News @ M-Media
Blog
  • အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် အမေရိကန်မွတ်စလင်များက နိုင်ငံ၏ အကြီးဆုံးမဟာမိတ်ဟု  အောက်လွှတ်တော်အမတ် ပြောကြား
    အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် အမေရိကန်မွတ်စလင်များက နိုင်ငံ၏ အကြီးဆုံးမဟာမိတ်ဟု အောက်လွှတ်တော်အမတ် ပြောကြား
    ဇန်န၀ါရီ ၁၈၊ ၂၀၁၅
    M-Media
    mcm
    – အကြမ်းဖက်ဝါဒ တန်ပြန်ချေမှုန်းရေးအတွက် ဆောင်ရွက်မှုများတွင် အမေရိကန်မွတ်စလင် လူ့အဖွဲ့အစည်းက နိုင်ငံထောက်လှမ်းရေး၏ အကြီးဆုံးမဟာမိတ်ဖြစ်သည်ဟု အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီဝင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် မွတ်စလင်အမတ် အန်ဒရေ ကာဆင်က ပြောကြားလိုက်သည်။
    `ယုံကြည်မှုတည်ဆောက်နိုင်တဲ့ ဆက်ဆံရေးမျိုး၊ စီးပွားရေးဆန်ဆန်မဟုတ်တဲ့ ဆက်ဆံရေးမျိုးကို ကျွန်တော်တို့ လိုချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးဌာနအတွက် မွတ်စလင်လူ့အဖွဲ့အစည်းဟာ အကြီးဆုံးမဟာမိတ်တွေထဲက တစ်ခုပါပဲလို့ ကျွန်တော် အကြိမ်ကြိမ်အခါခါ ပြောခဲ့ဖူးပါတယ်။ သူတို့ဟာ သူတို့လူ့အဖွဲ့အစည်းရဲ့အကြောင်း အားလုံးထက် ပိုသိပါတယ်´ ဟု အန်ဒရေ ကာဆင်က USA Today သို့ ဇန်န၀ါရီ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
    ထို့ပြင် မိမိမှာ FBI၊ တရားရေးဌာနတို့နှင့် တွေ့ဆုံကာ မီဒီယာပေါ်မရောက်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုများကို မွတ်စလင်လူ့အဖွဲ့အစည်း၏ အကူအညီဖြင့် ဖမ်းဆီးနိုင်သည့်အကြောင်းများကို ဆွေးနွေးပြောဆိုခဲ့ကြောင်း ၎င်းက ထပ်လောင်း
    ပြောကြားခဲ့သည်။
    အင်ဒီယာနာပိုလစ်ပြည်နယ်မှ ဒီမိုကရက်တစ်အမတ်ဖြစ်သူ ကာဆင်က ဥပဒေစိုးမိုးရေး အဖွဲ့များနှင့် မွတ်စလင်လူ့အဖွဲ့အစည်းအကြား ဆက်ဆံရေးထူထောင်ထားခြင်းမှာ အရေးကြီးသည်ဟု အလေးထားပြောကြားခဲ့ပြီး ဗလီဝတ်ကျောင်းတော်များအား ရဲတပ်ဖွဲ့မှ စောင့်ကြည့်နေခြင်းကိုမူ ဝေဖန်ခဲ့သည်။
    ကာဆင်အား အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ယခုသီတင်းပတ်အတွင်း ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုကော်မတီတွင် ပထမဆုံး တာဝန်ထမ်းဆောင်သည့် မွတ်စလင်အမတ်လည်း ဖြစ်လာခဲ့သည်။
    လက်နက်ဆိုင်ရာကော်မတီနှင့် အမိမြေလုံခြုံရေးဌာနတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ကာဆင်အား ထောက်လှမ်းရေး ကော်မတီတွင် တာဝန်ထမ်းဆောင်စေခဲ့ခြင်းမှာ ၎င်း၏ ဘာသာတရားထက် လုပ်ရည်ကိုင်ရည်ကို ကြည့်၍ ဆုံးဖြတ်ခဲ့ခြင်းဟု ကော်မတီဥက္ကဌ လီ ဟာမီလ်တန်က ပြောကြားခဲ့သည်။
