News @ M-Media

Blog

  • ဂျပန်ဓားစားခံ ၂ ဦးအား သတ်ပစ်ရန်ခြိမ်းခြောက်သည့် IS ၏ လုပ်ရပ်ကို ဂျပန်မွတ်စလင်များ ကန့်ကွက်ရှုတ်ချ

    ဂျပန်ဓားစားခံ ၂ ဦးအား သတ်ပစ်ရန်ခြိမ်းခြောက်သည့် IS ၏ လုပ်ရပ်ကို ဂျပန်မွတ်စလင်များ ကန့်ကွက်ရှုတ်ချ

    ဇန်န၀ါရီ ၂၃၊ ၂၀၁၅
    M-Media

    jpn

    – IS အဖွဲ့မှာ မိမိတို့ အစ္စလာမ်သာသနာအား ခြိမ်းခြောက်နေသည့် အဖွဲ့တစ်ခုအဖြစ် မှတ်ယူခဲ့ပြီးနောက်၊ မိမိတို့နိုင်ငံသား ၂ ဦးအား သတ်ဖြတ်ရန်ခြိမ်းခြောက်ခဲ့သည့် အဆိုပါ အစွန်းရောက်အဖွဲ့အား ဂျပန်မွတ်စလင်များက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

    `မွတ်စလင်တွေနဲ့ပတ်သက်ပြီး ဂျပန်မှာ နားလည်မှုလွဲမှားတာဟာ အချိန်အတော်ကြာကတည်းက ရှိနေခဲ့ပါတယ်။ (ISရဲ့) ဒီလို လုပ်ရပ်မျိုးကြောင့် အစ္စလာမ်ဆိုတာ အကြမ်းဖက်ဝါဒီတို့ရဲ့ ဘာသာဆိုတဲ့ အထင်မှားအမြင်မှားတွေ ပိုပြီးတော့ ပေါ်ပေါက်စေနိုင်ပါတယ်´ ဟု ဂျပန်ရှိ အကြီးဆုံးဗလီဝတ်ကျောင်းတော်ဖြစ်သော တိုကျိုမြို့ Tokyo Camii ဗလီဝတ်ကျောင်းတော်မှ ပြောရေးဆိုခွင့်ရှိသူ ရှီဂီရူ ရှီမိုယာမာက Japan Times သတင်းစာသို့ ပြောကြားခဲ့သည်။

    လိမ္မော်ရောင် အကျဉ်းသားဝတ်စုံ ၀တ်ထားသော ဂျပန်ဓားစားခံနှစ်ဦးကို ပြကာ ဂျပန်အစိုးရက ၎င်းတို့အတွက် ပြန်ပေးငွေ ကန်ဒေါ်လာ သန်း ၂၀ ကို ၇၂ နာရီအတွင်း မပေးပါက သတ်ပစ်မည်ဟု IS အဖွဲ့မှ ခြိမ်းခြောက်သော ဗီဒီယို ထွက်လာပြီးနောက်ပိုင်း ဂျပန်မွတ်စလင်များမှာ တုန်လှုပ်ခဲ့ကြသည်။

    ပြန်ပေးသမားကမူ ၎င်းတို့တောင်းဆိုသည့်ငွေမှာ အရှေ့အလယ်ပိုင်းအတွင်း အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက် ဂျပန်အစိုးရက ထောက်ပံ့ပေးသော ငွေပမာဏနှင့် ညီတူညီမျှ တောင်းဆိုခြင်းဖြစ်သည်ဟု အဆိုပါဗီဒီယိုတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ ဖမ်းဆီးခံထားရသည့် ဓားစားခံနှစ်ဦးအား ကယ်တင်ရေးတွင် ကူညီပေးရန်အတွက် ပါလက်စတိုင်း၊ ဂျော်ဒန်၊ အီဂျစ်နှင့် တူရကီနိုင်ငံများသို့ တောင်းဆိုထားသည်။

