News @ M-Media

Blog

  • ပြင်သစ်မဂ္ဂဇင်းတိုက် တိုက်ခိုက်မှု သံသယရှိသူနှစ်ဦး၏ ဓာတ်ပုံများထုတ်ပြန်

    ပြင်သစ်မဂ္ဂဇင်းတိုက် တိုက်ခိုက်မှု သံသယရှိသူနှစ်ဦး၏ ဓာတ်ပုံများထုတ်ပြန်

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media

    pri 2

    – ယမန်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့ Carlied Hebdo မဂ္ဂဇင်းတိုက်ကို သေနတ်နဲ့ ၀င်ပစ်မှုမှာ ပါဝင်ခဲ့တယ်လို့ ယူဆရသူ ညီအကိုနှစ်ဦးရဲ့ ဓာတ်ပုံတွေကို ပြင်သစ်ရဲတပ်ဖွဲ့ ထုတ်ပြန်လိုက်ပါတယ်။

    အဲဒီသူတွေကတော့ အသက် ၃၂နှစ်အရွယ် စအီးဒ် ကော်ချီနဲ့ အသက် ၃၄ နှစ်အရွယ် ချရစ် ကော်ချီတို့ ဖြစ်ပါတယ်။ သူတို့နဲ့အတူ အိမ်ရာမဲ့လူငယ်တစ်ဦးလို့ ယူဆရတဲ့ ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ခဲ့ပါ တယ်။

    တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်တဲ့ ကာတွန်းတွေကို ရေးသား ဖော်ပြလေ့ရှိတဲ့ ဒီမဂ္ဂဇင်းတိုက်မှာ အစည်းအဝေး လုပ်နေစဉ်အတွင်း သေနတ် သမား အနည်းဆုံး ၂ ယောက်က မဂ္ဂဇင်းတိုက်ထဲကိုဝင်ပြီး တိုက်ခိုက်ရေး ရိုင်ဖယ်တွေနဲ့ ပစ်ခတ်သွားခဲ့တာပါ။

    ဒီလိုပစ်ခတ်မှုကြောင့် အယ်ဒီတာချုပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအ၀င် လူ ၁၂ ယောက်လောက် သေဆုံးခဲ့ပြီး ၇ ယောက်လောက် ဒဏ်ရာရသွားခဲ့ပါတယ်။ သေနတ်မားတွေကတော့ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

    ပြင်သစ်မွတ်စလင်ခေါင်းဆောင်တွေက ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး မီဒီယာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စလာမ်ကမ္ဘာရဲ့အမြင့်ဆုံးတက္ကသိုလ်ဖြစ်တဲ့ အလ်-အဇ်ဟာရ် တက္ကသိုလ် ကတော့ အဲဒီတိုက်ခိုက်မှုဟာ ရာဇ၀တ်မှုသာဖြစ်ပြီး အစ္စလာမ်သာသနာက အကြမ်းဖက်မှုအားလုံးကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။

    အာရပ်နိုင်ငံများအဖွဲ့ချုပ်ကလည်း အဲဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက မြို့ကြီးတွေမှာလည်း ဒီလုပ်ရပ်ဟာ လွတ်လပ်စွာ ပြောဆိုဖော်ပြခွင့်ကို တိုက်ခိုက်တာဖြစ်တယ်လို့ဆိုကာ ဆန္ဒပြမှုတွေ ပြုလုပ်နေပါတယ်။

    ပဲရစ်မှာ လုံခြုံရေးအဆင့်ကို အမြင့်ဆုံး မြှင့်တင်ထားပြီး သေနတ်သမားတွေကို ပိုက်စိတ်တိုက် ရှာဖွေမှုတွေလည်း ပြုလုပ်နေပါတယ်။

    Carlied Hebdo မဂ္ဂဇင်းဟာ အစ္စလာမ်သာသနာနဲ့ တမန်တော် မိုဟာမက်ကို စော်ကားလှောင်ပြောင်တဲ့ ကာတွန်းတွေကို ဆန့်ကျင်မှုတွေ ရှိနေတဲ့ကြားကပဲ အကြိမ်ကြိမ် ဖော်ပြခဲ့တဲ့ မဂ္ဂဇင်းတစ်စောင် ဖြစ်ပါတယ်။

