News @ M-Media

Blog

  • ဘုရင်ကြီး အဘ်ဒူလာ၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းသွားမည်ဟု ဆော်ဒီဘုရင်သစ် ပြော

    ဘုရင်ကြီး အဘ်ဒူလာ၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းသွားမည်ဟု ဆော်ဒီဘုရင်သစ် ပြော

    ဇန်န၀ါရီ ၂၄၊ ၂၀၁၅
    M-Media

    Crown Prince Salman

    – ဘုရင်ကြီး အဘ်ဒူလာ ကွယ်လွန်ခဲ့ပြီးနောက် ဆော်ဒီထီးနန်းအရိုက်အရာကို ဆက်ခံခဲ့သည့် ဘုရင် ဆလ်မာန် ဘင် အဘ်ဒူလ်အဇစ် အလ် ဆာအွဒ် က မိမိအနေဖြင့် နိုင်ငံအား ဘုရင်ကြီး အဘ်ဒူလာ ချမှတ်သွားသည့် လမ်းစဉ်အတိုင်း ဆက်လက်အုပ်ချုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ဘုရင်အဖြစ် ခန့်အပ်ခြင်းခံရပြီး ပထမဆုံးပြုလုပ်သော ရုပ်မြင်သံကြားမိန့်ခွန်းတွင် ဆလ်မာန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မွတ်စလင်နှင့် အာရပ်နိုင်ငံများ ညီညွတ်ရေးအတွက်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။

    `ကျွန်တော်တို့ရဲ့ အာရပ်နဲ့ အစ္စလာမ့်နိုင်ငံတွေဟာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ရှိကြဖို့ အင်မတန်မှ လိုအပ်နေပါတယ်။ ဘုရားသခင်ပေးတဲ့ အင်အားနဲ့ ကျွန်တော်တို့ဟာ ဘုရင်ကြီး အဘ်ဒူလ် အဇစ်ဘင် အလ် ဆာအွဒ် ဒီနိုင်ငံကို တည်ဆောက်ပြီးကတည်းက လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းသွားမှာပါ´ ဟု ဘုရင် ဆလ်မန်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    ဘုရင်ကြီး အဘ်ဒူလာမှာ ဆော်ဒီတော်ဝင်အသိုင်းအ၀ိုင်းအတွင်း ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သူဖြစ်ပြီး၊ နိုင်ငံအတွင်း စီပွားရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးခဲ့သေည်။ ဘုရင်ကြီး အဘ်ဒူလာ ကွယ်လွန်သွားပြီးနောက် ထီးနန်းခန့်အပ်ရေးအဖွဲ့မှ ဘုရင်းကြီး၏ ဖအေတူမအေကွဲညီဖြစ်သူ ဆလ်မာန်အား ဘုရင်အဖြစ်တင်မြှောက်ခဲ့ပြီး၊ အိမ်ရှေ့စံကိုမူ ၎င်း၏ ညီဖြစ်သူ မက္ကရင် ဘင် အဘ်ဒူလ်အဇစ်အား ခန့်အပ်ခဲ့သည်။

    ဘုရင်ကြီဆလ်မာန်မှာ သားဖြစ်သူ မိုဟာမက် ဘင် ဆလ်မာန်ကို ကာကွယ်ရေးဝန်ကြီးနှင့် တော်ဝန်နန်းတော်အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော်လည်း နိုင်ငံခြားရေးဝန်ကြီး၊ ရေနံနှင့်ဘဏ္ဍာရေးဝန်ကြီးတို့ အပါအ၀င် အခြားသောဝန်ကြီးများကိုမူ အစားထိုးခဲ့ခြင်းမရှိချေ။

    ထိုမိန့်ခွန်းတွင် ဘုရင်ကြီး ဆလ်မာန်က အစ္စလာမ်သာသနာ၏ သွန်သင်လမ်းညွှန်မှုများဖြင့် မိမိတို့၏ ညီညွတ်ရေး၊ ကာကွယ်ရေး ဆောင်ရွက်ချက်များကို မြှင့်တင်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    `ကျွန်တော်တို့ရဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့၊ သူတို့တွေရဲ့ မျှော်လင့်ချက်တွေ အမှန်တစ်ကယ်ဖြစ်ပေါ်လာဖို့၊ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် လမ်းညွှန်ပေးဖို့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ဆုတောင်းပတ္တနာ ပြုပါတယ်´ ဟု ပြောကြား၍ ၎င်း၏ ရုပ်မြင်သံကြားမိန့်ခွန်းအား
    နိဂုံးချုပ်ခဲ့သည်။

    ဘုရင်ကြီး ဆလ်မာန် ဘင် အဘ်ဒူလ်အဇစ် အလ်ဆာအွဒ်ကို ၁၉၃၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ရီယာ့ဒ်မြို့စား၊ ဆော်ဒီလုံခြုံရေးကောင်စီအဖွဲ့ဝင်နှင့် ကာကွယ်ရေးဝန်ကြီးတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကာ ၂၀၁၂ ခုနှစ် ဇွန်လ ၁၈
    ရက်နေ့တွင် အိမ်ရှေ့မင်းသားရာထူးကို ရရှိခဲ့သူဖြစ်သည်။
    Ref: salarabiya

  • သုသာန်ကို အိမ်လုပ်၍ နိစ္စဓူဝ ခက်ခဲစွာ လျှောက်လှမ်းနေရသည့် ဂါဇာမှ ဘ၀များ

    သုသာန်ကို အိမ်လုပ်၍ နိစ္စဓူဝ ခက်ခဲစွာ လျှောက်လှမ်းနေရသည့် ဂါဇာမှ ဘ၀များ

    ဇန်နဝါရီ ၂၄ ၊ ၂၀၁၅
    M-Media
    201511195332463621_20
    – ဟေရှမ် အလ်-မိုဂ်ရာဘီတစ်ယောက် အိမ်၏ ဧည့်ခန်းအလယ်တွင် ရပ်နေပြီး အပြင်ရှိ အုတ်ဂူကြီး နှစ်ခုကို စူးစိုက်ကြည့်နေသည်။ သူ၏ ဘေ့စ်ဘောဦးထုပ်ကို ချွတ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ခေါင်းကို ပွတ်ကာ ဦးထုပ်ကို ပြန်ဆောင်းလိုက်သည်။

