News @ M-Media

Blog

  • တောင်အာဖရိကတွင် မုဟမ္မဒ်သခင်ဖွားမြင်ခြင်း အထိမ်းအမှတ်အခမ်းအနား ပြုလုပ်

    တောင်အာဖရိကတွင် မုဟမ္မဒ်သခင်ဖွားမြင်ခြင်း အထိမ်းအမှတ်အခမ်းအနား ပြုလုပ်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၅
    M-Media

    sac

    – နှစ်ဘ၀၏ ခေါင်းဆောင် တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ)၏ ဖွားမြင်ခြင်းအထိမ်းအမှတ်အဖြစ် ကိုယ်တော့်၏ ဘ၀ခရီးလမ်း လျှောက်လှမ်းခဲ့မှုအား ဖော်ကျူးသည့် အခမ်းအနားတစ်ခုကို တောင်အာဖရိကမှ မွတ်စလင်များက ပြုလုပ်ခဲ့ကြပြီး အစ္စလာမ်ကပြောသည့် ငြိမ်းချမ်းရေးနှင့် မေတ္တာသတင်းစကားကိုလည်း ဖြန့်ချီပေးခဲ့ကြသည်ဟု သိရသည်။

    `ကျွန်တော်တို့ ဒီနေ့ ဖြန့်ချီတဲ့သတင်းစကားဟာ ချစ်ခြင်းမေတ္တာရဲ့ သတင်းစကား ဖြစ်ပါတယ်။ ဒီချစ်ခြင်းမေတ္တာဟာ တစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်ခုအတွက် မဟုတ်ဘဲ စကြ၀ဠာ တစ်ခုလုံး အတွက်ပါပဲ´ ဟု တောင်အာဖရိကရှိ မဒီနာ တက္ကသိုလ်မှ ဆရာဖြစ်ပြီး Vangate ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်အီမာမ်ဖြစ်သော ရှိခ်အက်ခ်ျမတ် တာဟီရ် မိုဟာမက်က တက်ရောက်လာကြသည့် လူထုပရိတ်သတ်အား ပြောကြားခဲ့သည်။

    `ဒီသတင်းစကားဟာ ကိုယ်တော်မြတ်ရဲ့ သတင်းစကားလည်း ဖြစ်ပါတယ်။ ဒီအကြောင်း အရင်းကြောင့်ပဲ ကိုယ်တော့်ကို သနားကြင်နာတတ်သူအဖြစ် ခင်ဗျားတို့ တွေ့ရတာပါ။ ကျွန်တော်တို့ဟာ ကိုယ်တော့်ရဲ့ ဘ၀ထေရုပ္ပတ္တိကို သိရှိပြီး ကိုယ်တော်သတ်မှတ်ပေးခဲ့တဲ့ စံနမူနာတွေကိုလည်း သိရှိကြပါတယ်´

    ဇန်န၀ါရီ ၁၉ ရက် တနင်္ဂနွေနေ့က ကိပ်တောင်းမြို့ Athlone အားကစားခန်းမတွင် ပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားသို့ အမျိုးသား၊ အမျိုးသမီး ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး ၎င်းတို့အားလုံးမှာ အဖြူရောင်ဝတ်စုံများ ၀တ်ဆင်ထားကြသည်။

    ယခုနှစ်ပြုလုပ်သော အဆိုပါအခမ်းအနားကို အစ္စလာမ်သာသနာနှင့် မုဟမ္မဒ်သခင်တို့အပေါ် ရှိနေသည့် လွဲမှားသောစွပ်စွဲမှုများအား ဖြေရှင်းရန် ရည်ရွယ်ကျင်းပခြင်းလည်း ဖြစ်သည်။

    `အခြားသာသနာတွေကို ဆန့်ကျင်ပြီး ပြောဆိုရေးသားတဲ့ မွတ်စလင်တွေကို ခင်ဗျားတို့ ဘယ်တော့မှ တွေ့ရမှာမဟုတ်ပါဘူး။ ဒါမျိုးတွေ့ပြီဆိုရင်တော့ ဒါဟာ အစ္စလာမ့်ဘောင်အတွင်းက မဟုတ်ဘူးလို့သာ ခင်ဗျားတို့ သတ်မှတ်လိုက်ပါ။ ဒါမျိုးဟာ အစ္စလာမ်က သွန်သင်ထားတာမျိုး မဟုတ်ပါဘူး တကယ်လို့ ခင်ဗျားတို့ အစ္စလာမ့်ရဲ့ သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် မွတ်စလင်တွေဟာ အခြား ဘာသာတရားတွေကို စော်ကားပြောဆိုတာမျိုးကို တွေ့ရမှာမဟုတ်ပါဘူး´ ဟု ရှိခ် မိုဟာမက်က ထပ်လောင်းပြောကြားခဲ့သည်။

