News @ M-Media

Blog

  • ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရမှုကို ထိထိရောက်ရောက် စုံစမ်းအရေးယူမည်ဟု ဘင်္ဂလားဒေ့ရှ်ပြော

    ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရမှုကို ထိထိရောက်ရောက် စုံစမ်းအရေးယူမည်ဟု ဘင်္ဂလားဒေ့ရှ်ပြော

    အောက်တိုဘာ ၃၊ ၂၀၂၁
    M-Media

    -ကော့ဆက်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့တစ်ပတ်က ရိုဟင်ဂျာခေါင်းဆောင်တစ်ဦး အသတ်ခံရမှု ကိစ္စကို ထိထိရောက်ရောက် စုံစမ်းအရေးယူသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    အသက် ၄၀ ကျော်အရွယ် မိုဟီဘူလာဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်းက သေနတ်သမားတစ်ဦးရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပါ။ သတ်ဖြတ်သူတွေကို ဖော်ထုတ်အရေးယူဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုတာတွေလည်း ရှိနေပါတယ်။

    “သတ်ဖြတ်မှုမှာ ပါဝင်တဲ့သူတွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူသွားမှာပါ။ ဘယ်သူကိုမှ ချမ်းသာမပေးပါဘူး” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဘ်ဒူလ် မိုမင်က ပြောပါတယ်။

    မိုဟီဘူလာဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်စေချင်သူဖြစ်ပြီး ဒီကိစ္စကြောင့် အကျိုးစီးပွား ထိခိုက်နိုင်တဲ့သူတွေက မိုဟီဘူလာကို သတ်ဖြတ်တာမျိုး ဖြစ်တယ်လို့လည်း မိုမင်က ဆိုပါတယ်။

    “မိုဟီဘူလာကို သတ်ဖြတ်သူတွေဟာ တရားဥပဒေရှေ့မှောက်ကို မုချ ရောက်လာရမှာ ဖြစ်ပါတယ်”

    ကော့ဆက်ဘဇားရဲတပ်ဖွဲ့က ဒီသတ်ဖြတ်မှုအတွက် ဒုက္ခသည်စခန်းက လူ ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ပါတယ်။

    မိုဟီဘူလာဟာ ‘ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာအဖွဲ့အစည်း’ (ARPSH) ကို ဖွဲ့စည်းတည်ထောင်ကာ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စနစ်တကျ မှတ်တမ်းတင် ဖော်ထုတ်နေသူတစ်ဦး ဖြစ်ပါတယ်။

    သူဟာ ရိုဟင်ဂျာတွေ နေရပ်မြန်မာနိုင်ငံကိုပြန်ရေး လိုလားသူတစ်ဦးလည်းဖြစ်ပြီး၊ သဘောထားတင်းမာသူတွေရဲ့ ခြိမ်းခြောက်မှုကို အရင်ကတည်းက ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

    ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေတဲ့ ဗီဒီယိုတစ်ခုမှာ မိုဟီဘူလာရဲ့ညီ ဟာဘီဘူလာက သူ့အစ်ကို အသတ်ခံရတာကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရကြောင်း၊ ဒါဟာ အာဆာ(ARSA) အဖွဲ့ရဲ့လက်ချက်ဖြစ်ကြောင်း ပြောကြားထားပါတယ်။ အာဆာဟာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်ပါတယ်။

    Ref: Reuters

  • နိုင်ငံရေးလောကမှ အနားယူမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ကြေငြာ

    နိုင်ငံရေးလောကမှ အနားယူမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ကြေငြာ

    အောက်တိုဘာ ၃၊ ၂၀၂၁
    M-Media

    -လာမယ့် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘဲ လက်ရှိသက်တမ်းပြီးရင် နိုင်ငံရေးကနေ အနားယူတော့မယ်လို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ကြေငြာလိုက်ပါတယ်။

    မနေ့က ဒူတာတေးရဲ့ ဒီကြေငြာချက်ဟာ ရုတ်တရက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ဒုသမ္မတအဖြစ် ဝင်ရောက်အရွေးခံဖို့ ဒူတာတေးက စီစဉ်ထားတာပါ။

    ဖိလစ်ပိုင်အခြေခံဥပဒေအရ သမ္မတတွေဟာ ၆ နှစ်သက်တမ်းတစ်ကြိမ်သာ တာဝန်ထမ်းဆောင်ရပြီး၊ ဒုတိယသမ္မတအဖြစ် ဝင်ရောက်အရွေးခံမယ့် ဒူတာတေးရဲ့ ကနဦးအစီအစဉ်ဟာ ဥပဒေနဲ့ ညီရဲ့လားဆိုတာ မေးခွန်းထုတ်သွားမယ်လို့ အတိုက်အခံတွေက ပြောကြားထားပါတယ်။

