News @ M-Media

Blog

  • အင်တာမီလန်မှာ အဆင့် ၃ ဖြင့် ရာသီသိမ်းမည်ဟု တိုက်စစ်မှူး ပိုဒေါစကီး ဟောကိန်းထုတ်

    အင်တာမီလန်မှာ အဆင့် ၃ ဖြင့် ရာသီသိမ်းမည်ဟု တိုက်စစ်မှူး ပိုဒေါစကီး ဟောကိန်းထုတ်

    ဇန်န၀ါရီ ၂၄၊ ၂၀၁၅
    M-Media

    pdsk

    – အင်တာမီလန်အနေဖြင့် ယခုနှစ်ရာသီတွင် အဆင့် ၃ ဖြင့် ရာသီသိမ်းနိုင်မည်ဟု အင်တာတိုက်စစ်မှူးသစ် ပိုဒေါစကီးက ဟောကိန်းထုတ်ခဲ့သည်။

    ၂၀၁၀ ခုနှစ် မော်ရင်ဟိုလက်ထက်တွင် ချန်ပီယံလိဂ်ဖလားအား ဆွတ်ခူးနိုင်ခဲ့သည့် အင်တာမီလန်မှာ နောက်ပိုင်းတွင် ဥရောပပြိုင်ပွဲ၌ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့်နှစ်ကလည်း အဆင့် ၅ ဖြင့် ရာသီသိမ်းခဲ့သည်။

    ယခုနှစ်တွင်လည်း အင်တာမီလန်မှာ ရုန်းကန်ခဲ့ရပြီး မန်စီနီရောက်ရှိလာပြီးနောက် ခြေပြန်မှန်လာခဲ့သည်။ အာဆင်နယ်မှ ၆ လအငှားဖြင့် ရောက်လာသည့် ပိုဒေါစကီးက အင်တာမီလန်အသင်းအနေဖြင့် ယခုနှစ်ရာသီတွင် အဆင့် ၃ ဖြင့် ရာသီသိမ်းမည်ဟု ဟောကိန်းထုတ်ခဲ့ပြီး ထိုအတွက်လည်း လောင်းရဲသည်ဟု ပြောကြားခဲ့သည်။

    `အင်တာမီလန် အဆင့် ၃ နဲ့ ရာသီသိမ်းမယ်ဆိုတာကို ကျွန်တော့်ရှိသမျှအရာအားလုံးနဲ့ လောင်းကြေးထပ်ပါတယ်။ ဒီကိုပြောင်းဖို့ ကျွန်တော်ဆုံးဖြတ်ကတည်းက နည်းနည်း အခက်အခဲရှိမယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်မှုတွေ ရနေပါတယ်´ ဟု ပိုဒေါစကီးက La Stampa သတင်းစာသို့ ပြောကြားခဲ့သည်။

    အာဆင်နယ်တွင် အရန်ခုံ၌သာ အချိန်ကုန်ခဲ့ရသည့် ပိုဒေါစကီးမှာ မန်စီနီကိုင်တွယ်သည့် အင်တာမီလန်သို့ ရောက်ရှိပြီးနောက် ပွဲထွက်စားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။

    `စီးရီးအေဟာ သိပ်ထူးခြားတယ်ဆိုတာ ကျွန်တော်တွေ့ခဲ့ရပါတယ်။ နှစ်ခုကို ပြောရရင် နည်းစနစ်ပိုင်းနဲ့ ခံစစ်ပိုင်းပါပဲ´ ဟု ဆိုပြီး ပရီးမီးယားလိဂ်မှာ ပို၍ သက်ဝင်လှုပ်ရှားမှုရှိကာ ပရီးမီးယားလိဂ်အသင်းများမှာလည်း နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်စိတ်ရှိကြောင်း ပိုဒေါစကီးက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: goal.com

