News @ M-Media

Blog

  • IS လက်မှ ဓားစားခံများအားကယ်တင်ရန် လက်လျှော့သွားမည်မဟုတ်ဟု ဂျပန်ပြော

    IS လက်မှ ဓားစားခံများအားကယ်တင်ရန် လက်လျှော့သွားမည်မဟုတ်ဟု ဂျပန်ပြော

    ဇန်န၀ါရီ ၂၄၊ ၂၀၁၅
    M-Media

    jap

    – ဂျပန်ဓားစားခံ ၂ ဦးအတွက် ပြန်ပေးငွေပေးရန် IS မှ ပေးထားသည့် အချိန် ၇၂ နာရီ ကုန်ဆုံးသွားသော်လည်း မိမိတို့နိုင်ငံသား ၂ ဦးအား ကယ်တင်မှုကို လက်လျှော့စွန့်လွှတ်သွားမည်မဟုတ်ဟု ဂျပန်နိုင်ငံက ယနေ့တွင် ပြောကြားလိုက်သည်။

    ပြန်ပေးငွေပေးရန် အချိန်သတ်မှတ်ချက် ကျော်လွန်သွားပြီးနောက် IS မှ ဖမ်းဆီးထားသော ဂျာနယ်လစ် ကန်ဂျီ ဂိုတိုနှင့် လက်နက်ကန်ထရိုက်တာ ဟာရူနာ ယူကာဝါတို့ အသက်ရှင်လျက် ရှိနေသေးလားဆိုသည်ကို အတိအကျမသိရှိရသေးဘဲ IS ကလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

    ၇၂ နာရီအတွင်း ၎င်းတို့နိုင်ငံသား ၂ ဦးအတွက် ဂျပန်အစိုးရက ပြန်ပေးငွေ သန်း ၂၀၀ မပေးပါက ဓားစားခံနှစ်ဦးအား သတ်ပစ်မည်ဟု IS အဖွဲ့၏ လွန်ခဲ့သော ၃ ရက်က ထုတ်ပြန်ခဲ့သော ဗီဒီယိုတွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ထိုသတ်မှတ်ချိန်မှာ ဂျပန်စံတော်ချိန် သောကြာနေ့ ၂ နာရီ မိနစ် ၅၀ တွင် ပြည်သွားခဲ့ဖြစ်သည်။

    ဂျပန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ ဂျော်ဒန်နိုင်ငံသို့ ရောက်ရှိနေသည့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ယာဆူဟီဒီ နာကာယာမာက မိမိတို့မှာ အလျှော့ပေးသွားမည်မဟုတ်ဘဲ ၎င်းတို့နှစ်ဦးအား ဂျပန်သို့ ပြန်လည်ခေါ်ဆောင်သွားမည်ဟု
    ဆိုသည်။

    `လမ်းကြောင်းတွေအများကြီးရှိပေမယ့် သူတို့လွတ်မြောက်ဖို့လမ်းကတော့ ခက်ခဲပါတယ်။ အချက်အလက် အသေးစိတ်စစ်ဆေးမှုကို ကျွန်တော်တို့ ထပ်လုပ်နေပါတယ်။ ကျွန်တော်တို့ အလျှော့ပေးသွားမှာမဟုတ်ပါဘူး။ သူတို့ကို အိမ်ပြန်ခေါ်သွားမှာပါ´ ဟု နာကာယာမာက ဂျော်ဒန်မြို့တော် အမ်နန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    IS အဖွဲ့မှာ ပြီးခဲ့သည့်နှစ် သြဂုတ်လမှစ၍ အနောက်နိုင်ငံများမှ ဓားစားခံ ၅ ဦးကို လူသိရှင်ကြား သုတ်သင်ပြခဲ့ပြီး ဂျပန်နိုင်ငံမှ ဓားစားခံများမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။

    ဂျာနယ်လစ် ဂိုတို၏ မိခင်ဖြစ်သူ ဂျန်ကို အိုင်ရှီဒိုက သားဖြစ်သူအား ခွင့်လွှတ်ချမ်းသာပေးရန် ယမန်နေ့က တောင်းပန်ခဲ့သည်။

    `IS အဖွဲ့တွေကို ကျွန်မပြောချင်တာက ကျွန်မသားလေး ကန်ဂျီဟာ ရှင်တို့ရန်သူမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး လွှတ်ပေးပါ´ ဟု အိုရှီဒိုက ပြောကြားခဲ့သည်။

