News @ M-Media

Blog

  • ကုရ်အာန်ကျမ်းတော်မြတ်အား ဥဇဘက်ဘာသာစကားသို့ အာဖဂန်ပညာရှင်တစ်ဦး ပြန်ဆို

    ကုရ်အာန်ကျမ်းတော်မြတ်အား ဥဇဘက်ဘာသာစကားသို့ အာဖဂန်ပညာရှင်တစ်ဦး ပြန်ဆို

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    afg
    ကုရ်အာန်ကျမ်းတော်မြတ်အား ဥဇဘက် ဘာသာစကားသို့ ပြန်ဆိုခဲ့သူ မောင်လာနာ အဘ်ဒူလ် ဟစီးဘ် ဟာဆဘ်

     

    – နိုင်ငံအတွင်းရှိ ဥဇဘက်လူမျိုးများ ကုရ်အာန်ကျမ်းတော်မြတ်အား ကိုယ်တိုင် လေ့လာနိုင်စေရန် အတွက် အာဖဂန်နစ္စတန်ရှိ အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးမှာ ကုရ်အာန်ကျမ်းတော်မြတ်ကို ဥဇဘက်ဘာသာစကားသို့ ဘာသာပြန်ဆိုခဲ့သည်ဟု သိရသည်။

    အဆိုပါ ဘာသာပြန်ဆိုမှုကို နိုင်ငံမြောက်ပိုင်း ဘဂ္ဂလန်ပြည်နယ်မှ အစ္စလာမ့်ဓမ္မပညာရှင် တစ်ဦးဖြစ်သူ မောင်လာနာ အဘ်ဒူလ် ဟစီးဘ် ဟာဆဘ်က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မောင်လာနာ ဟာဆဘ်၏ ကြိုးပမ်းအားထုတ်မှုကို ဂုဏ်ပြုသည့်အနေဖြင့် ဥဇဘက် လူ့အဖွဲ့အစည်းက ပြီးခဲ့သည့် သီတင်းပတ်တွင် ဥဇဘက်ဒေသမြို့တော် ဖာယဘ်တွင် အခမ်းအနားတစ်ခု ပြုလုပ်ခဲ့သည်။

    အဆိုပါဂုဏ်ပြုပွဲအခမ်းအနားတွင် မောင်လာနာ ဟာဆဘ်က ကုရ်အာန်ကျမ်းတော်မြတ်အား ဥဇဘက်ဘာသာသို့ ပြန်ဆိုရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစ္စလာမ်၏ သွန်သင်ချက်များကို ဥဇဘက်လူ့အဖွဲ့အစည်းအတွင်း ထွန်းလင်းလာစေရန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    `ကုန်အာန်ကျမ်းတော်မြတ်သင်ကြားမှုဖောင်ဒေးရှင်း ဆိုတဲ့ အဖွဲ့တစ်ခု ကျွန်တော်တို့မှာ ရှိပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံတစ်ဝှမ်းလုံးမှာ အစ္စလာမ့်ဓမ္မပညာရေးကို မြှင့်တင်ပေးဖို့ပါပဲ´ ဟု ၎င်းက ဆိုပြီး ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်ရန် အချိန် ၇ နှစ်ခန့် ယူခဲ့ရကြောင်း၊ နိုင်ငံတစ်ဝှမ်း အလွယ်တကူရရှိနိုင်ရန်အတွက် အဆိုပါ ဘာသာပြန် ကော်ပီပေါင်း အနည်းဆုံး ၂၀၀၀ ကို ရိုက်နှိပ်ဖြန့်ချီရန် စီစဉ်ထားကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

    အာဖဂန်၏ အကျော်ကြားဆုံး ဓမ္မပညာရှင်များထဲမှ တစ်ဦးဖြစ်သူ ဒေါက်တာ မိုဟာမက် အယက်ဇ် နီယာဇီကလည်း ထိုအားထုတ်မှုအား ချီးကျူးပြောဆိုခဲ့သည်။

    `ဥဇဘက်လူ့အဖွဲ့အစည်းနဲ့ အာဖဂန်တစ်နိုင်ငံလုံးအတွက် ကောင်းမွန်တဲ့ ဆောင်ရွက်ချက် ဖြစ်ပါတယ်´

