာဘေး ပြင်းပြင်းထန်ထန်  ရှုတ်ချ

    ဂျပန်ဓားစားခံတစ်ဦးအား IS ၏ သတ်ဖြတ်မှု ဂျပန်ဝန်ကြီးချုပ် အာဘေး ပြင်းပြင်းထန်ထန် ရှုတ်ချ

    ဇန်န၀ါရီ ၂၅၊ ၂၀၁၅
    M-Media

    Japan's PM Abe speaks to the media at his official residence in Tokyo

    – ဖမ်းဆီးထားသော ဂျပန်ဓားစားခံ ၂ ဦးမှ တစ်ဦးကို သတ်ပစ်လိုက်သည့် IS အဖွဲ့၏ လုပ်ရပ်မှာ ရက်စက်ရမ်းကားမှုဖြစ်ပြီး လက်သင့်မခံနိုင်စရာ ကိစ္စသာဖြစ်သည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကာ ကျန်ရှိနေသော ဓားစားခံတစ်ဦးကို ပြန်လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

    IS အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသည့် ဂျပန် ဓားစားခံ ၂ ဦးမှ လက်နက်ဆိုင်ရာ အကြံပေး ယူကာဝါကို သုတ်သင်ပစ်လိုက်သည့် ဗီဒီယိုအား ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါဗီဒီယို စစ်မှန်မှုရှိမရှိဆိုသည်ကို စစ်ဆေးလျက်ရှိပြီး အာဘေးကမူ ဟာရ်မန်ယူကာဝါ၏ အလောင်း ပါဝင်သည့် အဆိုပါ ဗီဒီယိုမှာ စစ်မှန်သည့် ဗီဒီယိုဖြစ်ရန် ရာခိုင်နှုန်းများနသည်ဟု NHK သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ကျန်ရှိနေသော ဓားစားခံ ဂျာနယ်လစ် ကင်ဂျီ ဂိုတိုကို လွှတ်ပေးရန်လည်း တောင်းဆိုခဲ့ပြီး ဂိုတို၏ အသက်အား ကယ်တင်ရန် ဦးစားပေးဆောင်ရွက်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း အကြမ်းဖက်ဝါဒအား လိုက်လျောသွားမည်မဟုတ်ဟု ဆိုသည်။

    `ဒီလိုအကြမ်းဖက်လုပ်ရပ်မျိုးဟာ ရက်စက်ရမ်းကားပြီး လက်မခံနိုင်စရာ အမှုပါပဲ။ ဒီလုပ်ရပ်က ကျွန်တော့်ကို ခံပြင်းဒေါသထွက်စေတာက လွဲလို့ ဘာမှအကျိုးသက်ရောက်မှု မရှိပါဘူး။ နောက်ပြီး မစ္စတာ ကင်ဂျီဂိုတိုကို ထိခိုက်မှုမရှိဘဲ ချက်ခြင်းလွှတ်ပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်။ ဂျပန်အစိုးရအနေနဲ့ သူလွတ်မြောက်ဖို့အတွက် အဆုံးစွန်ဆုံး ဆောင်ရွက်သွားမှာပါ´ ဟု အာဘေးက ထည့်သွင်းပြောကြားခဲ့သည်။

    IS မှာ အဆိုပါ ဓားစားခံ ၂ ဦးအတွက် ကန်ဒေါ်လာ သန်း ၂၀၀ ပြန်ပေးငွေတောင်းခဲ့ပြီး ယခုနောက်ဆုံး ထုတ်ပြန်လိုက်သည့် ဗီဒီယိုတွင် ဂျာနယ်လစ် ဂိုတိုက ယူကာဝါမှာ IS မြေတွင် သတ်ဖြတ်ခြင်းခံခဲ့ရကာ မိမိကိုမူ ဂျော်ဒန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကယ်တင်နိုင်မည်ဟု ဆိုသည်။

    ဂျော်ဒန်တွင် ဖမ်းဆီခံထားရသည့် အီရတ်နိုင်ငံသား ဆာဂျီဒါ အလ်-ရီရှာဝီကို လွှတ်ပေးပါက မိမိအား စစ်သွေးကြွများက လွှတ်ပေးမည်ဟု ဂိုတိုက ထပ်လောင်းပြောကြားခဲ့သည်။

    အာဘေးကမူ မိမိမှာ ဂျော်ဒန်ဘုရင်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သော်လည်း အလ်-ရီရှာဝီအား လွှတ်ပေးရန်ကိစ္စနှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။

    Ref:reuters

  • အင်တာမီလန်မှာ အဆင့် ၃ ဖြင့် ရာသီသိမ်းမည်ဟု တိုက်စစ်မှူး ပိုဒေါစကီး ဟောကိန်းထုတ်

    အင်တာမီလန်မှာ အဆင့် ၃ ဖြင့် ရာသီသိမ်းမည်ဟု တိုက်စစ်မှူး ပိုဒေါစကီး ဟောကိန်းထုတ်

    ဇန်န၀ါရီ ၂၄၊ ၂၀၁၅
    M-Media

    pdsk

    – အင်တာမီလန်အနေဖြင့် ယခုနှစ်ရာသီတွင် အဆင့် ၃ ဖြင့် ရာသီသိမ်းနိုင်မည်ဟု အင်တာတိုက်စစ်မှူးသစ် ပိုဒေါစကီးက ဟောကိန်းထုတ်ခဲ့သည်။

    ၂၀၁၀ ခုနှစ် မော်ရင်ဟိုလက်ထက်တွင် ချန်ပီယံလိဂ်ဖလားအား ဆွတ်ခူးနိုင်ခဲ့သည့် အင်တာမီလန်မှာ နောက်ပိုင်းတွင် ဥရောပပြိုင်ပွဲ၌ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့်နှစ်ကလည်း အဆင့် ၅ ဖြင့် ရာသီသိမ်းခဲ့သည်။

