News @ M-Media

Blog

  • ၂၀၀၃ က ပျောက်သွားသည့် အာကသယာဉ် အင်္ဂါဂြိုဟ်ပေါ်တွင် ပြန်တွေ့

    ၂၀၀၃ က ပျောက်သွားသည့် အာကသယာဉ် အင်္ဂါဂြိုဟ်ပေါ်တွင် ပြန်တွေ့

    ဇန်န၀ါရီ ၂၁၊ ၂၀၁၅
    M-Media

    be 2

    – ဆယ်စုနှစ်တစ်ခုကျော်ကြာ ပျောက်ဆုံးသွားခဲ့သည့် ယူကေမှ အာကသယာဉ်ငယ်တစ်ခုကို အင်္ဂါဂြိုဟ်ပေါ်တွင် ပြန်လည်တွေ့ရှိခဲ့သည် ဟု ယူကေ အာကသအေဂျင်စီက ဇန်န၀ါရီ ၁၆ ရက် သောကြာနေ့တွင် ပြောကြားလိုက်သည်။

    Beagle 2 ဟု အမည်ရသည့် အဆိုပါ ဂြိုဟ်ဆင်းယာဉ်ငယ်အား နာဆာ၏ အင်္ဂါဂြိုဟ်ပတ်ယာဉ် MRO က ဓာတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ဓာတ်ပုံတွင် Beagle 2 ယာဉ်ငယ်၊ ထိုယာဉ်ငယ်မှ လေထီးနှင့် အနောက် ကာဗာတို့ကို တွေ့ရှိခဲ့ရသည်။

    ယူကေမှ လွှတ်တင်ခဲ့သည့်အဆိုပါ ဂြိုဟ်ဆင်းယာဉ်ငယ်မှာ အင်္ဂါဂြိုဟ်ပေါ်သို့ဆင်းသက်စဉ် ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ထိုသို့ ပျောက်ဆုံးသွားခြင်းကြောင့် ဂြိုဟ်ပေါ်သို့ဆင်းသက်ခြင်းလုပ်ငန်းမှာ အောင်မြင်မှု ရှိ၊ မရှိ
    ထိုစဉ်က မသိခဲ့ရသော်လည်း ယခုဓာတ်ပုံတွင် တွေ့ရသည့် အနေအထားအရ အင်္ဂါဂြိုဟ်ပေါ်သို့ဆင်းသက်သည့် လုပ်ငန်းမှာ အောင်မြင်သည်ကို တွေ့ရှိခဲ့ရသည်။

    သို့သော်လည်း ထိုယာဉ်ငယ်အား ပြန်လည်ဆက်သွယ်ရန်နှင့် ထိုယာဉ်ငယ်မှ အချက်အလက်များကို ပြန်လည်ရယူရန်မှာ မဖြစ်နိုင်တော့ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

    အိတ်ဆောင်နာရီပုံစံ ဒီဇိုင်းထွင်ထားသော အဆိုပါ Beagle 2 ဂြိုဟ်ဆင်းယာဉ်ငယ်မှာ အင်္ဂါဂြိုဟ်ပေါ်တွင် သက်ရှိများ ရှိ၊ မရှိ ရှာဖွေစူးစမ်းရန်အတွက် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

    ထိုယာဉ်ငယ်ကို ၂၀၀၃ ခုနှစ်အတွင်းက ရုရှားရှိ အာကာသစခန်းတစ်ခုမှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အခြားဂြိုဟ်သို့ သွားရောက်ရန်အတွက် ဥရောပမှ ပထမဆုံးလွှတ်တင်သည့် ယာဉ်ငယ်လည်း ဖြစ်သည်။