    မုဟမ္မဒ်သခင် ဖွားမြင်သည့်နေ့မှာ အစ္စလာမ့် ပြက္ခဒိန်၏ တတိယမြောက် ရဗီအွလ်အောင်ဝလ်လ ၁၂ ရက်နေ့တွင်ဖြစ်ပြီး ယခုနှစ်တွင် ဇန်န၀ါရီ ၃ ရက်နေ့ ကျရောက်ခဲ့သည်။

    အဆိုပါ အခါသမယ၌ ပြုလုပ်သော အခမ်းအနားများတွင် မွတ်စလင်များမှာ ကိုယ်တော့်၏ အသက်တာအကြောင်း သင်ယူလေ့လာခြင်း နှင့် ကိုယ်တော့်၏ နေထိုင်အသက်မွေးမှုများကို လက်တွေ့ကျကျလိုက်နာကျင့်သုံးကြရန် တိုက်တွန်းနှိုးဆော်ခြင်းတို့ကို ပြုလုပ်လေ့ရှိကြသည်။

    ကမ္ဘာတစ်ဝှမ်းပြုလုပ်သော အခမ်းအနားများတွင်လည်း အစ္စလာမ့်စာအုပ်စာပေများ ရောင်းချခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ အလှူဒါနပြုခြင်း စသည်တို့လည်း ပါဝင်သည်။

    လွတ်လပ်စွာပြောဆိုခွင့်

    ပဲရစ်တိုက်ခိုက်မှုအပြီး တစ်ပတ်အကြာတွင် ပြုလုပ်ခဲ့သည့် တောင်အာဖရိကမှ အဆိုပါ အခမ်းအနားတွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် ပတ်သက်၍လည်း ပြောကြားမှုများ ရှိခဲ့သည်။

    `ကမ္ဘာတစ်ဝှမ်းက ၁.၇ ဘီလီယံသော မွတ်စလင်များနဲ့အတူ ကျွန်တော်တို့ဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထောက်ခံပါတယ်။ ဒါပေမယ့် ဘာသာတရားကို စော်ကာတာမျိုးကိုတော့ မထောက်ခံသလို ရိုင်းပျခြင်းကိုလည်း လက်မခံပါဘူး။ သူတို့က `ကျွန်တော်ဟာ ချာလီပါ´ လို့ဆိုရင် ကျွန်တော်ကတော့ `ကျွန်တော်ဟာ မုဟမ္မဒ်´ ပါပဲလို့ ပြောမှာပါ။ လွတ်လပ်စွာပြောဆိုခွင့်ကို ကျွန်တော်တို့ ထောက်ခံသလို ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း ကျွန်တော်တို့ လိုချင်ပါတယ်။ ဘာသာတရားအပေါ် စော်ကားတာတွေ၊ ရိုင်းပျတာတွေကို ရပ်ကို ရပ်တန့်ပစ်ရပါမယ်´ ဟု အစ္စလာမ်ဓမ္မပညာရှင် တစ်ဦးဖြစ်သူ ရှိခ် အဘ်ဒူရဟ်မန် အလက်ဇန်းဒါးက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် အစ္စလာမ့်ဓမ္မပညာရှင်များမှာ Charlie Hebdo မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုအတွက်လည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

    `ဘယ်လိုကာတွန်းမျိုးပဲဖြစ်ဖြစ်၊ အရာမျိုးပဲဖြစ်ဖြစ် လုပ်တာဟာ မုဟမ္မဒ်သခင်နဲ့ ပတ်သက်ပြီး ပိုပြီးသတိထားမိအောင် လုပ်ဆောင်တယ် လို့ပဲ ကျွန်တော်တို့ ယူဆပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စိတ်မပူပါဘူး။ စိတ်လည်းမဆိုးပါဘူး။ ဆက်လုပ်ချင်ရင်လုပ်ပါ။ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်မှာပါပဲ။ ချစ်ခြင်းမေတ္တာတရားနဲ့ ကိုယ်တော့်အပေါ် ချစ်မြတ်နိုးခြင်းဆိုတဲ့ စိတ်ဓာတ်တွေကို ကျွန်တော်တို့က ဆက်လက်ဖြန့်ဖြူးသွားမှာပါပဲ´ ဟု ရှိခ်မိုဟာမက်က ထပ်လောင်းပြောကြားခဲ့သည်။