    ယခုနှစ်တွင်လည်း အင်တာမီလန်မှာ ရုန်းကန်ခဲ့ရပြီး မန်စီနီရောက်ရှိလာပြီးနောက် ခြေပြန်မှန်လာခဲ့သည်။ အာဆင်နယ်မှ ၆ လအငှားဖြင့် ရောက်လာသည့် ပိုဒေါစကီးက အင်တာမီလန်အသင်းအနေဖြင့် ယခုနှစ်ရာသီတွင် အဆင့် ၃ ဖြင့် ရာသီသိမ်းမည်ဟု ဟောကိန်းထုတ်ခဲ့ပြီး ထိုအတွက်လည်း လောင်းရဲသည်ဟု ပြောကြားခဲ့သည်။

    `အင်တာမီလန် အဆင့် ၃ နဲ့ ရာသီသိမ်းမယ်ဆိုတာကို ကျွန်တော့်ရှိသမျှအရာအားလုံးနဲ့ လောင်းကြေးထပ်ပါတယ်။ ဒီကိုပြောင်းဖို့ ကျွန်တော်ဆုံးဖြတ်ကတည်းက နည်းနည်း အခက်အခဲရှိမယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်မှုတွေ ရနေပါတယ်´ ဟု ပိုဒေါစကီးက La Stampa သတင်းစာသို့ ပြောကြားခဲ့သည်။

    အာဆင်နယ်တွင် အရန်ခုံ၌သာ အချိန်ကုန်ခဲ့ရသည့် ပိုဒေါစကီးမှာ မန်စီနီကိုင်တွယ်သည့် အင်တာမီလန်သို့ ရောက်ရှိပြီးနောက် ပွဲထွက်စားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။

    `စီးရီးအေဟာ သိပ်ထူးခြားတယ်ဆိုတာ ကျွန်တော်တွေ့ခဲ့ရပါတယ်။ နှစ်ခုကို ပြောရရင် နည်းစနစ်ပိုင်းနဲ့ ခံစစ်ပိုင်းပါပဲ´ ဟု ဆိုပြီး ပရီးမီးယားလိဂ်မှာ ပို၍ သက်ဝင်လှုပ်ရှားမှုရှိကာ ပရီးမီးယားလိဂ်အသင်းများမှာလည်း နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်စိတ်ရှိကြောင်း ပိုဒေါစကီးက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: goal.com

  • Air Asia လေယာဉ်ဆယ်ယူမှု မအောင်မြင်၊ မနက်ဖြန် ထပ်ဆယ်မည်

    Air Asia လေယာဉ်ဆယ်ယူမှု မအောင်မြင်၊ မနက်ဖြန် ထပ်ဆယ်မည်

    ဇန်န၀ါရီ ၂၄၊ ၂၀၁၅
    M-Media

    asa

    – ဂျာဗားပင်လယ်အောက်တွင် နစ်မြုပ်နေသည့် AirAsia မှ လေယာဉ်အမှတ် QZ8501 အား ဆယ်ယူသည့်လုပ်ငန်းစဉ်မှာ မအောင်မြင်ခဲ့ဟု သိရသည်။

    ပြီးခဲ့သည့်လက ပျက်ကျခဲ့သော အဆိုပါလေယာဉ်၏ ကိုယ်ထည်အတွင်းသို့ ရေငုပ်သမားများက ၀င်ရောက်နိုင်ခဲ့ပြီးနောက်ပိုင်း ယနေ့တွင် လေယာဉ်ကိုယ်ထည် ရေပေါ်သို့ ပေါ်လာရန်အတွက် ဘောများဖြင့်ချည်ကာ ဆယ်ယူခဲ့သော်လည်း ရေပေါ်သို့ ရောက်ကာနီးတွင် ကြိုးပြတ်သွားသောကြောင့် ပင်လယ်ရေအောက်သို့ ပြန်လည် ကျသွားခဲ့သည်။

    `ဒီနေ့ဆယ်ယူမှု မအောင်မြင်ပါဘူး။ ကြိုးပြတ်သွားပြီး လေယာဉ်ကိုယ်ထည်က ရေအောက်ပြန်ရောက်သွားပါတယ်´ ဟု အင်ဒိုနီးရှား ကယ်ဆယ်ရေးဌာနက ပြောကြားခဲ့သည်။

    သို့သော်လည်း အလောင်းအချို့ကိုမူ ဆယ်ယူရရှိခဲ့သည်။ လေယာဉ်ကိုယ်ထည် ဆယ်ယူမှုလုပ်ငန်းစဉ်များကို မနက်ဖြန်တွင် ဆက်လက် ဆောင်ရွက်သွားမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူသို့အသွား ပျက်ကျသွားခဲ့သည့် အဆိုပါ လေယာဉ်တွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၆၂ ဦး လိုက်ပါသွားခဲ့ပြီး အားလုံး သေဆုံးခဲ့သည်။

    လေယာဉ်မှူး၏ ပြာကြားမှုများကို မှတ်တမ်းတင်ထားသည့် Black Box အရ မုန်တိုင်းနားရောက်သွားခဲ့သည့် အဆိုပါလေယာဉ်မှာ မုန်တိုင်းနှင့်လွတ်အောင် အလွန်လျင်မြန်သော အရှိန်ဖြင့် အမြင့်သို့တက်ခဲ့ခြင်းကြောင့် အင်ဂျင်ပျက်ဆီးကာ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ကောက်ချက်ချခဲ့ကြသည်။

    source : abc