    `ထောက်လှမ်းရေးကော်မတီဟာ နိုင်ငံလုံခြုံရေးရဲ့ ထိပ်တန်းကိစ္စရပ်တွေကို ဆောင်ရွက်တဲ့အဖွဲ့ပါ။ ပြီးတော့ ထိပ်တန်းလျှို့ဝှက် သတင်းတွေ အများကြီးရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ ဒီလိုနေရာမျိုးမှာ ယုံကြည်ရတဲ့သူကို လိုပါတယ်။ ဒီမိုကရက်တစ်ခေါင်းဆောင်တွေ ထဲက ကာဆင်ဟာ ဒီအရည်အချင်းနဲ့ ပြည့်စုံတယ်ဆိုတာ ပြောစရာကို မလိုပါဘူး´ ဟု ဟာမီလ်တန်က ဆိုသည်။
    ဂုဏ်ယူကြပြီ
    နိုင်ငံ၏ အရေးပါဆုံးအဖွဲ့မှ အဖွဲ့ဝင်အဖြစ် မွတ်စလင်အမတ်တစ်ဦး ခန့်အပ်ခံရခြင်းနှင့် ပတ်သက်၍ အမေရိကန် မွတ်စလင် လူ့အဖွဲ့အစည်းကလည်း ချီးကျူးခဲ့ကြသည်။
    `ဥပဒေစိုးမိုးရေးအရာရှိဟောင်းတစ်ဦးဖြစ်ပြီး မွတ်စလင်တစ်ဦးဖြစ်တဲ့ ဒီပုဂ္ဂိုလ်ဟာ အရေးပါတဲ့ ဒီလိုကော်မတီမျိုးမှာ ခန့်အပ်ခံရတာကို ကျွန်တော်တို့အဖွဲ့က ဂုဏ်ယူမိပါတယ်´ ဟု အင်ဒီယာနာ ပိုလစ်တွင် အခြေစိုက်သည့် မြောက်အမေရိကအစ္စလာမ်အသင်းမှ အဂ္ဂါ ဟိုပစ်က ပြောကြားခဲ့သည်။
    Arsenal Technical High အထက်တန်းကျောင်းမှ ကျောင်းပြီးခဲ့သည့် ကာဆင်မှာ Concordia University-Wisconsin တက္ကသိုလ်မှ ရာဇ၀တ်မှုနှင့် တရားမျှတမှုဆိုင်ရာ စီမံခန့်ခွဲရေး ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး၊ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်ဖြင့် Indiana Wesleyan University တက္ကသိုလ်မှ မဟာဘွဲ့ရရှိခဲ့သည်။
    ကာဆင်မှာ Citizens Neighborhood Coalition အကူအညီပေးရေးအဖွဲ့၏ ဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ယူနေသူဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် အောက်လွှတ်တော် အမတ်အဖြစ် ရွေးကောက်ခြင်းခံခဲ့ရကာ အောက်လွှတ်တော်တွင် တာဝန်ယူရသည့် ဒုတိယမြောက်
    မွတ်စလင်အမတ် ဖြစ်လာခဲ့သည်။
    အမေရိကန်အောက်လွှတ်တော်ရှိ ပထမဦးဆုံးမွတ်စလင်အမတ်မှာ ဒီမိုကရက်တစ်ပါတီမှ ကိသ် အဲလီဆင်ဖြစ်ပြီး ၂၀၀၆ ခုနှစ် နိုဝင်ဘာလတွင် အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။
    Ref : onislam
  • ရော်နယ်ဒိုနှင့် ချစ်သူ ရုရှားမော်ဒယ်တို့ လမ်းခွဲပြီ
    ရော်နယ်ဒိုနှင့် ချစ်သူ ရုရှားမော်ဒယ်တို့ လမ်းခွဲပြီ
    ဇန်န၀ါရီ ၁၈၊ ၂၀၁၅
    M-Media
    rnd
    – ဇန်န၀ါရီ ၁၂ ရက်နေ့က ဇူးရစ်ခ်ျမှာပြုလုပ်ခဲ့တဲ့ ဖီဖာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ချီးမြှင့်ပွဲအခမ်းအနားကို ရော်နယ်ဒိုတစ်ယောက် တစ်ယောက်တည်း တက်ရောက်ခဲ့ပါတယ်။