    အလ်-အဇ်ဟာရ် တက္ကသိုလ်မှ ဘွဲ့ရခဲ့သည့် ဒေါက်တာ နီယာဇီမှာ မြို့တော် ကဘူးလ်ရှိ ၀ါဇီရ် အက္ကဘာရ်ခန်း ဂျာမေ ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်ဆရာတော်လည်း ဖြစ်ပြီး၊ ထိုကဲ့သို့ ဘာသာပြန်ဆိုမှုက ဥဇဘက်လူ့အဖွဲ့အစည်းတွင်း ဂုဏ်ယူစရာ ဖြစ်လာမည်ဖြစ်ပြီး အစ္စလာမ့်သွန်သင်ချက်များလည်း ဖွံ့ဖြိုးလာမည်ဟု ဆိုသည်။

    `ဥဇဘက်ညီအစ်ကိုမောင်မနှတွေဟာ အခုအချိန်မှာတော့ သူတို့ရဲ့ မိခင်ဘာသာစကားနဲ့ အစ္စလာမ့်ရဲ့ သွန်သင်မှုတွေကို ရရှိတော့မှာ ဖြစ်တာကြောင့် ဂုဏ်ယူနိုင်ပါလိမ့်မယ်။ ပြီးတော့ ဒါဟာ သူတို့အတွက် လေ့လာသင်ယူမှု နည်းလမ်းတွေအတွက်လည်း လမ်းပွင့်သွားပါလိမ့်မယ်´ ဟု ထပ်လောင်းပြောကြားခဲ့သည်။

    ထို့ပြင် အာဖဂန်၏ လူမျိုးစုံရှိသော လူ့အဖွဲ့အစည်းအတွင်း လူမျိုးတစ်ခုချင်းဆီမှာ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်ယူဖွယ်ရာများ ရှိနေပြီး ထိုဂုဏ်ယူဖွယ်ရာများက မွတ်စလင်လူ့အဖွဲ့အစည်းအတွင်း ဂုဏ်သတင်းများ ထပ်ပေါင်းပေးမည်မှာ ဧကန်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အာဖဂန်နစ္စတန်တွင် ဥဇဘက်လူမျိုး အရေအတွက်မှာ ၅ သန်းဝန်းကျင်ရှိပြီး နိုင်ငံအနောက်မြောက်ပိုင်း ပြည်နယ်များဖြစ်သည့် ဖာယဘ်၊ ဘဒ်ဂစ်နှင့် ဂျော်ဇ်ဂျန် ဒေသတို့တွင် နေထိုင်ကြသည်။

    ချီးကျူးမှု

    ဟာဆဘ်၏ ထိုအားထုတ်မှုနှင့် ပတ်သက်၍ ဥဇဘက်ဒေသရှိ ရပ်မိရပ်ဖများနှင့် ပညာရှင်များကလည်း ချီးကျူးခဲ့ကြကာ အာရဘီ ဘာသာစကား သင်ယူရေး၏ အရေးပါမှုကိုလည်း အလေးအနက်ထား ပြောကြားခဲ့ကြသည်။

    ဥဇဘက်လူမျိုး အစ္စလာမ်ဓမ္မပညာရှင်တစ်ဦးဖြစ်သူ မော်လ၀ီ အက်ဆက်ဒွလ္လာဟ် ဂျမားလ်ကလည်း အဆိုပါ ဘာသာပြန်ဆိုမှုမှာ အချိန်တိုင်း လုံးဝလိုအပ်နေသည့်အရာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    `မောင်လာနာ ဟာဆဘ် ဆောင်ရွက်ခဲ့တဲ့အရာဟာ တကယ့်ကို အံ့သြလောက်စရာပါပဲ။ ကျွန်တော်တို့မှာ ပက်ရှ်တို၊ ဒါရီ၊ အင်္ဂလိပ် ဘာသာစကားနဲ့တောင် ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်တွေရှိပြီး ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ဥဇဘက်ဘာသာစကားနဲ့ ရှိမနေခဲ့တာက ဆိုးရွားမှုတစ်ခုပါပဲ´ ဟု ဂျမားလ်က ဆိုသည်။

    အခြားသော ခေါင်းဆောင်တစ်ဦးဖြစ်သူ မော်လ၀ီ အစ္စမာအီလ် မူဂျာဟစ်ကလည်း မောင်လာနာ ဟာဆဘ်၏ ဆောင်ရွက်မှုမှာ နှိုင်းယှဉ်၍မရဘဲ၊ အချိန်ကာလကြာရှည်စွာ သတိတရ ရှိနေမည်ဟု ပြောကြားခဲ့သည်။

    ကုရ်အာန်ကျမ်းတော်မြတ်ကို ဥဇဘက်ဘာသာသို့ ပြန်ဆိုခြင်းအပြင် မောင်လာနာ ဟာဆဘ်မှာ အာရဘီဘာသာစကားနှင့် ရေးသားထား သည့် အစ္စလာမ့်ဓမ္မဆိုင်ရာ ကျမ်းစာအုပ် ၅ အုပ်ကိုလည်း ဥဇဘက်ဘာသာစကားသို့ ပြန်ဆိုထားပြီးဖြစ်သည်။