    ဒီလိုဖော်ပြမှုတွေအတွက် ပြင်သစ်က မွတ်စလင်တွေနဲ့  မွတ်စလင်မဟုတ်သူတွေ က ဆန့်ကျင်ခဲ့ကြပေမယ့်လည်း တရားဥပဒေအရ အရေးယူနိုင်ခြင်း မရှိခဲ့ပါဘူး။

    Ref : aljazeera

  • ကမ္ဘာတစ်ဝှမ်း ပဋိပက္ခများကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိရောက်စွာ မဖြေရှင်းနိုင်ဟု   ကုလဆို

    ကမ္ဘာတစ်ဝှမ်း ပဋိပက္ခများကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိရောက်စွာ မဖြေရှင်းနိုင်ဟု ကုလဆို

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media

    A Syrian refugee girl sits with her brother at a makeshift settlement in Bar Elias in the Bekaa valley
    ဒုက္ခသည်စခန်းတစ်ခုမှ ဆီးရီးယားကလေးငယ် ၂ ဦး

     

    – ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသော ဋိပက္ခများအား တားဆီးမှုစွမ်းရည် ဆုံးရှုံးနေပြီး၊ ထိရောက်သော ခေါင်းဆောင်မှု စွမ်းရည် မရှိခြင်းကလည်း ဒုတိယကမ္ဘာစစ်အပြီး အဆိုးရွားဆုံး အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့မှုကို ဖြစ်ပေါ်စေသည်ဟု ကုလသမဂ္ဂမှ
    ပြောကြားလိုက်သည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူတာရက်စ်က တူရကီနိုင်ငံမြို့တော် ပြီးခဲ့သည့်ရက်ပိုင်းက အန်ကာရာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရတ်နှင့် ဆီးရီးယားတို့တွင် တစ်ပြိုင်တည်းဖြစ်ပွားနေသော ပြဿနာများက ဆိုးရွားသော အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုကို ဖန်တီးပေးပြီး အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် ထိရောက်သည့် ခေါင်းဆောင်မှုကို ကမ္ဘာက မပြသနိုင်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ယမန်နှစ်အတွင်းမှာပင် အီရတ်နှင့် ဆီးရီးယားတို့ရှိ ပဋိပက္ခများကြောင့် လူပေါင်း ၁၃ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ တောင်ဆူဒန်ပဋိပက္ခမှာလည်း ချဒ်နိုင်ငံသို့ ပြန့်နှံ့သွားကြောင်း၊ လစ်ဗျားတိုက်ခိုက်မှုမှာလည်း ပိုမိုဆိုးဝါးလာကာ ယူကရိန်းတွင်လည်း
    မတည်ငြိမ်မှုများထပ်မံ ပေါ်ထွက်လာခဲ့သည်ဟု ၎င်းက ထောက်ပြခဲ့သည်။

    ထိုပြဿနာများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများမှာ ပြီးခဲ့သည့်နှစ် ဇွန်လတွင်ပင် စုစုပေါင်း သန်း ၅၀ ရှိလာခဲ့ပြီး ဒုတိယကမ္ဘာစစ် ပြီးနောက် အများဆုံး ပမာဏလည်း ဖြစ်သည်။

    ဂူတာရက်စ်ကမူ ဆီးရီးယားအစိုးရတပ်များနှင့် သူပုန်များ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများကို လမ်းဖွင့်ပေးကာ ကူညီစောင့်ရှောက်ပေးထားသည့် တူရကီနိုင်ငံ၏ သဘောထားကြီးမှုကိုလည်း ချီးကျူးပြောဆိုခဲ့သည်။

    တူရီကီနိုင်ငံတွင် ခိုလှုံနေသော ဆီးရီးယားဒုက္ခသည် အရေအတွက်မှာ ၁.၇ သန်းရှိပြီး ၎င်းတို့ထဲမှ အချို့မှာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများ တွင် နေထိုင်နေရသည်။ အချို့မှာ နိုင်ငံတစ်ဝှမ်း ပြန့်နှံ့ ရောက်ရှိနေသည်။

