News @ M-Media

Blog

  • နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ ပါလက်စတိုင်း ဆက်သွယ်ခွင့်ရပြီ

    နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ ပါလက်စတိုင်း ဆက်သွယ်ခွင့်ရပြီ

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    pls 0

    – ပါလက်စတိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာရာဇ၀တ်ခုံရုံး ICC သို့ ဧပြီလ ၁ ရက်နေ့မှစ၍ အဖွဲ့ဝင်အဖြစ် ၀င်ရောက် ဆက်သွယ် ဆောင်ရွက်လိ့မ်မည်ဟု ကုလသမ္မဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားလိုက်သည်။

    နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ ၀င်ရောက်ရန်အတွက် နောက်ဆုံးအဆင့် ဆောင်ရွက်မှုအဖြစ် ICC ၏ အခြေခံမူဖြစ်သည့် ရောမ သဘောတူညီချက်တွင် လက်မှတ်ထိုးခွင့်ရရေး ပါလက်စတိုင်း၏ လျှောက်လွှာကို ပြီးခဲ့သည် သောကြာနေ့က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဆက်သွယ်ဆောင်ရွက်ခွင့် ရခဲ့ခြင်းလည်း ဖြစ်သည်။

    ယမန်နေ့ညပိုင်းက ကုလသမဂ္ဂ ၀ဘ်ဆိုက်တွင် ဘန်ကီမွန်က `ရောမသဘောတူညီချက်ဟာ ပါလက်စတိုင်းနိုင်ငံအပေါ် ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်နေ့ကစပြီး သက်ရောက်ပါလိမ့်မယ်´ ဟု ရေးသားဖော်ပြထားပြီး အဆိုပါ စာရွက်စာတမ်းများ အတည်ပြု လက်မှတ်ရေးထိုးခြင်း အတွက် မိမိအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ICC သို့ဝင်ရောက်ရန် ပါလက်စတိုင်း၏ ကြိုးစားမှုအတွက် လက်တုံ့ပြန်သွားမည်ဟု အစ္စရေးက ခြိမ်းခြောက်ထားပြီး၊ အမေရိကန် ကလည်း ထိုဆောင်ရွက်မှုမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးကို အတားအဆီးဖြစ်စေနိုင်သည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံတကာရာဇ၀တ်ခုံရုံးနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်ရပြီးနောက် ပါလက်စတိုင်းမှာ အစ္စရေး၏ စစ်ရာဇ၀တ်မှုများအတွက် တရားစွဲဆိုနိုင်မည် ဖြစ်သည်။

    Ref : www.aljazeera

  • အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဂျာမနီရှိ အထင်ကရ ပုဂ္ဂိုလ်များ ရှုတ်ချ

    အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဂျာမနီရှိ အထင်ကရ ပုဂ္ဂိုလ်များ ရှုတ်ချ

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    DEU UNESCO Welterbe Liste
    အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆန့်ကျင်ခဲ့သည့် ကိုးလုံးမှ ကက်သလစ် ဘုရားကျောင်း

    – လက်ယာစွန်းရောက်အဖွဲ့ PEGIDA မှ ဆောင်ရွက်နေသည့် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန်အတွက် ဂျာမနီရှိ နိုင်ငံရေးသမားများနှင့် အထင်ကရ ပုဂ္ဂိုလ် ၅၀ က တိုက်တွန်းလိုက်ပြီး ထိုဆောင်ရွက်မှုများမှာ လူမျိုးခြားကြောက်ရောဂါ မြင့်တက်လာခြင်းပင် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    PEGIDA မှ နိုင်ငံအရှေ့ပိုင်း ဒရက်စ်ဒန်မြို့နှင့် ကိုးလုံးမြို့တို့တွင် အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို တနင်္လာနေ့က ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း ဂျာမန်ပြည်သူများက PEGIDA အဖွဲ့မှာ လူမျိုးရေးခွဲခြားမှုနှင့် သည်းမခံနိုင်မှုကို ပျံ့နှံအောင် ဆောင်ရွက်နေသည်ဟု ပြောဆိုခဲ့ပြီး ဒရက်စ်ဒန်မြို့အပါအ၀င် ဘာလင်၊ ကိုးလုံးနှင့် အခြားမြို့များတွင် PEGIDA အဖွဲ့၏ လုပ်ရပ်အား ဆန့်ကျင်သည့် တန်ပြန်ဆန္ဒပြမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။