    Ref : onislam

  • စည်သူအောင်မြင့် : နိုင်ငံတကာ မိသားစုရဲ့ အသံကို နားထောင်ပါ

    စည်သူအောင်မြင့် : နိုင်ငံတကာ မိသားစုရဲ့ အသံကို နားထောင်ပါ

    ဇန်နဝါရီ ၇ ၊ ၂၀၁၅
    စည်သူအောင်မြင့် ရေးသည်။
    VOA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။

    0,,16968137_303,00
    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ကျင်းပတဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် တစ်ခုမှာ ရိုဟင်ဂျာ မူဆလင် လူနည်းစုတွေကို နိုင်ငံသားဖြစ်ခွင့် အပြည့်အ၀ ပေးဖို့နဲ့ နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။ နိုင်ငံတကာ မိသားစုဖြစ်တဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်လို ဆုံးဖြတ်ချက်မျိုးလဲ၊ ရခိုင်ပြည်နယ်က အခြေအနေ အဖြစ်မှန်ကရော ဘာလဲ၊ ဒါနဲ့ ပါတ်သက်ပြီး အစိုးရနဲ့ ရခိုင်တိုင်းရင်းသား ပါတီ ဘက်က ဘယ်လို တုန့်ပြန်ကြသလဲ၊ တကယ့်တကယ်မှာရော ဘယ်လို ဖြစ်သင့်ပါသလဲ ဆိုတာ ဆွေးနွေးသုံးသပ်ကြည့်ကြရအောင်ပါ။

    ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာ ဘင်္ဂလီတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးဖို့ အပြင် ဒုက္ခသည် စခန်းမှာ ခိုလှုံနေရသူတွေ သူတို့ နေရပ်မှာ ပြန်လည် နေရာချထားရေး ဆောင်ရွက်ပေးဖို့ ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အတွင်းက မတရားဖမ်းဆီးထိန်းသိမ်းမှုတွေ၊ အတင်းအဓမ္မ အိုးအိမ်ရွှေ့ပြောင်းခိုင်းတာတွေ၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေ၊ လူမဆန်တဲ့ ညှဉ်းပမ်းမှုတွေနဲ့ အဓမ္မမြေယာသိမ်းဆည်းမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်ဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းထားပါသေးတယ်။

    အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေဖြစ်ပွား၊ ရိုဟင်ဂျာ ဘင်္ဂလီ တစ်သိန်းကျော်နဲ့ ရခိုင်တိုင်းရင်းသား ထောင်ဂဏန်းလောက် ဒုက္ခသည် စခန်းတွေမှာ သွားရောက် ခိုလှုံရတဲ့ အခြေအနေ ရောက်ခဲ့ပြီးနောက်ပိုင်း အဲဒီ ပြသနာ ကမ္ဘာက ပိုပြီး အာရုံစိုက်လာတာ ဖြစ်ပါတယ်။ နောက်ပိုင်း အစိုးရရဲ့ ကိုင်တွယ်ပုံ မမှန်ကန်တာကြောင့် ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ ဘင်္ဂလီတွေရဲ့ ပဋိပက္ခဟာ အစ္စလာမ် ဘာသာကိုးကွယ်တဲ့ ကမန် တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ ဘင်္ဂလီတွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ ကို တိုက်ခိုက်သည် အထိ ကျယ်ပြန့်လာခဲ့ပါတယ်။ ဒီလို ပြသနာ ကျယ်ပြန့်လာလို့လည်း ပဋိပက္ခဖြစ်ပွားတာ ၂ နှစ်ကျော် ၃ နှစ်ထဲ ၀င်လာသည်အထိ နှစ်ဖက် လူအဖွဲ့အစည်းနှစ်ခု ပြေလည် ငြိမ်းအေးမှု မရသေးတဲ့ အပြင် ယုံကြည်မှုကို စပြီး တည်ဆောက်နိုင်တဲ့ အဆင့်ကိုတောင် ရောက်မလာသေးပါဘူး။