    တူရကီနိုင်ငံခြားရေးဝန်ကြီး မီဗဲလ် ကာဗူဆော့ဂ်လူက မိမိတို့အစိုးရမှာ လက်ရှိအချိန်အထိ ဒုက္ခသည်များအတွက် ကန်ဒေါ်လာ ၅ ဘီလီယံကျော် သုံးစွဲထားပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် မိမိတို့၏ ၀န်ထုပ်ဝန်ပိုးကို မျှယူကြရန် ဆော်သြခဲ့သည်။

    Ref : alarabiya

  • စိတ်ဓါတ်ခွန်အား လူ့စွမ်းအား

    စိတ်ဓါတ်ခွန်အား လူ့စွမ်းအား

    ဒီဇင်ဘာ ၇ ၊ ၂၀၁၅
    M-Media
    ချယ်ရီမင်းဆွေ ရေးသည်။
    Food For Thought
    ရည်မှန်းချက်…
    —————-
    ဘ၀မှာ အဖြစ်ချင်ဆုံးက ဘာလဲ?.. လူတိုင်းလူတိုင်းမှာ ရည်မှန်းချက် ဆိုတာ ထားရှိသင့်တယ်…ရည်မှန်းချက်ရှိပြီဆိုရင် အဲ့ဒီ့အတိုင်း ဖြစ်အောင် ကြိုးစားရမယ်။
    လောကထဲက လူတိုင်းလူတိုင်း မျှော်လင့်ချက်နဲ့ အသက်ရှင်ရမယ်… ကိုယ့်ပန်းတိုင်ကဘာလဲ?.. .ရောက်အောင်ကြိုးစားမယ်…ရောက်ပြီ ဆို ရင်လည်း အဲဒီ့ နေရာလေးကို ပိုမိုမြင့်တက်အောင်နဲ့ တည်မြဲနေဖို့ ကိုယ်က တန်ဖိုးထားပြီး ထိန်းသိမ်းရမယ်…
    ကိုယ်ထားလိုက်တဲ့ ရည်မှန်းချက် ကတော့ စိတ်ကူးယဉ်မှုသက်သက် ဖြစ်မနေရဘူးနော်…
    အားမလျှော့နဲ့… လွယ်လွယ်နဲ့ အရှုံးမပေးနဲ့… ကိုယ်ရဲ့ရည်မှန်းချက် ပန်းတိုင်မှာ ကိုယ့်ကြိုးစားမှုအတွက် အောင်မြင်မှု အသီးအပွင့်တွေ ဝေေ၀ဆာဆာ ရှိနေလိမ့်မယ်…..

    ကိုယ်ကျင့်တရား
    —————-
    လူရယ်လို့ ဖြစ်လာမှတော့ ဆင်းရဲတဲ့ သူဘဲဖြစ်ဖြစ်… ချမ်းသာတဲ့သူဘဲဖြစ်ဖြစ်…အဓိက ထိန်းသိမ်းရမှာက …ကိုယ်ကျင့်တရား ကိုယ်ဘယ်အခြေအနေဘဲ…ရောက်နေပါစေ…
    (1) စိတ်ထားကောင်းရမယ်
    (2) စိတ်ဓါတ်ဖြူစင်ရမယ်
    (3) ကိုယ်ချင်းစာတတ်ရမယ်
    (4) သိက္ခာရှိရမယ်……

    အတ္တ
    —-
    လူတိုင်းလူတိုင်းမှာ အတ္တဆိုတာရှိတယ်… .ဒါပေမယ့်ထားသင့်တဲ့အတ္တဖြစ်ရမယ်…အတ္တက အလွန်အကျွံ မဖြစ်ရဘူး…ကိုယ့်ရဲ့ အတ္တဟာ သူုတပါး အတွက် ဒုက္ခ မဖြစ်စေနဲ့… သူတပါးကို မထိခိုက်သရွေ့ ကိုယ့်အတ္တက ဖြူစင်နေမှာဘဲ….အတ္တရှိမှလည်း ..ဘယ်အရာမဆို..တိုးတက်မှာ… ကိုယ်ထားရမယ့် အတ္တကတော့ ဖြူစင်ဖို့လိုတယ်နော်… အတ္တကြောင့်.. ကိုယ်ကျင့် တရားမပျက်စေနဲ့……