  • Air Asia လေယာဉ်ဆယ်ယူမှု မအောင်မြင်၊ မနက်ဖြန် ထပ်ဆယ်မည်

    Air Asia လေယာဉ်ဆယ်ယူမှု မအောင်မြင်၊ မနက်ဖြန် ထပ်ဆယ်မည်

    ဇန်န၀ါရီ ၂၄၊ ၂၀၁၅
    M-Media

    asa

    – ဂျာဗားပင်လယ်အောက်တွင် နစ်မြုပ်နေသည့် AirAsia မှ လေယာဉ်အမှတ် QZ8501 အား ဆယ်ယူသည့်လုပ်ငန်းစဉ်မှာ မအောင်မြင်ခဲ့ဟု သိရသည်။

    ပြီးခဲ့သည့်လက ပျက်ကျခဲ့သော အဆိုပါလေယာဉ်၏ ကိုယ်ထည်အတွင်းသို့ ရေငုပ်သမားများက ၀င်ရောက်နိုင်ခဲ့ပြီးနောက်ပိုင်း ယနေ့တွင် လေယာဉ်ကိုယ်ထည် ရေပေါ်သို့ ပေါ်လာရန်အတွက် ဘောများဖြင့်ချည်ကာ ဆယ်ယူခဲ့သော်လည်း ရေပေါ်သို့ ရောက်ကာနီးတွင် ကြိုးပြတ်သွားသောကြောင့် ပင်လယ်ရေအောက်သို့ ပြန်လည် ကျသွားခဲ့သည်။

    `ဒီနေ့ဆယ်ယူမှု မအောင်မြင်ပါဘူး။ ကြိုးပြတ်သွားပြီး လေယာဉ်ကိုယ်ထည်က ရေအောက်ပြန်ရောက်သွားပါတယ်´ ဟု အင်ဒိုနီးရှား ကယ်ဆယ်ရေးဌာနက ပြောကြားခဲ့သည်။

    သို့သော်လည်း အလောင်းအချို့ကိုမူ ဆယ်ယူရရှိခဲ့သည်။ လေယာဉ်ကိုယ်ထည် ဆယ်ယူမှုလုပ်ငန်းစဉ်များကို မနက်ဖြန်တွင် ဆက်လက် ဆောင်ရွက်သွားမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူသို့အသွား ပျက်ကျသွားခဲ့သည့် အဆိုပါ လေယာဉ်တွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၆၂ ဦး လိုက်ပါသွားခဲ့ပြီး အားလုံး သေဆုံးခဲ့သည်။

    လေယာဉ်မှူး၏ ပြာကြားမှုများကို မှတ်တမ်းတင်ထားသည့် Black Box အရ မုန်တိုင်းနားရောက်သွားခဲ့သည့် အဆိုပါလေယာဉ်မှာ မုန်တိုင်းနှင့်လွတ်အောင် အလွန်လျင်မြန်သော အရှိန်ဖြင့် အမြင့်သို့တက်ခဲ့ခြင်းကြောင့် အင်ဂျင်ပျက်ဆီးကာ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ကောက်ချက်ချခဲ့ကြသည်။

    source : abc

  • IS လက်မှ ဓားစားခံများအားကယ်တင်ရန် လက်လျှော့သွားမည်မဟုတ်ဟု ဂျပန်ပြော

    IS လက်မှ ဓားစားခံများအားကယ်တင်ရန် လက်လျှော့သွားမည်မဟုတ်ဟု ဂျပန်ပြော

    ဇန်န၀ါရီ ၂၄၊ ၂၀၁၅
    M-Media

    jap

    – ဂျပန်ဓားစားခံ ၂ ဦးအတွက် ပြန်ပေးငွေပေးရန် IS မှ ပေးထားသည့် အချိန် ၇၂ နာရီ ကုန်ဆုံးသွားသော်လည်း မိမိတို့နိုင်ငံသား ၂ ဦးအား ကယ်တင်မှုကို လက်လျှော့စွန့်လွှတ်သွားမည်မဟုတ်ဟု ဂျပန်နိုင်ငံက ယနေ့တွင် ပြောကြားလိုက်သည်။