    ဒူတာတေးကတော့ နိုင်ငံရေးလောကကနေ အနားယူသွားမယ်လို့ ဆိုပါတယ်။

    “ကျွန်တော် အရည်အချင်းမပြည့်မီတော့ဘူးလို့ ဖိလစ်ပိုင်လူထုကြီးက သဘောထားရှိပါတယ်။ ဒုတိယသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင်လည်း ဥပဒေကို လက်တလုံးခြားလုပ်တာ၊ အခြခံဥပဒေကို ချိုးဖောက်ရာ ကြပါတယ်။ နိုင်ငံကရေးကနေ အနားယူတော့မှာဖြစ်ကြောင်း ဒီကနေ့ ကျွန်တော် ကြေငြာလိုပါတယ်”

    ဒူတာတေးရဲ့ ဒီကြေငြာချက်ဟာ သမီးဖြစ်သူ ကာပီယို သမ္မတအဖြစ် ဝင်အရွေးခံနိုင်အောင် လမ်းဖွင့်ပေးတာ ဖြစ်နိင်တယ်ဆိုတဲ့ ပြောကြားမှုတွေ ရှိနေပါတယ်။ ကာပီယိုဟာ ဒူတာအတေးရဲ့ အရင်ရာထူးဖြစ်တဲ့ ဒါဗာအိုမြို့တော်ဝန်နေရာကို ဆက်ခံထားသူပါ။

    ကာပီယိုက ၂၀၂၂ သမ္မတရွေးကောက်ပွဲမှာ မိမိ ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘဲ၊ မိမိတို့နှစ်ယောက်မှာ တစ်ယောက်သာ ဝင်ပြိုင်ဖို့ ဖခင်နဲ့ သဘောတူထားတဲ့အတွက်ဖြစ်တယ်လို့ ပြီးခဲ့တဲ့လမှာ ပြောကြားဖူးပါတယ်။ ဒူတာတေး နိုင်ငံရေးကနေ အနားယူမယ်လို့ ဆိုတာကြောင့် သမ္မတရွေးကောက်ပွဲမှာ ကာပီယို ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ ပြောကြားမှု​တွေ မြင့်တက်လာပါတယ်။

    Ref: Reuters

  • ဂီနီတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က သမ္မတဖြစ်လာ

    ဂီနီတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က သမ္မတဖြစ်လာ

    အောက်တိုဘာ ၂၊ ၂၀၂၁
    M-Media

    -အာဖရိကအလယ်ပိုင်း ဂီနီနိုင်ငံမှာ စက်တင်ဘာ ၅ ရက်နေ့က အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင် ဗိုလ်မှူး မမ်မာဒီ ဒွမ်ဘူယာဟာ မနေ့က အသွင်ကူးပြောင်းရေးအစိုးရရဲ့ သမ္မတအဖြစ် ကျမ်းကျိန်ပါတယ်။

    မိမိတို့အစိုးရဟာ အသွင်ကူးပြောင်းရေးကာလမှာ အခြေခံဥပဒေ ပြန်လည်ရေးဆွဲတာ၊ ခြစားမှုတိုက်ဖျက်တာ၊ ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲတာတွေလုပ်ဆောင်ကာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်မှာဖြစ်ပြီး အဲဒီနောက်ပိုင်း လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးသွားမယ်လို့ ဒွမ်ဘူယာက ဆိုပါတယ်။

    ရွေးကောက်ပွဲကျင်းပတဲ့အခါ စစ်တပ်က သူအပါအဝင် ဘယ်သူမှ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူဦးဆောင်တဲ့ အသွင်ကူးပြောင်းရေးအစိုးရ သက်တမ်း ဘယ်လောက်ရှိမလဲဆိုတာ တိတိကျကျ မသိရပါဘူး။

    အရင်အစိုးရတွေက ချုပ်ဆိုထားတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ သဘောတူညီချက်တွေကို ဆက်လက်လိုက်နာ စောင့်ထိန်းသွားမယ်လို့လည်း ဒွမ်ဘူယာက ဆိုပါတယ်။