    `ကျွန်တော့်မှာ ဒီနေရာကလွဲကို အခြားသိတဲ့နေရာ မရှိပါဘူး´

    တာယာများ၊ ထင်းချောင်းများ၊ ပလတ်စတစ်ပုံးများ၊ ဖိနပ်အဟောင်းများနှင့် သံချောင်းအပိုင်းအစများဖြင့် ပြည့်နေသော တဲပုတ်အတွင်းမှ မိုဂ်ရာဘီက ပြောနေသည်။

    ထိုအခြေအနေက ဂါဇာစီးတီးရှိ အလ်-ရှိခ်ရှာဘန် သုသာန်မှ မိုဂ်ရာဘီ၏ ဘ၀ပင်ဖြစ်သည်။

    အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်သည့် မိုဂ်ရာဘီတစ်ယောက် အုတ်ဂူများအကြား ဆောက်လုပ်ထားသော လက်ဖြစ်အိမ်ကလေးတွင် နေထိုင်ရသည့်ဘ၀မှာ မည်ကဲ့သို့အဆုံးသတ်မည်ကို မပြောတတ်။ သူသိသည်က ပါလက်စတိုင်းများ မိမိတို့၏ အမိမြေမှ အစ္စရေး၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည့် ၁၉၄၈ ခုနှစ်မှစ၍ သူနှင့် သူ့မိသားစုတစ်ခုလုံး သုသာန်အတွင်းရှိ ဤနေအိမ်တွင်သာ ဘ၀ခရီးလမ်းကို ဖြတ်သန်းခဲ့ရသည် ဆိုသည်ပင်။

    `ကလေးတွေအတွက်ကတော့ ထိတ်လန့် တုန်လှုပ်ဖွယ်ရာပါပဲ´ ဟု သူကဆိုပြီး မနှစ်မြို့ဖွယ် ဘ၀အခြေအနေကြောင့် ကလေးများမှာ ကျောင်းတွင်လည်း မျက်နှာငယ်ရသည်ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။ မိသားစုအားထောက်ပံ့ရန်အတွက် ခက်ခဲသည်ဟုလည်း မိုဂ်ရာဘီက ထပ်ပြောသည်။ မြင်းဖြင့်ဆွဲသည့် လှည်းကလေးဖြင့် အိမ်နီးနားချင်းများအား လိုက်လံ ပို့ဆောင်ပေးသည့် အလုပ်မှ တစ်နေ့လျှင် ၀င်ငွေအနည်းငယ်သာရသည်။

    `အချိန်အများစုကတော့ ကလေးတွေ ဗိုက်ဆာဆာနဲ့ အိပ်ခဲ့ရတဲ့ အချိန်တွေပါပဲ။ ပိုးမွှားတွေ၊ ကြွက်တွေကြားထဲမှာပေါ့ဗျာ´

    အလ်-ရှိခ် ရှာဘန် သုသာန်အတွင်း ဂါဇာပြည်သူများစွာမှာ အိမ်များဆောက်၍ နေကြရသည်။ မည်သူမျှ မနေချင်ကြ။ သို့သော်လည်း ၎င်းတို့အနေဖြင့် အခြား သွားစရာနေရာလည်း မရှိကြပေ။

    ၂၀၁၄ ခုနှစ် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ဗုံးများထိမှန်ခဲ့သောကြောင့် နေရာအချို့က သုသာန်ဆိုသည်ထက် အမှိုက်ပုံနှင့် ပိုတူနေသည်။ တစ်ချို့နေရာက သုသာန်၊ တစ်ချို့နေရာက သံတိုသံစ၊ သစ်တိုသစ်စများ ပုံထားသည့်နေရာ ဖြစ်နေသည်။ အချို့နေရာကတော့ မြို့ပြင်မှ တဲစုရပ်ကွက်နှင့်တူ၏။ တစ်နေရာတွင် ညစ်ပတ်ပေရေနေသော ကြောင်တစ်ကောင်က ငှက်သေတစ်ကောင်ကို မြိန်ရေယှက်ရေ စားသောက်နေသည်။ တောထနေသော မြေပုံများပေါ်တွင် ပတ်ဝန်းကျင်မှ စွန့်ပစ်ထားသော အမှိုက်များ၊ စားကြွင်းစားကျန်များ၊ ထင်းတိုထင်းစများ၊ ၀ိုင်ယာကြိုးများနှင့် အ၀တ်စုတ်များဖြင့် စုပုံနေသည်။ ကလေးများကတော့ အုတ်ဂူအကြီးစားတစ်ခု၏ ပြောင်ချောနေသာ ကျောက်ပြားပေါ်၌ ဂေါ်လီလုံးများဖြင့် ကစားနေကြ၏။

    `သိပ်ကို စိတ်ပျက်စရာပါပဲ။ ကလေးတွေအတွက် ပိုဆိုးတာပေါ့ဗျာ။ သူတို့မှာ ကစားဖို့ တစ်ခြားနေရာ မရှိဘူး။ ဒါ့ကြောင့် ဒီမြေပုံတွေကြားထဲမှာပဲ သူတို့ ကစားရပါတယ်´

    အခြားသော ဂါဇာပြည်သူများက ထိုသုသာန်သို့ လာရောက်သည့်အခါ အုတ်ဂူများအကြား ခုန်ပေါက်ပြေးလွှား ဆော့ကစားနေသော ကလေးများကိုတွေ့ပြီးစိတ်ဆိုးဒေါသထွက်ကြသည်။ တစ်ခါတစ်ရံ ကလေးများအား အော်ဟစ်ငေါက်ငမ်းမှုများ၊ ရိုက်နှက်မှုများလည်း ရှိသည်ဟု သုသာန်အတွင်း နေထိုင်ကြသူများက ဆိုသည်။