    ဂျာမနီ၏ အရောင်းရဆုံး စာစောင်ဖြစ်သော Bild တွင်လည်း ယမန်နေ့က `PEGIDA အလိုမရှိ´ ဟူသော ခေါင်းစဉ်ဖြင့် ဂျာမနီရှိ နိုင်ငံရေးသမားများနှင့် ထင်ရှားကျော်ကြားသူများ၏ သဘောထားများကို စာမျက်နှာ လေးမျက်နှာခန့် ဖော်ပြခဲ့သည်။

    `(သူတို့တွေဟာ) လူမျိုးခြားကြောက်ရောဂါကို `အလိုမရှိ´ လို့ ပြောကြပြီး မတူကွဲပြားမှုနဲ့ ညီညွတ်စွာနေထိုင်မှုကိုသာ `အလိုရှိသည်´ လို့ ပြောနေကြပါတယ်။ ကျွန်တော်တို့ရဲ့ လမ်းမတွေကို အနှစ်သာရမရှိတဲ့ လှုံ့ဆော်အော်ဟစ်သံတွေအတွက် လက်ဆင့်မကမ်းသင့်ပါဘူး´
    ဟု Bild ၏ လက်ထောက် အယ်ဒီယာဖြစ်သူ ဘဲလာအန်ဒါက နိဒါန်းတွင် ရေးသားခဲ့သည်။

    Bild စာစောင်၌ ၎င်းတို့၏ သဘောထားများကို ဖော်ပြခဲ့သူများတွင် ယခင်အဓိပတိဟောင်း ဟဲလ်မွတ် ရှမစ်ဒ်၊ ဘဏ္ဍာရေးဝန်ကြီး ၀ုလ်ဖ်ဂန်း ရွှဲဘဲလ်၊ ရော့ခ်စတား အူဒို လင်ဒန်ဘာ့ဂ်၊ ပေါ့ပ်စတား ဟီနို၊ ဂျာမနီဘောလုံးအသင်းခေါင်းဆောင်ဟောင်း အိုလီဗာ ဘီရ်ဟော့တို့ အပါအ၀င် အခြားထင်ရှားကျော်ကြားသူများလည်း ပါဝင်ခဲ့သည်။

    PEGIDA အဖွဲ့၏ လှုပ်ရှားမှုများကို ဂျာမန်ပြည်သူများအပြင် ခရစ်ယာန်ဘုရားကျောင်းများကလည်း ဆန့်ကျင်ခဲ့ကြသည်။ ဂျာမနီရှိ အထင်ကရ ဘုရားကျောင်းများထဲမှ တစ်ခုဖြစ်သော ကိုးလုံး ကက်သလစ်ဘုရားကျောင်းကမူ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြသူများ လာရောက်သည့်အချိန်တွင် ဘုရာကျောင်းရှိ မီးအားလုံးကို ပိတ်ပစ်ခဲ့သည်။

    `ဒီလို ဆန္ဒပြမှုအတွက် ဒီဘုရားကျောင်း စတိတ်စင်တော့ အဖြစ်ခံမှာ မဟုတ်ပါဘူး။ လူမျိုးခြားကြောက်ရောဂါ၊ လူမျိုးရေးခွဲခြားမှု၊ ဖယ်ထုတ်ထားမှုတွေကို ဆန့်ကျင်ကန့်ကွက်တယ်ဆိုတာ မြင်သာဖို့အတွက် ဘုရားကျောင်းရဲ အပြင်ဘက်မီးတွေကို သူတို့
    ဆန္ဒပြမယ့် ဇန်ဝါရီ ၅ ရက်နေ့မှာ ပိတ်ထားလိုက်တာပါ´ ဟု ဘုရားကျောင်း အကြီးအကဲ နောရ်ဘာ့တ် ဖဲလ်ဒ်ဟော့ဖ်က ပြောကြားခဲ့သည်။

    ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်ကလည်း အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများမှာ မလိုတမာစိတ်ထားနှင့် လူမျိုးရေးခွဲခြားမှုတို့မှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် ထိုလှုပ်ရှားမှုများတွင် မပါဝင်ရန် နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    Ref alaraiy, thinkprogress