    ဂျပန်အာဏာပိုင်များကမူ အဆိုပါ ဓားစားခံ ၂ ဦအား ကယ်တင်ရန်အတွက် IS အဖွဲ့နှင့် ဆက်သွယ်မှု ရှာဖွေနေသည်ဟု ဆိုပြီး ၀န်ကြီးချုပ်ရှင်ဇိုအာဘေး၏ အကြံပေး ယိုဆူကီ အိုင်ဇာကီကမူ ၎င်းတို့မှာ IS အဖွဲ့နှင့် တစ်ဆင့်ခံဆက်သွယ်မှုသာ ရရှိထားကာ
    တိုက်ရိုက်ဆက်သွယ်မှု မရသေးဟု ပြောကြားခဲ့သည်။

    Ref: channelnewsasia

  • ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ သေဆုံးသွားပြီဟု ၀န်ကြီးချုပ်ဟောင်း ယင်လပ်ပြော

    ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ သေဆုံးသွားပြီဟု ၀န်ကြီးချုပ်ဟောင်း ယင်လပ်ပြော

    ဇန်န၀ါရီ ၂၄၊ ၂၀၁၅
    M-Media

    yin

    – စစ်တပ်နောက်ခံပြုသော ပါလီမန်က နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခဲ့ပြီး ချစားမှု စွဲချက်ဖြင့် ထောင်ဒဏ်ချခံရနိုင်သော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာက ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ သေဆုံးသွားပြီဟု ယမန်နေ့က ပြောကြားလိုက်သည်။

    နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ ညီမလည်းဖြစ်သူ ယင်လပ်မှာ တာဝန်ထမ်းဆောင်ချိန်အတွင်း အစိုးရမှ စပါးဝယ်ယူရေး အရှုပ်အထွေးတွင် ပါဝင်ပတ်သက်မှုဖြင့် ပါလီမန်က နိုင်ငံရေးလုပ်ခွင့် ၅
    နှစ် ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး၊ ချစားမှုဖြင့် တရားစွဲဆိုရန် စီစဉ်နေသောကြောင့် ယင်လပ်မှာ ထောင်အတွင်း၌ ဆယ်စုနှစ်တစ်ခုအထိ နေထိုင်ရဖွယ်ရှိနေသည်။

    ယင်လပ်ကမူ ပါလီမန်၏ ထိုဆုံးဖြတ်ချက်အား ရှုတ်ချခဲ့ပြီး ဒီမိုကရေစီကို အနိုင်ကျင့်သည့်လုပ်ရပ်ဟု ပြောကြားခဲ့ကာ ချစားမှုစွပ်စွဲချက် အတွက် တိုက်ပွဲဝင်သွားမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    `တရားဥပဒေစိုးမိုးရေးနှင့်အတူ ဒီမိုကရေစီဟာ ထိုင်းနိုင်ငံမှာ ယနေ့ပဲ သေဆုံးသွားခဲ့ပါတယ်။ ကျွန်မကို ဖျက်ဆီးဖို့ကြိုးစားတဲ့ ဆောင်ရွက် ချက်ဟာ ဆက်သွားနေပြီး အဲဒီအတွက် ကျွန်မကလည်း ရင်ဆိုင်ပါ့မယ်´ ဟု သူမ၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သော ကြေညာချက်တွင် ပြောကြားထားသည်။ ထို့ပြင် ထိုကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်ရန် ယင်လပ်က စီစဉ်ထားပြီး အစိုးရက တားမြစ်မှုများ ရှိနေသည်။

    ကျွမ်းကျင်သူများကမူ ပါလီမန်နှင့် ၎င်းတို့အား ထောက်ပံ့ပေးထားသော စစ်တပ်အကြီးအကဲများ၏ ယခုနောက်ဆုံးပြုလုပ်ခဲ့သည့် စွပ်စွဲချက်နှင့် ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုမှာ ရှင်နာဝပ်ထရာမိသားစု၏ ထိုင်းနိုင်ငံရေးအပေါ် သြဇာလွှမ်းမိုးမှုအား ပျက်ပြားစေရန် ကြိုးစားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရှင်နာဝပ်ထရာမိသားစု၏ ပါတီမှာ ၂၀၀၁ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံရွေးကောက်ပွဲ တိုင်းတွင် အနိုင်ရရှိခဲ့သည်။