    သို့သော်လည်း သေသေသပ်သပ်မရှိသည့် ဤသုသာန်၏ နေရာတိုင်း၌ ဘ၀၏ လက္ခဏာများ ရှိနေလေ၏။ သစ်သားတိုင် ၂ ချောင်းကြားတွင် နေလှမ်းထားသည့် အ၀တ်အထည်များက လေပြေလေညှင်းနှင့်အတူ ခြောက်သွေ့သွား၏။ သားငယ်လေး တစ်ယောက် နို့ဘူးခွံကို ဘီးတပ်ထားသော လှည်းကလေးအား ဟိုဟိုဒီဒီတွန်း၍ ကစားနေသည်။ သမီးငယ်လေး တစ်ဦးကလည်း ပလတ်စတစ် ကွင်းနှစ်ခုကို တိပ်ဖြင့်ကပ်ကာ လုပ်ထားသော ခါးလှည့်ကွင်းဖြင့် ဆော့နေ၏။ ဤဒေသတွင် နေအိမ်အပါအ၀င် အရာအားလုံးမှာ အဖာအထေးများနှင့်ပင်ဖြစ်လေသည်။

    မိုဂ်ရာဘီ၏ အိမ်အပြင်ဖက်မှာတော့ တိတ်ဆိတ်ငြိမ်သက်မှုအပြင် ၂၀၁၄ ခုနှစ် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သူ ၂ ဦးကို မြှုပ်ထားသည့် အုတ်ဂူသစ်နှစ်ခုကို တွေ့နေရသည်။ ထိုအထဲမှ တစ်ဦးမှာ အလ်-ရှိခ် ရှာဘန် သုသာန်တွင် နေထိုင်သူဖြစ်သည်။ သုသာန်အတွင်းနေထိုင်သူများမှာ သေဆုံးသူများ၏ ၀ိညာဉ်များနှင့် ထိစပ်ဆက်နွယ်မှုအတွက် အထူးသတိထားကြသည်ဟု ဟာရီမ်းကဆိုသည်။

    `ကျွန်တော်တို့က အုတ်ဂူအပေါ်မှာ အိပ်ကြတာပါ။ လူသေတွေရဲ့ အပေါ်မှာပေါ့ဗျာ။ ညဘက်ကျရင် ဟိုဟိုဒီဒီတွေ ကျွန်တော်တို့မြင်ရတယ်။ ကလေးတွေကလည်း အိပ်နေရာကနေ အလန့်တကြားနိုးလာပြီး `ကယ်ပါ၊ ကယ်ပါ´ လို့ အော်ကြပါတယ်´

    ၈ တန်းတက်နေသော မိုဟာမက် ဆန်ဘူလ်က ထိုကဲ့သို့သောနေရာတွင် မနေချင်တော့ဟု ၀န်ခံခဲ့သော်လည်း  အုတ်ဂူများကို မကြောက်ဟု သတ္တိခဲလေးက ဆို၏။

    `အလ္လာဟ်အရှင်မြတ်ကလွဲလို့ ကျွန်တော် ဘာကိုမှ မကြောက်ပါဘူး။ ညဘက်တွေတောင်မှာ ကျွန်တော်ထွက်လာပြီး အုတ်ဂူတွေပေါ်မှာ ကစားပါတယ်။ အခြားကလေးတွေကတော့ ကြောက်တာပေါ့ဗျာ။ ကျွန်တော်ကတော့ မကြောက်ပါဘူး´

    အဆိုပါ သုသာန်က ပြည်သူပိုင်နေရာဖြစ်သော်လည်း အစိုးရက ၎င်းတို့အား နေခွင့်ပြုထားသည်ဟု သူတို့ကဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အား ပြန်လည်နေရာချထားရေး အတွက် ငွေသုံးစွဲဖို့ မလိုသောကြောင့် ဖြစ်သည်။ သို့သော်လည်း သုသာန်အတွင်း အိမ်ရာသစ်များ တိုးချဲ့ ဆောက်လုပ်မှုကိုတော့ တားမြစ်ထားသည်။

    ပါလက်စတိုင်း သာသနာရေးရာဝန်ကြီးဌာနမှ ဒါရိုက်တာဖြစ်သူ မွန်ဇာ မူဂါရီက အစိုးရနေဖြင့် ထိုသူများအတွက် နေစရာအိမ်ရာများ ရှာဖွေပေးမည်ဟု ၀န်ခံခဲ့သည်။ သို့သော်လည်း မည်သည့်အချိန်တွင်ဖြစ်မည်၊ မည်သည့်နေရာဖြစ်မည်ဆိုသည်ကိုတော့ ၎င်းကိုယ်တိုင်လည်း မပြောတတ်။

    `သုသာန်မှာနေတဲ့လူတွေကို ထောက်ပံ့တာတွေရပ်ဖို့၊ ကန့်သတ်မှုတွေလုပ်ဖို့၊ ဒဏ်ကြေးတွေ ကောက်ခံဖို့ မြူနီစီပယ်ဌာနကို ကျွန်တော်တို့ ၀န်ကြီးဌာနက ပြောထားပါတယ်။ ဒါတွေအားလုံးဟာ သုသာန်နယ်နမိတ်ကို ကာကွယ်ဖို့ လုပ်တာပါ´ ဟု မူဂါရီက ပြောခဲ့သည်။