    ဘောလုံးလောကရဲ့ အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့်တဲ့အခမ်းအနားမှာ ရော်နယ်ဒိုတစ်ယောက် ချစ်သူ ရုရှားမော်ဒယ် အိုင်ရီနာ ရှက်ကို မခေါ်လာတာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ တစ်ချို့သတင်းမီဒီယာတွေကလည်း ရော်နယ်ဒိုတစ်ယောက် အလှပဂေး အိုင်ရီနာနဲ့ လမ်းခွဲလိုက်ပြီလို့ ဖော်ပြခဲ့ကြပါတယ်။
    အိုင်ရီနာနဲ့ နီးစပ်သူတွေကတော့ အိုင်ရီနာဟာ အလုပ်တွေများနေတာကြောင့် ရော်နယ်ဒိုနဲ့ မလိုက်နိုင်ခဲ့တာလို့ ပြန်လည်ဖြေရှင်းခဲ့ပါ သေးတယ်။ ပေါ်တူဂီသတင်းစာတစ်စောင်ကတော့ Ballon d’Or ဆုပေးပွဲကိုလိုက်ဖို့ ရော်နယ်ဒိုက ခေါ်ခဲ့ပေမယ့် အိုင်ရီနာကိုယ်တိုင် ငြင်းပယ်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။
    ပုပ်ရင်ပေါ်၊ ဟုတ်ရင်ကျော်ဆိုတဲ့အတိုင်း ဇန်န၀ါရီ ၁၇ ရက်နေ့မှာပဲ အိုင်ရီနာရဲ့ အေးဂျင့်ဖြစ်သူက အိုင်ရီနာဟာ ရော်နယ်ဒိုနဲ့ လမ်းခွဲခဲ့တယ်ဆိုတဲ့သတင်းဟာ ဟုတ်မှန်ကြောင်း လူသိရှင်ကြား အတည်ပြုခဲ့ပါတယ်။
    `အိုရီနာ ရှက်ဟာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လမ်းခွဲခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်မတို့ အတည်ပြုနိုင်ပါတယ်´
    ဒီလိုအတည်ပြုခဲ့ပေမယ့် ဘာ့ကြောင့် သူတို့နှစ်ယောက် ခွဲပြဲသွားတယ်ဆိုတာကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။ အိုင်ရီနာဟာ ရော်နယ်ဒိုရဲ့မိခင်နဲ့ အဆင်မပြေတာကြောင့် လမ်းခွဲလိုက်တာလို့ ဖော်ပြချက်မျိုးတွေလည်း ရှိနေပါတယ်။
    အေးဂျင့်ကတော့ ဒီသတင်းကိုလည်း ငြင်းခဲ့ပြီး ရော်နယ်ဒိုနဲ့ ချစ်သူဘ၀တစ်လျှောက်လုံးမှာ အိုင်ရီနာဟာ ရော်နယ်ဒိုရဲ့ မိသားစုတွေနဲ့ ရင်းရင်းနှီးနှီးရှိခဲ့ပါတယ်လို့ဆိုပြီး သူတို့နှစ်ယောက်နဲ့ပတ်သက်ပြီး ကောလာလတွေဟာ မှားယွင်းတဲ့ ပြောဆိုမှုတွေသာ ဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
    ရော်နယ်ဒိုနဲ့ အိုင်ရီနာတို့ရဲ့ ချစ်သက်တမ်းဟာ ၅ နှစ်လောက်ကြာခဲ့တာပါ။ အခုတော့ အိုရီနာတစ်ယောက် Twitter မှာ ရော်နယ်ဒိုကို Follow လုပ်ထားမှုကိုတောင် ရပ်တန့်ခဲ့ပါပြီ။ ရော်နယ်ဒိုကလည်း Ballon d’Or ဆုယူပြီးတဲ့နောက် ပြောခဲ့တဲ့ ကျေးဇူးတင်စကားမှာ အိုင်ရီနာနဲ့ ပတ်သက်လို့ ထည့်သွင်းပြောဆိုတာမျိုးတောင် မရှိခဲ့ပါဘူး။
    ဘောလုံးလောကမှာ အောင်မြင်သလောက် အချစ်ရေးမှာ ကံဆိုးနေတဲ့ ရော်နယ်ဒိုရဲ့ နောက်ထပ် လက်တွဲဖော်အသစ်ဟာ ဘယ်သူဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမယ့် ကိစ္စတစ်ခု ဖြစ်ပါတော့တယ်……..