    နဂိုကတည်းကမှ လူ့အခွင့်အရေး ချိုးဖေါက်ခံရပြီး ဆင်းရဲမွဲတေနေတဲ့ ရိုဟင်ဂျာ ဘင်္ဂလီတွေရဲ့ ဘ၀ ဟာလည်း ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ပိုလို့တောင် ဆိုးလာပါသေးတယ်။ ဘင်္ဂလီ ရိုဟင်ဂျာ တစ်သိန်းကျော်ဟာ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရဆဲ ဖြစ်ပြီး အာဏာပိုင်တွေဟာ သူတို့ကို နဂို နေထိုင်ရာ ရပ်ရွာတွေကို ပြန်ခွင့်မပေးသေးပဲ ပိတ်လှောင်ထားဆဲ ရှိနေပါသေးတယ်။ ဒီကြားထဲ နောက်ထပ် ပြသနာ တက်လာတာက ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေ အရေးပါ။ မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံသားမှန်း မစိစစ်ရသေးလို့ ယာယီသက်သေခံလက်မှတ်လို့ ခေါ်တဲ့ White Card ကိုင်ဆောင်သူ ၆ သိန်းနီးပါး ရှိတယ်လို့ လ၀က ၀န်ကြီး ဦးခင်ရီ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောပါတယ်။ အဲဒီအရည်အတွက်ဟာ အသက် ၁၈ နှစ် ပြည့်ပြီးသူတွေပဲ ဖြစ်ပြီး လူဦးရေ အားလုံးပေါင်းရင် ရခိုင်ပြည်နယ်မှာ ၇ သိန်း၊ တစ်ပြည်လုံးမှာ ၈ သိန်းလောက် ရှိတယ်လို့ လွှတ်တော်အတွင်း ထွက်ဆိုချက်မှာ ဖော်ပြထားပါတယ်။ အခုလက်ရှိ ကမ္ဘာ့ ကုလသမဂ္ဂ နိုင်ငံတကာ မိသားစုက တောင်းဆိုနေတာဟာ အဲဒီ လူတွေကို စိစစ်ပေးဖို့၊ နိုင်ငံသားဆိုရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ပေးဖို့ ဖြစ်ပါတယ်။

    တကယ်တော့ ဒီ ယာယီသက်သေခံ လက်မှတ်တွေ ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းကလည်း မရိုးသားပါဘူး။ ၁၉၉၃ ကစ အရင် စစ်အာဏာရှင်တွေဟာ သုံးခေါက်ချိုးလို့ ခေါ်တဲ့ အမျိုးသားမှတ်ပုံတင် နဲ့ အခြား အသိအမှတ်ပြု သက်သေခံ လက်မှတ် တစ်ခုခု ကိုင်ဆောင်ထားတဲ့ အစ္စလာမ် ဘာသာဝင် အများစုဆီကနေ သူတို့ကိုင်ထားတဲ့ လက်မှတ်တွေကို သိမ်း၊ ယာယီသက်သေခံ လက်မှတ်တွေ ပြန်ထုတ်ပေးခဲ့ပါတယ်။ အဲဒီ အစ္စလာမ် ဘာသာဝင် အများစု လက်ထဲမှာ ဘာ သက်သေခံ အထောက်အထားမှ မကျန်ရစ်ပါဘူး။ ရခိုင်ပြည်နယ်မှာတော့ ရိုဟင်ဂျာ- ဘင်္ဂလီတွေကို အဲလို သက်သေခံ လက်မှတ်မျိုး အများအပြား ထုတ်ပေးခဲ့ပါတယ်။

    တကယ်တော့ ယာယီ သက်သေခံ လက်မှတ် ဆိုတာဟာ ယာယီ အတွက်ပဲ ဖြစ်ရပါလိမ့်မယ်။ ဒါပေမယ့် အရင် စစ်အစိုးရလုပ်ခဲ့ပုံဟာ နှစ်ပေါင်း ၂၀ ကျော် ကြာတဲ့တိုင် အဲဒီ လူတွေကို စနစ်တကျ စိစစ်ပေးတာ မလုပ်ခဲ့ပဲ ယာယီ သက်သေခံ လက်မှတ်ထုတ်ပေးထားပြီး နိုင်ငံသား အခွင့်အရေး မပေးတဲ့အပြင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုတောင် ကျူးလွန်ခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ ဘင်္ဂလီတွေကို မြန်မာနိုင်ငံက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဘူးလို့ သမ္မတ ဦးသိန်းစိန်က ကြေငြာထားပြီး နိုင်ငံသားတွေ မဟုတ်ပါဘူးလို့ ယတိပြတ် ငြင်းဆိုထားတာတော့ မရှိပါဘူး။ ဒီအတွက် နိုင်ငံတကာ က တောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည် ဖြစ်စေ လက်ရှိ အစိုးရ အနေနဲ့ ၈ သိန်းသော ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူတွေကို နိုင်ငံသားလား၊ ဧည့်နိုင်ငံသားလား၊ နိုင်ငံသားပြုခွင့် ရသူတွေလား စသဖြင့် စိစစ် အဆင့်အတန်း သတ်မှတ်ပေးပြီး သတ်မှတ်ပေးလိုက်တဲ့ အဆင့်အတန်းနဲ့ လျော်ညီတဲ့ အခွင့်အရေး ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အဲဒီလူတွေဟာ တစ်ဖက်နိုင်ငံက ခိုးဝင်လာသူတွေလို့ ဆိုခဲ့ရင် အစိုးရဘက်က ခိုးဝင်လာသူတွေဖြစ်ကြောင်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံပြရပါမယ်၊ ပြီးရင် ဒုက္ခသည်တွေအဖြစ် တရားဝင်ကြေငြာပြီး တစ်ဖက်နိုင်ငံက ပြန်လက်ခံဖို့ ပြတ်ပြတ်သားသား အရေးဆိုရဲရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားခိုင်းတဲ့ အခြေအနေကိုတော့ လုံးဝ ရပ်ဆိုင်းပစ်သင့်ပါပြီ။