    မုဟမ္မဒ်သခင် ဖွားမြင်ခြင်းအထိမ်းအမှတ်အဖြစ် ပြုလုပ်သော အဆိုပါအခမ်းအနားသို့ ကိပ်တောင်းမြို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

    `အစ္စလာမ်သာသနာဟာ လူ့တန်ဖိုး၊ သနားကြင်နာမှုနဲ့ပတ်သက်ပြီး အရေးပါတဲ့ ကဏ္ဍတွေကြောင့် လူသိများ၊ ထင်ရှားပါတယ်´ ဟု ကိပ်တောင်းအုပ်ချုပ်ရေးမှူး ပက်ထရစ်ရှာ လိုင်လီက ပရိတ်သတ်များအား ပြောကြားခဲ့သည်။

    တောင်အာဖရိကနိုင်ငံ၏ လူဦးရေ ၄၉ သန်းတွင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည် ကြသူများမှာ ၁.၅ ရာခိုင်နှုန်း ရှိနေသည်ဟု CIA ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

    Ref: onislam

  • အေစီမီလန်နှင့် ပထမဆုံးရခဲ့သည့် ချန်ပီယံလိဂ်သာ အမှတ်တရဖြစ်ကြောင်း အန်ဆယ်လော့တီဆို

    အေစီမီလန်နှင့် ပထမဆုံးရခဲ့သည့် ချန်ပီယံလိဂ်သာ အမှတ်တရဖြစ်ကြောင်း အန်ဆယ်လော့တီဆို

    ဇန်န၀ါရီ ၂၀၊ ၂၀၁၅
    M-Media

    alt

    – ပြီးခဲ့သည့်နှစ်က ရရှိခဲ့သည့် ရီးယဲလ်၏ ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားထက် အေစီမီလန်နှင့်အတူ ပထမဆုံးရရှိခဲ့သည့် ချန်ပီယံလိဂ်ဖလားကသာ မိမိ၏ နည်းပြဘ၀အတွက် အမှတ်တရဖြစ်စေသည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြား လိုက်သည်။

    အသက် ၅၅ နှစ်အရွယ် ရှိပြီဖြစ်သည့် အန်ဆယ်လော့တီမှာ နည်းပြဘ၀ ၎င်း၏ တတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ပြီးခဲ့သည့်ရာသီက ရီးယဲလ်နှင့်အတူ ရရှိခဲ့သည်။ အဆိုပါ ချန်ပီယံလိဂ်မှာ ရီးယဲလ်၏ ၁၀ ကြိမ်မြောက်ချန်ပီယံလိဂ် ဖလားလည်းဖြစ်ပြီး နှစ်ပေါင်းများစွာကြာပြီးမှ ရရှိခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း အီတလီဘောလုံးအကျော်အမော်များစာရင်း (Hall of Fame) တွင် ထည့်သွင်းခံရသည့် အန်ဆယ်လော့တီမှာ ဂုဏ်ပြုပွဲတွင် ၂၀၀၃ ခုနှစ်က အိုးထရက်ဖို့ဒ်၌ ပြည်တွင်းပြိုင်ဘက် ဂျူဗင်တပ်စ်အသင်းအား ပင်နယ်တီဖြင့်အနိုင်ကစားပြီး
    အေစီမီလန်အသင်းနှင့်အတူ ရရှိခဲ့သည့် ချန်ပီယံလိဂ်ဖလားက နည်းပြဘ၀မှ အနားယူသွားသည်အထိ မိမိအတွက် အမှတ်တရဖြစ်နေမည်ဟု ပြောကြားခဲ့သည်။

