News @ M-Media

Blog

  • နိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များအား ကာကွယ်ပေးသွားမည်ဟု ပြင်သစ်သမ္မတ ပြော

    နိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များအား ကာကွယ်ပေးသွားမည်ဟု ပြင်သစ်သမ္မတ ပြော

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    APTOPIX France Newspaper Attack

    – အကြမ်းဖက်တိုက်ခိုက်မှုများ၏ ပထမဆုံး သားကောင်များမှာ မွတ်စလင်များသာဖြစ်ပြီး ပြင်သစ်အနေဖြင့် အစ္စလာမ်သာသနာနှင့် အစ္စလာမ်ဘာသာဝင်များကို လေစားကာ ကာကွယ်ပေးသွားမည်ဟု ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေးက ပြောကြားလိုက်သည်။

    ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုအပြီး တစ်ပတ်အကြာ ယမန်နေ့က ပြင်သစ်ရှိ မွတ်စလင်အသင်းအဖွဲ့တစ်ခုဖြစ်သော Institute of the Arab World နှင့် တွေ့ဆုံစဉ်အတွင်း ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ၃ ရက်အတွင်း တိုက်ခိုက်မှု ၂ ခု ဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ်နိုင်ငံတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်များမှာ တိုက်ခိုက်မှုအချို့ကို ခံခဲ့ရပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က ဗလီဝတ်ကျောင်းတော် များအား စောင့်ကြပ်ပေးထားသည်။

    `အစ္စလာမ်သာသနာဟာ ဒီမိုကရေစီနဲ့ သဟဇာတဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုရှုပ်ထွေးမှုမျိုးကိုမဆို ကျွန်တော်တို့ ငြင်းဆန်ရပါလိမ့်မယ်။ နိုင်ငံအတွင်းမှာရှိတဲ့ အခြားနိုင်ငံသားတွေလိုပဲ ပြင်သစ်မွတ်စလင်တွေမှာလည်း အခွင့်အရေးတွေ၊ တာဝန်တွေ ရှိနေပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့အခွင့်အရေးကို လေးစား၊ ကာကွယ်ပေးရမှာဖြစ်ပြီး၊ သူတို့ကလည်း တိုင်းပြည်ကို လေးစားရပါမယ်´ ဟု ဟော်လန်ဒေးက ထည့်သွင်းပြောကြားခဲ့သည်။

    ဟော်လန်ဒေးမှာ တိုက်ခိုက်မှုများအတွင်း သေဆုံးသွားခဲ့သည့် ရဲအရာရှိ ၃ ဦး၏ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ပြီး ထိုအရာရှိများအား နိုင်ငံ၏ အမြင့်ဆုံး သူရဲကောင်း ဆုတံဆိပ်ကို အပ်နှင်းပေးခဲ့သည်။

    ထိုအရဲရာရှိ ၃ ဦးမှာ လူမည်းတစ်ဦး၊ လူဖြူတစ်ဦးနှင့် အာရပ်နွယ်ဖွား အစ္စလာမ်ဘာသာဝင်တစ်ဦးတို့ ဖြစ်ကြပြီး ဟော်လန်ဒေးက ၎င်းတို့ ၃ ဦးမှာ ဘာသာစုံလူမျိုးစုံရှိသော ပြင်သစ်နိုင်ငံ၏ ပြယုဂ်ကို ဖော်ကြူးနေသည်ဟု ယမန်နေ့က ပြုလုပ်ခဲ့သော ဈာပနအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    ပဲရစ်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အစ္စလာမ်ဘာသာဝင်များမှာ ထိုတိုက်ခိုက်မှုများအား အရင်ဆုံးရှုတ်ချခဲ့ပြီး၊ ပဲရစ်မြို့၌ ပြုလုပ်ခဲ့သည့် အကြမ်းဖက်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြမှုတွင်လည်း မွတ်စလင်နိုင်ငံများမှ ခေါင်းဆောင်များအပါအ၀င် အစ္စလာမ်ဘာသာဝင်ပေါင်း မြောက်များစွာ ပါဝင်ခဲ့ကြသည်။