    ဂျပန်မွတ်စလင်ခေါင်းဆောင်များကလည်း မိမိတို့နိုင်ငံသားများအား ဖမ်းဆီးကာ ဓားစားခံလုပ်ထားသည့် IS ၏ လုပ်ရပ်မှာ ခွင့်လွှတ် နိုင်ဖွယ်မရှိသော ကောက်ကျစ်ယုတ်မာသည့် လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရှီမိုယာမာကလည်း ထိုလုပ်ရပ်အား ရှုတ်ချခဲ့ပြီး အဆိုပါ ဗီဒီယိုမှာ စက်ဆုပ်ဖွယ်ကောင်းပြီး အစ္စလာမ်သာသနာနှင့် ဆန့်ကျင်သော လုပ်ရပ်ဖြစ်ကြောင်း၊ ထိုလုပ်ရပ်ကို လုပ်ဆောင်သည့်လူများမှာ စစ်မှန်သော မွတ်စလင်များ မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စလာမ်နှင့်ဆန်ကျင်

    အခြားသော ဂျပန်မွတ်စလင်များကလည်း IS ၏ ထိုလုပ်ရပ်အား ရှုတ်ချခဲ့ပြီး အစ္စလာမ်သာသနာမှာ အပြစ်မဲ့သူများကို သတ်ဖြတ်ခွင့်မပေးထားဟု ပြောကြားခဲ့သည်။

    `IS ကြောင့် ဒုက္ခရောက်သူအားလုံးကို ကျွန်တော်တောင်းပန်ပါတယ်။ ဒီအုပ်စုဟာ အစ္စလာမ်နဲ့ ဘယ်လိုဆက်သွယ်မှုမျိုးမှ မရှိပါဘူး။ မွတ်စလင်မှန်ရင် ဘယ်သူ့ကိုမှ မသတ်ပါဘူး။ ကျွန်တော်တို့ အပြစ်မဲ့တဲ့သူတွေကို မသတ်ပါဘူး´ ဟု ကာနာဂါဝါ ပြည်နယ်ရှိ တိုကိုင်း တက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူနေသည့် အသက် ၂၂ နှစ်အရွယ် အိုမန်ကျောင်းသား အမ်ဘူ ဆိုင်ဒီက ပြောကြားခဲ့သည်။

    ကျန်မွတ်စလင်များကလည်း ထိုလုပ်ရပ်မှာ ခွင့်မလွှတ်နိုင်ဖွယ်ရာလုပ်ရပ်ဖြစ်ပြီး စက်ဆုပ်ဖွယ်ကောင်းသည်ဟု ပြောကြားခဲ့ကြသည်။

    `IS အဖွဲ့က ဘာတွေပဲကျူးလွန်ကျူးလွန် ဒီအစွန်းရောက်အဖွဲ့ဟာ ကျွန်တော်တို့နဲ့ မဆိုင်ဘူးဆိုတာ ဂျပန်ပြည်သူအများစု သိကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်´ ဟု ဟိုကိုင်းဒိုးမှ အမည်မဖေါ်လိုသော ဂျပန်မွတ်စလင်တစ်ဦးက ပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ ဂျပန်နိုင်ငံသို့ ၁၉၂၀ ပြည့်နှစ်များတွင် စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်အရောက်တွင် ဂျပန်နိုင်ငံရှိ အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ၁၀၀၀ ခန့် ရှိလာခဲ့သည်။

    ၁၉၈၀ ပြည့်နှစ်များတွင် အီရန်၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ရွှေ့ပြောင်းလုပ်သားများ ၀င်ရောက်လာမှုနှင့်အတူ အစ္စလာမ် ဘာသာဝင်ဦးရေမှာ တိုးပွားလာခဲ့ပြီး ယခုအချိန်တွင် ဂျပန်ပြည်သူ ၁၂၇ သန်းတွင် အစ္စလာမ်ဘာသာဝင် ၁၂၀၀၀၀ ခန့်ရှိသည်ဟု သိရသည်။

    ထို့ပြင် ဂျပန်နိုင်ငံတွင် ဟာလာလ်စားသောက်ဆိုင်များအပါအ၀င် အစ္စလာမ့်နည်းကျ စီးပွားရေးလုပ်ငန်းများလည်း တိုးတက်လာခဲ့ပြီး အစိုးရကိုယ်တိုင်က ထိုလုပ်ငန်းများအား အားပေးကူညီလျက် ရှိနေသည်။