    ပါလီမန်၏ ထိုဆုံးဖြတ်ချက်အတွင် ယင်လပ်အား ထောက်ခံသော ရှပ်နီများက ဒေါသထွက်နေကြသည်။ သို့သော်လည်း ရှပ်နီခေါင်းဆောင်များကမူ လမ်းပေါ်ထွက်၍ စုဝေးဆန္ဒပြမှုများ မပြုလုပ်ရန် သတိပေးထားသည်။ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း ဒေသတော်တော်များများတွင် မာရှယ်လောအမိန့် ထုတ်ပြန်ထားပြီး နိုင်ငံရေးအရ စုဝေးခွင့်ကိုလည်း ပိတ်ပင်ထားသည်။

    Ref: channelnewsasia

  • မိမိရာထူးအတွက် စိုးရိမ်မှုမရှိဟု အေစီမီလန်နည်းပြ အင်ဇာဂီဆို

    မိမိရာထူးအတွက် စိုးရိမ်မှုမရှိဟု အေစီမီလန်နည်းပြ အင်ဇာဂီဆို

    ဇန်န၀ါရီ ၂၄၊ ၂၀၁၅

    M-Media

    izg

    – တစ်ချိန်က စီးရီးအေဘုရင်ဖြစ်ခဲ့သည့် အသင်း၏ လက်ရှိအခြေအနေမှာ ဆိုးရွားနေပြီး ရုန်းကန်နေရသော်လည်း မိမိမှာ ထုတ်ပယ်ခြင်းခံရနိုင်သည့် အလားအလာ ရှိမနေဟု အေစီမီလန်နည်းပြ ဖိလစ်ပို အင်ဇာဂီက ပြောကြားလိုက်သည်။

    အသင်းဖော်ဟောင်း ဆီးဒေါ့ဖ်၏နေရာကို ဆက်ခံခဲ့သည့် အင်ဇာဂီမှာ ယခုနှစ်တွင် အသင်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ နောက်ဆုံးကစားခဲ့သည့် စီးရီးအေပွဲ ၄ ပွဲတွင် နိုင်ပွဲပျောက်ခဲ့ကာ အသင်းမှာလည်း အဆင့် ၈ နေရာ ရောက်ရှိနေသည်။ ထို့ပြင် ချန်ပီယံလိဂ် ၀င်ခွင့်ရနိုင်သည့် အဆင့် ၄ နေရာနှင့်ပင် ၇ မှတ် ကွာဟနေသည်။

    ထို့ကြောင့် အေစီမီလန်အသင်းမှာ ယခင် ရိုးမားနည်းပြဟောင်း လူစီယာနို စပယ်လက်တီကို ဆက်သွယ်နေပြီး စနေနေ့ကစားမည့် လာဇီယိုနှင့်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက ထိုပွဲမှာ အင်ဇာဂီ၏ နောက်ဆုံးပွဲဖြစ်မည်ဟု အီတလီ မီဒီယာများကဖော်ပြခဲ့ကြသည်။

    သို့သော်လည်း အင်ဇာဂီကမူ ထိုဖော်ပြမှုအား ငြင်းဆိုခဲ့ကာ ခေတ်သစ်ဘောလုံးလောကတွင် အေစီမီလန်ကဲ့သို့ အသင်းကို ကိုင်တွယ်ပါက ဖိအားရှိလိမ့်ဖြစ်ပြီး မိမိက မစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

    `အသင်းဥက္ကဌ ဆီလ်ဗီယို ဘာလူစကိုနီက ကျွန်တော့်ကို တစ်နေ့ ၂ ကြိမ်လောက် ဖုန်းခေါ်ပါတယ်။ သူနဲ့ဆက်ဆံရေးကို ကျွန်တော်ဂရုစိုက်ပြီး၊ အသင်းရဲ့ လတ်တလော အခြေအနေကိုလည်း ကျွန်တော် ဂရုစိုက်ပါတယ်´ ဟု အင်ဇာဂီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် အခြေအနေဆိုးကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ၂၅ နှစ်ခန့် အတွေ့အကြုံရှိသော နည်းပြတစ်ဦးပင် အမှားများကို ပြုလုပ်နိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    `ဝေဖန်မှုတွေက ကျွန်တော့်ကို သန်မာစေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီ နှစ် ၂၀ အတွင်းမှာ ကျွန်တော်ဟာ ဝေဖန်မှုတွေ အမြဲတမ်းမရခဲ့ပါဘူး။ လေ့ကျင့်ရေးကွင်းက ကျွန်တော့်ကစားသမားတွေရဲ့ နိုင်ချင်ဇောကို အခြေခံပြီး အကောင်းဆုံး ဆောင်ရွက်သွားပါမယ်။ ကျွန်တော်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ´