    Ref: aljazeera

  • လွတ်လပ်စွာပြောဆိုခွင့်မှာ အကန့်အသတ်ရှိသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဆို

    လွတ်လပ်စွာပြောဆိုခွင့်မှာ အကန့်အသတ်ရှိသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဆို

    ဇန်န၀ါရီ ၁၆၊ ၂၀၁၅

    M-Media

    pop

    – ဘုရားသခင်၏အမည်နာမကို အသုံးပြု၍ သတ်ဖြတ်ခြင်းကို ရှုတ်ချပြီး၊ ဘာသာတရားများကိုလည်း စော်ကား၍မရဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ပြောကြားလိုက်သည်။

    အာရှရှိ ကက်သလစ်အမာခံနိုင်ငံဖြစ်သော ဖိလစ်ပိုင်သို့ ၅ ရက်ကြာ သွားရောက်လည်ပတ်ရန် သီရိလင်္ကာမှ မထွက်ခွာခင် လေဆိပ်၌ ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပွားခဲ့သော ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် ပုပ်ရဟန်းမင်းကြီးက သတင်းထောက်များအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    `ဘုရားသခင်ရဲ့နာမတော်ကို အသုံးပြုပြီး သတ်ဖြတ်နေတာတွေဟာ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ပါ´ ဟု
    ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

    ထို့ပြင် ပုပ်ရဟန်းမင်းကြီးက ဘာသာတရားတစ်ခုစီတိုင်းတွင် ဂုဏ်သိက္ခာရှိကြောင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်တွင်လည်း အကန့်အသတ်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    `သူငယ်ချင်းကောင်းတစ်ယောက်က ကျွန်တော့်မိခင်ကို စော်ကားပြောဆိုမယ်ဆိုရင် ဒီလူဟာ အထိုးခံရဖို့ ကျိန်းသေပါပဲ။ ဒါဟာ သဘာဝပါ။ အခြားသူတစ်ဦးရဲ့ ဘာသာတရားကို ခင်ဗျားတို့က ရန်စတာမျိုး၊ စော်ကားတာမျိုး၊ လှောင်ပြောင်တာမျိုး မလုပ်ရပါဘူး´

    ပဲရစ်ရှိ တိုက်ခိုက်ခြင်းခံခဲ့ရသော Charlie Hebdo မဂ္ဂဇင်းမှာ အစ္စလာမ်ဘာသာ၊ တမန်တော်မိုဟာမက်အပါအ၀င် အခြားဘာသာတရားများအား စော်ကားသောကာတွန်းများကို အကြိမ်ကြိမ်ဖော်ပြခဲ့သည့် မဂ္ဂဇင်းတစ်စောင်ဖြစ်သည်။ သေနတ်သမားများ၏ တိုက်ခိုက်မှုအတွင်း အယ်ဒီတာချုပ်အပါအ၀င် လူ ၁၂ ဦးသေဆုံးခဲ့ပြီး သေနတ်သမားများကမူ
    တမန်တော်မိုဟာမက်အတွက် လက်စားချေခဲ့သည်ဟု ဟစ်အော်ခဲ့သည်။

    တိုက်ခိုက်ခံရပြီးနောက် ပထမဆုံးထုတ်ဝေသော မဂ္ဂဇင်းတွင်လည်း Charlie Hebdo မှာ တမန်တော်မိုဟာမက်ပုံ ကာတွန်းကို ထည့်သွင်းဖော်ပြခဲ့သည်။

    `လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ အခွင့်အရေးတစ်ခုဖြစ်ပြီး တာဝန်တစ်ခုလည်းဖြစ်ပါတယ်။ ဒီအခွင့်အရေးကို စော်ကားတာမျိုးမရှိဘဲ အသုံးချရပါမယ်´ ဟု ပုပ်ရဟန်းမင်းကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    Ref : channelnewsasia