    Ref: channelnewsasia

  • မြန်မာ-တရုတ် ရေနံပိုက်လိုင်း ဇန္န၀ါရီလကုန်တွင် ဖွင့်လှစ်ဖွယ်ရှိ

    မြန်မာ-တရုတ် ရေနံပိုက်လိုင်း ဇန္န၀ါရီလကုန်တွင် ဖွင့်လှစ်ဖွယ်ရှိ

    ဇန်န၀ါရီ ၂၀၊ ၂၀၁၅
    M-Media
    Pipelines-through-Myanmar-to-China
    တရုတ် သွင်းကုန်အတွက် နောက်ထပ် လမ်းကြောင်း တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ ကုန်းလမ်းကြောင်းကို ဖြတ်သန်း တည်ဆောက်ထားသော ရေနံစိမ်း သွယ်တန်းပိုက်လိုင်းနှင့် ရေနက် ဆိပ်ကမ်းတစ်ခုကို လာမည့် ဇန္န၀ါရီလကုန်ပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ သို့သော် တရုတ်ပြည်တွင်း၌ ရေနံချက် စက်ရုံအား အပြီးသတ် ရန်မှာ လများစွာ လိုနေသေးကြောင်း သတင်းများက ဆိုသည်။

    ထိုအစီအစဉ် အထမြောက်လျှင် တရုတ်နိုင်ငံ၏ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းအတွက် ကျဉ်းမြောင်းပြီး အန္တရာယ်များသော မလက္ကာရေလက်ကြားအပေါ် မှီခိုနေခြင်းမှ လွယ်ကူချောမွေ့သွားစေမည်ဖြစ်သည်။ တရုတ်ပြည်သည် ပြည်ပကုန်စည်အများစုအတွက် အသုံးပြုနေရသည့် ယင်းလမ်းကြောင်းမှ တဆင့် လက်ရှိရေနံသွင်းကုန်၏ ၈၀ ရာခိုင်နှုန်းကို တင်ပို့ဖြတ်သန်းလျက်ရှိသည်။

    ပိုက်လိုင်းမှတဆင့် ရေနံစိမ်းသွယ်တန်း တင်ပို့မှု၏အဓိကရင်းနှီးမြှုပ်နှံသူ PetroChina သည် မြန်မာနိုင်ငံနှင့် ကပ်လျက် ယူနန်ပြည်နယ်ရှိ ရေနံချက် စက်ရုံအား ၆၀ ရာခိုင်နှုန်းအထိ တည်ဆောက်ပြီးစီးနေပြီဖြစ်ပြီး ယခုနှစ်ကုန်မှသာ အချောသတ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံ့ စွမ်းအင်ကဏ္ဍ၏ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

    အဆိုပါပိုက်လိုင်းမှ ရေနံများကို လှောင်ကန်များအတွင်း ထည့်သွင်းထားကာ တရုတ်ပြည်၏ ရေနံစိမ်းသွင်းကုန် ရေတိုလိုအပ်ချက် အထောက်အကူပြုရေးအတွက် အသုံးပြုမည်ဖြစ်သည်။ တစ်နေ့လျှင် ရေနံစည်နှစ်သိန်း ချက်လုပ်နိုင်သည့် အဆိုပါ Anning ရေနံချက် စက်ရုံဖွင့်လှစ်ပါက တစ်နေ့လျှင် ရေနံစိမ်း စည်ပေါင်း ၆.၂ သန်း ချက် လုပ်နိုင်မည်။ ပိုက်လိုင်း၏ သွယ်တန်း ပို့ဆောင်နိုင်စွမ်းမှာ တစ်နေ့လျှင် ၄၄၀၀၀၀ စည် ဖြစ်သည်။

    China National Patroleum Corporation (CNPC) ၏ လက်အောက်ခံ – ပိုက်လိုင်း တည်ဆောက်ခြင်းနှင့် သွယ်တန်းခြင်းကို စီမံကြီးကြပ်နေသည့် Southeast Asia Pipeline Co, Ltd., မှ ကုမ္ပဏီ အရာရှိတစ်ဦးက ကီလိုမီတာ ၂၄၀၀ (မိုင် ၁၅၀၀) ရှည်လျားသည့် အဆိုပါ ပိုက်လိုင်းကို ယခုလကုန်၌ ဖွင့်လှစ်မည်ဟု ဆိုသည်။ ၎င်းကို စွမ်းအင်ဝန်ကြီးဌာန အရာရှိတစ်ဦး ကလည်း အတည်ပြုပြောကြားသည်။