    အလုပ်
    ———
    အလုပ်…ဟုတ်လား?…….
    လုပ်ရမှာပေါ့…. လူတိုင်းမှာ ကိုယ်ပိုင်အလုပ်ရှိ၇မယ်.. ဒါမှ လူ့တန်ဖိုးမြင့်တက်လာမှာပေါ့… အလုပ်ရှိတဲ့ သူနဲ့အလုပ်မရှိတဲ့သူ နှိုင်းယှဉ်ကြည့်စမ်း….။
    အလုပ်မရှိတဲ့သူက
    (၁)ထိုင်းမှိုင်းနေမယ်….။
    (၂) စိတ်အလိုမကျမှု့များမယ်…။
    (၃) ပျင်းရိမယ်…။
    (၄) လူတွေနဲ့ဆက်ဆံရာမှာပြေပြစ်မှု့မရှိဘူး..။
    (၅) လူ့ချဉ်ဖက်ဖြစ်လာပြီး နောက်ဆုံးမှာလူ့ယဉ်ကျေးတို့ရဲ့ပတ်ဝန်းကျင်နဲ့ကင်းကွာသွားလိမ့်မယ်..။

    နောက်ဆက်တွဲ ဆိုးကျိုးတွေက အများကြီးပေါ့ကွာ…။
    အလုပ်ရှိတဲ့သူဆိုရင် တော့
    (၁) တက်ကြွနေမယ်..။
    (၂) စိတ်ချမ်းမြေ့နေမယ်…။(သူ့အလုပ်ကိုစိတ်ဝင်စားမှု့အလျောက်ပေါ့)
    (၃)ဆက်ဆံရေး ပြေပြစ်မယ်..။
    (၄)လူတွေနဲ့လိုက်လျောညီထွေနေတတ်သွားမယ်..။
    (၅) သူ့ရဲ့ဆုံးဖြတ်ချက်တွေဟာဘယ်အရာမျိုးမှာဖြစ်ဖြစ်တိကျမှန်ကန်နေမယ်..။

    အလုပ်အပေါ်စိတ်ဝင်စားရင်ဝင်စားသလောက်သူ့တန်ဖိုးကမြှင့်တက်ပြီးသူ့နာမည်ဟာ ပတ်ဝန်းကျင်မှာသင်းပျံနေလိမ့်မယ်..။

    စိတ်ဓါတ်ကိုမြင့်တင်
    ———————–
    အခက်အခဲဆိုတာ လူတိုင်းကြုံကြတာဘဲလေ..။ အဲဒီလိုကြုံလာခဲ့ရင် အရေးကြီးဆုံးက စိတ်ဓါတ်ကိုပြုတ်မကျစေနဲ့..။ ကိုယ်ကြုံရတဲ့ အဖြစ်အပျက်ကို ဘေးထွက်ပြီးပြန်စဉ်းစား..။ကိုယ့်အခက်အခဲကို ကိုယ် ကိုယ်တိုင်ဖြေရှင်းရတော့မယ်ဆိုရင် ကိုယ်နေရာမှာသူများကိုအစားထိုး…ကိုယ်ကဘေးကနေပြီး အခြေအနေကိုပြန်သုံးသပ်..။ အရှင်းဆုံးပုံစံ ၊အရှင်းဆုံးစိတ်ထားနဲ့ဆုံးဖြတ်ရင် ကိုယ်မမှားဘူးဆိုတာ သေချာတယ်..။ အဓိက က ဘာပြသနာနဲ့ဘဲ ကြုံကြုံ စိတ်ကိုငြိမ်အောင်ထား.´´စိတ်ဓါတ်ကိုမြှင့်တင် ´´လူတိုင်း လူတိုင်းမှာ ဒီလိုအခက်အခဲမျိုးရှိမယ်လို့ သိထားသင့်တယ်… ကိုယ့်ရဲ့ဆုံးဖြတ်ချက်က တပါးသူကိုမထိခိုက်စေနဲ့ အထူးသဖြင့် ကိုယ်ကို ကိုယ်မထိခိုက်စေရဘူး…။