  • “လွတ်လပ်မှုရဲ့စည်း” (Editorial)

    “လွတ်လပ်မှုရဲ့စည်း” (Editorial)

    ဇန်နဝါရီ ၁၅၊ ၂၀၁၅
    M-Media (အယ်ဒီတာ့ အာဘော်)
    letterbox
    ”လွတ်လပ်ရေးရပြီဆိုပြီး လမ်းမပေါ်မှာဆေးရိုးလှမ်းတယ်”လို့ ဗိုလ်ချုပ်အောင်ဆန်း ရှုံ့ချမိန့်ကြားခဲ့တာ ဟာ လွတ်လပ်မှုရဲ့စည်းကို မချိုးဖောက်ကြစေချင်တဲ့ ဆန္ဒလို့ နားလည်မိပါတယ်။

    ”စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ”လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မလိုအပ်ဘဲ ‘စည်းကမ်းပြည့်ဝ သော’ဆိုတဲ့ အထူးပြု ပုဒ်ပါနေရတာက ဒီမိုကရေစီတာ အလွှတ်မှာ လွတ်လပ်မှု အရှိန်လွန်မသွားဖို့ ‘စည်းကမ်း’နဲ့ slow down ခံပေးရတဲ့သဘောလို့ မှတ်ယူမိပါတယ်။

    ဟုတ်ပါတယ်။ တိုင်းတစ်ပါး ဖိနှိပ်အုပ်စိုးမှုအောက်မှာနေ လာရတော့ လွတ်လပ်မှုကို ဆာလောင် မွတ်သိပ်ခဲ့ကြတယ် မဟုတ်လား။ ရေဆာငတ်မွတ်သူက သောက်ရေလည်းရရော အငမ်းမရသောက်တော့ ရေသီးနိုင်တာပေါ့။ အာဏာရှင်ဖိနှိပ်မှုအောက်မှာ အချုပ်အနှောင်ဘ၀နဲ့ နေနေရတော့ ဒီမိုကရေစီဆိုတဲ့ အတုတ်အနှောင်ဖြည် လွှတ်ပေးခြင်း ခံရတဲ့အခါ ညောင်းညာနေတာတွေ ထုံကျဉ်အံသေနေတာတွေ ပြေလျော့ စေဖို့ ခြေလက်ဆန့်တန်း လှုပ်ခါခုန်ပေါက်ပြေးလွှားပြီး အညောင်းဖြေရင်း ဘေးလူကို ပုတ်ခတ် မိနိုင်တာလည်း သဘာဝပါပဲ။ အရှိန်လွန်တဲ့ကိစ္စဟာ ပျော်တာတောင် မကောင်းဘူး မဟုတ်လား။ ထီသိန်း တစ်ထောင်ဆု ပေါက်ပေမဲ့ အပျော်လွန်ပြီး နှလုံးရပ်သေသွားရင် ဘာမှသုံးလိုက်ရမှာ မဟုတ်ဘူးလေ။ ဒါကြောင့် လွတ်လပ်မှု၊ အခွင့်အရေးဆိုတာမျိုးတွေကို စည်းခတ်ထားဖို့တော့ လိုအပ်ပါတယ်။

    တကယ်တော့ ကိုယ်ချင်းစာတရားဆိုတာရှိနေရင် ”လွတ်လပ်မှုရဲ့စည်း”ဆိုတာကို အထူးတလည် ဋီကာချဲ့၊ အဋ္ဌကထာဖွဲ့နေဖို့ မလိုအပ်လောက်ဘူးထင်ပါတယ်။ မလွတ်လပ်တာကို ငါမကြိုက်သလို သူလည်း ကြိုက်မှာမဟုတ်ဘူး။ အခွင့်အရေးဆုံးရှုံးတာကို ငါမကြိုက်သလို သူလည်း ကြိုက်မှာမဟုတ်ဘူး။ ကိုယ်မကြိုက် တာကို သူများအတွက်လည်း မကြိုက်ပေးတာ၊ ကိုယ်ကြိုက်တာကို သူများအတွက်လည်း ကြိုက်ပေးတာ ကိုယ်ချင်းစာစိတ်ပဲမဟုတ်လား။