    “ရေနံပိုက်လိုင်း သွယ်တန်းတင်ပို့မှုအတွက် အရာအားလုံး အဆင်သင့် ဖြစ်နေပါပြီ။ ဇန္န၀ါရီလ ၃၀ ရက်မှာ စတင်နိုင်ဖို့ အကြမ်းဖျင်းလျာထားပါတယ်” ဟု မီဒီယာပြောရေးဆိုခွင့်မရှိ၍ အမည်မဖော်လိုသူ အရာရှိက ဆိုသည်။

    ရေနံချက်စက်ရုံသစ် မလည်ပတ်မီ ရေနံများကို ယူနန်ပြည်နယ်အရှေ့ပိုင်း ကွမ်ရှီး Guangxi  ဒေသရှိ သိုလှောင်ကန်များထဲ ထည့်သွင်းသိမ်းဆည်းထားမည်ဖြစ်သည်။ မြန်မာနိုင်ငံဖက်ခြမ်းတွင်လည်း CNPC ၏ သိုလှောင်ကန်များ တစ်ဒါဇင်အထက် ရှိနေပြီး ယူနန်နယ်အတွင်း ထို့ထက်မက ရှိနေကြောင်း တရုတ်မီဒီယာသတင်းဌာနတစ်ရပ်မှ သိရသည်။

    ရေနံပိုက်လိုင်းမှာ ၉၄ ရာခိုင်နှုန်း ပြီးစီးနေပြီး အချောသတ်တော့မည်ဖြစ်ကြောင်း CNPC သည် ၂၀၁၃ ခုနှစ် ကတည်းကပင် ပြောဆိုထားပြီးဖြစ်သည်။

    ၎င်းနှင့်ကပ်လျက်ရှိသော သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ပထမတစ်နှစ်အတွင်း ပို့ဆောင်သည့် ပမာဏမှာ ၁.၈၇ ဘီလီယံ ကုဗမီတာ ဖြစ်သည်။

    Ref : Reuters

  • မိမိနှင့် မက်ဆီတို့ ပြိုင်ဆိုင်မှုက ဘောလုံးစွမ်းရည်တိုးတက်ရေး လှုံ့ဆော်မှု ဖြစ်သည်ဟု ရော်နယ်ဒိုပြော

    မိမိနှင့် မက်ဆီတို့ ပြိုင်ဆိုင်မှုက ဘောလုံးစွမ်းရည်တိုးတက်ရေး လှုံ့ဆော်မှု ဖြစ်သည်ဟု ရော်နယ်ဒိုပြော

    ဇန်န၀ါရီ ၂၁၊ ၂၀၁၅
    M-Media

    mes

    – ကမ္ဘာပေါ်ရှိ ဘောလုံးသမားတိုင်းက လေးစားအားကျသည့် မိမိနှင့် မက်ဆီတို့၏ ပြိုင်ဆိုင်မှုမှာ မိမိတို့အရည်အချင်း တိုးတက်ရေးအတွက် လှုံ့ဆော်မှုပင်ဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    အသက် ၂၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့မှာ ၂၀၀၈ ခုနှစ်မှစတင်ကာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုကို ၎င်းတို့ နှစ်ဦးကသာ သိမ်းပိုက်ထားကြသည်။

    ရော်နယ်ဒိုကမူ မိမိတို့နှစ်ဦး ထိုသို့ကြီးစိုးထားခြင်းက ကောင်းမွန်ပြီး မိမိတို့ စွမ်းရည်များကို အခြားသောကစားသမားများ လေးစားအားကျသည်မှာလည်း ၎င်းတို့ ဘောလုံးစွမ်းရည် တိုးတက်လာရန်အတွက် ကောင်းမွန်မှုတစ်ခုဖြစ်သည်ဟု ဆိုသည်။