  • သက်ရှိများ နေထိုင်နိုင်ဖွယ်ရှိသည့် ဂြိုဟ်သစ် ၈ လုံး ထပ်မံတွေ့ရှိ

    သက်ရှိများ နေထိုင်နိုင်ဖွယ်ရှိသည့် ဂြိုဟ်သစ် ၈ လုံး ထပ်မံတွေ့ရှိ

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    pln

    – မပူလွန်း မအေးလွန်းသည့်ဇုန် Goldilocks Zone တွင် ရှိပြီး ရေနှင့် သက်ရှိများရှိနိုင်သည်ဟု ယူဆရကာ ကိုယ်ပိုင်ကြယ်များကို လှည့်ပတ်နေသော ဂြိုဟ်သစ် ၈ လုံးကို ထပ်မံ တွေ့ရှိခဲ့သည်ဟု နက္ခတဗေဒပညာရှင်များက ယမန်နေ့တွင် ကြေညာလိုက်သည်။

    ထိုတွေ့ရှိမှုကြောင့် လူသားများနေထိုင်၍ရသောဇုန်အတွင်း ရှိမည်ဟု ယုံကြည်ရပြီး ကမ္ဘာနီးနီးအရွယ်အစားရှိ ဂြိုဟ်များ၏ အရေအတွက်ကို ၂ ဆနီးပါး ဖြစ်လာစေမည် ဖြစ်သည်။

    အဆိုပါ ဂြိုဟ် ၈ လုံးမှ ၂ လုံးမှာ မိမိတို့ နေအဖွဲ့အစည်း၏ အပြင်ဘက်တွင် ယခုအချိန်အထိ တွေ့ရှိထားသော ဂြိုဟ်များထဲမှ ကမ္ဘာနှင့်အတူဆုံး ဖြစ်နေသည်ဟု ဆီယက်တဲလ်တွင် ပြုလုပ်ခဲ့သည့် အမေရိကန် နက္ခတဗေဒအသိုက်အ၀န်း၏ ၂၂၅ ကြိမ်မြောက် အစည်းဝေးတွင် နက္ခတဗေဒပညာရှင်များက ထည့်သွင်းပြောကြားခဲ့သည်။

    `ဒီဂြိုဟ်တွေထဲက အများစုမှာ ကမ္ဘာလို ကုန်းမြေတွေရှိဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်´ ဟု နက္ခတဗေဒပညာရှင် ဂူလီယာမို တောရက်စ်က ပြောကြား ခဲ့သည်။

    အဆိုပါဂြိုဟ်များကို နာဆာ၏ ကက်ပလာမစ်ရှင်အတွင်း တွေ့ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ထုထည်ကို တိုင်းတာရန် အလွန်သေးငယ်နေသော ကြောင့် BLENDER ဟုခေါ်သည့် ကွန်ပျူတာ ပရိုဂရမ်တစ်ခုကို အသုံးပြုခဲ့ရသည်။

    ယခုအချိန်အထိ တွေ့ရှိခဲ့ရသည့် ဂြိုဟ်များအနက်မှ ကမ္ဘာနှင့်အတူဆုံးဟု သတ်မှတ်ထားသည့် ဂြိုဟ်များမှာ ကမ္ဘာဂြိုလ်မှ အလင်းနှစ် ၄၇၀ အကွာအဝေးတွင်ရှိသည့် Kepler- 438b နှင့် အလင်းနှစ် ၁၁၀၀ အကွာအဝေးတွင်ရှိသည့် Kepler-442b ဂြိုဟ်တို့ ဖြစ်ကြသည်။

    Kepler-438b မှာ ကမ္ဘာကြီးထက် ၁၂ ဆခန့်ကြီးပြီး ကမ္ဘာကဲ့သို့ ကုန်းမြေရှိနိုင်သည့် ရာခိုင်နှုန်းမှာ ၇၀ ခန့်ရှိသည်ဟု သိပ္ပံပညာရှင်များက ဆိုသည်။ Kepler-442b မှာလည်း ကမ္ဘာထက် ၃ ခန့်ကြီးပြီးကုန်းမြေတည်ရှိမှု ဖြစ်နိုင်ချေမှာ ၅ ပုံ ၃ ပုံခန့် ရှိနေသည်။

    Ref: alarabiya

  • ကုရ်အာန်ကျမ်းတော်မြတ်အား ဥဇဘက်ဘာသာစကားသို့ အာဖဂန်ပညာရှင်တစ်ဦး ပြန်ဆို

    ကုရ်အာန်ကျမ်းတော်မြတ်အား ဥဇဘက်ဘာသာစကားသို့ အာဖဂန်ပညာရှင်တစ်ဦး ပြန်ဆို

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    afg
    ကုရ်အာန်ကျမ်းတော်မြတ်အား ဥဇဘက် ဘာသာစကားသို့ ပြန်ဆိုခဲ့သူ မောင်လာနာ အဘ်ဒူလ် ဟစီးဘ် ဟာဆဘ်