    Ref: goal.com

  • ဘုရင်ကြီး အဘ်ဒူလာ၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းသွားမည်ဟု ဆော်ဒီဘုရင်သစ် ပြော

    ဘုရင်ကြီး အဘ်ဒူလာ၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းသွားမည်ဟု ဆော်ဒီဘုရင်သစ် ပြော

    ဇန်န၀ါရီ ၂၄၊ ၂၀၁၅
    M-Media

    Crown Prince Salman

    – ဘုရင်ကြီး အဘ်ဒူလာ ကွယ်လွန်ခဲ့ပြီးနောက် ဆော်ဒီထီးနန်းအရိုက်အရာကို ဆက်ခံခဲ့သည့် ဘုရင် ဆလ်မာန် ဘင် အဘ်ဒူလ်အဇစ် အလ် ဆာအွဒ် က မိမိအနေဖြင့် နိုင်ငံအား ဘုရင်ကြီး အဘ်ဒူလာ ချမှတ်သွားသည့် လမ်းစဉ်အတိုင်း ဆက်လက်အုပ်ချုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ဘုရင်အဖြစ် ခန့်အပ်ခြင်းခံရပြီး ပထမဆုံးပြုလုပ်သော ရုပ်မြင်သံကြားမိန့်ခွန်းတွင် ဆလ်မာန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မွတ်စလင်နှင့် အာရပ်နိုင်ငံများ ညီညွတ်ရေးအတွက်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။

    `ကျွန်တော်တို့ရဲ့ အာရပ်နဲ့ အစ္စလာမ့်နိုင်ငံတွေဟာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ရှိကြဖို့ အင်မတန်မှ လိုအပ်နေပါတယ်။ ဘုရားသခင်ပေးတဲ့ အင်အားနဲ့ ကျွန်တော်တို့ဟာ ဘုရင်ကြီး အဘ်ဒူလ် အဇစ်ဘင် အလ် ဆာအွဒ် ဒီနိုင်ငံကို တည်ဆောက်ပြီးကတည်းက လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းသွားမှာပါ´ ဟု ဘုရင် ဆလ်မန်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    ဘုရင်ကြီး အဘ်ဒူလာမှာ ဆော်ဒီတော်ဝင်အသိုင်းအ၀ိုင်းအတွင်း ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သူဖြစ်ပြီး၊ နိုင်ငံအတွင်း စီပွားရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးခဲ့သေည်။ ဘုရင်ကြီး အဘ်ဒူလာ ကွယ်လွန်သွားပြီးနောက် ထီးနန်းခန့်အပ်ရေးအဖွဲ့မှ ဘုရင်းကြီး၏ ဖအေတူမအေကွဲညီဖြစ်သူ ဆလ်မာန်အား ဘုရင်အဖြစ်တင်မြှောက်ခဲ့ပြီး၊ အိမ်ရှေ့စံကိုမူ ၎င်း၏ ညီဖြစ်သူ မက္ကရင် ဘင် အဘ်ဒူလ်အဇစ်အား ခန့်အပ်ခဲ့သည်။

    ဘုရင်ကြီဆလ်မာန်မှာ သားဖြစ်သူ မိုဟာမက် ဘင် ဆလ်မာန်ကို ကာကွယ်ရေးဝန်ကြီးနှင့် တော်ဝန်နန်းတော်အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော်လည်း နိုင်ငံခြားရေးဝန်ကြီး၊ ရေနံနှင့်ဘဏ္ဍာရေးဝန်ကြီးတို့ အပါအ၀င် အခြားသောဝန်ကြီးများကိုမူ အစားထိုးခဲ့ခြင်းမရှိချေ။