    `ကျွန်တော်တို့ နှစ်ဦးကြားက ပြိုင်ဆိုင်မှုဟာ သူ့အတွက်လည်း လှုံ့ဆော်မှုဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်သေချာသိပါတယ်။ ကျွန်တော့်အတွက်ရော၊ သူ့အတွက်ရော ပြီးတော့ ဘောလုံးစွမ်းရည်တိုးတက်ဖို့အတွက် စိတ်အားထက်သန်ကြတဲ့ အခြားသော
    ကစားသမားတွေအတွက် ကောင်းတဲ့အရာပါပဲ။ မက်ဆီက Ballon d’Or ဆု လေးကြိမ်ရထားတယ်။ ကျွန်တော်က သုံးကြိမ်ရတယ်။ ဒါဟာ ကမ္ဘာ့ဘောလုံးလောကအတွက် ကောင်းပါတယ်´ ဟု ရော်နယ်ဒိုက AS သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ရော်နယ်ဒိုက လက်ရှိအချိန်တွင် မိမိ၏ တစ်ဦးချင်းစွမ်းဆောင်ရည်ကို တိုးတက်အောင် ကြိုးစားနေကြာင်း ထပ်လောင်းပြောကြား ခဲ့သည်။

    `ကျွန်တော့်ရဲ့ ဘယ်ခြေ၊ ပြေးအားနဲ့ ဖရီးကစ်ကန်သွင်းမှုတွေကို တိုးတက်အောင် လောလောဆယ် ကျွန်တော်ကြိုးစားနေပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အခုတလော ကျွန်တော် ကောင်းကောင်းမလုပ်နိုင်ပါဘူး´

    ရော်နယ်ဒိုမှာ ဇန်န၀ါရီ ၁၂ ရက်နေ့ကပင် ၎င်း၏ တတိယအကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ပူပူနွေးနွေး ရရှိထားသူဖြစ်သည်။

    Ref: goal.com

  • တောင်အာဖရိကတွင် မုဟမ္မဒ်သခင်ဖွားမြင်ခြင်း အထိမ်းအမှတ်အခမ်းအနား ပြုလုပ်

    တောင်အာဖရိကတွင် မုဟမ္မဒ်သခင်ဖွားမြင်ခြင်း အထိမ်းအမှတ်အခမ်းအနား ပြုလုပ်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၅
    M-Media

    sac

    – နှစ်ဘ၀၏ ခေါင်းဆောင် တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ)၏ ဖွားမြင်ခြင်းအထိမ်းအမှတ်အဖြစ် ကိုယ်တော့်၏ ဘ၀ခရီးလမ်း လျှောက်လှမ်းခဲ့မှုအား ဖော်ကျူးသည့် အခမ်းအနားတစ်ခုကို တောင်အာဖရိကမှ မွတ်စလင်များက ပြုလုပ်ခဲ့ကြပြီး အစ္စလာမ်ကပြောသည့် ငြိမ်းချမ်းရေးနှင့် မေတ္တာသတင်းစကားကိုလည်း ဖြန့်ချီပေးခဲ့ကြသည်ဟု သိရသည်။

    `ကျွန်တော်တို့ ဒီနေ့ ဖြန့်ချီတဲ့သတင်းစကားဟာ ချစ်ခြင်းမေတ္တာရဲ့ သတင်းစကား ဖြစ်ပါတယ်။ ဒီချစ်ခြင်းမေတ္တာဟာ တစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်ခုအတွက် မဟုတ်ဘဲ စကြ၀ဠာ တစ်ခုလုံး အတွက်ပါပဲ´ ဟု တောင်အာဖရိကရှိ မဒီနာ တက္ကသိုလ်မှ ဆရာဖြစ်ပြီး Vangate ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်အီမာမ်ဖြစ်သော ရှိခ်အက်ခ်ျမတ် တာဟီရ် မိုဟာမက်က တက်ရောက်လာကြသည့် လူထုပရိတ်သတ်အား ပြောကြားခဲ့သည်။