    ပြန်ပေးငွေပေးရန် အချိန်သတ်မှတ်ချက် ကျော်လွန်သွားပြီးနောက် IS မှ ဖမ်းဆီးထားသော ဂျာနယ်လစ် ကန်ဂျီ ဂိုတိုနှင့် လက်နက်ကန်ထရိုက်တာ ဟာရူနာ ယူကာဝါတို့ အသက်ရှင်လျက် ရှိနေသေးလားဆိုသည်ကို အတိအကျမသိရှိရသေးဘဲ IS ကလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

    ၇၂ နာရီအတွင်း ၎င်းတို့နိုင်ငံသား ၂ ဦးအတွက် ဂျပန်အစိုးရက ပြန်ပေးငွေ သန်း ၂၀၀ မပေးပါက ဓားစားခံနှစ်ဦးအား သတ်ပစ်မည်ဟု IS အဖွဲ့၏ လွန်ခဲ့သော ၃ ရက်က ထုတ်ပြန်ခဲ့သော ဗီဒီယိုတွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ထိုသတ်မှတ်ချိန်မှာ ဂျပန်စံတော်ချိန် သောကြာနေ့ ၂ နာရီ မိနစ် ၅၀ တွင် ပြည်သွားခဲ့ဖြစ်သည်။

    ဂျပန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ ဂျော်ဒန်နိုင်ငံသို့ ရောက်ရှိနေသည့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ယာဆူဟီဒီ နာကာယာမာက မိမိတို့မှာ အလျှော့ပေးသွားမည်မဟုတ်ဘဲ ၎င်းတို့နှစ်ဦးအား ဂျပန်သို့ ပြန်လည်ခေါ်ဆောင်သွားမည်ဟု
    ဆိုသည်။

    `လမ်းကြောင်းတွေအများကြီးရှိပေမယ့် သူတို့လွတ်မြောက်ဖို့လမ်းကတော့ ခက်ခဲပါတယ်။ အချက်အလက် အသေးစိတ်စစ်ဆေးမှုကို ကျွန်တော်တို့ ထပ်လုပ်နေပါတယ်။ ကျွန်တော်တို့ အလျှော့ပေးသွားမှာမဟုတ်ပါဘူး။ သူတို့ကို အိမ်ပြန်ခေါ်သွားမှာပါ´ ဟု နာကာယာမာက ဂျော်ဒန်မြို့တော် အမ်နန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    IS အဖွဲ့မှာ ပြီးခဲ့သည့်နှစ် သြဂုတ်လမှစ၍ အနောက်နိုင်ငံများမှ ဓားစားခံ ၅ ဦးကို လူသိရှင်ကြား သုတ်သင်ပြခဲ့ပြီး ဂျပန်နိုင်ငံမှ ဓားစားခံများမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။

    ဂျာနယ်လစ် ဂိုတို၏ မိခင်ဖြစ်သူ ဂျန်ကို အိုင်ရှီဒိုက သားဖြစ်သူအား ခွင့်လွှတ်ချမ်းသာပေးရန် ယမန်နေ့က တောင်းပန်ခဲ့သည်။

    `IS အဖွဲ့တွေကို ကျွန်မပြောချင်တာက ကျွန်မသားလေး ကန်ဂျီဟာ ရှင်တို့ရန်သူမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး လွှတ်ပေးပါ´ ဟု အိုရှီဒိုက ပြောကြားခဲ့သည်။

    ဂျပန်အာဏာပိုင်များကမူ အဆိုပါ ဓားစားခံ ၂ ဦအား ကယ်တင်ရန်အတွက် IS အဖွဲ့နှင့် ဆက်သွယ်မှု ရှာဖွေနေသည်ဟု ဆိုပြီး ၀န်ကြီးချုပ်ရှင်ဇိုအာဘေး၏ အကြံပေး ယိုဆူကီ အိုင်ဇာကီကမူ ၎င်းတို့မှာ IS အဖွဲ့နှင့် တစ်ဆင့်ခံဆက်သွယ်မှုသာ ရရှိထားကာ
    တိုက်ရိုက်ဆက်သွယ်မှု မရသေးဟု ပြောကြားခဲ့သည်။

    Ref: channelnewsasia

  • ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ သေဆုံးသွားပြီဟု ၀န်ကြီးချုပ်ဟောင်း ယင်လပ်ပြော

    ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ သေဆုံးသွားပြီဟု ၀န်ကြီးချုပ်ဟောင်း ယင်လပ်ပြော

    ဇန်န၀ါရီ ၂၄၊ ၂၀၁၅
    M-Media

    yin

    – စစ်တပ်နောက်ခံပြုသော ပါလီမန်က နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခဲ့ပြီး ချစားမှု စွဲချက်ဖြင့် ထောင်ဒဏ်ချခံရနိုင်သော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာက ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ သေဆုံးသွားပြီဟု ယမန်နေ့က ပြောကြားလိုက်သည်။

    နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ ညီမလည်းဖြစ်သူ ယင်လပ်မှာ တာဝန်ထမ်းဆောင်ချိန်အတွင်း အစိုးရမှ စပါးဝယ်ယူရေး အရှုပ်အထွေးတွင် ပါဝင်ပတ်သက်မှုဖြင့် ပါလီမန်က နိုင်ငံရေးလုပ်ခွင့် ၅
    နှစ် ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး၊ ချစားမှုဖြင့် တရားစွဲဆိုရန် စီစဉ်နေသောကြောင့် ယင်လပ်မှာ ထောင်အတွင်း၌ ဆယ်စုနှစ်တစ်ခုအထိ နေထိုင်ရဖွယ်ရှိနေသည်။

    ယင်လပ်ကမူ ပါလီမန်၏ ထိုဆုံးဖြတ်ချက်အား ရှုတ်ချခဲ့ပြီး ဒီမိုကရေစီကို အနိုင်ကျင့်သည့်လုပ်ရပ်ဟု ပြောကြားခဲ့ကာ ချစားမှုစွပ်စွဲချက် အတွက် တိုက်ပွဲဝင်သွားမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    `တရားဥပဒေစိုးမိုးရေးနှင့်အတူ ဒီမိုကရေစီဟာ ထိုင်းနိုင်ငံမှာ ယနေ့ပဲ သေဆုံးသွားခဲ့ပါတယ်။ ကျွန်မကို ဖျက်ဆီးဖို့ကြိုးစားတဲ့ ဆောင်ရွက် ချက်ဟာ ဆက်သွားနေပြီး အဲဒီအတွက် ကျွန်မကလည်း ရင်ဆိုင်ပါ့မယ်´ ဟု သူမ၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သော ကြေညာချက်တွင် ပြောကြားထားသည်။ ထို့ပြင် ထိုကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်ရန် ယင်လပ်က စီစဉ်ထားပြီး အစိုးရက တားမြစ်မှုများ ရှိနေသည်။

    ကျွမ်းကျင်သူများကမူ ပါလီမန်နှင့် ၎င်းတို့အား ထောက်ပံ့ပေးထားသော စစ်တပ်အကြီးအကဲများ၏ ယခုနောက်ဆုံးပြုလုပ်ခဲ့သည့် စွပ်စွဲချက်နှင့် ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုမှာ ရှင်နာဝပ်ထရာမိသားစု၏ ထိုင်းနိုင်ငံရေးအပေါ် သြဇာလွှမ်းမိုးမှုအား ပျက်ပြားစေရန် ကြိုးစားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရှင်နာဝပ်ထရာမိသားစု၏ ပါတီမှာ ၂၀၀၁ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံရွေးကောက်ပွဲ တိုင်းတွင် အနိုင်ရရှိခဲ့သည်။

    ပါလီမန်၏ ထိုဆုံးဖြတ်ချက်အတွင် ယင်လပ်အား ထောက်ခံသော ရှပ်နီများက ဒေါသထွက်နေကြသည်။ သို့သော်လည်း ရှပ်နီခေါင်းဆောင်များကမူ လမ်းပေါ်ထွက်၍ စုဝေးဆန္ဒပြမှုများ မပြုလုပ်ရန် သတိပေးထားသည်။ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း ဒေသတော်တော်များများတွင် မာရှယ်လောအမိန့် ထုတ်ပြန်ထားပြီး နိုင်ငံရေးအရ စုဝေးခွင့်ကိုလည်း ပိတ်ပင်ထားသည်။