    Ref : dailymail
  • အလဲဗင်း ရဲ့ အမ်မီဒီယာကို ဒုတိယအကြိမ် အစွန်းရောက်လို့ သုံးထားတာနဲ့ ပတ်သက်ပြီး တုန့်ပြန်ချက်
    အလဲဗင်း ရဲ့ အမ်မီဒီယာကို ဒုတိယအကြိမ် အစွန်းရောက်လို့ သုံးထားတာနဲ့ ပတ်သက်ပြီး တုန့်ပြန်ချက်
    ဇန်နဝါရီ ၁၈ ၊ ၂၀၁၅
    M-Media
    Yellow-Journalism copy
    အလဲဗင်း မီဒီယာဂရုဟာ ယနေ့ ဇန်န၀ါရီလ ၁၈ ၊ ၂၀၁၅ မှာ “မစ္စရန် ဟီးလီနဲ့ မစ္စတာ ဘန်ကီမွန်တို့ သိထားဖို့က ဖြစ်နေတဲ့ပြဿနာဟာ ရခိုင်တိုင်းရင်းသား လူမျိုးများနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာများကြားက ပြဿနာ  မဟုတ်ပါခင်ဗျာ” ဆိုတဲ့ခေါင်းစဉ်နဲ့  ဘင်္ဂါလီရှုတ်ချရေး ၊ ရခိုင်အစွန်းရောက် ၀ါဒ ပရိုမုတ်ရှင်း လုပ်ရင်းနဲ့ ကမ္ဘာ့ ကုလသမဂ္ဂ ဆန့်ကျင်ရေးတို့ကို အာသာပြင်းပြင်းနဲ့  ဇောင်းပေးရေးသား ထားတဲ့ ဆောင်းပါး ဆန်ဆန် စာတမ်း တစ်ခုကို တင်ပြခဲ့ပါတယ်။ ရေးသားသူက နေထွန်းနိုင်ဆိုသူဖြစ်ပါတယ်။  Link
    ဘာကြောင့်ရေးသား ရသလဲဆိုတာကို လေ့လာဆန်းစစ်တဲ့အခါ အောက်ပါ အတိုင်း တွေ့ရပါတယ်။ အဲဒီစာတမ်းရှည်ရဲ့အမှတ်စဉ် ၄ မှာ နေထွန်းနိုင်ဆိုသူရေးသား ထားတာက
    “အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကာလမှာ မစ္စတာ ဘန်ကီမွန်က သတင်းဌာန ဆယ်ခုနဲ့ သီးသန့် သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ Eleven Media Group ကို မခေါ်ပါဘူး။ သူ့အတိုင်းပဲ မစ္စရန်ဟီးက ပုဂ္ဂလိက မီဒီယာ သမားတွေနဲ့ တွေ့ပါတယ်။ Eleven Media Group မပါပါဘူး။” လို့ဖြစ်ပါတယ်။
    နိုင်ငံတကာမှာ မျက်နှာပန်း မလှ အရာပေးစာရင်း အသွင်းမခံရခြင်းကပင့် မြန်မာပြည်က နံပါတ် ၁ မီဒီယာကြီး ခံပြင်း အမျက် ထွက်စရာဖြစ်နေတယ်ဆိုတာ ၊ အဲဒါကြောင့် အခုလို အတင်းအဖျင်း စာတမ်းကို ရေးသားရတယ်ဆိုတာ ထင်သာမြင်သာလွန်းလှပါတယ်။
    အဲဒီကုလဆန့်ကျင်ရေး အပုတ်ချရေးစာတမ်းမှာ ရေးသားသူနေထွန်းနိုင် ဆိုသူက “သူတို့ ခြောက်ဦးထဲမှာ ပါတဲ့ ဦးစည်သူအောင်မြင့်က အထူး ပြောစရာ မလိုပါဘူး။ အစ္စလာမ်မစ် အစွန်းရောက်တွေ တည်ထောင်ထားတဲ့ မွတ်ဆလင် ဝါဒဖြန့်ချိရေး Mmedia က သူတို့ ဝက်ဘ် စာမျက်နှာမှာ နေရာပေး ဖော်ပြလောက်ရတဲ့ အထိ ဆောင်းပါးများစွာ ရေးခဲ့ပါတယ်။” လို့ ထည့်သွင်းရေးသားထားပါတယ်။
    ဒါဟာဆိုရင် အလဲဗင်းရဲ့ အမ်မီဒီယာကို ဒုတိယ အကြိမ်မြောက် အစ္စလာမ်မစ် အစွန်းရောက်လို့ အရမ်းကာရော အထောက်အထားမဲ့ ဆိုထားခြင်းဖြစ်ပါတယ်။