    အခုဆိုရင် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက် ထွက်လာချိန်နဲ့ တိုက်ပြီး အစိုးရကလည်း ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေ အနေနဲ့ ၁၉၈၂ ဥပဒေနဲ့ အညီ ဇန်န၀ါရီ တစ်ရက်နေ့ကစ နိုင်ငံသားဖြစ်ခွင့် လျောက်ထားနိုင်ပြီလို့ ကြေငြာလာပါပြီ။ ဘယ်လောက် မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် စိစစ်ပေးနိုင်မလဲ တော့ မသိနိုင်သေးပါဘူး။ ရခိုင်အမျိုးသား ပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင် ကတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ တစ်နည်း နိုင်ငံတကာ မိသားစုကြီးရဲ့ အဲဒီ တောင်းဆိုချက်ကို ကန့်ကွက်တဲ့အကြောင်း လွှတ်တော်မှာ တင်ပြသွားမယ်လို့ ဆိုထားပါတယ်။ သိပ်မကြာသေးခင်ကပဲ မြန်မာနိုင်ငံ ကို ရောက်လာတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ ဘင်္ဂလီတွေကို “ရိုဟင်ဂျာ” လို့ သုံးနှုန်းလိုက်တဲ့အပေါ် လွှတ်တော်ထဲ အဆိုတင်ပြီး ကန့်ကွက်ခဲ့ပါသေးတယ်။

    တကယ်တော့ မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ အတားအဆီး အနှောင့်အယှက် ဖြစ်နေတဲ့ ကိစ္စတွေထဲမှာ ရခိုင်ပြည်နယ်က ဘင်္ဂလီ ရိုဟင်ဂျာ အရေးလည်း ပါဝင်ပါတယ်။ အရင် စစ်အာဏာရှင်တွေ မွေးမြူထားခဲ့တဲ့၊ ဥပဒေနဲ့အညီ မဖြေရှင်းပဲ ထားခဲ့တဲ့ ကိစ္စကြီးတစ်ရပ် ရခိုင်တိုင်းရင်းသားတွေကို လက်ညှိုးထိုး အပြစ်ပုံချဖို့ ကြံရွယ်နေတဲ့ ပြသနာလည်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ မိသားစုရဲ့ တိုက်တွန်းချက်အတိုင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဘင်္ဂလီတွေကို နိုင်ငံသားတွေ ဖြစ်မဖြစ် ဥပဒေနဲ့ အညီ အမြန်ဆုံး စိစစ်၊ ခိုးဝင်လာသူတွေဆိုရင် အစိုးရဘက်က ခိုင်လုံတဲ့ အထောက်အထားနဲ့ ဖော်ထုတ်၊ စိစစ်ပြီးသူတွေကို သတ်မှတ်ထားတဲ့ အဆင့်အတန်းနဲ့ လျော်ညီတဲ့ အခွင့်အရေးပေးဖို့ အကောင်အထည် ဖော်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    http://burmese.voanews.com/content/news-analysis-sithu-aungmyint-un-general-assembly-resoultion-rohingya/2587811.html