    ထိုသုသာန်တွင်နေထိုင်သူ ကမီလီယာ ကူဟေးလ်တစ်ယောက် အပျက်အစီးများနှင့် ပြန့်ကျဲနေသည့် ချိုင့်တစ်ခုကို စိုက်ကြည့်နေသည်။ ထိုနေရာက ၂၀၁၄ခုနှစ် ဇူလိုင်လ အစ္စရေးတို့ ကျူးကျော်တိုက်ခိုက်ခြင်းမပြုမီ သူမ၏နေအိမ် ဖြစ်ခဲ့သည်။ ဤသုသာန်တွင် နေထိုင်ကြ သူများမှာ ယခုလက်ရှိအချိန်တွင် ပို၍ ထိခိုက်ခံစားနေရပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ကြားဝင်ဖြေရှင်းပေးမှုများ လိုအပ်နေသည်ဟု ကူးဟေးလ်က ဖွင့်ဟခဲ့သည်။

    `ဒီနေရာကို စွန့်ခွာပြီး ကလေးရဲ့ ဘ၀လေးတွေ ကောင်းသွားဖို့သာ ကျွန်မအလိုရှိပါတယ်။
    ဒီမှာက အစားအသောက်လည်း မရှိဘူး။ ချက်စရာလည်း ဘာမှမရှိဘူး။ ကလေးတွေ မှဲ့တစ်ပေါက် မစွန်းဖို့ နေ့ရောညပါ ကျွန်မက စောင့်ရှောက်နေရပါတယ်။ ဒီနေရာဟာ အန္တရာယ်ရှိတဲ့နေရာပါ။ ဒါပေမယ့်လည်း ကျွန်မတို့ ဘယ်သွားရမလဲရှင်´

    ကူဟေးလ်က သူမ၏ ဒုက္ခသုက္ခများကို ဖွင့်ဟခြင်းဖြစ်သည်။

    ဒေသခံအစိုးရကလည်း ၎င်းတို့အား ကူညီခြင်းမရှိဟု ဟာရီမ်းကဆိုသည်။ ထို့ကြောင့် ကူညီထောက်ပံ့မှုများမှာ ပြင်ပအဖွဲ့အစည်းများမှ လာကြသည်။ လုံလောက်သည့် ငွေကြေး မရှိခြင်းကြောင့် သုသာန်အတွင်း နေထိုင်သူများက ၎င်းတို့ကိုယ်တိုင်လည်း ရွှေ့ပြောင်း မနေထိုင်နိုင်ကြ။ ယခင် နိုင်ငံတကာမှ အကူအညီတောင်းထားမှုမှာလည်း သတင်းသဲ့သဲ့ပင် မကြားရ။ ၂၀၁၄ ခုနှစ် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှု ပြီးကတည်းက ၎င်းတို့၏အခြေအနေများမှာ ပို၍ ဆိုးရွားလာခဲ့သည်ဟု ဟာရီမ်းက ထည့်သွင်း ပြောကြားခဲ့သည်။

    သူငယ်ချင်းရောင်းရင်းတစ်ဦး၏ အုတ်ဂူကို ဟာရီးမ်က ကြည့်နေသည်။ ထိုသူမှာ ဤနေရာတွင်မွေး၊ ဤနေရာတွင်ကြီး၍၊ ဤနေရာတွင်ပင် သေဆုံးခဲ့ရသူဖြစ်သည်။

    `အကူအညီလိုချင်ပါတယ်။ တစ်ခြားနေရာမှာလည်း ကျွန်တော်တို့ နေချင်ပါတယ်။ ဒီသုသာန်ထက် ပိုကောင်းတဲ့ ဘယ်နေရာမဆိုပေါ့ဗျာ´

    ဟာရီးမ်၏အသံမှာ တိမ်ဝင်၍ သွားလေ၏။

    ref:Aljazeera
    လေးမောင်(M-Media) မြန်မာပြန်ဆိုသည်။

  • စေတနာထားတဲ့ ဥက္ကဌကြီး

    စေတနာထားတဲ့ ဥက္ကဌကြီး

    ဇန်နဝါရီ ၂၄၊ ၂၀၁၅
    M-Media
    Z.Y ရေးသည်။
    mlm-scam-pyramid1
    သိပ်တော့မကြာသေး ဟိုတစ်လောကမှဖြစ်သည်။ ငယ်စဉ်ကထဲက ခင်မင်ခဲ့ရသော ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာသည်။ “သူရန်ကုန်ရောက်နေတယ် လာတွေ့ပါတဲ့” ဟုတ်ပြီ အတူဆုံကြမယ်ပြောပြီး ကတိပေးလိုက်သည်။

    ငယ်စဉ်ကလေးဘဝထဲက နယ်တစ်နယ်ထဲမှာနေပြီး တစ်ကျောင်းတည်ဒအတူတက်ခဲ့ကြသော သူငယ်ချင်းတွေဆိုတော့လည်း ခင်မင်မှု သံယောဇဉ်ကြောင့် တွေ့ချင်တာလည်းပါသည်။ တစ်ချိန်က ကိုယ်နေထိုင်ခဲ့သော မြို့လေး၏ တိုးတက်ပြောင်းလဲမှု၊ အခြားသော အဆင်ပြေမှု၊ မပြေမှု တို့ကို မျှဝေ ခံစားစေချင်တာလည်းပါသည်ပေါ့။ ဒါပေမယ့် အဲဒီမှာစပြီး ငါးပါးမှောက်လေတော့သည်။ ဖြစ်ပုံက ဒီလို…..