    `ကျွန်တော့်ရဲ့ သက်တမ်းတစ်လျှောက်မှာ ကစားသမားဘ၀မှာရာ၊ နည်းပြဘ၀မှာပါ ကံကောင်းခဲ့ပါတယ်။ ကျွန်တော်ဟာ ဆာချီကိုင်တွယ်တဲ့ မီလန်အသင်းမှာ ကစားခဲ့ရတယ်။ ပြီးတော့ ဒီအသင်းမှာပဲ နည်းပြအဖြစ် ဆောင်ရွက်ရပြီး ကျွန်တော့်အတွက် ကံကောင်းခဲ့ပါတယ်။ (အမှတ်တရဖြစ်တဲ့) ဆုဖလားတစ်ခုကို ထုတ်ပြရရင်တော့ မန်ချက်စတာမှာ ဂျူဗင်တပ်စ်ကို အနိုင်ရပြီး မီလန်နဲ့အတူရခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကို ထုတ်ပြချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ (နည်းပြအဖြစ်) ကျွန်တော့်ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဖလား မို့လို့ပါပဲ´ ဟု အန်ဆယ်လော့တီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် အန်ဆယ်လော့တီက အင်္ဂလန်လိဂ်မှာ မြန်နှုန်းမြင့်လိဂ်ပြိုင်ပွဲ တစ်ခုဖြစ်ပြီး ပရိတ်သတ်များကလည်း လေးစားမှုရှိကြောင်း၊ ပြင်သစ်လိဂ်မှာ tempo မြင့်ပြီး ပြိုင်ဆိုင်မှုများသည့် လိဂ်ဖြစ်ကြောင်း၊ စပိန်လိဂ်မှာ ဘောလုံးချစ်သူများ လိဂ်ဖြစ်ကာ အီတလီလိဂ်မှာ ခံစစ်နှင့် နည်းစနစ်ပိုင်းအားပြုသည့် လိဂ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: goal.com

  • ဂျာမနီတွင် အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုအား တန်ပြန်ဆန္ဒပြမှုများ ထပ်မံပြုလုပ်

    ဂျာမနီတွင် အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုအား တန်ပြန်ဆန္ဒပြမှုများ ထပ်မံပြုလုပ်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၅
    M-Media

    gmn

    – လက်ယာစွန်းရောက် PEGIDA အဖွဲ့၏ အစ္စလာမ်မုန်းတီးရေး လှုပ်ရှားမှုများအား ဆန့်ကျင်သည်ကို ပြသသောအနေဖြင့် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်ပွဲကို ဂျာမန်ပြည်သူများက နိုင်ငံတစ်ဝှမ်း မြို့ကြီးများ၌ ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    PEGIDA ၏ လှုပ်ရှားမှု အခိုင်အမာရှိနေသည့် မြူးနစ်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ချီတက်လမ်းလျှောက်မှုတွင်ပင် လူပေါင်း ၁၀၀၀၀ ခန့် ပါဝင်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ ပြောကြားခဲ့သည်။

    ဘာဘာရီယန် မြို့များဖြစ်သည့် ၀ူအာ့ဇ်ဘာ့ဂ်နှင့် နုရင်ဘာ့ဂ်တို့တွင် ပြုလုပ်ခဲ့သည့် ချီတက်လမ်းလျှောက်မှုများတွင် လူပေါင်း ၁၀၀၀ ခန့် ပါဝင်ခဲ့သည်ဟု ဂျာမန် သတင်းအေဂျင်စီ DPA က ဖော်ပြခဲ့သည်။ ထို့ပြင် အခြားသော မြို့များဖြစ်သည့် ဘာလင်၊ ဒူလ်ဆဲလ်ဒေါ့ဖ်နှင့် မဂ်ဒီဘာ့ဂ်တို့တွင်လည်း လူမျိုးရေးခွဲခြားမှုအား ဆန့်ကျင်သည့် ချီတက်လမ်းလျှောက်ပွဲများကို ပြုလုပ်ခဲ့ကြပြီး လူပေါင်း ၁ သောင်းနီးပါး ပါဝင်ခဲ့သည်။

    နာဇီလက်သစ်ဝါဒီများ ပါဝင်ပြီး PEGIDA က ဦးဆောင်ပြုလုပ်နေသော အစ္စလာမ်မုန်းတီးရေး လှုပ်ရှားမှုများကို ဆန့်ကျင်သည့် ချီတက်လမ်းလျှောက်မှုကို ပြီးခဲ့သည့် တစ်ပတ်ကလည်း နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်ခဲ့ကြပြီး ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်အပါအ၀င် လူပေါင်း ၁ သိန်းခန့် ပါဝင်ခဲ့ကြသည်။

    ဒရက်စ်ဒန်မြို့တွင် လာမည့်သီတင်းပတ်အတွင်း အစ္စလာမ်ဆန့်ကျင်ရေး ချီတက်ပွဲ ပြုလုပ်ရန် PEGIDA ၏ စီစဉ်ထားမှုကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့သည်။ ဒရက်စ်ဒန်မြို့မှာ PEGIDA အခြေစိုက်ရာ မြို့ဖြစ်ပြီး အပတ်စဉ် အစ္စလာမ်ဆန့်ကျင်ရေး ချီတက်ပွဲ ပြုလုပ်နေသည့် မြို့လည်းဖြစ်သည်။