    အလဲဗင်းရဲ့ ဇွန်လ ၇ ရက်၊ ၂၀၁၃ ထုတ် သတင်းစာမျက်နှာဖုံး ဆောင်းပါးမှာလည်း အမ်မီဒီယာကို အစွန်းရောက် မီဒီယာလို့ အထောက်အထားမဲ့ သုံးနှုံးဖော်ပြခဲ့တာကြောင့် အမ်မီဒီယာက အဲဒီခုနှစ် ဇွန်လ ၂၉  ရက်နေ့မှာ အခုလို တုန့်ပြန်ခဲ့ဖူးပါတယ်။
    Link => http://www.m-mediagroup.com/news/15383
    ကျနော်များ အမ်မီဒီယာ ဂရုဟာ မိမိတို့ရဲ့ မူအတိုင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ ဘာသာတရားများ အကြား နားလည်မှု ရှိရေးတို့ကို အလေးပေး အရေးထားပြီး ဆောင်းပါးသတင်း တွေကို တင်ဆက့်ခြင်း မျိုးသာရှိပါတယ်။ ဒါကြောင့် အလဲဗင်းဂရု အနေနဲ့ မိမိတို့  အမ်မီဒီယာကို အခြေအမြစ်မဲ့ စွပ်စွဲ အပုတ်ချ အမြတ်ထုတ်တာဟာ မေးခွန်းထုတ် ဖွယ်ရာပါပဲ။
    အမ်မီဒီယာဂရုဟာ မြန်မာပြည်မှာရှိတဲ့ လူများစု ဗုဒ္ဓဘာသာဝင်တွေကို ခုခံ တိုက်ခိုက် အကြမ်းဖက်ဖို့ သွေးထိုးလှုံဆော်နေတဲ့ မီဒီယာ မဟုတ်သလို ၊ ဘာသာကွဲ လူမျိုးတမျိုးကိုတော့ဖြင့် ချောင်ပိတ်ပြီး လူများစုက ၀ိုင်းကြဉ်သွားရလေအောင် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေတဲ့ မီဒီယာ မဟုတ်ဘူးဆိုတာ အမ်မီဒီယာရဲ့တရားဝင် ၀က်ဘ်ဆိုက်ဒ်ကို အကြမ်းဖျဉ်းကြည့်ရှုရုံနဲ့ သိသာပါတယ်။ ဒါကြောင့်လည်း ယခင်ပြန်ကြားရေး ဒုဝန်ကြီး ၊ ယခုပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ် အပါအ၀င် ဂုဏ်သရေရှိလူကြီးတွေက အမ်မီဒီယာရဲ့ အင်တာဖိတ်ဆိုင်ရာ သတင်းဆောင်းပါးတွေကို ပြန်လည် ဝေမျှလေ့ရှိခဲ့ကြပါတယ်။
    ကမ္ဘာကျော် AP သတင်းဌာန ဗျူရို တာဝန်ခံချုပ်ဖြစ်တဲ့ Todd Pitman ဟာ အမ်မီဒီယာ အင်္ဂလိပ်ပိုင်းကို Follow လုပ်ထား သူဖြစ်ပါတယ်။ မြန်မာပြည်က လူသိများလှတဲ့ ကမ္ဘာကျော် ဂျာနယ်လစ်နဲ့ လူ့အခွင့်အရေးသမား Benedict Rogers ကတော့ အမ်မီဒီယာကို အလေးထား စောင့်ကြည့်ဖတ်ရှု  သတင်းယူသူဖြစ်ပါတယ်။
    ကမ္ဘာ့အဆင့်ရှိ ဂျာနယ်လစ်တွေက အဲဒီလိုမျိုး အသိအမှတ်ပြုထားတဲ့ အမ်မီဒီယာကို အလဲဗင်းက ဘယ်လို အကြောင်း အချက်များကြောင့် အစ္စလာမ်မစ် အစွန်းရောက်လို့ သုံးစွဲရတာပါလဲ။ အကယ်၍ အမ်မီဒီယာမှာ အစွန်းရောက် သတင်းဆောင်းပါး တစ်ခုတစ်လေများရှိရင် သက်သေ သာဓက အဖြစ် ထောက်ပြဖို့ရာ အလဲဗင်းဂရုနဲ့ နေထွန်းနိုင်ဆိုသူကို ကျနော်များ အယ်ဒီတာ အဖွဲ့က တောင်းဆို လိုက်ပါတယ်။