     

    – နိုင်ငံအတွင်းရှိ ဥဇဘက်လူမျိုးများ ကုရ်အာန်ကျမ်းတော်မြတ်အား ကိုယ်တိုင် လေ့လာနိုင်စေရန် အတွက် အာဖဂန်နစ္စတန်ရှိ အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးမှာ ကုရ်အာန်ကျမ်းတော်မြတ်ကို ဥဇဘက်ဘာသာစကားသို့ ဘာသာပြန်ဆိုခဲ့သည်ဟု သိရသည်။

    အဆိုပါ ဘာသာပြန်ဆိုမှုကို နိုင်ငံမြောက်ပိုင်း ဘဂ္ဂလန်ပြည်နယ်မှ အစ္စလာမ့်ဓမ္မပညာရှင် တစ်ဦးဖြစ်သူ မောင်လာနာ အဘ်ဒူလ် ဟစီးဘ် ဟာဆဘ်က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မောင်လာနာ ဟာဆဘ်၏ ကြိုးပမ်းအားထုတ်မှုကို ဂုဏ်ပြုသည့်အနေဖြင့် ဥဇဘက် လူ့အဖွဲ့အစည်းက ပြီးခဲ့သည့် သီတင်းပတ်တွင် ဥဇဘက်ဒေသမြို့တော် ဖာယဘ်တွင် အခမ်းအနားတစ်ခု ပြုလုပ်ခဲ့သည်။

    အဆိုပါဂုဏ်ပြုပွဲအခမ်းအနားတွင် မောင်လာနာ ဟာဆဘ်က ကုရ်အာန်ကျမ်းတော်မြတ်အား ဥဇဘက်ဘာသာသို့ ပြန်ဆိုရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစ္စလာမ်၏ သွန်သင်ချက်များကို ဥဇဘက်လူ့အဖွဲ့အစည်းအတွင်း ထွန်းလင်းလာစေရန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    `ကုန်အာန်ကျမ်းတော်မြတ်သင်ကြားမှုဖောင်ဒေးရှင်း ဆိုတဲ့ အဖွဲ့တစ်ခု ကျွန်တော်တို့မှာ ရှိပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံတစ်ဝှမ်းလုံးမှာ အစ္စလာမ့်ဓမ္မပညာရေးကို မြှင့်တင်ပေးဖို့ပါပဲ´ ဟု ၎င်းက ဆိုပြီး ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်ရန် အချိန် ၇ နှစ်ခန့် ယူခဲ့ရကြောင်း၊ နိုင်ငံတစ်ဝှမ်း အလွယ်တကူရရှိနိုင်ရန်အတွက် အဆိုပါ ဘာသာပြန် ကော်ပီပေါင်း အနည်းဆုံး ၂၀၀၀ ကို ရိုက်နှိပ်ဖြန့်ချီရန် စီစဉ်ထားကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

    အာဖဂန်၏ အကျော်ကြားဆုံး ဓမ္မပညာရှင်များထဲမှ တစ်ဦးဖြစ်သူ ဒေါက်တာ မိုဟာမက် အယက်ဇ် နီယာဇီကလည်း ထိုအားထုတ်မှုအား ချီးကျူးပြောဆိုခဲ့သည်။

    `ဥဇဘက်လူ့အဖွဲ့အစည်းနဲ့ အာဖဂန်တစ်နိုင်ငံလုံးအတွက် ကောင်းမွန်တဲ့ ဆောင်ရွက်ချက် ဖြစ်ပါတယ်´

    အလ်-အဇ်ဟာရ် တက္ကသိုလ်မှ ဘွဲ့ရခဲ့သည့် ဒေါက်တာ နီယာဇီမှာ မြို့တော် ကဘူးလ်ရှိ ၀ါဇီရ် အက္ကဘာရ်ခန်း ဂျာမေ ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်ဆရာတော်လည်း ဖြစ်ပြီး၊ ထိုကဲ့သို့ ဘာသာပြန်ဆိုမှုက ဥဇဘက်လူ့အဖွဲ့အစည်းတွင်း ဂုဏ်ယူစရာ ဖြစ်လာမည်ဖြစ်ပြီး အစ္စလာမ့်သွန်သင်ချက်များလည်း ဖွံ့ဖြိုးလာမည်ဟု ဆိုသည်။