  • ဥပဒေ အထက်မှ “မဘသ” ဂျာနယ်များ

    ဥပဒေ အထက်မှ “မဘသ” ဂျာနယ်များ

    ဇန်န၀ါရီ ၆ ၊၂၁၀၅
    .ဆွေမွန်ရေးသည်။
    Tar Kee Twe
    တိုင်းပြု ပြည်ပြု  သာသနာပြု  အမည်ခံပြီး မြန်မာနိုင်ငံတွင်းမှာ နှစ်ပေါင်းများစွာ ညီညီညွတ်ညွတ် နေထိုင်လာကြတဲ့ တိုင်းရင်းသား နိုင်ငံသား အချင်းချင်း အမြင်မကြည်လင်အောင် အမုန်းပွား သွေးမကွဲကွဲအောင် ခွဲနေတဲ့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (မဘသ) က ထုတ်ဝေတဲ့ ဂျာနယ်တွေ အနက် ၂၀၁၄ အောက်တိုဘာ ၂၄ ရက် အောင်ဇေယျာတုဂျာနယ် အမှတ် ၄၄ မှာ ဖော်ပြထားတဲ့ အစ္စလာမ် ဘာသာကို အကြောင်းမဲ့ တိုက်ခိုက် စော်ကားချက်တွေဟာ အရှိန်မပြယ်ခင်မှာဘဲ ယခုနောက်ထပ်တဖန် မဘသ(ဗဟို)အတွက် စီစဉ်ထုတ်ဝေတဲ့ ၂၀၁၅ ဇန်န၀ါရီ ၄ ရက်ထုတ် သာကီသွေး ဂျာနယ် အတွဲ (၂) အမှတ် (၁၃) မှာ အစ္စလာမ်ဘာသာနဲ့ ပြည်ထောင်စု ပြန်မာနိုင်ငံတော် တ၀ှမ်းမှာ ငြိမ်းချမ်းစွာ မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသား နိုင်ငံသား မွတ်ဆလင်တွေကို ရည်ရွယ်ချက်ရှိရှိ စော်ကားပြောဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ထပ်မံ ထုတ်ဝေဖြန့်ချီလာတာကို တွေ့ရပြန်ပြီ ဖြစ်ပါတယ်။

    ၂၀၁၅ ဇန်န၀ါရီ ၄ ရက်ထုတ် သာကီသွေးဂျာနယ် အတွဲ (၂) အမှတ် (၁၃) မျက်နှာဖုံးမှာ “ကုလားဆိုတာ နိုင်ငံခြားသား” ဖြစ်သယောင် စတင်စော်ကားပြောဆိုတာကို တွေ့ရပါတယ်။

    မွတ်ဆလင်တွေဟာ နိုင်ငံခြားသား မဟုတ်ရုံတင်မကဘဲ နိုင်ငံသားတွေ ဖြစ်တဲ့အပြင် တရားဝင် တိုင်းရင်းသားတွေ ထဲမှာလည်း မွတ်ဆလင်အများအပြားရှိနေတာကို ရည်ရွယ်ချက်ရှိရှိ မျက်ကွယ်ပြုထားတာကို တွေ့ရမှာပါ။

    ၂၀၁၅ ဇန်န၀ါရီ ၄ ရက်ထုတ် သာကီသွေးဂျာနယ် အတွဲ (၂) အမှတ် (၁၃) စာမျက်နှာ ၁၁ နဲ့ ၁၂ မှာ ပုံနှိပ်ဖော်ပြထားတဲ့ မိသားစုရွှေစကားဝိုင်း (၁၂) ခေါင်းစဉ်ပေးထားတဲ့ ဆောင်းပါးကို နတ်မင်းကြီး အမည်ခံထားတဲ့ ကလောင်ရှင်တစ်ဦးက ရေးထားပါတယ်။

    ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ နိုင်ငံတော်အခြေခံဥပဒေက တရားဝင်အသိအမှတ်ပြုထားတဲ့ ကိုးကွယ်ရာ ဘာသာကြီးတစ်ခုဖြစ်တဲ့ အစ္စလာမ်ဘာသာအပေါ်မှာ စော်ကားဖော်ပြထားတာတွေကတော့…

    10922528_1575189539359815_2002103236943974269_n

    (၁) “((မဟာမေဒင် မူဆလင်လူမျိုး)) တို့ရဲ့ အစ္စလာမ်ဘာသာမှာ (( အလ္လာဘုရားသခင်ဟာ အေဒီ ၅၇၀ ဧပြီလ တနင်္လာနေ့မှာ မွေးဖွားသူဖြစ်သတဲ့။)) လူမျိုးကတော့ အာရပ်လူမျိုး ဖြစ်သတဲ့။ ((အာရေဗျနိုင်ငံ မက္ကာမှာ ဘုရားဖြစ်သတဲ့။))
    ((ဘုရားသခင်ဟာ အမေ အဖေ မရှိဘူးတဲ့ကွယ်။”))