    ထိုမိန့်ခွန်းတွင် ဘုရင်ကြီး ဆလ်မာန်က အစ္စလာမ်သာသနာ၏ သွန်သင်လမ်းညွှန်မှုများဖြင့် မိမိတို့၏ ညီညွတ်ရေး၊ ကာကွယ်ရေး ဆောင်ရွက်ချက်များကို မြှင့်တင်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    `ကျွန်တော်တို့ရဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့၊ သူတို့တွေရဲ့ မျှော်လင့်ချက်တွေ အမှန်တစ်ကယ်ဖြစ်ပေါ်လာဖို့၊ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် လမ်းညွှန်ပေးဖို့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ဆုတောင်းပတ္တနာ ပြုပါတယ်´ ဟု ပြောကြား၍ ၎င်း၏ ရုပ်မြင်သံကြားမိန့်ခွန်းအား
    နိဂုံးချုပ်ခဲ့သည်။

    ဘုရင်ကြီး ဆလ်မာန် ဘင် အဘ်ဒူလ်အဇစ် အလ်ဆာအွဒ်ကို ၁၉၃၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ရီယာ့ဒ်မြို့စား၊ ဆော်ဒီလုံခြုံရေးကောင်စီအဖွဲ့ဝင်နှင့် ကာကွယ်ရေးဝန်ကြီးတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကာ ၂၀၁၂ ခုနှစ် ဇွန်လ ၁၈
    ရက်နေ့တွင် အိမ်ရှေ့မင်းသားရာထူးကို ရရှိခဲ့သူဖြစ်သည်။
    Ref: salarabiya

  • သုသာန်ကို အိမ်လုပ်၍ နိစ္စဓူဝ ခက်ခဲစွာ လျှောက်လှမ်းနေရသည့် ဂါဇာမှ ဘ၀များ

    သုသာန်ကို အိမ်လုပ်၍ နိစ္စဓူဝ ခက်ခဲစွာ လျှောက်လှမ်းနေရသည့် ဂါဇာမှ ဘ၀များ

    ဇန်နဝါရီ ၂၄ ၊ ၂၀၁၅
    M-Media
    201511195332463621_20
    – ဟေရှမ် အလ်-မိုဂ်ရာဘီတစ်ယောက် အိမ်၏ ဧည့်ခန်းအလယ်တွင် ရပ်နေပြီး အပြင်ရှိ အုတ်ဂူကြီး နှစ်ခုကို စူးစိုက်ကြည့်နေသည်။ သူ၏ ဘေ့စ်ဘောဦးထုပ်ကို ချွတ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ခေါင်းကို ပွတ်ကာ ဦးထုပ်ကို ပြန်ဆောင်းလိုက်သည်။

    `ကျွန်တော့်မှာ ဒီနေရာကလွဲကို အခြားသိတဲ့နေရာ မရှိပါဘူး´

    တာယာများ၊ ထင်းချောင်းများ၊ ပလတ်စတစ်ပုံးများ၊ ဖိနပ်အဟောင်းများနှင့် သံချောင်းအပိုင်းအစများဖြင့် ပြည့်နေသော တဲပုတ်အတွင်းမှ မိုဂ်ရာဘီက ပြောနေသည်။

    ထိုအခြေအနေက ဂါဇာစီးတီးရှိ အလ်-ရှိခ်ရှာဘန် သုသာန်မှ မိုဂ်ရာဘီ၏ ဘ၀ပင်ဖြစ်သည်။

    အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်သည့် မိုဂ်ရာဘီတစ်ယောက် အုတ်ဂူများအကြား ဆောက်လုပ်ထားသော လက်ဖြစ်အိမ်ကလေးတွင် နေထိုင်ရသည့်ဘ၀မှာ မည်ကဲ့သို့အဆုံးသတ်မည်ကို မပြောတတ်။ သူသိသည်က ပါလက်စတိုင်းများ မိမိတို့၏ အမိမြေမှ အစ္စရေး၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည့် ၁၉၄၈ ခုနှစ်မှစ၍ သူနှင့် သူ့မိသားစုတစ်ခုလုံး သုသာန်အတွင်းရှိ ဤနေအိမ်တွင်သာ ဘ၀ခရီးလမ်းကို ဖြတ်သန်းခဲ့ရသည် ဆိုသည်ပင်။