    `ဥဇဘက်ညီအစ်ကိုမောင်မနှတွေဟာ အခုအချိန်မှာတော့ သူတို့ရဲ့ မိခင်ဘာသာစကားနဲ့ အစ္စလာမ့်ရဲ့ သွန်သင်မှုတွေကို ရရှိတော့မှာ ဖြစ်တာကြောင့် ဂုဏ်ယူနိုင်ပါလိမ့်မယ်။ ပြီးတော့ ဒါဟာ သူတို့အတွက် လေ့လာသင်ယူမှု နည်းလမ်းတွေအတွက်လည်း လမ်းပွင့်သွားပါလိမ့်မယ်´ ဟု ထပ်လောင်းပြောကြားခဲ့သည်။

    ထို့ပြင် အာဖဂန်၏ လူမျိုးစုံရှိသော လူ့အဖွဲ့အစည်းအတွင်း လူမျိုးတစ်ခုချင်းဆီမှာ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်ယူဖွယ်ရာများ ရှိနေပြီး ထိုဂုဏ်ယူဖွယ်ရာများက မွတ်စလင်လူ့အဖွဲ့အစည်းအတွင်း ဂုဏ်သတင်းများ ထပ်ပေါင်းပေးမည်မှာ ဧကန်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အာဖဂန်နစ္စတန်တွင် ဥဇဘက်လူမျိုး အရေအတွက်မှာ ၅ သန်းဝန်းကျင်ရှိပြီး နိုင်ငံအနောက်မြောက်ပိုင်း ပြည်နယ်များဖြစ်သည့် ဖာယဘ်၊ ဘဒ်ဂစ်နှင့် ဂျော်ဇ်ဂျန် ဒေသတို့တွင် နေထိုင်ကြသည်။

    ချီးကျူးမှု

    ဟာဆဘ်၏ ထိုအားထုတ်မှုနှင့် ပတ်သက်၍ ဥဇဘက်ဒေသရှိ ရပ်မိရပ်ဖများနှင့် ပညာရှင်များကလည်း ချီးကျူးခဲ့ကြကာ အာရဘီ ဘာသာစကား သင်ယူရေး၏ အရေးပါမှုကိုလည်း အလေးအနက်ထား ပြောကြားခဲ့ကြသည်။

    ဥဇဘက်လူမျိုး အစ္စလာမ်ဓမ္မပညာရှင်တစ်ဦးဖြစ်သူ မော်လ၀ီ အက်ဆက်ဒွလ္လာဟ် ဂျမားလ်ကလည်း အဆိုပါ ဘာသာပြန်ဆိုမှုမှာ အချိန်တိုင်း လုံးဝလိုအပ်နေသည့်အရာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    `မောင်လာနာ ဟာဆဘ် ဆောင်ရွက်ခဲ့တဲ့အရာဟာ တကယ့်ကို အံ့သြလောက်စရာပါပဲ။ ကျွန်တော်တို့မှာ ပက်ရှ်တို၊ ဒါရီ၊ အင်္ဂလိပ် ဘာသာစကားနဲ့တောင် ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်တွေရှိပြီး ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ဥဇဘက်ဘာသာစကားနဲ့ ရှိမနေခဲ့တာက ဆိုးရွားမှုတစ်ခုပါပဲ´ ဟု ဂျမားလ်က ဆိုသည်။

    အခြားသော ခေါင်းဆောင်တစ်ဦးဖြစ်သူ မော်လ၀ီ အစ္စမာအီလ် မူဂျာဟစ်ကလည်း မောင်လာနာ ဟာဆဘ်၏ ဆောင်ရွက်မှုမှာ နှိုင်းယှဉ်၍မရဘဲ၊ အချိန်ကာလကြာရှည်စွာ သတိတရ ရှိနေမည်ဟု ပြောကြားခဲ့သည်။

    ကုရ်အာန်ကျမ်းတော်မြတ်ကို ဥဇဘက်ဘာသာသို့ ပြန်ဆိုခြင်းအပြင် မောင်လာနာ ဟာဆဘ်မှာ အာရဘီဘာသာစကားနှင့် ရေးသားထား သည့် အစ္စလာမ့်ဓမ္မဆိုင်ရာ ကျမ်းစာအုပ် ၅ အုပ်ကိုလည်း ဥဇဘက်ဘာသာစကားသို့ ပြန်ဆိုထားပြီးဖြစ်သည်။