    ကိုယ့်ဘုရားကျောင်းကန် သူများဖျက်ဆီးတာ မကြိုက်ရင် သူများ ဘုရားကျောင်းကန်လည်း ငါတို့ မဖျက်ဆီးဘူး။ ကိုယ့်ဘုရားကို သူများလှောင်ပြောင် စော်ကားတာမကြိုက်ရင် သူများဘုရားလည်း ငါတို့ လှောင်ပြောင်မစော်ကားဘူး။ ငါတို့ဘာသာကို ကဲ့ရဲ့ပုတ်ခတ်တာ မကြိုက်ရင် သူများဘာသာကိုလည်း ကဲ့ရဲ့ ပုတ်ခတ်တာမျိုး မလုပ်ဘူး။ ငါတို့အမျိုးကို သူများဒုက္ခပေးတာမကြိုက်ရင် သူများအမျိုးကိုလည်း ငါတို့ ဒုက္ခမပေးဘူး။ ငါတို့ကို လူ့အခွင့်အရေးဆုံးရှုံးအောင် ဖိနှိပ်တာ မကြိုက်ရင် သူများကိုလည်း လူ့အခွင့်အရေး ဆုံးရှုံးအောင် မဖိနှိပ်ဘူး။ ငါတို့ကို စော်ကားလို့ ဒေါသထွက်ရင် သူများကို စော်ကားရင်လည်း ဒေါသထွက်မှာပဲ။ ငါတို့ကို သတင်းမှား၊ သတင်းလိမ် ရေးတာ နာမိရင် သူများကို သတင်းမှား၊ သတင်းလိမ်ရေးတာလည်း နာပေးတတ်ရမှာပဲ။ ဒါက ကိုယ်ချင်းစာစိတ်ပဲ မဟုတ်လား။

    ဘုရားတည်ကျောင်းဆောက်တာ ငါတို့အတွက် အင်မတန်ထူးကဲတဲ့ ကုသိုလ်လို့ မြင်ပေမဲ့ သူများ ဘုရား ကျောင်းကန်ပြုပြင်တာ မြင် ရရုံလေးနဲ့ မစ္ဆရိယ စိတ်ပွားနေရင် ကိုယ်ချင်းစာစိတ်ကင်းတာပဲ မဟုတ်လား။ ကိုယ့်ဘာသာတရားအထိမ်းအမှတ် တံဆိပ် လက္ခဏာကို မတော်တဆပဲဖြစ်ဖြစ် အရိုအသေတန်ပြုမူတာ လောက်ကို အလွန်အင်မတန် မကျေမချမ်းဖြစ်ရပေမဲ့ သူများဘာသာတရားအကြီးအကဲ၊ ကျမ်းစာ၊ အထိမ်းအမှတ်တွေကို မစားရ၀ခမန်း စော်ကားရတာကို စိတ်တွေ့နေရင်၊ ခုံမင်နေရင်၊ အကျေနပ်ကြီး ကျေနပ်နေရင် ကိုယ်ချင်းစာစိတ်ကင်းတာပဲ မဟုတ်လား။ ကိုယ့်ကိုဝေဖန်တာကို စော်ကားတယ်မြင်ပေမဲ့ သူများကိုစော်ကားတော့ ဒါ-ဝေဖန်တာပါ၊ ဒါ-လွတ်လပ်မှုပါလို့ဆိုရင် ကိုယ်ချင်းစာစိတ်ကင်းတာပဲ မဟုတ်လား။ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးဆိုတာ စော်ကားလိုသူတွေအတွက်၊ ဖိနှိပ်လိုသူတွေအတွက်ဖြစ်ပြီး အစော်ကားခံ၊ အဖိနှိပ်ခံတွေအတွက်တော့ လွတ်လပ်မှုမလိုဘူး၊ လူ့အခွင့်အရေးမလိုဘူးဆိုရင် ကိုယ်ချင်းစာစိတ်ကင်းတာပဲ မဟုတ်လား။ ကိုယ်ချင်းစာစိတ်ဟာ လွတ်လပ်မှုရဲ့ စည်းပါ။ စည်းကျိုးပျက်နေတဲ့ လူ့အသိုက်အမြုံဟာ မငြိမ်းချမ်းမှုတွေနဲ့ ပဋိပက္ခတွေရဲ့ စက်ရုံတစ်ခုပါ။