    `ကလေးတွေအတွက်ကတော့ ထိတ်လန့် တုန်လှုပ်ဖွယ်ရာပါပဲ´ ဟု သူကဆိုပြီး မနှစ်မြို့ဖွယ် ဘ၀အခြေအနေကြောင့် ကလေးများမှာ ကျောင်းတွင်လည်း မျက်နှာငယ်ရသည်ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။ မိသားစုအားထောက်ပံ့ရန်အတွက် ခက်ခဲသည်ဟုလည်း မိုဂ်ရာဘီက ထပ်ပြောသည်။ မြင်းဖြင့်ဆွဲသည့် လှည်းကလေးဖြင့် အိမ်နီးနားချင်းများအား လိုက်လံ ပို့ဆောင်ပေးသည့် အလုပ်မှ တစ်နေ့လျှင် ၀င်ငွေအနည်းငယ်သာရသည်။

    `အချိန်အများစုကတော့ ကလေးတွေ ဗိုက်ဆာဆာနဲ့ အိပ်ခဲ့ရတဲ့ အချိန်တွေပါပဲ။ ပိုးမွှားတွေ၊ ကြွက်တွေကြားထဲမှာပေါ့ဗျာ´

    အလ်-ရှိခ် ရှာဘန် သုသာန်အတွင်း ဂါဇာပြည်သူများစွာမှာ အိမ်များဆောက်၍ နေကြရသည်။ မည်သူမျှ မနေချင်ကြ။ သို့သော်လည်း ၎င်းတို့အနေဖြင့် အခြား သွားစရာနေရာလည်း မရှိကြပေ။

    ၂၀၁၄ ခုနှစ် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ဗုံးများထိမှန်ခဲ့သောကြောင့် နေရာအချို့က သုသာန်ဆိုသည်ထက် အမှိုက်ပုံနှင့် ပိုတူနေသည်။ တစ်ချို့နေရာက သုသာန်၊ တစ်ချို့နေရာက သံတိုသံစ၊ သစ်တိုသစ်စများ ပုံထားသည့်နေရာ ဖြစ်နေသည်။ အချို့နေရာကတော့ မြို့ပြင်မှ တဲစုရပ်ကွက်နှင့်တူ၏။ တစ်နေရာတွင် ညစ်ပတ်ပေရေနေသော ကြောင်တစ်ကောင်က ငှက်သေတစ်ကောင်ကို မြိန်ရေယှက်ရေ စားသောက်နေသည်။ တောထနေသော မြေပုံများပေါ်တွင် ပတ်ဝန်းကျင်မှ စွန့်ပစ်ထားသော အမှိုက်များ၊ စားကြွင်းစားကျန်များ၊ ထင်းတိုထင်းစများ၊ ၀ိုင်ယာကြိုးများနှင့် အ၀တ်စုတ်များဖြင့် စုပုံနေသည်။ ကလေးများကတော့ အုတ်ဂူအကြီးစားတစ်ခု၏ ပြောင်ချောနေသာ ကျောက်ပြားပေါ်၌ ဂေါ်လီလုံးများဖြင့် ကစားနေကြ၏။

    `သိပ်ကို စိတ်ပျက်စရာပါပဲ။ ကလေးတွေအတွက် ပိုဆိုးတာပေါ့ဗျာ။ သူတို့မှာ ကစားဖို့ တစ်ခြားနေရာ မရှိဘူး။ ဒါ့ကြောင့် ဒီမြေပုံတွေကြားထဲမှာပဲ သူတို့ ကစားရပါတယ်´

    အခြားသော ဂါဇာပြည်သူများက ထိုသုသာန်သို့ လာရောက်သည့်အခါ အုတ်ဂူများအကြား ခုန်ပေါက်ပြေးလွှား ဆော့ကစားနေသော ကလေးများကိုတွေ့ပြီးစိတ်ဆိုးဒေါသထွက်ကြသည်။ တစ်ခါတစ်ရံ ကလေးများအား အော်ဟစ်ငေါက်ငမ်းမှုများ၊ ရိုက်နှက်မှုများလည်း ရှိသည်ဟု သုသာန်အတွင်း နေထိုင်ကြသူများက ဆိုသည်။