    Ref: alarabiya

  • ဓားစားခံ ၂ ဦးအတွက် IS အဖွဲ့က ဂျပန်အစိုးရဆီမှ ပြန်ပေးငွေ သန်း ၂၀၀ တောင်း

    ဓားစားခံ ၂ ဦးအတွက် IS အဖွဲ့က ဂျပန်အစိုးရဆီမှ ပြန်ပေးငွေ သန်း ၂၀၀ တောင်း

    ဇန်န၀ါရီ ၂၀၊ ၂၀၁၅
    M-Media

    is

    – ဂျပန်အစိုးရအနေဖြင့် ၇၂ နာရီအတွင်း ပြန်ပေးငွေ ကန်ဒေါ်လာ သန်း ၂၀၀ ပေးအပ်ခြင်းမရှိပါက မိမိတို့ဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသား ၂ ဦးကို သတ်ပစ်မည်ဟု IS အဖွဲ့က နောက်ဆုံးထုတ်ပြန်လိုက်သည့် ဗီဒီယိုတွင် ခြိမ်းခြောက်ပြောဆိုလိုက်သည်။

    စစ်သွေးကြွဝဘ်ဆိုက်တစ်ခုတွင် လွှင့်တင်ထားသည့် အဆိုပါ ဗီဒီယိုတွင် အနက်ရောင်ဝတ်စုံ ၀တ်ထားသော IS အဖွဲ့ဝင်တစ်ဦးမှာ လိမ္မော်ရောင် အကျဉ်းသားဝတ်စုံကို ၀တ်ဆင်ထားသည့် ဂျပန်နိုင်ငံသား ၂ ဦး၏ အလယ်တွင် မတ်တပ်ရပ်ကာ ဓားမြှောင်တစ်ချောင်းကို ဝှေ့ယမ်းလျက် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး IS အား ပစ်မှတ်ထားသည့် အမေရိကန်၏ တိုက်ခိုက်မှုအတွင်း ဂျပန်အစိုးရ ပါဝင်ပတ်သက်မှုကိုလည်း ဝေဖန်ခဲ့သည်။

    `ခင်ဗျားတို့နိုင်ငံသားတွေရဲ့ အသက်ကိုကယ်တင်ဖို့ ဒေါ်လာ သန်း ၂၀၀ ပေးဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကောင်းတစ်ခု ချမှတ်ဖို့နဲ့ ပတ်သက်ပြီး ခင်ဗျားတို့အစိုးရကို ဖိအားပေးဖို့ ခင်ဗျားတို့မှာ ၇၂ နာရီပဲ အချိန်ရှိပါတယ်´ ဟု အဆိုပါ IS အဖွဲ့ဝင်က ဗြိတိသျှလေသံဖြင့် ပြောကြားခဲ့သည်။

    ထိုဗီဒီယိုတွင် ပါဝင်သည့် စစ်သွေးကြွမှာ IS မှ ဖမ်းဆီးထားသူများကို သုတ်သင်သည့် ယခင်ဗီဒီယိုများတွင် ပါဝင်ခဲ့သူပင်ဖြစ်သည်ဟု ယူဆရသည်။

    ဂျပန်အစိုးရကမူ မိမိတို့အနေဖြင့် အစွန်းရောက်ဝါဒကို ဦးညွှတ်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ဓားစားခံများကို ထိခိုက်နာကျင်ခြင်း မရှိစေဘဲ ချက်ချင်းလွှတ်ပေးရန် ဂျေရုစလင်တွင်ပြုလုပ်ခဲ့သည့်
    သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    `သူတို့ကို ထိခိုက်နာကျင်စေခြင်းမရှိဘဲ ချက်ခြင်းလွှတ်ပေးဖို့ ကျွန်တော် လေးလေးနက်နက် တောင်းဆိုပါတယ်။ ဒီလိုလုပ်ရပ်မျိုးအတွက်လည်း အလွန့်အလွန့် စိတ်ဆိုး ဒေါသထွက်ပါတယ်´