    `ဒီသတင်းစကားဟာ ကိုယ်တော်မြတ်ရဲ့ သတင်းစကားလည်း ဖြစ်ပါတယ်။ ဒီအကြောင်း အရင်းကြောင့်ပဲ ကိုယ်တော့်ကို သနားကြင်နာတတ်သူအဖြစ် ခင်ဗျားတို့ တွေ့ရတာပါ။ ကျွန်တော်တို့ဟာ ကိုယ်တော့်ရဲ့ ဘ၀ထေရုပ္ပတ္တိကို သိရှိပြီး ကိုယ်တော်သတ်မှတ်ပေးခဲ့တဲ့ စံနမူနာတွေကိုလည်း သိရှိကြပါတယ်´

    ဇန်န၀ါရီ ၁၉ ရက် တနင်္ဂနွေနေ့က ကိပ်တောင်းမြို့ Athlone အားကစားခန်းမတွင် ပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားသို့ အမျိုးသား၊ အမျိုးသမီး ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး ၎င်းတို့အားလုံးမှာ အဖြူရောင်ဝတ်စုံများ ၀တ်ဆင်ထားကြသည်။

    ယခုနှစ်ပြုလုပ်သော အဆိုပါအခမ်းအနားကို အစ္စလာမ်သာသနာနှင့် မုဟမ္မဒ်သခင်တို့အပေါ် ရှိနေသည့် လွဲမှားသောစွပ်စွဲမှုများအား ဖြေရှင်းရန် ရည်ရွယ်ကျင်းပခြင်းလည်း ဖြစ်သည်။

    `အခြားသာသနာတွေကို ဆန့်ကျင်ပြီး ပြောဆိုရေးသားတဲ့ မွတ်စလင်တွေကို ခင်ဗျားတို့ ဘယ်တော့မှ တွေ့ရမှာမဟုတ်ပါဘူး။ ဒါမျိုးတွေ့ပြီဆိုရင်တော့ ဒါဟာ အစ္စလာမ့်ဘောင်အတွင်းက မဟုတ်ဘူးလို့သာ ခင်ဗျားတို့ သတ်မှတ်လိုက်ပါ။ ဒါမျိုးဟာ အစ္စလာမ်က သွန်သင်ထားတာမျိုး မဟုတ်ပါဘူး တကယ်လို့ ခင်ဗျားတို့ အစ္စလာမ့်ရဲ့ သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် မွတ်စလင်တွေဟာ အခြား ဘာသာတရားတွေကို စော်ကားပြောဆိုတာမျိုးကို တွေ့ရမှာမဟုတ်ပါဘူး´ ဟု ရှိခ် မိုဟာမက်က ထပ်လောင်းပြောကြားခဲ့သည်။

    မုဟမ္မဒ်သခင် ဖွားမြင်သည့်နေ့မှာ အစ္စလာမ့် ပြက္ခဒိန်၏ တတိယမြောက် ရဗီအွလ်အောင်ဝလ်လ ၁၂ ရက်နေ့တွင်ဖြစ်ပြီး ယခုနှစ်တွင် ဇန်န၀ါရီ ၃ ရက်နေ့ ကျရောက်ခဲ့သည်။

    အဆိုပါ အခါသမယ၌ ပြုလုပ်သော အခမ်းအနားများတွင် မွတ်စလင်များမှာ ကိုယ်တော့်၏ အသက်တာအကြောင်း သင်ယူလေ့လာခြင်း နှင့် ကိုယ်တော့်၏ နေထိုင်အသက်မွေးမှုများကို လက်တွေ့ကျကျလိုက်နာကျင့်သုံးကြရန် တိုက်တွန်းနှိုးဆော်ခြင်းတို့ကို ပြုလုပ်လေ့ရှိကြသည်။

    ကမ္ဘာတစ်ဝှမ်းပြုလုပ်သော အခမ်းအနားများတွင်လည်း အစ္စလာမ့်စာအုပ်စာပေများ ရောင်းချခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ အလှူဒါနပြုခြင်း စသည်တို့လည်း ပါဝင်သည်။

    လွတ်လပ်စွာပြောဆိုခွင့်

    ပဲရစ်တိုက်ခိုက်မှုအပြီး တစ်ပတ်အကြာတွင် ပြုလုပ်ခဲ့သည့် တောင်အာဖရိကမှ အဆိုပါ အခမ်းအနားတွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် ပတ်သက်၍လည်း ပြောကြားမှုများ ရှိခဲ့သည်။