    သို့သော်လည်း သေသေသပ်သပ်မရှိသည့် ဤသုသာန်၏ နေရာတိုင်း၌ ဘ၀၏ လက္ခဏာများ ရှိနေလေ၏။ သစ်သားတိုင် ၂ ချောင်းကြားတွင် နေလှမ်းထားသည့် အ၀တ်အထည်များက လေပြေလေညှင်းနှင့်အတူ ခြောက်သွေ့သွား၏။ သားငယ်လေး တစ်ယောက် နို့ဘူးခွံကို ဘီးတပ်ထားသော လှည်းကလေးအား ဟိုဟိုဒီဒီတွန်း၍ ကစားနေသည်။ သမီးငယ်လေး တစ်ဦးကလည်း ပလတ်စတစ် ကွင်းနှစ်ခုကို တိပ်ဖြင့်ကပ်ကာ လုပ်ထားသော ခါးလှည့်ကွင်းဖြင့် ဆော့နေ၏။ ဤဒေသတွင် နေအိမ်အပါအ၀င် အရာအားလုံးမှာ အဖာအထေးများနှင့်ပင်ဖြစ်လေသည်။

    မိုဂ်ရာဘီ၏ အိမ်အပြင်ဖက်မှာတော့ တိတ်ဆိတ်ငြိမ်သက်မှုအပြင် ၂၀၁၄ ခုနှစ် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သူ ၂ ဦးကို မြှုပ်ထားသည့် အုတ်ဂူသစ်နှစ်ခုကို တွေ့နေရသည်။ ထိုအထဲမှ တစ်ဦးမှာ အလ်-ရှိခ် ရှာဘန် သုသာန်တွင် နေထိုင်သူဖြစ်သည်။ သုသာန်အတွင်းနေထိုင်သူများမှာ သေဆုံးသူများ၏ ၀ိညာဉ်များနှင့် ထိစပ်ဆက်နွယ်မှုအတွက် အထူးသတိထားကြသည်ဟု ဟာရီမ်းကဆိုသည်။

    `ကျွန်တော်တို့က အုတ်ဂူအပေါ်မှာ အိပ်ကြတာပါ။ လူသေတွေရဲ့ အပေါ်မှာပေါ့ဗျာ။ ညဘက်ကျရင် ဟိုဟိုဒီဒီတွေ ကျွန်တော်တို့မြင်ရတယ်။ ကလေးတွေကလည်း အိပ်နေရာကနေ အလန့်တကြားနိုးလာပြီး `ကယ်ပါ၊ ကယ်ပါ´ လို့ အော်ကြပါတယ်´

    ၈ တန်းတက်နေသော မိုဟာမက် ဆန်ဘူလ်က ထိုကဲ့သို့သောနေရာတွင် မနေချင်တော့ဟု ၀န်ခံခဲ့သော်လည်း  အုတ်ဂူများကို မကြောက်ဟု သတ္တိခဲလေးက ဆို၏။

    `အလ္လာဟ်အရှင်မြတ်ကလွဲလို့ ကျွန်တော် ဘာကိုမှ မကြောက်ပါဘူး။ ညဘက်တွေတောင်မှာ ကျွန်တော်ထွက်လာပြီး အုတ်ဂူတွေပေါ်မှာ ကစားပါတယ်။ အခြားကလေးတွေကတော့ ကြောက်တာပေါ့ဗျာ။ ကျွန်တော်ကတော့ မကြောက်ပါဘူး´

    အဆိုပါ သုသာန်က ပြည်သူပိုင်နေရာဖြစ်သော်လည်း အစိုးရက ၎င်းတို့အား နေခွင့်ပြုထားသည်ဟု သူတို့ကဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အား ပြန်လည်နေရာချထားရေး အတွက် ငွေသုံးစွဲဖို့ မလိုသောကြောင့် ဖြစ်သည်။ သို့သော်လည်း သုသာန်အတွင်း အိမ်ရာသစ်များ တိုးချဲ့ ဆောက်လုပ်မှုကိုတော့ တားမြစ်ထားသည်။

    ပါလက်စတိုင်း သာသနာရေးရာဝန်ကြီးဌာနမှ ဒါရိုက်တာဖြစ်သူ မွန်ဇာ မူဂါရီက အစိုးရနေဖြင့် ထိုသူများအတွက် နေစရာအိမ်ရာများ ရှာဖွေပေးမည်ဟု ၀န်ခံခဲ့သည်။ သို့သော်လည်း မည်သည့်အချိန်တွင်ဖြစ်မည်၊ မည်သည့်နေရာဖြစ်မည်ဆိုသည်ကိုတော့ ၎င်းကိုယ်တိုင်လည်း မပြောတတ်။