    Ref: onislam

  • လီဗာပူးလ်မှာ လာမည့်နှစ်တွင် အမှတ်ပေးဖလားအား စိန်ခေါ်နိုင်မည်ဟု နည်းပြ ရော်ဂျာပြော

    လီဗာပူးလ်မှာ လာမည့်နှစ်တွင် အမှတ်ပေးဖလားအား စိန်ခေါ်နိုင်မည်ဟု နည်းပြ ရော်ဂျာပြော

    ဇန်န၀ါရီ ၂၃၊ ၂၀၁၅
    M-Media

    rdj

    – ယခုနှစ်ရာသီတွင် အနိမ့်အမြင့်၊ အတက်အကျများဖြင့် ရုန်းကန်ခဲ့ရသော်လည်း လာမည့်နှစ်တွင် မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်အား စိန်ခေါ်နိုင်မည့်အသင်း ဖြစ်လာမည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    ၂၀၁၃-၁၄ ဘောလုံးရာသီတွင် လီဗာပူးလ်မှာ အကောင်းဆုံး ခြေစွမ်းများ ပြသခဲ့ပြီး ပရီးမီးယားလိဂ်ဆုဖလားကို ရလုရခင် ဖြစ်ခဲ့သော်လည်း ရာသီပြီးဆုံးကာနီးတွင် ခြေချော်ခဲ့ကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

    တိုက်စစ်မှူးဆွာရက်ဇ်အား ရောင်းချခြင်းမှ ရရှိခဲ့သည့်ငွေများဖြင့် ပြီးခဲ့သည့် နွေရာသီက ကစားအသစ်များခေါ်ယူကာ အသင်းအား တောင့်တင်းအောင် ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ရော်ဂျာ၏ လီဗားပူးမှာ ပုံမှန်ခြေစွမ်းကို ပြသနိုင်ခြင်းမရှိဘဲ လက်ရှိအချိန်တွင် အဆင့် ၈ နောတွင်ရှိနေကာ ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၁၇ မှတ် ကွာဟနေသည်။

    `ဒီရာသီကတော့ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ရာသီ ဖြစ်သွားမှာပါ။ ဒီနှစ်မှာ ပရီးမီးယားလိဂ်ဖလားကို စိန်မခေါ်နိုင်တော့ပါဘူး။ ဒါဟာ အမှန်တရားပါပဲ။ နောက်နှစ်မှာတော့ အမှတ်ပေးဖလားအတွက် စိန်ခေါ်သူ ဖြစ်လာနိုင်မှာပါ´ ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် သြဂုတ်လကတည်းက ဒဏ်ရာကြောင့် အနားယူနေရသည့် တိုက်စစ်မှူး စတားရစ်ချစ်နှင့်ပတ်သက်၍လည်း ရော်ဂျာက `သူ ဒီတစ်ပတ်အထိ ကစားနိုင်မှာ မဟုတ်သေးပါဘူး´ ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: goal.com

  • လိင်ပိုင်းဆိုင်ရာစွပ်စွဲချက်အပေါ် ဗြိတိန်တော်ဝင်မင်းသား အန်ဒရူး လူသိရှင်ကြား ငြင်းဆို

    လိင်ပိုင်းဆိုင်ရာစွပ်စွဲချက်အပေါ် ဗြိတိန်တော်ဝင်မင်းသား အန်ဒရူး လူသိရှင်ကြား ငြင်းဆို

    ဇန်န၀ါရီ ၂၃၊ ၂၀၁၅
    M-Media

    adrw

    – အသက်မပြည့်သေးသော အမေရိကန်အမျိုးသမီးတစ်ဦးနှင့် ၂၀၀၁ ခုနှစ်က လိင်ဆက်ဆံခဲ့သည်ဆိုသည့် စွပ်စွဲချက်ကို ဗြိတိန်တော်ဝင်မင်းသား အန်ဒရူးက ပထမဆုံး အကြိမ်အဖြစ် လူသိရှင်ကြား ငြင်းဆိုလိုက်သည်ဟု သိရသည်။