    Ref : onislam

  • စည်သူအောင်မြင့် : နိုင်ငံတကာ မိသားစုရဲ့ အသံကို နားထောင်ပါ

    စည်သူအောင်မြင့် : နိုင်ငံတကာ မိသားစုရဲ့ အသံကို နားထောင်ပါ

    ဇန်နဝါရီ ၇ ၊ ၂၀၁၅
    စည်သူအောင်မြင့် ရေးသည်။
    VOA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။

    0,,16968137_303,00
    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ကျင်းပတဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် တစ်ခုမှာ ရိုဟင်ဂျာ မူဆလင် လူနည်းစုတွေကို နိုင်ငံသားဖြစ်ခွင့် အပြည့်အ၀ ပေးဖို့နဲ့ နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။ နိုင်ငံတကာ မိသားစုဖြစ်တဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်လို ဆုံးဖြတ်ချက်မျိုးလဲ၊ ရခိုင်ပြည်နယ်က အခြေအနေ အဖြစ်မှန်ကရော ဘာလဲ၊ ဒါနဲ့ ပါတ်သက်ပြီး အစိုးရနဲ့ ရခိုင်တိုင်းရင်းသား ပါတီ ဘက်က ဘယ်လို တုန့်ပြန်ကြသလဲ၊ တကယ့်တကယ်မှာရော ဘယ်လို ဖြစ်သင့်ပါသလဲ ဆိုတာ ဆွေးနွေးသုံးသပ်ကြည့်ကြရအောင်ပါ။

    ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာ ဘင်္ဂလီတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးဖို့ အပြင် ဒုက္ခသည် စခန်းမှာ ခိုလှုံနေရသူတွေ သူတို့ နေရပ်မှာ ပြန်လည် နေရာချထားရေး ဆောင်ရွက်ပေးဖို့ ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အတွင်းက မတရားဖမ်းဆီးထိန်းသိမ်းမှုတွေ၊ အတင်းအဓမ္မ အိုးအိမ်ရွှေ့ပြောင်းခိုင်းတာတွေ၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေ၊ လူမဆန်တဲ့ ညှဉ်းပမ်းမှုတွေနဲ့ အဓမ္မမြေယာသိမ်းဆည်းမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်ဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းထားပါသေးတယ်။

    အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေဖြစ်ပွား၊ ရိုဟင်ဂျာ ဘင်္ဂလီ တစ်သိန်းကျော်နဲ့ ရခိုင်တိုင်းရင်းသား ထောင်ဂဏန်းလောက် ဒုက္ခသည် စခန်းတွေမှာ သွားရောက် ခိုလှုံရတဲ့ အခြေအနေ ရောက်ခဲ့ပြီးနောက်ပိုင်း အဲဒီ ပြသနာ ကမ္ဘာက ပိုပြီး အာရုံစိုက်လာတာ ဖြစ်ပါတယ်။ နောက်ပိုင်း အစိုးရရဲ့ ကိုင်တွယ်ပုံ မမှန်ကန်တာကြောင့် ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ ဘင်္ဂလီတွေရဲ့ ပဋိပက္ခဟာ အစ္စလာမ် ဘာသာကိုးကွယ်တဲ့ ကမန် တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ ဘင်္ဂလီတွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ ကို တိုက်ခိုက်သည် အထိ ကျယ်ပြန့်လာခဲ့ပါတယ်။ ဒီလို ပြသနာ ကျယ်ပြန့်လာလို့လည်း ပဋိပက္ခဖြစ်ပွားတာ ၂ နှစ်ကျော် ၃ နှစ်ထဲ ၀င်လာသည်အထိ နှစ်ဖက် လူအဖွဲ့အစည်းနှစ်ခု ပြေလည် ငြိမ်းအေးမှု မရသေးတဲ့ အပြင် ယုံကြည်မှုကို စပြီး တည်ဆောက်နိုင်တဲ့ အဆင့်ကိုတောင် ရောက်မလာသေးပါဘူး။