    နေထွန်းနိုင်ဆိုသူ ရေးသား တင်ပြထားတဲ့ ကုလ အပုတ်ချရေး၊ ရခိုင် အစွန်းရောက် အမျိုးသားရေး ပရိုမုတ်ရှင်း စာတမ်းရှည်မှာ ဦးစည်သူအောင်မြင့်နဲ့  ဧရာဝတီကဲ့သို့ အခြား ဂုဏ်သရေရှိ ပြိုင်ဘက် ဂျာနယ်များကို မွတ်စလင် အရေး ဇောင်းပေးတင်ပြပါတယ်ဆိုပြီး စွပ်စွဲထားပြန် ပါသေးတယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် မွတ်စလင် မုန်းတီးရေး အခြေခံ စိတ်ဓါတ်အားကြီးမားလှတဲ့ သူတွေဟာ ဧရာဝတီ၊ မဇ္ဈိမနဲ့ ဦးစည်သူအောင်မြင့် စသူတို့ကို အလွန် လွယ်ကူစွာနဲ့ပဲ နှာခေါင်းရှုတ် ဆန့်ကျင် သွားကြမှာ ဖြစ်ပါတယ်။ ဒါဟာ အလဲဗင်းရဲ့ အ၀ါရောင် ဂျာနယ် လစ်ဇင်လုပ်ရပ်၊ ခြေထိုး အမြတ်ထုတ်တဲ့ လုပ်ရပ်ပဲဖြစ်တယ်လို့ သုံးသပ်ရပါတယ်။
    နေထွန်းနိုင်ဆိုသူ ရေးသား တင်ပြထားတဲ့ ကုလ အပုတ်ချရေး စာတမ်းရှည်ဟာ တကယ်တမ်း ခြုံငုံ သုံးသပ်ရရင် နိုင်ငံတကာကို အပုတ်ချ ဆန့်ကျင်ရင်း အစွန်းရောက် ဘာသာရေး ၊ အစွန်းရောက် အမျိုးသားရေး ၀ါဒတွေ သွတ်သွင်းခဲ့တဲ့ နာဇီပါတီရဲ့လုပ်ရပ် နဲ့ ထပ်တူညီနေ တာကြောင့် အလွန် အန္တရာယ်ကြီးမားလှတဲ့ ၀ါဒဖြန့်ချိမှု ဖြစ်ပါတယ်။
    “ ရခိုင် – ရိုဟင်ဂျာ” အရေးမှာ ရခိုင် အစွန်းရောက်ပြဿနာကို မဖြေရှင်းနိုင်တဲ့ မြန်မာ အစိုးရကသာ အဓိက ဝေဖန်ထိုက်ပါတယ်။ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သတ်ပြီး ဒါမျိုး ဝေဖန်ရေးဆောင်းပါးတွေကို အမ်မီဒီယာက အစဉ်အဆက် တင်ပြလာခဲ့တာပါ။ ကမ္ဘာကျော် မီဒီယာကြီးတွေဖြစ်ကြတဲ့ နယူးယောက်တိုင်းမ်စ် ၊ ၀ါရှင်တန်တိုင်းမ်စ် ၊ ဝေါလ်စထရိဂျာနယ် နဲ့ အေပီစတဲ့ သတင်းဌာန တွေကလည်း အမ်မီဒီယာရဲ့ လုပ်ဆောင်ပုံ အတိုင်း ရခိုင်အစွန်းရောက်ကို ဝေဖန်ပြီး ပြဿနာကို ဒီအတိုင်း ထားထားတဲ့ မြန်မာအစိုးရကိုသာ ဖိအားပေးနေကြတာဖြစ်ပါတယ်။ ဒါကြောင့် အလဲဗင်းက အဲဒီကမ္ဘာကျော် မီဒီယာကြီးတွေကိုရော အစွန်းရောက် စာရင်းသွင်းထားလေ သလား သံသယ၀င်မိပါတယ်။
    အချုပ်ဆိုရရင်တော့ အလဲဗင်းရဲ့ အမ်မီဒီယာကို စွပ်စွဲချက်ဟာ အထောက်အထားမဲ့ဖြစ်ပါ တယ်။ နေထွန်းနိုင်ဆိုသူရဲ့ စာတမ်းရှည်ဟာ ကုလ အပုတ်ချရေး ၊ ရခိုင်အစွန်းရောက် ပရိုမုတ် လုပ်ရေးတွေကို အဓိက ဇောင်းပေးထားတာကြောင့် မြန်မာပြည်ကြီးလည်း အိုင်အက်စ်အို်င်အက်စ်ဆိုတဲ့ ကြောက်မက်ဖွယ် အစွန်းရောက်အစ္စလာမ်မစ်နိုင်ငံ အဖွဲ့လိုမျိုး ၀ိုင်းကြဉ်ခံရတဲ့ အထီးတည်းနိုင်ငံကြီး ဖြစ်လာမယ့် အရေး ရှိနေတာကြောင့် အများပြည်သူ အတွက် မသင့်တော်တဲ့ အထူးစိုးရိမ်စရာ အန္တရာယ်ရှိ စာတမ်းအဖြစ် ရှုတ်ချ ကန့်ကွက်အပ်ပါတယ်။
    ဆက်စပ် သတင်းဆောင်းပါးများ ဖတ်လိုလျှင်
    ================
    အမ်မီဒီယာ မှ တင်ဆက်ခဲ့သည့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး အင်တာဖိတ်သတင်းနှင့် ဆောင်းပါးများ အပုဒ် ၆၀ နီးပါးရှိသည်။
    http://www.m-mediagroup.com/news/tag/interfaith