    (၂)”အလ္လာဟ်ဘုရားသခင်ဟာ သူ့ရဲ့အမိန့်ကို မနာခံသူအားလုံးကို ((ရက်ရက်စက်စက် သတ်ပစ်)) သတဲ့ကွယ်။ အစ္စလာမ် ဘုရားသခင်နှင့် သူ့ရဲ့ အမိန့်ကို နာခံသူများဟာ ((သူ့အမိန့်မနာခံသူများ အားလုံးကို သတ်ပစ်ပြီး)) ((စစ်အောင်နိုင်သူများကို)) တမန်တော် အဖြစ် ချီးမြှောက်သတဲ့။ ((တပည့်လူမိုက်မွေးတာပေါ့ကွယ်။)) အလ္လာဟ်ရဲ့ နောက်ဆုံး တမန်တော်ကတော့ မိုဟာမက်ဖြစ်သတဲ့”

    (၃) ” မိုဟာမက်ဟာ ((တရားဝင်မယား (၁၂) ယောက်နဲ့ အမြှောင် မယားပေါင်းများစွာ)) ရှိသတဲ့။ ဒီအကြောင်းကို (( (၁၆-၁-၇၉) ထုတ် တိုင်းမဂ္ဂဇင်းမှာ ဖော်ပြထားတယ်ကွယ်။))”

    (၄) ((မိုဟာမက်ကွယ်လွန်သွားတဲ့အခါ)) မိုဟာမက်ရဲ့((တပည့်)) “အဘူဘေကာ”လို့ဆိုတဲ့လူက ((မိုဟာမက်ရဲ့ ပြောကြားချက်များ)) နှင့် ((“ထင်ရာမြင်ရာ”)) များကို စုစည်းပြီး “ကုရ်အာန်ကျမ်းမြတ်”ကို အကျယ်တ၀င့် ((ထုတ်ဝေ))လိုက်တယ်။”

    10897890_1575189439359825_2819469539674735398_n
    စတဲ့ အချက်အလက်အမှား၊ သမိုင်းကြောင်းအမှား၊ တွေကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုကာ တိုင်းသူပြည်သားအများကြားမှာ အမုန်းတရားတွေ ပျံ့ပွားလာစေဖို့ အစ္စလာမ်ဘာသာကို စော်ကားအပုပ်ချမှုတွေကို ရေးသားပုံနှိပ်ဖော်ပြခဲ့ပါတယ်။

    ဆောင်းပါး ရေးသားချက်တွေကို တိုက်ရိုက်သိနိုင်စေဖို့ ဓာတ်ပုံမိတ္တူကို ပူးတွဲဖော်ပြထားကာ အချက်အလက်အမှားတွေကို ((ကွင်းခတ်)) ဖော်ပြထားပါတယ်။ သမိုင်းကြောင်းအမှားကတော့ အများကြီးပါပဲ။

    ၂၀၁၄ အောက်တိုဘာ ၂၄ ရက် အောင်ဇေယျာတုဂျာနယ် အမှတ် ၄၄ မှာ ဖော်ပြထားတဲ့ အစ္စလာမ်ဘာသာကို တိုက်ခိုက်စော်ကားချက်တွေကို ပုံနှိပ်ဖော်ပြတဲ့ အောင်ဇေယျတုဂျာနယ်ကိစ္စတုန်းကလည်း အရှင်မုနိတ အမည်ခံ ဆောင်းပါးရှင်ရေးတဲ့ “ဗုဒ္ဓ၏ သမိုင်းအမွေအနှစ်များကို ဖျက်ဆီးခဲ့ကြသော မိုဟာမက်၏ အစ္စလာမ်မစ် မွတ်ဆလင် ကျူးကျော်စစ်များ” ဆောင်းပါးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ၀န်ကြီးဋ္ဌာနစာ အမှတ် ၁-၆(၈)/၂၀၁၄(၇၁၈၂) မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မ ၃၆၂၊ ၃၆၃၊ ၃၆၄ တို့အားလည်းကောင်း၊ သတင်းမီဒီယာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ဇ)(ဈ) နှင့် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ) တို့အားလည်းကောင်း ဖောက်ဖျက်ကျူးလွန်ရာ ရောက်တယ်လို့ ပြည်ထောင်စုဝန်ကြီး(ကိုယ်စား) ဦးပိုက်ထွေး ပြည်ထောင်စု ဒုဝန်ကြီး က ၂၀၁၄ အောက်တိုဘာ ၂၉ ရက်စွဲနဲ့ လက်မှတ်ရေးထိုးကာ အတိအလင်း ၀န်ခံဖော်ပြထားပါတယ်။