    လစ်လျူရှု့လိုက်ပါ
    ———————–
    သူများက ကိုယ့်အပေါ် မကောင်းခဲ့တာကိုဖြစ်နိုင်ရင်လစ်လျူရှု့ထား..။ ကိုယ်တွေးပြီး ကြိုးစားအကောင်အထည်ဖော်ရမှာက..ကိုယ်က သူများအပေါ်အစဉ်ကောင်းနေဖို့ဘဲ..။ ဒီနေရာမှာ ကိုယ်ကကောင်းပေးနေပါရဲ့နဲ့ သူများက ကိုယ်အပေါ် ဆန်ကျင်ဘက် တုံပြန်ရင်လည်း ၀မ်းနည်းနေဖို့မလိုဘူး…။ အချိန်နဲ့အမှန်တရားက စိတ်ကောင်းရှိတဲ့သူဘက်မှာ အများကြီး(လုံးဝ ) ရှိနေတယ်..။ ကိုယ်မျက်ရည်တွေကို မဟုတ်တဲ့လူတွေ အတွက် မကျစေနဲကွာ..။ “လစ်လျူရှု့ လိုက်ပါ။ သင်ကောင်းလျှင်ကျွှန်ုပ်မဆိုးပါဆိုတာထက်….သင်မကောင်းလျှင်တောင်…ကျွှန်ပ်မဆိုးပါဆို
    တာက ပိုပြီးဖြစ်သင့်တယ်မဟုတ်ပါလား?….

  • ဘာသာတခု ပုံပျက်အောင် အတွင်းလူပဲ လုပ်လို့ရ ဟု ဟုဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသမှ တမန်တော်နေ့ အခမ်းအနားတွင် ပြောကြား

    ဘာသာတခု ပုံပျက်အောင် အတွင်းလူပဲ လုပ်လို့ရ ဟု ဟုဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသမှ တမန်တော်နေ့ အခမ်းအနားတွင် ပြောကြား

    ဇန်နဝါရီ ၇၊ ၂၀၁၄
    M-Media
    သတင်း-ဓါတ်ပုံ ၊ မိုးစက်
    DSC04566
    ရန်ကုန်။       ။ ဘာသာတရားတစ်ခုရဲ့ အနှစ်သာရ၊ ဘာသာတစ်ခုကို ပုံပျက်အောင်လုပ်ချင်ရင် အပြင်လူ ဘာသာ မတူသူမှ လုပ်မရဘဲ အတွင်းလူက လုပ်မှပဲရတာဖြစ်ပါတယ်ဟု ဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသ စေတီယင်္ဂဏ ဓမ္မာစရိယ (ဝဋံသကာ) ပရိယတ္တိသာသနဟိတ (သတျသီဟ) ဓမ္မာစရိယ မြ၀တီမင်းကြီးစာသင်တိုက်မှ မိန့်ကြားခဲ့သည်။

    ဆရာတော်သည် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင်ပြုလုပ်သော မဟာတမန်တော်မြတ် မိုဟမ္မဒ် ဖွားသန့်စင်ခြင်း အထိမ်းအမှတ် ဓမ္မနှင့်ငြိမ်းချမ်းရေး တရားသဘင် အခမ်းအနားပွဲတွင် ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

    “အစွန်းရောက်တွေဆိုတာ ဘာသာတိုင်းအတွက် အန္တရာယ်ကြီးလှပါတယ်။ ဘုန်းကြီး အရင်တုန်းကတော့ အစ္စလာမ်တွေရဲ့အပေါ်မှာ တစ်မျိုထင်ခဲ့တယ်။ အခုမှပြန်လည် သုံးသပ်ကြည့်တော့ အစွန်းရောက်တွေဆိုတာ အစ္စလာမ်ဘာသာကို ပုံပျက်အောင်လုပ်နေတာ ပါလားဆိုပြီး သိရတော့တယ်” ဟုဆရာတော်မှ ဆက်လက်မိန့်ကြားခဲ့သည်။

