ဇန်န၀ါရီ ၁၅၊ ၂၀၁၅
M-Media
– ဘာသာအမျိုးမျိုးဖြင့် ရေးသားထားသည့် လမ်းညွှန်များ၊ မီနူးများ၊ ဆိုင်းဘုတ်များအား ကင်မရာနှင့် ရိုက်ရုံဖြင့် ဘာသာပြန်ပေးနိုင်သော Google Translate ဗားရှင်းအသစ်ကို Google က မိတ်ဆက်လိုက်သည်ဟု သိရသည်။
ကယ်လီဖိုးနီးယားအခြေစိုက် အဆိုပါကုမ္ပဏီမှာ ဇန်န၀ါရီ ၁၄ ရက် ယမန်နေ့တွင် ထိုအက်ပလီကေးရှင်းအား ပထမဆုံး မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး အန်ဒရွိုက်ဖုန်းများနှင့် Apple ဖုန်းများတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုအက်ပလီကေးရှင်းကို အသုံးပြု၍ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ပေါ်တူဂီ၊ ရုရှားနှင့် စပိန်ဘာသာစကားတို့ဖြင့် ရေးသားထားသော အမှတ်အသားများ၊ မီနူးများ၊ ဟင်းလျာများနှင့် ရေးသားထားသော စာတန်းများကို ဘာသာပြန် ဖော်ပြပေးနိုင်မည် ဖြစ်သည်။
Google ကမူ ထိုအက်ပလီကေးရှင်းမှာ ကျောင်းဆရာများ၊ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများ၊ ရဲများ၊ ခရီးသွားများနှင့် အခြားသော အခန်းကဏ္ဍများမှ လူများအတွက် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ထားသည်။
`ဖုန်းကင်မရာကို အသုံးပြုပြီး စာတွေကို ဘာသာပြန်ဖို့ ကျွန်တော်တို့ လုပ်ပေးထားတာပါ။ ဒါ့ကြောင့် အီတလီကျေးလက်ဒေသက လမ်းညွှန်တွေကို ခင်ဗျားတို့ အလွယ်တကူ ဖတ်နိုင်မှာဖြစ်သလို ဘာစီလိုနာရောက်တဲ့အခါ ဘာဟင်း မှာရမလဲဆိုတာကိုလည်း ဆုံးဖြတ်နိုင်မှာပါ´ ဟု Google Translate အဖွဲ့မှ ၎င်းတို့၏ ဘာလော့ဂ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါ အက်ပလီကေးရှင်းကို Word Lens နည်းပညာဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး ဖုန်းကင်မရာအား ဗီဒီယို mode သို့ပြောင်းကာ စာတန်းများကို ရိုက်ပြီးနောက် အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ဖော်ပြပေးမည် ဖြစ်သည်။
အဆိုပါ Google Translate အက်ပလီကေးရှင်းအသစ်တွင် ပြောစကားများကို အသံဖမ်းယူကာ ဘာသာပြန်ပေးခြင်းစနစ်လည်း ပါဝင်မည်ဖြစ်ပြီး မတူညီသော ဘာသာစကားများအကြား အပြန်အလှန်ပြောဆိုမှုကို Cloud ကိုအသုံးပြု၍ ဘာသာပြန်မှုကိုလည်း လက်တွေ့ပြသခဲ့သည်။
သို့သော်လည်း ထိုသို့အသုံးပြုနိုင်ရန်အတွက် အင်တာနက်ဆက်သွယ်မှု လိုအပ်မည်ဖြစ်ပြီး လောလောဆယ်တွင် ဘာသာစကားပေါင်း ၃၈ ခု ထည့်သွင်းထားကာ ဘာသာစကားအသစ်များ ထပ်မံထည့်သွင်းရန်လည်း Google က စီစဉ်နေသည်။
Ref: businessinsider