    Ref: channelnewsasia

  • မိမိရာထူးအတွက် စိုးရိမ်မှုမရှိဟု အေစီမီလန်နည်းပြ အင်ဇာဂီဆို

    မိမိရာထူးအတွက် စိုးရိမ်မှုမရှိဟု အေစီမီလန်နည်းပြ အင်ဇာဂီဆို

    ဇန်န၀ါရီ ၂၄၊ ၂၀၁၅

    M-Media

    izg

    – တစ်ချိန်က စီးရီးအေဘုရင်ဖြစ်ခဲ့သည့် အသင်း၏ လက်ရှိအခြေအနေမှာ ဆိုးရွားနေပြီး ရုန်းကန်နေရသော်လည်း မိမိမှာ ထုတ်ပယ်ခြင်းခံရနိုင်သည့် အလားအလာ ရှိမနေဟု အေစီမီလန်နည်းပြ ဖိလစ်ပို အင်ဇာဂီက ပြောကြားလိုက်သည်။

    အသင်းဖော်ဟောင်း ဆီးဒေါ့ဖ်၏နေရာကို ဆက်ခံခဲ့သည့် အင်ဇာဂီမှာ ယခုနှစ်တွင် အသင်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ နောက်ဆုံးကစားခဲ့သည့် စီးရီးအေပွဲ ၄ ပွဲတွင် နိုင်ပွဲပျောက်ခဲ့ကာ အသင်းမှာလည်း အဆင့် ၈ နေရာ ရောက်ရှိနေသည်။ ထို့ပြင် ချန်ပီယံလိဂ် ၀င်ခွင့်ရနိုင်သည့် အဆင့် ၄ နေရာနှင့်ပင် ၇ မှတ် ကွာဟနေသည်။

    ထို့ကြောင့် အေစီမီလန်အသင်းမှာ ယခင် ရိုးမားနည်းပြဟောင်း လူစီယာနို စပယ်လက်တီကို ဆက်သွယ်နေပြီး စနေနေ့ကစားမည့် လာဇီယိုနှင့်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက ထိုပွဲမှာ အင်ဇာဂီ၏ နောက်ဆုံးပွဲဖြစ်မည်ဟု အီတလီ မီဒီယာများကဖော်ပြခဲ့ကြသည်။

    သို့သော်လည်း အင်ဇာဂီကမူ ထိုဖော်ပြမှုအား ငြင်းဆိုခဲ့ကာ ခေတ်သစ်ဘောလုံးလောကတွင် အေစီမီလန်ကဲ့သို့ အသင်းကို ကိုင်တွယ်ပါက ဖိအားရှိလိမ့်ဖြစ်ပြီး မိမိက မစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

    `အသင်းဥက္ကဌ ဆီလ်ဗီယို ဘာလူစကိုနီက ကျွန်တော့်ကို တစ်နေ့ ၂ ကြိမ်လောက် ဖုန်းခေါ်ပါတယ်။ သူနဲ့ဆက်ဆံရေးကို ကျွန်တော်ဂရုစိုက်ပြီး၊ အသင်းရဲ့ လတ်တလော အခြေအနေကိုလည်း ကျွန်တော် ဂရုစိုက်ပါတယ်´ ဟု အင်ဇာဂီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် အခြေအနေဆိုးကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ၂၅ နှစ်ခန့် အတွေ့အကြုံရှိသော နည်းပြတစ်ဦးပင် အမှားများကို ပြုလုပ်နိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    `ဝေဖန်မှုတွေက ကျွန်တော့်ကို သန်မာစေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီ နှစ် ၂၀ အတွင်းမှာ ကျွန်တော်ဟာ ဝေဖန်မှုတွေ အမြဲတမ်းမရခဲ့ပါဘူး။ လေ့ကျင့်ရေးကွင်းက ကျွန်တော့်ကစားသမားတွေရဲ့ နိုင်ချင်ဇောကို အခြေခံပြီး အကောင်းဆုံး ဆောင်ရွက်သွားပါမယ်။ ကျွန်တော်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ´

    Ref: goal.com