    ဆရာတော်မှဆက်လက်ပြီး ဓမ္မနှင့်ပတ်သက်၍ ဓမ္မဆိုသည်မှာ အရေးကြီးပြီး ငြိမ်းချမ်းရေးနှင့် ဓမ္မသည်ခွဲ၍မရကြောင်း၊ ထိုနှစ်ခုသည် ဆက်စပ်နေကြောင်း ပြောဆိုခဲ့သည်။ မိမိဘာသာ မိမိကျမ်းစာဆိုပြီးလည်း အစွမ်းအလဲကြီး မနေသင့်ပဲ ထိုကဲ့သို့  အစွမ်းအလန်းကြီးနေ ပါက မိမိကိုယ်တိုင်းလည်း အကျိုးမရှိဘဲ တစ်ပါးသူတွေသာ ဒုက္ခရောက်နိုင်ကြောင်း၊ ဘာသာတိုင်းရဲ့ အဆုံးအမများကို မိမိ၏ဘဝတွင် တန်ဖိုးရှိစွာ အသုံးချနိုင်ကြောင်း ဆရာတော်မှ ထပ်လောင်းမိန့်ကြားခဲ့သည်။

    ဆက်လက်ပြီး ဟိန္ဒူဘုန်းတော်ကြီးများ ဗဟိုအဖွဲ့ချုပ် ဥက္ကဌ စရီဦးမောင်မြင့်မှ ဓမ္မမရှိရင် ငြိမ်းချမ်းရေး မရနိုင်ဘဲ အဓမ္မတွေ ရှင်သန်နေရင်တော့ ငြိမ်းချမ်းရေးဆိုတာ အိမ်မက်တောင်မက်လို့မရနိုင်သေးကြောင်း၊ လူအချင်းချင်းတစ်ဦးနှင့် တစ်ဦး မေတ္တာတရား ကိုယ်ချင်းစာတရားထားဖို့လိုအပ်ပြီး မေတ္တာတွေဝေဆာနေတဲ့ နိုင်ငံတော်ကြီးဖြစ်လာဖို့ အဓမ္မတွေရှောင်ကြရဖို့ လိုအပ်ကြောင်း တရားဒေသနာများ ဟောကြားခဲ့သည်။

    “ကျွန်တော်တို့တွေ ငြိမ်းချမ်းရေးကို ဟန်ပြလုပ်နေတာတွေကိုရှောင်ကြပြီး ရိုးသားစွာကြိုးစားရင်း တန်းတူညီမျှတဲ့ နိုင်ငံတော်ကြီးဖြစ်လာမှာဖြစ်ပါတယ်၊ တိုင်းပြည်ငြိမ်းချမ်းရေးမှာ ဘာသာရေးခေါင်းဆောင်တွေ ညီညွတ်ခြင်းဟာ ငြိမ်းချမ်းရေးရဲ့ ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်” ဟု စရီဦးမောင်မြင့်မှ ဆက်လက်ဟောကြားခဲ့သည်။
    ယင်းဓမ္မနှင့်ငြိမ်းချမ်းရေးသဘင် တရားပွဲတွင် အစ္စလာမ်ဓမ္မဗိမာန် မှဦးဆောင်ဆော်သြရေးမှူး အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင်နှင့် အလ်ဟာဂ်ျ ဒေါက်တာဆောင်းလွင်အောင်၊ ဗုဒ္ဓဘာသာမှ မေတ္တာကမ်ပိန်း ပဓာန နာယက ဆရာတော်ကြီးဖြစ်သော မန္တလေးမြို့ မြဝတီမင်းကြီး ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ အရိယာဝံသာ ဘိဝံသ၊  ဦးဇိန (ဦးဇင်းသုည) ခရစ်ယာန် ဘာသာမှ ကက်သလစ် ဘုန်းတော်ကြီး Fr.မောရစ် ညွန့်ဝေ ဟိန္ဒူ ဘုန်းတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဌ မေတ္တာကမ်ပိန်း နာယက စရီဦးမောင်မြင့် တို့မှ တရားဒေသနာများကို မိန့်ကြားခဲ့ကြသည်။