    `ကမ္ဘာတစ်ဝှမ်းက ၁.၇ ဘီလီယံသော မွတ်စလင်များနဲ့အတူ ကျွန်တော်တို့ဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထောက်ခံပါတယ်။ ဒါပေမယ့် ဘာသာတရားကို စော်ကာတာမျိုးကိုတော့ မထောက်ခံသလို ရိုင်းပျခြင်းကိုလည်း လက်မခံပါဘူး။ သူတို့က `ကျွန်တော်ဟာ ချာလီပါ´ လို့ဆိုရင် ကျွန်တော်ကတော့ `ကျွန်တော်ဟာ မုဟမ္မဒ်´ ပါပဲလို့ ပြောမှာပါ။ လွတ်လပ်စွာပြောဆိုခွင့်ကို ကျွန်တော်တို့ ထောက်ခံသလို ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း ကျွန်တော်တို့ လိုချင်ပါတယ်။ ဘာသာတရားအပေါ် စော်ကားတာတွေ၊ ရိုင်းပျတာတွေကို ရပ်ကို ရပ်တန့်ပစ်ရပါမယ်´ ဟု အစ္စလာမ်ဓမ္မပညာရှင် တစ်ဦးဖြစ်သူ ရှိခ် အဘ်ဒူရဟ်မန် အလက်ဇန်းဒါးက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် အစ္စလာမ့်ဓမ္မပညာရှင်များမှာ Charlie Hebdo မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုအတွက်လည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

    `ဘယ်လိုကာတွန်းမျိုးပဲဖြစ်ဖြစ်၊ အရာမျိုးပဲဖြစ်ဖြစ် လုပ်တာဟာ မုဟမ္မဒ်သခင်နဲ့ ပတ်သက်ပြီး ပိုပြီးသတိထားမိအောင် လုပ်ဆောင်တယ် လို့ပဲ ကျွန်တော်တို့ ယူဆပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စိတ်မပူပါဘူး။ စိတ်လည်းမဆိုးပါဘူး။ ဆက်လုပ်ချင်ရင်လုပ်ပါ။ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်မှာပါပဲ။ ချစ်ခြင်းမေတ္တာတရားနဲ့ ကိုယ်တော့်အပေါ် ချစ်မြတ်နိုးခြင်းဆိုတဲ့ စိတ်ဓာတ်တွေကို ကျွန်တော်တို့က ဆက်လက်ဖြန့်ဖြူးသွားမှာပါပဲ´ ဟု ရှိခ်မိုဟာမက်က ထပ်လောင်းပြောကြားခဲ့သည်။

    မုဟမ္မဒ်သခင် ဖွားမြင်ခြင်းအထိမ်းအမှတ်အဖြစ် ပြုလုပ်သော အဆိုပါအခမ်းအနားသို့ ကိပ်တောင်းမြို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

    `အစ္စလာမ်သာသနာဟာ လူ့တန်ဖိုး၊ သနားကြင်နာမှုနဲ့ပတ်သက်ပြီး အရေးပါတဲ့ ကဏ္ဍတွေကြောင့် လူသိများ၊ ထင်ရှားပါတယ်´ ဟု ကိပ်တောင်းအုပ်ချုပ်ရေးမှူး ပက်ထရစ်ရှာ လိုင်လီက ပရိတ်သတ်များအား ပြောကြားခဲ့သည်။

    တောင်အာဖရိကနိုင်ငံ၏ လူဦးရေ ၄၉ သန်းတွင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည် ကြသူများမှာ ၁.၅ ရာခိုင်နှုန်း ရှိနေသည်ဟု CIA ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

    Ref: onislam

  • အေစီမီလန်နှင့် ပထမဆုံးရခဲ့သည့် ချန်ပီယံလိဂ်သာ အမှတ်တရဖြစ်ကြောင်း အန်ဆယ်လော့တီဆို