    `သုသာန်မှာနေတဲ့လူတွေကို ထောက်ပံ့တာတွေရပ်ဖို့၊ ကန့်သတ်မှုတွေလုပ်ဖို့၊ ဒဏ်ကြေးတွေ ကောက်ခံဖို့ မြူနီစီပယ်ဌာနကို ကျွန်တော်တို့ ၀န်ကြီးဌာနက ပြောထားပါတယ်။ ဒါတွေအားလုံးဟာ သုသာန်နယ်နမိတ်ကို ကာကွယ်ဖို့ လုပ်တာပါ´ ဟု မူဂါရီက ပြောခဲ့သည်။

    ထိုသုသာန်တွင်နေထိုင်သူ ကမီလီယာ ကူဟေးလ်တစ်ယောက် အပျက်အစီးများနှင့် ပြန့်ကျဲနေသည့် ချိုင့်တစ်ခုကို စိုက်ကြည့်နေသည်။ ထိုနေရာက ၂၀၁၄ခုနှစ် ဇူလိုင်လ အစ္စရေးတို့ ကျူးကျော်တိုက်ခိုက်ခြင်းမပြုမီ သူမ၏နေအိမ် ဖြစ်ခဲ့သည်။ ဤသုသာန်တွင် နေထိုင်ကြ သူများမှာ ယခုလက်ရှိအချိန်တွင် ပို၍ ထိခိုက်ခံစားနေရပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ကြားဝင်ဖြေရှင်းပေးမှုများ လိုအပ်နေသည်ဟု ကူးဟေးလ်က ဖွင့်ဟခဲ့သည်။

    `ဒီနေရာကို စွန့်ခွာပြီး ကလေးရဲ့ ဘ၀လေးတွေ ကောင်းသွားဖို့သာ ကျွန်မအလိုရှိပါတယ်။
    ဒီမှာက အစားအသောက်လည်း မရှိဘူး။ ချက်စရာလည်း ဘာမှမရှိဘူး။ ကလေးတွေ မှဲ့တစ်ပေါက် မစွန်းဖို့ နေ့ရောညပါ ကျွန်မက စောင့်ရှောက်နေရပါတယ်။ ဒီနေရာဟာ အန္တရာယ်ရှိတဲ့နေရာပါ။ ဒါပေမယ့်လည်း ကျွန်မတို့ ဘယ်သွားရမလဲရှင်´

    ကူဟေးလ်က သူမ၏ ဒုက္ခသုက္ခများကို ဖွင့်ဟခြင်းဖြစ်သည်။

    ဒေသခံအစိုးရကလည်း ၎င်းတို့အား ကူညီခြင်းမရှိဟု ဟာရီမ်းကဆိုသည်။ ထို့ကြောင့် ကူညီထောက်ပံ့မှုများမှာ ပြင်ပအဖွဲ့အစည်းများမှ လာကြသည်။ လုံလောက်သည့် ငွေကြေး မရှိခြင်းကြောင့် သုသာန်အတွင်း နေထိုင်သူများက ၎င်းတို့ကိုယ်တိုင်လည်း ရွှေ့ပြောင်း မနေထိုင်နိုင်ကြ။ ယခင် နိုင်ငံတကာမှ အကူအညီတောင်းထားမှုမှာလည်း သတင်းသဲ့သဲ့ပင် မကြားရ။ ၂၀၁၄ ခုနှစ် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှု ပြီးကတည်းက ၎င်းတို့၏အခြေအနေများမှာ ပို၍ ဆိုးရွားလာခဲ့သည်ဟု ဟာရီမ်းက ထည့်သွင်း ပြောကြားခဲ့သည်။

    သူငယ်ချင်းရောင်းရင်းတစ်ဦး၏ အုတ်ဂူကို ဟာရီးမ်က ကြည့်နေသည်။ ထိုသူမှာ ဤနေရာတွင်မွေး၊ ဤနေရာတွင်ကြီး၍၊ ဤနေရာတွင်ပင် သေဆုံးခဲ့ရသူဖြစ်သည်။

    `အကူအညီလိုချင်ပါတယ်။ တစ်ခြားနေရာမှာလည်း ကျွန်တော်တို့ နေချင်ပါတယ်။ ဒီသုသာန်ထက် ပိုကောင်းတဲ့ ဘယ်နေရာမဆိုပေါ့ဗျာ´

    ဟာရီးမ်၏အသံမှာ တိမ်ဝင်၍ သွားလေ၏။

    ref:Aljazeera
    လေးမောင်(M-Media) မြန်မာပြန်ဆိုသည်။