    ကြာသာပတေးနေ့က ဆွစ်ဇလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မင်းသားအန်ဒရူးက ထိုကဲ့သို့ ငြင်းဆန်လိုက်ခြင်းဖြစ်သည်။

    `ပထမဆုံး လွန်ခဲ့တဲ့ ၃ ပတ်လောက်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ကျွန်တော် ရည်ညွှန်းပြောဆိုချင်ပါတယ်။ ပြောလည်းပြောရပါမယ်။ ကျွန်တော့်ရဲ့ကိုယ်စား ဘက်ကင်ဟမ် နန်းတော်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွကို ကျွန်တော့်အနေနဲ့ ထပ်မံပြီး အတည်ပြုဖို့ ဆန္ဒရှိပါတယ်´ ဟု ပြောကြားခဲ့သည်။

    ဒုတိယမြောက် အဲလိဇဘက်ဘုရင်မကြီး၏ သားတစ်ဦးဖြစ်ပြီး အိမ်ရှေ့မင်းသား ချာလ်းစ်၏ ညီဖြစ်သော မင်းသားအန်ဒရူးမှာ ၂၀၀၁ ခုနှစ်တွင် ထိုစဉ်က အသက် ၁၇ နှစ်အရွယ်သာရှိသေးသော အမေရိကန် မိန်းကလေးတစ်ဦးနှင့် လိင်ဆက်ဆံခဲ့သည်ဟု စွပ်စွဲခြင်း ခံခဲ့ရပြီး ဇန်န၀ါရီ ၁၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါရှိ တရားရုံး၌ ထိုအမျိုးသမီး၏ တရားစွဲဆိုခြင်းကိုခံခဲ့ရသည်။

    တရားရေးဖိုင်တွင် `ဂျိန်းဒိုး နံပါတ် ၃´ ဟု ဖော်ပြထားသည့် အဆိုပါအမျိုးသမီးက မင်းသားအန်ဒရူးမှာ သူမအား သုံးကြိမ် လိင်ဆက်ဆံခဲ့ခဲ့ပြီး တစ်ကြိမ်မှာ အုပ်စုဖွဲ့၍ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားသည်။ ဘက်ကင်ဟမ်နန်းတော်ကမူ ထိုအမျိုးသမီး၏ အမည်အား ဗာဂျီးနီးယားရောဘတ်စ်ဟု ဖော်ပြထားသည်။

    အဆိုပါ အမျိုးသမီး၏ ရှေ့နေကလည်း အမှုနှင့်ပတ်သက်၍ မင်းသား အန်ဒရူးအား မေးမြန်းခွင့်ရရန် ဘက်ကင်ဟမ်နန်းတော်သို့ စာတစ်စောင်ပေးပို့ထားပြီး နန်းတော်ကမူ ထိုစွပ်စွဲချက်အား ငြင်းဆိုခဲ့သည်။

    `ယော့ခ်မြို့စား(အန်ဒရူး)ဟာ ဒီအမျိုးသမီးနဲ့ လိင်ပိုင်းဆိုင်ရာ ဘယ်လိုထိတွေ့ဆက်ဆံမှုမျိုးမှ မရှိခဲ့ဖူးဆိုတာ ပြတ်ပြတ်သားသားကို ငြင်းဆိုပါတယ်။ ကြိုးကြောင်းခိုင်လုံခြင်းမရှိတဲ့ ဒီပြောကြားမှုဟာ မှားယွင်းပြီး အခြေအမြစ်လည်း မရှိပါဘူး´ ဟု ဘက်ကင်ဟမ် နန်းတော်မှ ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    Ref:CNN

  • တောင်အာဖရိကတွင် နိုင်ငံခြားသားပိုင် ဆိုင်များအား တိုက်ခိုက်လုယက်မှုများ ဖြစ်ပွား