    ဒွမ်ဘူယာဟာ ပြင်သစ်ရဲ့ နိုင်ငံခြားတပ်ဖွဲ့ဟာ အချိန်အတော်ကြာအမှုထမ်းခဲ့ပြီး အစ္စရေး၊ ယူကေနဲ့ အခြားနိုင်ငံတစ်ချို့မှာ စစ်သင်တန်းတွေလည်း တက်ခဲ့ပါတယ်။ ဂီနီသမ္မတ အလ်ဖာကွန်ဒီက ၂၀၁၈ ခုနှစ်မှာ ဒွမ်ဘူယာကို ပြန်ခေါ်ကာ အထူးတပ်ဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခိုင်းခဲ့ပြီး အဲဒီအထူးတပ်ဖွဲ့ကပဲ ပြီးခဲ့တဲ့လမှာ ကွန်ဒီကို ဖြုတ်ချ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

    Ref: AFP

  • အမျိုးသမီးများပညာရေးကိစ္စ တာလီဘန်၏ ဆောင်ရွက်ချက်ကို ကာတာဝေဖန်

    အမျိုးသမီးများပညာရေးကိစ္စ တာလီဘန်၏ ဆောင်ရွက်ချက်ကို ကာတာဝေဖန်

    အောက်တိုဘာ ၂၊ ၂၀၂၁
    M-Media

    -မိန်းကလေးငယ်တွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး တာလီဘန်တွေရဲ့ ဆောင်ရွက်ချက်ဟာ အလွန်စိတ်ပျက်စရာကောင်းတဲ့လုပ်ရပ်၊ ခေတ်နောက်ပြန်ဆွဲတဲ့လုပ်ရပ်ဖြစ်တယ်လို့ ကာတာနိုင်ငံက ဝေဖန်လိုက်ပါတယ်။

    ကာတာနိုင်ငံဟာ တာလီဘန်ကို အမေရိကန်နဲ့ စေ့စပ်ဆွေးနွေးနိုင်ဖို့ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပြီး တာလီဘန်နိုင်ငံရေးရုံးကလည်း ကာတာနိုင်ငံ ဒိုဟာ မြို့မှာ ဖွင့်လှစ်ထားတာပါ။

    ၁၉၉၆-၂၀၀၁ အာဏာရတုန်းကလို အမျိုးသမီးတွေကို ပညာသင်ခွင့်မပေးတာ၊ အလုပ်လုပ်ခွင့်မပေးတာတွေ ထပ်လုပ်မှာမဟုတ်ဘူးလို့ တာလီဘန်က ပြောကြားထားပေမယ့် လက်ရှိမှာတော့ အလယ်တန်းကျောင်းသူတွေကို ပညာဆက်လက်သင်ကြားခွင့် မပေးတော့ပါဘူး။

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးအကြီးအကဲ ဂျိုးဆပ် ဘောရဲလ်နဲ့ ကြာသာပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူရဟ်မန် အလ်-သာနီက အလယ်တန်းကျောင်းသူတွေကို ကျောင်းပြန်တက်ခွင့်မပေးတာအပြင် တာလီဘန်ရဲ့ ဆောင်ရွက်ချက်တွေကို ဝေဖန်ခဲ့ပါတယ်။

    “အာဖဂန်နစ္စတန်မှာ တော်တော် စိတ်ပျက်စရာကောင်းပြီး၊ ခေတ်နောက်ပြန်ဆွဲတဲ့ လုပ်ရပ်မျိုးတွေကို ကျွန်တော်တို့ တွေ့နေရပါတယ်”

    တာလီဘန်ရဲ့ လက်ရှိလုပ်ရပ်တွေကို တားဆီးပြီး၊ တစ်ခြားမွတ်စလင်နိုင်ငံတွေက အစ္စလာမ့်ဥပဒေတွေကို ဘယ်လိုကျင့်သုံးလဲဆိုတာ နမူနာယူလာအောင် ဆောင်ရွက်ရမယ်လို့လည်း ကာတာနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    “တာလီဘန်တွေနဲ့ ဆက်လက်ထိတွေ့ဆက်ဆံပြီး၊ ဒီလိုအလုပ်မျိုးတွေမလုပ်ဖို့ တိုက်တွန်းရပါမယ်။ ဒါ့အပြင် မွတ်စလင်တိုင်းပြည်တွေဟာ ဥပဒေတွေကို ဘယ်လို ပြဌာန်းကျင့်သုံးရတယ်၊ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရတယ်ဆိုတာတွေကို တာလီဘန်တွေ သိမြင်လာအောင် ပြသဖို့လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ကာတာနိုင်ငံကို ဥပမာပေးလို့ရပါတယ်။ မွတ်စလင်နိုင်ငံဖြစ်တယ်။ ကျွန်တော်တို့ရဲ့စနစ်ကို အစ္စလာမ့်ရှရီအသ်နဲ့သွားတယ်။ တိုင်းပြည်ရဲ့လုပ်သားအင်အား၊ အစိုးရဌာနနဲ့ ပညာရေးတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက်တောင် ပိုများနေပါသေးတယ်”