    အလဲဗင်းမှ အမ်-မီဒီယာအား အစွန်းရောက်ဟု အခြေအမြစ်မဲ့တိုက်ခိုက်မှုအပေါ် အမ်-မီဒီယာ၏ တုန့်ပြန်ချက်
     http://www.m-mediagroup.com/news/15383
  • အီရတ်တွင် ယာဇီဒီလူမျိုး ၂၀၀ ကျော် ISIL လက်မှ လွတ်မြောက်လာ
    အီရတ်တွင် ယာဇီဒီလူမျိုး ၂၀၀ ကျော် ISIL လက်မှ လွတ်မြောက်လာ
    ဇန်န၀ါရီ ၁၈၊ ၂၀၁၅
    M-Media
    Kurdish security forces help people from the minority Yazidi sect, on the outskirts of KirkukI
    – အီရတ်နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သော မူဆိုးလ်မြို့တွင် လပေါင်းများစွာကြာ ISIL အဖွဲ့၏ ထိန်းသိမ်းခြင်းကို ခံထားရသည့် ယာဇီဒီလူမျိုးများထဲမှ လူ ၂၀၀ ကျော်မှာ လွတ်မြောက်လာခဲ့သည်ဟု သိရသည်။
    ရှေ့တန်းစစ်မျက်နှာဖြစ်သော ကာရ်ကွတ်မြို့ အနောက်တောင်ဘက်ရှိ ဒေသမှ ယမန်နေ့က လွတ်မြောက်လာခြင်းဖြစ်ပြီး ကာ့ဒ်တပ်ဖွဲ့ဝင်များက ၎င်းတို့အား ကာ့ဒ်ဒေသမြို့တော် အာရ်ဘီလ်အနီးရှိ ကျန်းမာရေးစောင့်ရှောက်မှုစင်တာသို့ ခေါ်ဆောင်သွားခဲ့ကြသည်။
    လွတ်မြောက်လာသူများမှာ မူဆိုးလ်မြို့တွင် ပိတ်မိနေသူများဖြစ်ပြီး အများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြကာ၊ ကျန်းမာရေး ဆိုးရွားနေသော ရင်ခွင်ပိုက်ကလေးငယ်များ၊ မသန်စွမ်းသူများ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာရှိသူများဖြစ်သည်ဟု
    ယာဇီဒီလူမျိုးများ၏ အခွင့်အရေးအတွက် ဆောင်ရွက်နေသူ ခိုဒ်ရ် ဒွမ်လီက ပြောကြားခဲ့သည်။
    ISIL မှ လူပေါင်း ၂၀၀ ကျော် လွှတ်ပေးရသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဘဲ မူဆိုးလ်မြို့တွင် ISIL လက်ထဲတွင် ယာဇီဒီလူမျိုး ထောင်ပေါင်းများစွာ ကျန်ရှိနေသေးသည်။
    လွတ်မြောက်လာကြသူများအား ကာ့ဒ်လူမျိုး ဆရာဝန်များနှင့် သူနာပြုများက အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေပြီး၊ ယခင်က IS လက်မှ လွတ်မြောက်လာခဲ့ကြသည့် ယာဇီဒီလူမျိုးများကလည်း ယခုအုပ်စုတွင် ၎င်းတို့၏ မိသားစုဝင်များ ပါဝင်ခြင်း ရှိ၊ မရှိ လာရောက်ကြည့်ရှုခဲ့ကြသည်။
    အစ္စလာမ်ဘာသာဝင် မျိုးနွယ်စုတစ်ခုဖြစ်သော ကာ့ဒ်လူမျိုးများမှာ ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် ISIL အဖွဲ့အား ပင်တိုင်ခုခံနေသော အဖွဲ့ဖြစ်ပြီး တိုးတက်မှုများလည်းရရှိခဲ့ကာ ဒီဇင်ဘာလအတွင်းကလည်း အီရတ်နိုင်ငံ ဆန်ဂျာဒေသရှိ ရာဇီဒီလူမျိုး ရာပေါင်းများစွာကို ISIL လက်မှ ကယ်တင်ပေးခဲ့သည်။
    Ref: aljazeera
  • သီရိလင်္ကာ ကာကွယ်ရေး ၀န်ကြီးဟောင်း လူသတ်မှုဖြင့် တိုင်ချက်ဖွင့်ခံရ