  • ဘိန်းဘုရင်ပုံတင်သည့် မန်ယူနောက်ခံလူ ရိုဂျို ဝေဖန်ခံနေရ

    ဘိန်းဘုရင်ပုံတင်သည့် မန်ယူနောက်ခံလူ ရိုဂျို ဝေဖန်ခံနေရ

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    ru

    – မန်ယူအသင်း၏ အားထားရသည့် နောက်ခံလူတစ်ဦးဖြစ်သူ မားကို့စ်ရိုဂျိုမှာ ကိုလံဘီယာ မူးယစ်ရာဇာတစ်ဦး၏ ဓာတ်ပုံကို ဆိုရှယ်မီဒီယာတွင် လွှင့်တင်မှုကြောင့် ဝေဖန်မှုများ ခံနေရသည်ဟု သိရသည်။

    အသက် ၂၄ နှစ်အရွယ်ရှိ အာဂျင်တိုင်းသား ရိုဂျိုမှာ ၁၉၈၀နှင့် ၁၉၉၀ ပြည့်နှစ်များအတွင်းက ကိုလံဘီယာတွင် ဖြစ်ပွားခဲ့သော ပြည်သူရာပေါင်းများစွာ သေဆုံးမှုနှင့် ဆက်စပ်ပတ်သက်နေသည့် မူးယစ်ရာဇာ ပါဘလို အက်စ်ကိုဘာ၏ ပုံကို ၎င်း၏ Twitter
    စာမျက်နှာတွင် ပြီးခဲ့သည့် ရပ်ပိုင်းအတွင်းက လွှင့်တင်ခဲ့သည်။

    အဆိုပါ ဓာတ်ပုံတွင် `ဘ၀အချိုးအကွေ့တစ်ခုမှာ အဆိုးတွေနဲ့ ကြုံတွေ့ရတုန်း ကျွန်တော်နဲ့အတူ အငတ်ခံခဲ့တဲ့သူတွေ၊ ကျွန်တော့်ဘေးနားမှာ ရှိခဲ့တဲ့သူတွေသာလျှင် ကျွန်တော့်ရဲ့စားပွဲဝိုင်းမှာ ထိုင်ရမှာပါ´ ဟု အဓိပ္ပါယ်ရသည့် စာတန်းကိုလည်း ရေးသားခဲ့သည်။

    လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် မူးယစ်ရာဇာတစ်ဦးအား အမွှမ်းတင်သော ရိုဂျို၏ ထိုလုပ်ရပ်ကြောင့် ကိုလံဘီယာပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

    ဂျာမီ အော်တီဂါအမည်ရှိ Twitter သုံးစွဲသူတစ်ဦးကမူ `အသုံးမကျတဲ့ အာဂျင်တိုင်းကောင်။ အက်စ်ကိုဘာကို သူတို့က အမွှမ်းတင်မှာပေါ့။ ငါတို့တိုင်းပြည်မှာ ခံစားခဲ့ရတဲ့ နာကျင်မှုမျိုးတွေကို သူတို့မှ မခံစားဘူးတာ။ ကိုလံဘီယာမှာထက် အာဂျင်တီးနားမှာ အဲဒီကောင်တွေကို
    ရှိစေချင်လိုက်တာ´ ဟု ရေးသားခဲ့သည်။

    အက်စ်ကိုဘာမှာ ဘိန်းလုပ်ငန်းဖြင့် ပေါင် ၂၀ ဘီလီယံခန့် ရှာဖွေခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်တွင် ကိုလံဘီယာရှိ မီဒယ်လင်မြို့၌ ရဲတပ်ဖွဲ့၏ ပစ်သက်မှုကို ခံခဲ့ရသည်။ ရိုဂျိုကမူ ၎င်း၏ ထိုလုပ်ရပ်အတွက် မည်သည့်ပြောဆိုမှုမျိုးကိုမှ ယခုအချိန်အထိ မပြုလုပ်သေးပေ။

    Ref: dailymail