    လွတ်လပ်မှုရဲ့စည်း—–ဖြစ်တဲ့ ကိုယ်ချင်းစာစိတ် ကျွန်တော်တို့မှာ ရှိ၊မရှိသိရအောင် ဒီလိုလေး တွေးကြည့်ရအောင်ပါ။

     ချာလီဟာ ထင်လင်းဦး ဆိုပါစို့။
        ထင်လင်းဦးဟာ နေမျိုးဝေ ဆိုပါစို့။
        နေမျိုးဝေဟာ ဟန်နာဘိခ်ျ ဆိုပါစို့။
         ဟန်နာဘိခ်ျဟာ ချာလီ ဆိုပါစို့။
        ၇၈၆ ဟာ ၉၆၉ ဆိုပါစို့။
        ဦးဝီရသူဟာ ဘင်လာဒင် ဆိုပါစို့။
        Charlie Hebdo မဂ္ဂဇင်းဟာ V Gastro ဘားဆိုင် ဆိုပါစို့။
        မလေးရှားက အသတ်ခံဗမာတွေဟာ တောင်ကုတ်က အသတ်ခံမွတ်စလင် ၁၀ ဦး ဆိုပါစို့။

        ထိုင်းက လုယက်၊လူသတ်၊ မုဒိမ်းကျင့်မှု စွပ်စွဲခံ မြန်မာ ၂ ဦးဟာ တောင်ကြီးက အကြမ်းဖက် အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ထောင်ဒဏ်နှစ်ရှည်တွေ ချခံလိုက်ရတဲ့ မွတ်စလင် ၂၀ ဦးဆိုပါစို့။

        မြန်မာပြည်က အစိုးရ အဖျက်ဆီးခံ ရမည်းသင်း ကံကြီးဗလီဟာ အာဖဂန်က တာလီဘန်တွေရဲ့ အဖျက်ဆီးခံ ဗုဒ္ဓရုပ်ပွားတော်ဆိုပါစို့။

        မိတ္ထီလာ အသတ်အဖြတ်ပွဲမှာ ဓားဆွဲ ခုတ်ထစ်နေတဲ့ သံဃာ တစ်ချို့ဟာ အစ္စလာမ် ဘာသာတရား အမည်ခံပြီး သောင်းကျန်း ဆိုးဝါးနေတဲ့ IS အဖွဲ့နဲ့ ဘိုကိုဟရမ် အဖွဲ့ဆိုပါစို့။

    အဲဒီလို ”ဆိုပါစို့”တွေမှာ မှန်တာမှားတာထက် သူ့ဘက်ကိုယ့်ဘက် ရှုထောင့်ပြောင်းမြင်တတ်တဲ့ စာနာခြင်းတရား၊ ကိုယ်ချင်းစာ စိတ်တွေ ထားကြည့်လိုက်ရင် ”လွတ်လပ်မှုရဲ့ စည်း”ကို ကျွန်တော်တို့ ထင်ထင် ရှားရှား မြင်လာနိုင်ပါလိမ့်မယ်။ ”ဆိုပါစို့”ဆိုတာ ကိုတောင် သည်းခံနိုင်စွမ်းမရှိဘူး၊ လက်မခံနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ ကိုယ်ချင်းစာနိုင် စွမ်းကင်းမဲ့သူတွေ၊ ”လွတ်လပ်မှုရဲ့စည်း”ကျိုးပေါက်နေသူတွေဖြစ်တာ သေချာသလောက်ရှိပြီး ငြိမ်းချမ်းရေး ငတ်မွတ်ခေါင်းပါး ကျိန်စာသင့် ကပ်ဆိုက်နေ ရဦးမည့် သူများသာ ဖြစ်ကြောင်း ၀မ်းနည်းစရာအတိတ်ဆိုး နိမိတ်ဆိုးဖြစ်ပါတယ်။