    သူငယ်ချင်းချိန်းသည့်နေရာက သူတို့အလုပ်မှ သင်တန်းပေးရန်ဌားပေးထားသော တိုက်ခန်းဟုဆိုသည်။ သူငယ်ချင်းချိန်းသော တိုက်ခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် ဘာမှန်းမသိသော စကားများကိုပြောလိုက် လက်ခုပ် လက်ဝါးတီးလိုက်လုပ်နေသော လူတစ်စုကိုတွေ့ရသည်။ အံ့သြစရာကောင်းပေမယ့် ကိုယ်နှင့် ဘာမှမဆိုင်သောကြောင့် အသာပင် မသိမသာနေပေးလိုက်သည်။

    ထိုင်စောင့်ပြီး မကြာခင်မှာပင် သူငယ်ချင်းက အတွင်းခန်းထဲက ထွက်လာသည်။ ကျွန်တော်ဝမ်းသာအားရ နှုတ်ဆက်ပြီး နယ်ကအကြောင်း အခြားသော သူငယ်ချင်းများအကြောင်းကိုမေးလိုက်သည်။ ထိုအခါ သူငယ်ချင်းက အဲဒီကိစ္စတွေ အရေးမကြီးဘူးထားလိုက် အခုငါကမင်းကို သူဌေးဖြစ်အောင် လုပ်ပေးမှာ ဟုဆိုကာ သူ၏ သူဌေးဖြစ်သည့်နည်း သြဝါဒကို မနားတမ်းပို့ချလေသည်။

    သူတို့၏အလုပ်က (Network Marketing) ဟုဆိုသည်။ လောလောဆယ် ကျွန်တော်က (Member) ဝင်ရမည်။ ပြီးလျှင် သူတို့ဆီက ဆေးပစ္စည်း၊ အလှကုန် စသည်တို့ကို သိန်း ဂဏန်းဖိုးဝယ်ရမည်။ ကိုယ့်လက်အောက်ခံဆီမှ ကော်မရှင် စားခွင့်ရအောင် ကိုယ်က အခြားသူများကို ဆွယ်ကာ (Member) ဝင်ခိုင်းပြီး ပစ္စည်းများရောင်းရမည် စသဖြင့်ပေါ့တဲ့။

    ပြောတာတော့ တော်တော့်ကိုလွယ်သည်။ တစ်ကယ်တမ်း ကိုယ်ပြန် အကျိုးအမြတ်ရမည် မရမည်ကမသေချာ။ ဒါကို သူတို့သတိမထားမိဘူးလား။

    ပြီးတော့ ဆက်ပြောသောသည်သူတို့၏ သူဌေးက ဒီနိုင်ငံသားမဟုတ်သော နိုင်ငံခြားသား တစ်ဦး၊ သူတို့တတွေက ထို သူဌေးကို ဥက္ကဌကြီးဟုခေါ်သည်တဲ့။ ဥက္ကဌကြီး၏ ကိုယ်ရေးမှတ်တမ်းဆိုကာ ထုတ်ထားသော စာအုပ်တစ်အုပ်ကိုလည်း ထုတ်ပြသေးသည်။ ဘယ်နိုင်ငံကသာ ဘွဲ့ရခဲ့တာ။ ဘယ်လို အစည်းအဝေးမှာ ဘယ်ပုံ တက်ရောက်ခဲ့တာ။ နိုင်ငံရပ်ခြား တိုင်းပြည်ဘယ်နှစ်ခုမှာ စက်ရုံ ဘယ်နှစ်ခုပိုင်တာ စသဖြင့်ရေးသားထားသော ကိုယ်ရည်ကိုယ်သွေး မှတ်တမ်းတစ်အုပ်ပင်ဖြစ်သည်။

    ကျွန်တော် တစ်ခုတော့မေးလိုက်ချင်သည်။ ထိုဥက္ကဌကြီးသည် ထိုသူသည် ဘယ်နိုင်ငံမှာ သူ့ဟာသူဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ သူဈေးကွက်ချဲ့ထွင်ထားသော (ရိုင်းရိုင်းပြောရရင်) ခိုင်းစားနေသော ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ငွေတစ်ကျပ် တစ်ပြားတောင်မှ လှူခဲ့ဖူးရဲ့လားဟုပင်။ သို့သော် မမေးခဲ့ပါ။ စိတ်အားတက်ကြွနေသော သူငယ်ချင်းကို အားနာသောကြောင့်ဖြစ်သည်။

    နောက်ပြီးတော့ သူတို့၏ဆေး ပစ္စည်းတွေကိုလည်းကြည့်ဦး။ ဒီဆေးသောက်လျှင် အသည်း ကျန်းမာရေးကောင်းမည်ဆိုပါစို့။ သို့သော် ဘေးထွက်ဆိုးကျိုး (side effect) က နှလုံးထိမည့်တဲ့။ ထို့ကြောင့် နှလုံးအတွက် ကောင်းတဲ့ဆေးပါတွဲသောက်။ ထိုဆေးမှာပါ side effect ရှိနေပြန်သဖြင့် နောက်ထပ်ဘာနှင့် တွဲသောက်စသဖြင့် ဆေးတစ်မျိုး ဝယ်သောက်လျှင် နောက်က ထပ်၍ ဆေးခြောက် မျိုးလောက်လိုက်သောက် ရတော့မလို ဖြစ်နေသည်။

    ထပ်မံပြီး သူငယ်ချင်းဖြစ်သူက သူအရောင်းအဝယ်တော်သောကြောင့် (Promotion) ရသော နိုင်ငံခြားခရီးစဉ်မှသူနှင့်အခြားတွဲဘက် လုပ်ငန်းကိုင်သူများ၏ ဓါတ်ပုံကို ထုတ်၍ပြသေးသဖြင့် အားနာပါးနာကြည့်ပေးရပြန်သည်။

    နောက်ဆုံးတော့ အချိန်တွေလည်း အတော်ကုန်သွားပြီဖြစ်သဖြင့် ကျွန်တော်လည်း သူငယ်ချင်းကိုမရမက နှုတ်ဆက် ကာပြန်ခဲ့ ရတော့သည်။ ဒါတောင်သူမက မလျှော့ အတင်းကာရော (Member) ဝင်ခိုင်းနေသဖြင့် မျက်နှာခပ်ပြောင်ပြောင်ထားကာာ ပိုက်ဆံမပါလို့ဟုသာ ငြင်းပစ်ခဲ့ရလေသည်။