    တောင်အာဖရိကတွင် နိုင်ငံခြားသားပိုင် ဆိုင်များအား တိုက်ခိုက်လုယက်မှုများ ဖြစ်ပွား

    ဇန်န၀ါရီ ၂၃၊ ၂၀၁၅
    M-Media

    saf

    – တောင်အာဖရိကမြို့တော် ဂျိုဟန်နစ္စဘတ်တွင် နိုင်ငံခြားသားပိုင် ဆိုင်များအား လုယက်ပြီး ဆိုင်ပိုင်ရှင်များကို တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ ၁၂၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ဆိုဝီတိုမြို့နယ်တွင် ယခုတစ်ပတ်အစောပိုင်းက ဆိုမာလီဆိုင်ပိုင်ရှင်တစ်ဦးကို အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ကမူ အဆိုပါ မြို့နယ်အတွင်း နေထိုင်သူများမှာ နိုင်ငံခြားသားများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ လူငယ်မှာ ဆိုင်အား ဓားပြတိုက်ရန်ကြိုးစားသည့် အုပ်စုထဲမှ ဖြစ်ပုံရသည်ဟု ဆိုသည်။

    ဗုဒ္ဓဟူးနေ့ကလည်း ဆိုဝီတိုမြို့နယ်တစ်ဝှမ်းတွင် နိုင်ငံခြားသားဆိုင်ပိုင်ရှင်များအား တိုက်ခိုက်မှုများနှင့် ဆိုင်ရှိပစ္စည်းများကို လုယက်မှုများဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်အတွင်း ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့သည်။

    `ဒီလူ့အဖွဲ့အစည်းကလူတွေဟာ လက်စားချေတာမျိုးတွေလုပ်ပြီး ဒေသအတွင်းမှာရှိတဲ့ နိုင်ငံခြားသားပိုင်ဆိုင်တွေကို လုယက်နေတယ်လို့ စွပ်စွဲပြောဆိုမှုတွေ ရှိပါတယ်။ ဆိုင်ပိုင်ရှင်တွေကလည်း သူတို့ကိုသူတို့ ခုခံကာကွယ်ဖို့ ဒီလူတွေကို
    ပြန်လည်ပစ်ခတ်တာမျိုးတွေလည်း ရှိပါတယ်´ ဟု တောင်အာဖရိက ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ဒေသခံများမှာ ဆိုမာလီ၊ အီသီယိုးပီးယား စသည့် နိုင်ငံခြားသားများ ပိုင်ဆိုင်သော ဆိုင်များကို ပစ်မှတ်ထားခြင်းဖြစ်ပြီး၊ အခြားသော နိုင်ငံခြားသားဆိုင်ပိုင်ရှင်များမှာ ကြောက်ရွံ့မှုကြောင့် ထိုဒေသအား စွန့်ခွာမှုများလည်း ရှိနေသည်။

    ထိုတိုက်ခိုက်မှုများကြောင့် တောင်အာဖရိကနိုင်ငံတွင် နိုင်ငံခြားသားကြောက်ရောဂါမှ ဖြစ်ပေါ်လာသော တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီလားဆိုသည့် ကြောက်ရွံ့မှုများလည်း မြင့်တက်လာသည်။ သို့သော်လည်း တာဝန်ရှိသူများကမူ ထိုတိုက်ခိုက်မှုများကို
    နိုင်ငံခြားသားများအား ပစ်မှတ်ထားသော အမုန်းတရားမှ ဖြစ်တည်လာသည့် ရာဇ၀တ်မှုများအဖြစ် ပြောဆိုဖော်ပြခြင်းမရှိစေရန် ဆောင်ရွက်လျက် ရှိနေသည်။

    `ဒီလုပ်ရပ်တွေဟာ ရာဇ၀တ်မှုစစ်စစ်တွေပါပဲ။ အခုအချိန်အထိတော့ ဒါကို နိုင်ငံခြားသားကြောက် တိုက်ခိုက်မှုလို့ ကျွန်တော်တို့ မကြေညာပါဘူး´ ဟု ပြည်နယ် ပြည်သူ့လုံခြုံရေးအကြီးအကဲ ဂေါက်တန်က ပြောကြားခဲ့သည်။