    သီရိလင်္ကာ ကာကွယ်ရေး ၀န်ကြီးဟောင်း လူသတ်မှုဖြင့် တိုင်ချက်ဖွင့်ခံရ
    ဇန်န၀ါရီ ၁၈၊ ၂၀၁၅
    M-Media
    tri
    – သီရိလင်္ကာရှိ နာမည်ကြီးသတင်းစာတစ်စောင်၏ အယ်ဒီတာဖြစ်သူ ၂၀၀၉ ခုနှစ်က အသတ်ခံရမှုကို သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာ၏ ညီဖြစ်သူက စီစဉ်ခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့ပြီးနောက် သိရိလင်္ကာအာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။
    အသတ်ခံရသူမှာ Sunday Leader သတင်းစာ၏ အယ်ဒီတာဖြစ်သူ လာဆန်သာ ၀စ်ကရီမာတွန်ဂါဆိုသူဖြစ်ပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီက ဆိုးရွားသော သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
    ထိုသတ်ဖြတ်မှုကို သမ္မတဟောင်း ရာဂျာပက်ဆာ၏ညီ၊ ထိုစဉ်က ကာကွယ်ရေး ၀န်ကြီးဖြစ်သော ဂိုတာဘာယာ ရာဂျာပက်ဆာက အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ယခင် ပြည်သူ့ဆက်ဆံရေးဝန်ကြီး မာဗန် ဆေးလ်ဗားက ယမန်နေ့တွင် ရဲတပ်ဖွဲ့၌ တိုင်ချက်ဖွင့်ခဲ့သည်။
    `ဂိုတာဘာယာ ရာဂျာပက်ဆာဟာ ပြန်ပေးဆွဲခြင်း၊ အနိုက်အထက်ပြုခြင်းနဲ့ လူသတ်မှုတို့အတွက် တာဝန်ရှိနေတယ်လို့ ကျွန်တော်တို့ တိုင်တန်းချက် ရရှိပါတယ်။ လူသတ်မှုသုံးမှုကို အဲဒီတိုင်ချက်မှာ ဖော်ပြထားပြီး အဲဒီအထဲက တစ်ခုကတော့ ၀စ်ကရီမာတွန်ဂါ သေဆုံးမှုပါပဲ´ ဟု သီရိလင်္ကာရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အဂျစ် ရိုဟာနာက ပြောကြားခဲ့သည်။
    ထို့နောက်ပိုင်းတွင် ၀စ်ကရီမာတွန်ဂါမှာ အစိုးရအား အသရေဖျက်မှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး တရားရင်ဆိုင်နေစဉ်အတွင်းမှာပင် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က သီရီလင်္ကာအစိုးရကမူ ၀စ်ကရီမာတွန်ဂါ သေဆုံးမှုတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်းမရှိုဟု ငြင်းဆိုခဲ့သည်။
    ဇန်န၀ါရီ ၈ ရက်နေ့ သမ္မတရွေးကောက်ပွဲတွင် သမ္မတအောင်း မာဟင်ဒါ ရာဂျာပက်ဆာ ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်းနှင့် ၎င်း၏ အစိုးရအဖွဲ့ဝင်များ တာဝန်ထမ်းဆောင်စဉ်အတွင်းက ချစားခဲ့သည်ဆိုသော မှတ်တမ်းမှတ်ရာများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။
    ရာဂျာပက်ဆာမှာ ရွေးကောက်ပွဲတွင် အခြေအနေမကောင်းသည်ကို သိရှိခဲ့ပြီးနောက်ပိုင်း စစ်တပ်ကို အာဏာသိမ်းရန် အမိန့်ပေးခဲ့ပြီး စစ်တပ်ကမူ လိုက်နာခဲ့ခြင်း မရှိချေ။
    Ref: aljazeera