    ထိုသူငယ်ချင်းနှင့်တွေ့အပြီး နောက်တစ်ပတ်ခန့်အကြာမှာပင် ကျွန်တော်တို့နယ်မှအခြားကျောင်းနေဖက် သူငယ်ချင်းနောက် တစ်ယောက်က ကျွန်တော့်ဆီ ဖုန်းဆက်လာသောကြောင့် ထွေရာလေးပါးပြောရင်းထို (Member) ဝင်ခိုင်းသူ သူငယ်ချင်းအကြောင်းကို အစအဆုံးပင်သိခဲ့ရပါလေရော။

    သူ (Promotion) ရလို့သွားခဲ့သည်ဆိုသော ထိုနိုင်ငံခြားခရီးစဉ်ကို လိုက်ပါနိုင်ရန် ပွိုင့်များလိုနေခြင်းကြောင့် ထိုကုမ္ပဏီမှ ဆေးပစ္စည်းနှင့် အခြားအသုံးအဆောင်များကို သူကိုယ်တိုင်ပင်ပြန်ဝယ်ကာ ပွိုင့်ဖြည့်၍ လိုက်ပါခဲ့ရခြင်းဖြစ်ကြောင်း။ ထိုနိုင်ငံခြားခရီးစဉ် အတွက် လိုအပ်နေသော ပွိုင့်များကိုဖြည့်ရန် သူဝယ်ယူခဲ့သော ငွေကစုစုပေါင်း သိန်းနှစ်ဆယ့်ဖိုးကျော်ကြောင်း ထိုအတွက်သူ့အမေ၊ သူ့ညီမနှင့် သူ့အမျိုးသမီးတို့က လက်ဝတ်လက်စားများပါ ချွတ်ကာရောင်းချပေးခဲ့ရကြောင်း စသည်တို့ကို အံ့အားသင့်စွာပင်ကြား သိခဲ့ရလေတော့သည်။

    သူတို့ညွှန်ဆိုသော သူတို့ ဥက္ကဌကြီး၏ စေတနာထားချက်ကတော့ ကမ်းကုန်အောင်ပင် ဟုဆိုရမလို။ ဘာကြောင့်လဲဆိုတော့ သူသိန်းနှစ်ဆယ်ကျော် ကုန်ကျခံခဲ့သော ထိုနိုင်ငံခြား ခရီးစဉ်မှာ သူတို့မိသားစု လိုက်သွားရင်တောင် ဆယ်သိန်း ဆယ်ငါ့သိန်း ထက်ပိုမကုန်သော ခရီးဖြစ်နေသောကြောင့်ပင်ဖြစ်၏။

    “သြော်…. စေတနာ တကယ်ကိုကောင်းရှာတဲ့ ဥက္ကကြီးပါလား” ဟုတီးထိုးရေရွတ်ရင်းသာ။

    Z.Y

  • ဟစ်တလာပုံစံ ဓါတ်ပုံ တင်မိ၍ ဂျာမနီ မှ မွတ်စလင် ဆန့်ကျင်ရေးခေါင်းဆောင် နှုတ်ထွက်ရ

    ဟစ်တလာပုံစံ ဓါတ်ပုံ တင်မိ၍ ဂျာမနီ မှ မွတ်စလင် ဆန့်ကျင်ရေးခေါင်းဆောင် နှုတ်ထွက်ရ

    ဇန်နဝါရီ ၂၃ ၊ ၂၀၁၅
    M-Media
    _80427051_80427050
    ဂျာမနီရှိ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့ (Pegida)၏ ခေါင်းဆောင်ဖြစ်သူ လုဇ်ဘာ့ရှ်မန်း သည် အဒေါ့ဖ်ဟစ်တလာပုံစံ Selfie ဓာတ်ပုံတစ်ပုံနှင့် Social Mediaများတွင် ၎င်းရေးသားခဲ့သည့် မှတ်ချက်များကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ခံရပြီး အဖွဲ့အစည်းမှ နုတ်ထွက်သွားခဲ့သည်။

    ဂျာမဏီရှိ အရှိန်တက်လာသော အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင်၏ အဒေါ့ဖ် ဟစ်တလာပုံစံ ဓာတ်ပုံတစ်ပုံကြောင့် အငြင်းပွားဖွယ်ရာများ ဖြစ်လာကာ ယင်းအုပ်စုသည် လက်ျာစွန်းရောက်အမြင်ရှိနေသလော ဟူသည့် မေးခွန်းများ ထွက်ပေါ်လာသည်။

    Dresdemn မှ သားသတ်သမား၏ သားဖြစ်သူ အသက် ၄၁ နှစ်အရွယ် လုဇ်ဘာ့ရှ်မန်း Lutz Bachmann သည် Pegida အဖွဲ့တွဲဖက်တည်ထောင်သူဖြစ်၏။ သူသည် သူ၏ဆံသဆရာကို ဟစ်တလာပုံစံပြင်ဆင်စေပြီး ဓာတ်ပုံအရိုက်ခံခဲ့သည်။ ၎င်း၌ ဟစ်တလာ၏ဆံပင်ပုံဟန် အတိုင်း အနက်ရောင်ဆိုး၍ ဘယ်ခွဲညာချဖြီးသင်လျက် နှုတ်ခမ်းမွေးကိုလည်း ငုတ်တိုဖြစ်အောင် ပြင်ဆင် ထားခဲ့သည်။

    ၂၀၁၂ ခုနှစ်၏ အရောင်းရဆုံး စာရေးဆရာ Timur Vermes ၏ ဟစ်တလာအကြောင်း ရေးသားထားသည့်ဝတ္ထု ထွက်ပေါ်ခဲ့ပြီးနောက် ယင်းဓာတ်ပုံသည် “သူ ပြန်လာပြီ” ဟူသော စာတန်းဖြင့် ဘာ့ရှ်မန်း၏ ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် တွေ့လိုက်ရသည်။