    နဂိုကတည်းကမှ လူ့အခွင့်အရေး ချိုးဖေါက်ခံရပြီး ဆင်းရဲမွဲတေနေတဲ့ ရိုဟင်ဂျာ ဘင်္ဂလီတွေရဲ့ ဘ၀ ဟာလည်း ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ပိုလို့တောင် ဆိုးလာပါသေးတယ်။ ဘင်္ဂလီ ရိုဟင်ဂျာ တစ်သိန်းကျော်ဟာ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရဆဲ ဖြစ်ပြီး အာဏာပိုင်တွေဟာ သူတို့ကို နဂို နေထိုင်ရာ ရပ်ရွာတွေကို ပြန်ခွင့်မပေးသေးပဲ ပိတ်လှောင်ထားဆဲ ရှိနေပါသေးတယ်။ ဒီကြားထဲ နောက်ထပ် ပြသနာ တက်လာတာက ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေ အရေးပါ။ မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံသားမှန်း မစိစစ်ရသေးလို့ ယာယီသက်သေခံလက်မှတ်လို့ ခေါ်တဲ့ White Card ကိုင်ဆောင်သူ ၆ သိန်းနီးပါး ရှိတယ်လို့ လ၀က ၀န်ကြီး ဦးခင်ရီ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောပါတယ်။ အဲဒီအရည်အတွက်ဟာ အသက် ၁၈ နှစ် ပြည့်ပြီးသူတွေပဲ ဖြစ်ပြီး လူဦးရေ အားလုံးပေါင်းရင် ရခိုင်ပြည်နယ်မှာ ၇ သိန်း၊ တစ်ပြည်လုံးမှာ ၈ သိန်းလောက် ရှိတယ်လို့ လွှတ်တော်အတွင်း ထွက်ဆိုချက်မှာ ဖော်ပြထားပါတယ်။ အခုလက်ရှိ ကမ္ဘာ့ ကုလသမဂ္ဂ နိုင်ငံတကာ မိသားစုက တောင်းဆိုနေတာဟာ အဲဒီ လူတွေကို စိစစ်ပေးဖို့၊ နိုင်ငံသားဆိုရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ပေးဖို့ ဖြစ်ပါတယ်။

    တကယ်တော့ ဒီ ယာယီသက်သေခံ လက်မှတ်တွေ ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းကလည်း မရိုးသားပါဘူး။ ၁၉၉၃ ကစ အရင် စစ်အာဏာရှင်တွေဟာ သုံးခေါက်ချိုးလို့ ခေါ်တဲ့ အမျိုးသားမှတ်ပုံတင် နဲ့ အခြား အသိအမှတ်ပြု သက်သေခံ လက်မှတ် တစ်ခုခု ကိုင်ဆောင်ထားတဲ့ အစ္စလာမ် ဘာသာဝင် အများစုဆီကနေ သူတို့ကိုင်ထားတဲ့ လက်မှတ်တွေကို သိမ်း၊ ယာယီသက်သေခံ လက်မှတ်တွေ ပြန်ထုတ်ပေးခဲ့ပါတယ်။ အဲဒီ အစ္စလာမ် ဘာသာဝင် အများစု လက်ထဲမှာ ဘာ သက်သေခံ အထောက်အထားမှ မကျန်ရစ်ပါဘူး။ ရခိုင်ပြည်နယ်မှာတော့ ရိုဟင်ဂျာ- ဘင်္ဂလီတွေကို အဲလို သက်သေခံ လက်မှတ်မျိုး အများအပြား ထုတ်ပေးခဲ့ပါတယ်။