    ပြီးခဲ့တဲ့နှစ်တွေအတွင်း ရရှိခဲ့တဲ့ တိုးတက်တက်မှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ တာလီဘန်ကို ကာတာနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သလို၊ အာဖဂန်နစ္စတန်ကို ပစ်မထားကြဖို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • တရုတ်၏ လေပိုင်နက်ကျူးကျော်မှုကြောင့် ထိုင်ဝမ်က တိုက်လေယာဉ်များ ပျံတက်သတိပေး

    တရုတ်၏ လေပိုင်နက်ကျူးကျော်မှုကြောင့် ထိုင်ဝမ်က တိုက်လေယာဉ်များ ပျံတက်သတိပေး

    အောက်တိုဘာ ၂၊ ၂၀၂၁
    M-Media

    -တရုတ်လေတပ်က လေယာဉ် ၄၀ နီးပါးလောက် မိမိတို့ပိုင်နက်ကို ကျူးကျော်ပျံသန်းလာတဲ့အတွက် တိုက်လေယာဉ်တွေ ပျံတက်သတိပေးခဲ့ရတယ်လို့ ထိုင်ဝမ်က ထုတ်ပြန်ပါတယ်။

    ‘တရုတ်ဟာ စစ်ဖက်ကျူးကျော်မှုကို လက်လွတ်စပယ် လုပ်ဆောင်ခဲ့ပြီး၊ ဒေသတွင်း ငြိမ်းချမ်းရေး ထိခိုက်ပျက်ဆီးစေပါတယ်’ လို့ ထိုင်၀မ်ဝန်ကြီးချုပ် Su Tseng-chang က ဒီကနေ့ မနက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ တရုတ်ဖက်က J-16 တိုက်လေယာဉ် ၁၈ စင်း၊ Su-30 တိုက်လေယာဉ် ၄ စင်း၊ နျူဗုံးသယ်နိုင်တဲ့ H-16 ဗုံးကြဲလေယာဉ် ၂ စင်း၊ ရေငုပ်သင်္ဘောခွင်း လေယာဉ်တစ်စင်း သောကြာနေ့က မိမိပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် တိုက်လေယာဉ်တွေ ပျံတက်သတိပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

    စနေနေ့ မနက်ပိုင်းကလည်း J-16 တိုက်လေယာဉ် ၁၀ စင်း၊ H-6 လေယာဉ် ၂ စင်းနဲ့ ကင်းထောက်လေယာဉ် ၁ စင်းတို့ ထပ်မံ ကျူးကျော်ဝင်ရောက်လာခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

    ထိုမ်ဝမ်ရဲ့ထုတ်ပြန်မှုကို တရုတ်ဖက်က တုန်ပြန်တာမျိုး မရှိသေးပါဘူး။ တရုတ်က ထိုင်ဝမ်ဟာ မိမိတို့ရဲ့ပိုင်နက် ဖြစ်တယ်လို့ ပြောကြားထားတာပါ။ ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိတဲ့ဒေသလည်း ဖြစ်ပါတယ်။

    ပရာတက်စ်ကျွန်းနဲ့ကပ်နေတဲ့ နိုင်ငံအနောက်တောင်ပိုင်းက လေကြောင်းကာကွယ်ရေးဇုန်ကို တရုတ်လေ​တပ်က ကျူးကျော်ဝင်ရောက်မှုတွေ လုပ်ဆောင်တယ်လို့ လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး ထိုင်ဝမ်ဖက်က မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။

    တရုတ်ဟာ ထိုင်ဝမ်အပေါ် စစ်ရေး၊ နိုင်ငံရေးဖိအားတွေပိုသုံးပြီး သူတို့ရဲ့​ အုပ်ချုပ်မှုကို လက်ခံအောင် ပိုမိုလုပ်ဆောင်လာပါတယ်။ ထိုင်ဝမ်ကတော့ မိမိတို့ဟာ လွတ်လပ်တဲ့ အချုပ်အခြာပိုင်နိုင်ငံဖြစ်ပြီး လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို ကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

    Ref: Reuters