    ဖမ်းဆီးခံထားရသည့် ဓားစာခံများမှာ ကင်ဂျီ ဂိုတို ဂျိုဂိုနှင့် ဟာရူနာ ယူကာဝါတို့ဖြစ်ကြပြီး ဂျာနယ်လစ်ဖြစ်သည့် မစ္စတာဂိုတိုမှာ ဆီးရီးယားပြည်တွင်းစစ်တွင် သတင်းယူရန် သွားရောက်ရာမှ ပြီးခဲ့သည့်နှစ်တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ မစ္စတာ ယူကာဝါကမူ ပုဂ္ဂလိက စစ်ဘက်ဆိုင်ရာ ကုမ္ပဏီတစ်ခု၏ ၀န်ထမ်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် သြဂုတ်လက ဆီးရီးယားတွင် ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။

    Ref: skynews

  • အမီးရ်ခန်းအား နိုင်ပါက မိမိပိုင် ဂျင်မ်ကို ပေးမည်ဟု ယူအေအီး ဘောက်ဆာသမားက မေ၀ယ်သာကို ကမ်းလှမ်း

    အမီးရ်ခန်းအား နိုင်ပါက မိမိပိုင် ဂျင်မ်ကို ပေးမည်ဟု ယူအေအီး ဘောက်ဆာသမားက မေ၀ယ်သာကို ကမ်းလှမ်း

    ဇန်န၀ါရီ ၂၀၊ ၂၀၁၅
    M-Media

    amk
    ပုံ – အမီးရ်ခန်းနှင့်အတူ တွေ့ရသည့် အဲလ်ဒရှ် (၀ဲ)

     

    – ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းအား အနိုင်ထိုးသတ်နိုင်ပါက ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မေ၀ယ်သာအား ဒေါ်လာ ၅ သန်းတန်သော မိမိပိုင် ဂျင်မ်ကို လက်ဆောင်ပေးမည်ဟု ယူအေအီး ဘောက်ဆာသမား အီစာ အဲလ်ဒရှ်က ပြောကြားလိုက်သည်။

    အဲလ်ဒရှ်ပိုင်ဆိုင်သည့် အဆိုပါဂျင်မ်မှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရှိ ဂျွမ်မိုင်ရဟ်ဒေသတွင်ရှိပြီး အဲလ်ဒရှ်၏ ထိုကဲ့သို့ပြောကြားမှုကို ယူအေအီးသတင်းစာ 7 DAYS မှ တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

    `ဒူဘိုင်းငွေ သန်း ၂၀ (ကန်ဒေါ်လာ ၅ သန်း) တန်တဲ့ ကျွန်တော့်ရဲ့ ဂျင်မ်ကိုပေးဖို့ မေ၀ယ်သာကို ကျွန်တော် ကမ်းလှမ်းပါတယ်။ အမီးရ်ခန်းနဲ့ပွဲမှာ နိုင်ရင်ပေါ့ဗျာ´ ဟု အဲလ်ဒရှ်က ပြောကြားခဲ့သည်။ ဗြိတိန်လက်ဝှေ့ ကျော် အမီးရ်ခန်းမှာ အဲလ်ဒရှ်၏ အဆိုပါ ဂျင်မ်သို့ မကြာသေးမီကပင် လာရောက် လည်ပတ်ခဲ့သည်။

    အသက် ၃၇ နှစ်အရွယ် ရှိပြီဖြစ်သည့် မေ၀ယ်သာမှာ ယခုအချိန်အထိ ရှုံးပွဲမရှိသေးပဲ အဲလ်ဒရှ်ကမူ မေ၀ယ်သာနှင့် အမီးရ်ခန်း ထိုးသတ်ပွဲဖြစ်လာပါက အမီးရ်ခန်းသာ အနိုင်ရမည်ဟု ယုံကြည်နေသည်။

    `ဒီဂျင်မ်ကို ကျွန်တော်ဆောက်ထားတာဖြစ်ပြီး ကြိုက်လည်းကြိုက်ပါတယ်။ ဒါပေမယ့် မေ၀ယ်သာဟာ အမီးရ်ခန်းကို မနိုင်နိုင်ပါဘူး။ အမီးရ်ခန်းရဲ့ လျင်မြန်မှုကို သူမယှဉ်နိုင်ပါဘူး´ ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အမီးရ်ခန်းမှာ ၎င်းအနေဖြင့် မေ၀ယ်သာနှင့် ကြိုဝိုင်းအတွင်းတွင် တွေ့ဆုံချင်သည်ဟု မကြာခဏ ပြောကြားထားသည်။

    `ကျွန်တော်ရဲ့ ၂၀၁၅ ရည်ရွယ်ချက်ကတော့ မေ၀ယ်သာကို အနိုင်ရဖို့ပါ´ ဟု ယခုလအစောပိုင်းတွင် ခန်းက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။

    Ref: alarabiya