    အေစီမီလန်နှင့် ပထမဆုံးရခဲ့သည့် ချန်ပီယံလိဂ်သာ အမှတ်တရဖြစ်ကြောင်း အန်ဆယ်လော့တီဆို

    ဇန်န၀ါရီ ၂၀၊ ၂၀၁၅
    M-Media

    alt

    – ပြီးခဲ့သည့်နှစ်က ရရှိခဲ့သည့် ရီးယဲလ်၏ ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားထက် အေစီမီလန်နှင့်အတူ ပထမဆုံးရရှိခဲ့သည့် ချန်ပီယံလိဂ်ဖလားကသာ မိမိ၏ နည်းပြဘ၀အတွက် အမှတ်တရဖြစ်စေသည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြား လိုက်သည်။

    အသက် ၅၅ နှစ်အရွယ် ရှိပြီဖြစ်သည့် အန်ဆယ်လော့တီမှာ နည်းပြဘ၀ ၎င်း၏ တတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ပြီးခဲ့သည့်ရာသီက ရီးယဲလ်နှင့်အတူ ရရှိခဲ့သည်။ အဆိုပါ ချန်ပီယံလိဂ်မှာ ရီးယဲလ်၏ ၁၀ ကြိမ်မြောက်ချန်ပီယံလိဂ် ဖလားလည်းဖြစ်ပြီး နှစ်ပေါင်းများစွာကြာပြီးမှ ရရှိခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း အီတလီဘောလုံးအကျော်အမော်များစာရင်း (Hall of Fame) တွင် ထည့်သွင်းခံရသည့် အန်ဆယ်လော့တီမှာ ဂုဏ်ပြုပွဲတွင် ၂၀၀၃ ခုနှစ်က အိုးထရက်ဖို့ဒ်၌ ပြည်တွင်းပြိုင်ဘက် ဂျူဗင်တပ်စ်အသင်းအား ပင်နယ်တီဖြင့်အနိုင်ကစားပြီး
    အေစီမီလန်အသင်းနှင့်အတူ ရရှိခဲ့သည့် ချန်ပီယံလိဂ်ဖလားက နည်းပြဘ၀မှ အနားယူသွားသည်အထိ မိမိအတွက် အမှတ်တရဖြစ်နေမည်ဟု ပြောကြားခဲ့သည်။

    `ကျွန်တော့်ရဲ့ သက်တမ်းတစ်လျှောက်မှာ ကစားသမားဘ၀မှာရာ၊ နည်းပြဘ၀မှာပါ ကံကောင်းခဲ့ပါတယ်။ ကျွန်တော်ဟာ ဆာချီကိုင်တွယ်တဲ့ မီလန်အသင်းမှာ ကစားခဲ့ရတယ်။ ပြီးတော့ ဒီအသင်းမှာပဲ နည်းပြအဖြစ် ဆောင်ရွက်ရပြီး ကျွန်တော့်အတွက် ကံကောင်းခဲ့ပါတယ်။ (အမှတ်တရဖြစ်တဲ့) ဆုဖလားတစ်ခုကို ထုတ်ပြရရင်တော့ မန်ချက်စတာမှာ ဂျူဗင်တပ်စ်ကို အနိုင်ရပြီး မီလန်နဲ့အတူရခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကို ထုတ်ပြချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ (နည်းပြအဖြစ်) ကျွန်တော့်ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဖလား မို့လို့ပါပဲ´ ဟု အန်ဆယ်လော့တီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် အန်ဆယ်လော့တီက အင်္ဂလန်လိဂ်မှာ မြန်နှုန်းမြင့်လိဂ်ပြိုင်ပွဲ တစ်ခုဖြစ်ပြီး ပရိတ်သတ်များကလည်း လေးစားမှုရှိကြောင်း၊ ပြင်သစ်လိဂ်မှာ tempo မြင့်ပြီး ပြိုင်ဆိုင်မှုများသည့် လိဂ်ဖြစ်ကြောင်း၊ စပိန်လိဂ်မှာ ဘောလုံးချစ်သူများ လိဂ်ဖြစ်ကာ အီတလီလိဂ်မှာ ခံစစ်နှင့် နည်းစနစ်ပိုင်းအားပြုသည့် လိဂ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: goal.com