    အခင်းဖြစ်ပွားသည့်အချိန်တွင် မိမိအိမ်၌ ပုန်းနေသော အသက် ၃၂ နှစ်အရွယ်ရှိ ဒေသခံတစ်ဦးက `တင်းမာမှုရှိနေတာကတော့ ကြာပါပြီ။ ဒေသခံတွေက နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေကို မယုံကြည်ကြတော့ပါဘူး။ အဲဒီလုပ်ငန်းရှင်တွေကလည်း ကျွန်တော်တို့အပေါ်မှာ ဒီလိုပါပဲ။ လုယက်သူတွေက မလိုမုန်းထားတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ သူတို့ စိတ်ပျက်နေကြပြီး မျှော်လင့်ချက်မဲ့နေတာပါ။ သူတို့ အစိုးရကိုလည်း ယုံကြည်မှု မရှိတော့ပါဘူး´ ဟု ပြောကြားခဲ့သည်။

    Ref: aljazeera

  • မန်ယူဂိုးသမား ဒီဂီယာ ရီးယဲလ်ရောက်မည်လား

    မန်ယူဂိုးသမား ဒီဂီယာ ရီးယဲလ်ရောက်မည်လား

    ဇန်န၀ါရီ ၂၃၊ ၂၀၁၅
    M-Media

    gea

    – မန်ချက်စတာယူနိုက်တက်အသင်း၏ အားထားရသည့် ဂိုးသမား ဒေးဗစ်ဒီဂီယာမှာ စာချုပ်သက်တမ်းကုန်သည်အထိ မန်ယူတွင် ရှိမနေနိုင်ဟု ၎င်း၏ အေးဂျင့်ဖြစ်သူ ဂျော့ဂ်ျ မန်ဒက်ဇ်က ပြောကြားလိုက်သည်။

    ဂီယာမှာ ယခုနှစ်တွင် မန်ယူအသင်းအတွက် အကောင်းဆုံး လက်စွမ်းပြနေသူဖြစ်ပြီး လာမည့်နှစ်တွင် စာချုပ်သက်တမ်း ကုန်တော့မည် ဖြစ်သော်လည်း မန်ယူအသင်းမှ စာချုပ်သစ်အတွက် ကမ်းလှမ်းမှု မရှိသေးချေ။

    ရီးယဲလ်မက်ဒရစ်က လက်စွမ်း ကျနေသည့် ဂိုးသမား ကာစီးလက်နေရာတွင်အစားထိုးရန် ဒီဂီယာကို စိတ်ဝင်စားနေသည်ဟု ပြောကြားခဲ့ပြီး မန်ယူကလည်း ဘာစီလိုနာ ဂိုးသမားဟောင်း ဗားလ်ဒက်စ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားခြင်းကြောင့် ဒီဂီယာ၏ အနာဂတ်မှာ မသေမချာဖြစ်နေသည်။

    ခရစ္စတီယာနိုရော်နယ်ဒိုအား မန်ယူမှ ရီးယဲလ်သို့ရောက်အောင် ဆောင်ရွက်ပေးခဲ့သည့် အေးဂျင့် မန်ဒက်စ်ကလည်း ဒီဂီယာ၏ အခြေအနေမှာ ပြောင်းသွားနိုင်သည်ဟု ဆိုသည်။

    `ဒေးဗစ်(ဒီဂီယာ)ဟာ အံ့သြစရာကောင်းတဲ့ ကစားသမားတစ်ဦးပါ။ အခု မန်ယူကစားသမားဖြစ်နေပြီး စာချုပ်လည်း ရှိနေပါသေးတယ်။ ဒါကိုလေးစား ရမှာဖြစ်ပေမယ့် အခြေအနေတွေက မိနစ်တိုင်းမှာ ပြောင်းလဲနေပါတယ်´ ဟု စပိန်သတင်းစာ Marca နှင့် အင်တာဗျူးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    မန်ယူနည်းပြ ဗန်ဂါးလ်ကမူ ဂီယာအား ဆက်လက် သက်တမ်းတိုးမည်ဟု စောစောပိုင်းက ပြောကြားထားသည်။

    မန်ဒက်စ်မှာ တိုက်စစ်မှူး ဖယ်ကာအိုအား မိုနာကိုမှ မန်ယူသို့ ရောက်ရှိအောင် ဆောင်ရွက်ပေးထားသူ ဖြစ်သော်လည်း ၎င်းနှင့် မန်ယူအသင်းတို့၏ ဆက်ဆံရေးတွင် တင်းမာမှုများ ရှိနေသည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

    Ref: goal.com