    M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။

  • တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ကလေးကုန်ကူးဂိုဏ်းအား ဖမ်းဆီး

    တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ကလေးကုန်ကူးဂိုဏ်းအား ဖမ်းဆီး

    ဇန်န၀ါရီ ၁၅၊ ၂၀၁၅
    M-Media

    chi

    – တရုတ်နိုင်ငံရှိ ပြည်နယ်တစ်ခုတွင် ကလေးကုန်ကူးဂိုဏ်းအား ဖမ်းဆီးခဲ့ကာ ကလေးငယ် ၃၀ ကျော်ကို ကယ်တင်နိုင်ခဲ့သည်ဟု တရုတ်မီဒီယာများက အင်္ဂါနေ့တွင် ဖော်ပြခဲ့ကြသည်။

    နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်ပြည်နယ် ဂျင်အင်းမြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကယ်တင်နိုင်ခဲ့သည့် ကလေးငယ်များမှာ ရင်ခွင်ပိုက်ကလေး ၃၇ ဦးနှင့် အသက် ၃ နှစ်အရွယ် မိန်ကလေးတစ်ဦး စုစုပေါင်း ၃၈ ဦးဖြစ်သည်။ အများစုမှာ HIV/AIDS ရောဂါနှင့် အဟာရချို့တဲ့သည့် ဝေဒနာများကို ခံစားနေရပြီး ရောင်းချပါက တစ်ဦးလျှင် ယွမ် ၅၀၀၀၀ မှ ၈၀၀၀၀ (ကန်ဒေါ်လာ ၈၀၀၀မှ ၁၂၉၁၂ အထိ) ရရှိကာ ယောက်ျားလေးများမှာ မိန်းကလေးများထက် ပို၍ဈေးကောင်းရသည်ဟု ဆိုသည်။

    အဆိုပါ ကလေးကုန်ကူးဂိုဏ်းမှာ ဂျင်အင်းမြို့ရှိ စွန့်ပစ်စက်ရုံတစ်ခုတွင် အခြေစိုက်ပြီး ခိုးလာသော ကလေးများအား အသင့်စား ခေါက်ဆွဲပြုတ်များ၊ စားကြွင်းစားကျန်များကို ကျွေးကာ ထိုစက်ရုံတွင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ထို့နောက် ၀ယ်ယူမည့်သူများထံသို့ ကလေးများကို လွယ်အိတ်များ၊ ခရီးဆောင်အိပ်များထဲသို့ထည့်ကာ ပို့ဆောင်ပေးကြသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ ကလေးကုန်ကူးဂိုဏ်းမှာ မီးဖွားကာနီး အမျိုးသမီးများကို ခေါ်ဆောင်ကာ မီးဖွားစေပြီးနောက် ထိုကလေးများအား ရောင်းချခြင်းကိုလည်း ပြုလုပ်ကြသည်။

    အဆိုပါ လူကုန်ကူးဂိုဏ်းသား စုစုပေါင်း ၁၀၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ကလေးငယ်အချို့မှာ ၎င်းတို့၏ မွေးစားမိဘများနှင့် ရှိနေကြကာ အများစုကို မိဘမဲ့ကလေး ဂေဟာတွင် ထားရှိထားသည်။ အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကိုမူ ၎င်း၏ မိခင်ဖြစ်သူထံ ပြန်လည်အပ်နှံနိုင်ခဲ့သည်။