    ဘာ့ရှ်မန်းက ပုံတင်ပြီး မကြာမှီ ပရိုဖိုင်းပုံကို ပြန်ဖျက် လိုက်သည်။

    ဘာ့ရှ်မန်းနှင့် သူ့ ဖေ့စ်ဘွတ်အဆက်အသွယ်တစ်ဦးအကြား ပြောဆိုချက်များကို Morgenpost စာဖတ်သူတစ်ဦးမှ တွေ့ရှိခဲ့သည်။ ၎င်းအတွင်း ဘာ့ရှ်မန်းက အခြေချဝင်ရောက်လာသူများကို “ကျွဲ/နွားများ”၊ “ကလိမ်ကကျစ်များ”၊ “အမှိုက်သရိုက်များ” အဖြစ် ဖော်ပြခဲ့သည်။ ထိုစာသားများကို Dresden ၌ Pegida အဖွဲ့၏ ပထမဆုံးချီတက်ပွဲ မတိုင်မီ ၂ လအလိုက ရေးသားခဲ့ခြင်းဖြစ်သည်။

    ထိုဓာတ်ပုံနှင့်ပတ်သက်၍ ဘာ့ရှ်မန်းက  “အဲ့ဒီဓာတ်ပုံကို ကျွန်တော်က ဆံသဆရာဆိုင်မှာ ရိုက်ခဲ့တာပါ။ “သူပြန်လာပြီ” ဆိုတဲ့ သရော်စာဝတ္ထု ထုတ်ဝေခြင်းကြောင့် ဖြစ်ပါတယ်။ ဘယ်နေရာမှာမဆို မိမိကိုယ်ကို ပြောင်လှောင်နိုင်စွမ်း ရှိရမယ်ဆိုတဲ့သဘောပါ” ဟူ၍ တုန့်ပြန်ပြောကြားသည်။

    အခြေချပြောင်းရွှေ့ဝင်ရောက်လာသူများအား မဖွယ်မရာ ချိုးနှိမ်ခွဲခြားသည့် မှတ်ချက်များအပေါ် မေးမြန်းရာ သူက “ကျွန်တော်တို့ရဲ့ သီးသန့်အရေးတွေနဲ့ ပတ်သက်လို့ မှတ်ချက်မပေးလိုပါဘူး” ဟု ပြန်လည်ဖြေကြားသည်။

    ဘာ့ရှ်မန်းသည် ဖောက်ထွင်းမှု၊ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု၊ ကိုယ်ထိလက်ရောက်စော်ကားမှု အစရှိသော ပြစ်မှုမျိုးစုံ ကျူးလွန်ထားသူဖြစ်သည်။

    ထို ဟစ်တလာပုံစံ ဓာတ်ပုံတင်ခဲ့ခြင်းကြောင့် လူမှုမီဒီယာဆိုဒ်များတွင် သူ့အား သတ်ဖြတ်လိုကြောင်း ရေးသားလာကြသည်။

    ဂျာမန် ဒုတိယ ဝန်ကြီးချူပ် ဆစ်ဂ်မာ ဂါဘရီရယ်လ်က “နိုင်ငံရေး နယ်ပယ်ထဲမှာ ရှိနေတဲ့ ဘယ်သူမဆို ဟစ်တလာနဲ့ ပုံစံတူ မလုပ်ပြသင့်ပါဘူး။ ဒီလိုလုပ်တာဟာ ရူးရင်ရူးနေလို့၊ မဟုတ်ရင် နာဇီဝါဒီ မို့လို့ပဲ။ မှန်မှန်ကန်ကန် တွေးခေါ်တတ်တဲ့ လူတွေကတော့ အရူးမလုပ် မလုပ်လောက်ဘူး။ လူကောင်းသူကောင်းတွေက နာဇီလမ်းစဉ် မလိုက်ပါဘူး”ဟု ဝေဖန် ပြောကြားခဲ့သည်။

    ref: The Guardian

  • ဂျပန်ဓားစားခံ ၂ ဦးအား သတ်ပစ်ရန်ခြိမ်းခြောက်သည့် IS ၏ လုပ်ရပ်ကို ဂျပန်မွတ်စလင်များ ကန့်ကွက်ရှုတ်ချ

    ဂျပန်ဓားစားခံ ၂ ဦးအား သတ်ပစ်ရန်ခြိမ်းခြောက်သည့် IS ၏ လုပ်ရပ်ကို ဂျပန်မွတ်စလင်များ ကန့်ကွက်ရှုတ်ချ

    ဇန်န၀ါရီ ၂၃၊ ၂၀၁၅
    M-Media

    jpn

    – IS အဖွဲ့မှာ မိမိတို့ အစ္စလာမ်သာသနာအား ခြိမ်းခြောက်နေသည့် အဖွဲ့တစ်ခုအဖြစ် မှတ်ယူခဲ့ပြီးနောက်၊ မိမိတို့နိုင်ငံသား ၂ ဦးအား သတ်ဖြတ်ရန်ခြိမ်းခြောက်ခဲ့သည့် အဆိုပါ အစွန်းရောက်အဖွဲ့အား ဂျပန်မွတ်စလင်များက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

    `မွတ်စလင်တွေနဲ့ပတ်သက်ပြီး ဂျပန်မှာ နားလည်မှုလွဲမှားတာဟာ အချိန်အတော်ကြာကတည်းက ရှိနေခဲ့ပါတယ်။ (ISရဲ့) ဒီလို လုပ်ရပ်မျိုးကြောင့် အစ္စလာမ်ဆိုတာ အကြမ်းဖက်ဝါဒီတို့ရဲ့ ဘာသာဆိုတဲ့ အထင်မှားအမြင်မှားတွေ ပိုပြီးတော့ ပေါ်ပေါက်စေနိုင်ပါတယ်´ ဟု ဂျပန်ရှိ အကြီးဆုံးဗလီဝတ်ကျောင်းတော်ဖြစ်သော တိုကျိုမြို့ Tokyo Camii ဗလီဝတ်ကျောင်းတော်မှ ပြောရေးဆိုခွင့်ရှိသူ ရှီဂီရူ ရှီမိုယာမာက Japan Times သတင်းစာသို့ ပြောကြားခဲ့သည်။