    တကယ်တော့ ယာယီ သက်သေခံ လက်မှတ် ဆိုတာဟာ ယာယီ အတွက်ပဲ ဖြစ်ရပါလိမ့်မယ်။ ဒါပေမယ့် အရင် စစ်အစိုးရလုပ်ခဲ့ပုံဟာ နှစ်ပေါင်း ၂၀ ကျော် ကြာတဲ့တိုင် အဲဒီ လူတွေကို စနစ်တကျ စိစစ်ပေးတာ မလုပ်ခဲ့ပဲ ယာယီ သက်သေခံ လက်မှတ်ထုတ်ပေးထားပြီး နိုင်ငံသား အခွင့်အရေး မပေးတဲ့အပြင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုတောင် ကျူးလွန်ခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ ဘင်္ဂလီတွေကို မြန်မာနိုင်ငံက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဘူးလို့ သမ္မတ ဦးသိန်းစိန်က ကြေငြာထားပြီး နိုင်ငံသားတွေ မဟုတ်ပါဘူးလို့ ယတိပြတ် ငြင်းဆိုထားတာတော့ မရှိပါဘူး။ ဒီအတွက် နိုင်ငံတကာ က တောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည် ဖြစ်စေ လက်ရှိ အစိုးရ အနေနဲ့ ၈ သိန်းသော ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူတွေကို နိုင်ငံသားလား၊ ဧည့်နိုင်ငံသားလား၊ နိုင်ငံသားပြုခွင့် ရသူတွေလား စသဖြင့် စိစစ် အဆင့်အတန်း သတ်မှတ်ပေးပြီး သတ်မှတ်ပေးလိုက်တဲ့ အဆင့်အတန်းနဲ့ လျော်ညီတဲ့ အခွင့်အရေး ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အဲဒီလူတွေဟာ တစ်ဖက်နိုင်ငံက ခိုးဝင်လာသူတွေလို့ ဆိုခဲ့ရင် အစိုးရဘက်က ခိုးဝင်လာသူတွေဖြစ်ကြောင်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံပြရပါမယ်၊ ပြီးရင် ဒုက္ခသည်တွေအဖြစ် တရားဝင်ကြေငြာပြီး တစ်ဖက်နိုင်ငံက ပြန်လက်ခံဖို့ ပြတ်ပြတ်သားသား အရေးဆိုရဲရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားခိုင်းတဲ့ အခြေအနေကိုတော့ လုံးဝ ရပ်ဆိုင်းပစ်သင့်ပါပြီ။

    အခုဆိုရင် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက် ထွက်လာချိန်နဲ့ တိုက်ပြီး အစိုးရကလည်း ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေ အနေနဲ့ ၁၉၈၂ ဥပဒေနဲ့ အညီ ဇန်န၀ါရီ တစ်ရက်နေ့ကစ နိုင်ငံသားဖြစ်ခွင့် လျောက်ထားနိုင်ပြီလို့ ကြေငြာလာပါပြီ။ ဘယ်လောက် မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် စိစစ်ပေးနိုင်မလဲ တော့ မသိနိုင်သေးပါဘူး။ ရခိုင်အမျိုးသား ပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင် ကတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ တစ်နည်း နိုင်ငံတကာ မိသားစုကြီးရဲ့ အဲဒီ တောင်းဆိုချက်ကို ကန့်ကွက်တဲ့အကြောင်း လွှတ်တော်မှာ တင်ပြသွားမယ်လို့ ဆိုထားပါတယ်။ သိပ်မကြာသေးခင်ကပဲ မြန်မာနိုင်ငံ ကို ရောက်လာတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ ဘင်္ဂလီတွေကို “ရိုဟင်ဂျာ” လို့ သုံးနှုန်းလိုက်တဲ့အပေါ် လွှတ်တော်ထဲ အဆိုတင်ပြီး ကန့်ကွက်ခဲ့ပါသေးတယ်။

    တကယ်တော့ မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ အတားအဆီး အနှောင့်အယှက် ဖြစ်နေတဲ့ ကိစ္စတွေထဲမှာ ရခိုင်ပြည်နယ်က ဘင်္ဂလီ ရိုဟင်ဂျာ အရေးလည်း ပါဝင်ပါတယ်။ အရင် စစ်အာဏာရှင်တွေ မွေးမြူထားခဲ့တဲ့၊ ဥပဒေနဲ့အညီ မဖြေရှင်းပဲ ထားခဲ့တဲ့ ကိစ္စကြီးတစ်ရပ် ရခိုင်တိုင်းရင်းသားတွေကို လက်ညှိုးထိုး အပြစ်ပုံချဖို့ ကြံရွယ်နေတဲ့ ပြသနာလည်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ မိသားစုရဲ့ တိုက်တွန်းချက်အတိုင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဘင်္ဂလီတွေကို နိုင်ငံသားတွေ ဖြစ်မဖြစ် ဥပဒေနဲ့ အညီ အမြန်ဆုံး စိစစ်၊ ခိုးဝင်လာသူတွေဆိုရင် အစိုးရဘက်က ခိုင်လုံတဲ့ အထောက်အထားနဲ့ ဖော်ထုတ်၊ စိစစ်ပြီးသူတွေကို သတ်မှတ်ထားတဲ့ အဆင့်အတန်းနဲ့ လျော်ညီတဲ့ အခွင့်အရေးပေးဖို့ အကောင်အထည် ဖော်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    http://burmese.voanews.com/content/news-analysis-sithu-aungmyint-un-general-assembly-resoultion-rohingya/2587811.html