    ကလေးကုန်ကူးခြင်းမှာ တရုတ်နိုင်ငံတွင် အဓိကပြဿနာတစ်ခု ဖြစ်လာခဲ့ပြီး ပြီးခဲ့သည့်နှစ် မတ်လကလည်း ကလေးကုန်ကူးမှု လုပ်ငန်းများနှင့် ဆက်စပ်နေသူ ထောင်ကျော်ကို ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် ဆေးရုံမှ ဆရာဝန်များလည်း ပါဝင်နေသည်။

    Ref : CNN

  • အစ္စလာမ်ဘာသာဝင်များအား စော်ကားသော မှတ်ချက်များရေးခဲ့သည့် ဘောလုံးကင်းထောက်တစ်ဦးကို မန်ယူထုတ်ပယ်

    အစ္စလာမ်ဘာသာဝင်များအား စော်ကားသော မှတ်ချက်များရေးခဲ့သည့် ဘောလုံးကင်းထောက်တစ်ဦးကို မန်ယူထုတ်ပယ်

    ဇန်န၀ါရီ ၁၅၊ ၂၀၁၅
    M-Media

    mu

    – ဆိုရှယ်မီဒီယာတွင် အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သက်၍ ဆိုးရွားသည့် လူမျိုးရေးခွဲခြားမှု မှတ်ချက်များ ရေးသားခဲ့သော ဥရောပ ဘောလုံးကင်းထောက် တစ်ဦးကို မန်ချက်စတာယူနိုက်တက်အသင်းက ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    ထုတ်ပယ်ခံရသူမှာ အသက် ၃၂ နှစ်အရွယ်ရှိ ဒိန်းမတ်နိုင်ငံသား တောရ်ဘန် အက်ဂျာဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ တာဝန်အား ရပ်ဆိုင်းခဲ့ရာမှ နောက်ပိုင်းတွင် အပြီးတိုင် ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

    အက်ဂျာမှာ ၎င်း၏ ဆိုရှယ်စာမျက်နှာတွင် ဒိန်းမတ်နိုင်ငံ၌ နိုင်ငံခြားသားများ ပြောင်းရွှေ့အခြေချမှုကို ဆန့်ကျင်သည့် မှတ်ချက်များကို ရေးသားခဲ့ပြီး ၀က်ခြောက်ကောင်ပုံတင်ကာ အစ္စလာမ်ဘာသာဝင်များအား စော်ကားသော မှတ်ချက်များကိုလည်း ရေးသားခဲ့သည်။ထို့ပြင် ပဲရစ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ သူငယ်ချင်းတစ်ဦးက မွတ်စလင်များကိုရည်ညွှန်းသော ပြင်းထန်သည့် လူမျိုးရေးခွဲခြားမှု မှတ်ချက်များ ရေးသားခဲ့ရာတွင်လည်း အက်ဂျာက ထောက်ခံရေးသားခဲ့သည်။

    ၎င်း၏ ရေးသားမှုများအား ဗြိတိန်သတင်းစာ Guardian က ဝေဖန်ထောက်ပြခဲ့ပြီး ၎င်းကမူ စောစောပိုင်းက ငြင်းဆိုခဲ့သေးသည်။ သို့သော်လည်း မန်ယူအသင်းက စုံစမ်းခဲ့ပြီး အက်ဂျာအား ရာထူးမှထုတ်ပယ်ခဲ့ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

    `အသင်းအနေနဲ့ အထောက်အထားတွေရခဲ့ပြီး၊ ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်း ပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ မစ္စတာ အက်ဂျာကို အသင်းကနေ ချက်ခြင်း ထုတ်ပယ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ပြည့်ဝတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒီလိုအပြုအမူမျိုးကို လုံးဝ သည်းမခံပါဘူး´ ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

    Ref : dailymail