    လိမ္မော်ရောင် အကျဉ်းသားဝတ်စုံ ၀တ်ထားသော ဂျပန်ဓားစားခံနှစ်ဦးကို ပြကာ ဂျပန်အစိုးရက ၎င်းတို့အတွက် ပြန်ပေးငွေ ကန်ဒေါ်လာ သန်း ၂၀ ကို ၇၂ နာရီအတွင်း မပေးပါက သတ်ပစ်မည်ဟု IS အဖွဲ့မှ ခြိမ်းခြောက်သော ဗီဒီယို ထွက်လာပြီးနောက်ပိုင်း ဂျပန်မွတ်စလင်များမှာ တုန်လှုပ်ခဲ့ကြသည်။

    ပြန်ပေးသမားကမူ ၎င်းတို့တောင်းဆိုသည့်ငွေမှာ အရှေ့အလယ်ပိုင်းအတွင်း အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက် ဂျပန်အစိုးရက ထောက်ပံ့ပေးသော ငွေပမာဏနှင့် ညီတူညီမျှ တောင်းဆိုခြင်းဖြစ်သည်ဟု အဆိုပါဗီဒီယိုတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ ဖမ်းဆီးခံထားရသည့် ဓားစားခံနှစ်ဦးအား ကယ်တင်ရေးတွင် ကူညီပေးရန်အတွက် ပါလက်စတိုင်း၊ ဂျော်ဒန်၊ အီဂျစ်နှင့် တူရကီနိုင်ငံများသို့ တောင်းဆိုထားသည်။

    ဂျပန်မွတ်စလင်ခေါင်းဆောင်များကလည်း မိမိတို့နိုင်ငံသားများအား ဖမ်းဆီးကာ ဓားစားခံလုပ်ထားသည့် IS ၏ လုပ်ရပ်မှာ ခွင့်လွှတ် နိုင်ဖွယ်မရှိသော ကောက်ကျစ်ယုတ်မာသည့် လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရှီမိုယာမာကလည်း ထိုလုပ်ရပ်အား ရှုတ်ချခဲ့ပြီး အဆိုပါ ဗီဒီယိုမှာ စက်ဆုပ်ဖွယ်ကောင်းပြီး အစ္စလာမ်သာသနာနှင့် ဆန့်ကျင်သော လုပ်ရပ်ဖြစ်ကြောင်း၊ ထိုလုပ်ရပ်ကို လုပ်ဆောင်သည့်လူများမှာ စစ်မှန်သော မွတ်စလင်များ မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စလာမ်နှင့်ဆန်ကျင်

    အခြားသော ဂျပန်မွတ်စလင်များကလည်း IS ၏ ထိုလုပ်ရပ်အား ရှုတ်ချခဲ့ပြီး အစ္စလာမ်သာသနာမှာ အပြစ်မဲ့သူများကို သတ်ဖြတ်ခွင့်မပေးထားဟု ပြောကြားခဲ့သည်။

    `IS ကြောင့် ဒုက္ခရောက်သူအားလုံးကို ကျွန်တော်တောင်းပန်ပါတယ်။ ဒီအုပ်စုဟာ အစ္စလာမ်နဲ့ ဘယ်လိုဆက်သွယ်မှုမျိုးမှ မရှိပါဘူး။ မွတ်စလင်မှန်ရင် ဘယ်သူ့ကိုမှ မသတ်ပါဘူး။ ကျွန်တော်တို့ အပြစ်မဲ့တဲ့သူတွေကို မသတ်ပါဘူး´ ဟု ကာနာဂါဝါ ပြည်နယ်ရှိ တိုကိုင်း တက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူနေသည့် အသက် ၂၂ နှစ်အရွယ် အိုမန်ကျောင်းသား အမ်ဘူ ဆိုင်ဒီက ပြောကြားခဲ့သည်။

    ကျန်မွတ်စလင်များကလည်း ထိုလုပ်ရပ်မှာ ခွင့်မလွှတ်နိုင်ဖွယ်ရာလုပ်ရပ်ဖြစ်ပြီး စက်ဆုပ်ဖွယ်ကောင်းသည်ဟု ပြောကြားခဲ့ကြသည်။

    `IS အဖွဲ့က ဘာတွေပဲကျူးလွန်ကျူးလွန် ဒီအစွန်းရောက်အဖွဲ့ဟာ ကျွန်တော်တို့နဲ့ မဆိုင်ဘူးဆိုတာ ဂျပန်ပြည်သူအများစု သိကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်´ ဟု ဟိုကိုင်းဒိုးမှ အမည်မဖေါ်လိုသော ဂျပန်မွတ်စလင်တစ်ဦးက ပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ ဂျပန်နိုင်ငံသို့ ၁၉၂၀ ပြည့်နှစ်များတွင် စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်အရောက်တွင် ဂျပန်နိုင်ငံရှိ အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ၁၀၀၀ ခန့် ရှိလာခဲ့သည်။

    ၁၉၈၀ ပြည့်နှစ်များတွင် အီရန်၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ရွှေ့ပြောင်းလုပ်သားများ ၀င်ရောက်လာမှုနှင့်အတူ အစ္စလာမ် ဘာသာဝင်ဦးရေမှာ တိုးပွားလာခဲ့ပြီး ယခုအချိန်တွင် ဂျပန်ပြည်သူ ၁၂၇ သန်းတွင် အစ္စလာမ်ဘာသာဝင် ၁၂၀၀၀၀ ခန့်ရှိသည်ဟု သိရသည်။

    ထို့ပြင် ဂျပန်နိုင်ငံတွင် ဟာလာလ်စားသောက်ဆိုင်များအပါအ၀င် အစ္စလာမ့်နည်းကျ စီးပွားရေးလုပ်ငန်းများလည်း တိုးတက်လာခဲ့ပြီး အစိုးရကိုယ်တိုင်က ထိုလုပ်ငန်းများအား အားပေးကူညီလျက် ရှိနေသည်။

    Ref: onislam