    အောင်ဇေယျတု ဂျာနယ် ကျူးလွန်ဖောက်ဖျက်တဲ့ ပုဒ်မတွေကလည်း အများကြီးဖြစ်နေတာကို ပြန်ကြားရေး ၀န်ကြီးဋ္ဌာနကလည်း သိသလို ၀န်ကြီးကိုယ်တိုင်ကလည်း လက်မှတ်ရေးထိုး ၀န်ခံပါတယ်။ အောင်ဇေယျတု ဂျာနယ်ရဲ့ ရေးသားဖော်ပြမှုတွေကြောင့် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့် တစ်ဖက် မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ပဋိပက္ခဖြစ်ခြင်း တို့ကို ဖြစ်ပေါ်စေမည့် ရေးသား ချက်များ ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ ((တရားဥပဒေအရ အရေးယူရသည့် အဆင့်မရောက်မီ)) မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ စာနယ်ဇင်း ကျင့်ဝတ်နှင့် အညီ ညှိနှိုင်း ဖြေရှင်းပေးဖို့ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက တောင်းဆိုတယ် အမိန့်ပေးတယ် လို့ပဲ စာလေးတစ်စောင် ထုတ်ပြန်ကာ အများကြားကောင်းရုံ စာနယ်ဇင်း ကောင်စီ(ယာယီ) နဲ့ ညှိုနှိုင်းခိုင်းကာ ပုဒ်မ တွေ အများကြီးကို ချိုးဖောက်ကျူးလွန်တဲ့ မဘသ ပိုင် အောင်ဇေယျတုဂျာနယ်ကို ထိရောက်စွာ အရေးယူပေးဖို့ တိုင်ကြားတဲ့အမှုဟာ အရေးမယူဘဲ သတိပေးရုံလောက်နဲ့ပဲ ပြီးဆုံးစေခဲ့ပါတယ်။

    ကြားဖြတ် အစိုးရအဖြစ် တင်မြှောက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MCDF) ရဲ့ ကြေညာချက်သတင်း တစ်ခုကို ဖော်ပြရုံနဲ့ ဂျာနယ် ထုတ်ဝေခွင့် အပြီးပိတ်သိမ်းခံရရုံတင်မက အယ်ဒီတာတွေ၊ သတင်းရေးသူတွေ သာမက ပိုင်ရှင်ကိုပါ တရားစွဲ ထောင်ချခဲ့တဲ့ မွန်းတည့်နေဂျာနယ် ကိစ္စ၊ ဓာတုစက်ရုံ သတင်းတစ်ခုကြောင့် အယ်ဒီတာတွေ ဖမ်းဆီးထောင်ချခံရတဲ့ ယူနတီ ဂျာနယ်ကိစ္စတွေ၊ စာပေဟောပြောပွဲမှာ ဗုဒ္ဓဘာသာကို စော်ကားပြောဆိုပါတယ်ဆိုပြီး မဘသ ဘုန်းကြီးတွေကိုယ်တိုင် တရားရုံးတက် ဖိအားပေးကာ အတင်းအကျပ် တရားစွဲဆို လက်ထိပ်ခတ်တာကို ခံခဲ့ရတဲ့ စာရေးဆရာ ဦးထင်လင်းဦး(Wisdom Villa) ရဲ့ ကိစ္စတွေဟာ လောလောလတ်လတ်ကြီး အများပြည်သူတွေရဲ့ မျက်စိရှေ့က မပျောက်သေးပါဘူး။

    ဗုဒ္ဓဘာသာကို စော်ကားရင် သည်းမခံတတ်ပေမယ့် ကျန်တဲ့ ဘယ်ဘာသာကိုမဆို သမိုင်းအမှား၊ အချက်အလက်အမှားတွေ သုံးပြီး စော်ကားချင်တိုင်း စော်ကားတိုက်ခိုက်ခွင့်ကို တရားဝင်လိုင်စင်ရထားတဲ့ မဘသတွေအတွက် အောင်ဇေယျာတု နဲ့ သာကီသွေး ဂျာနယ်တွေက တဆင့် အစ္စလာမ်ဘာသာကို စော်ကားမှုတွေကို ပုံနှိပ်ဖော်ပြခဲ့လို့ အရေးယူ မခံခဲ့ရပါဘူး။ ပုဒ်မ အများကြီးကို သိသိကြီးနဲ့ ရဲရဲတင်းတင်း ကျူးလွန်ခဲ့တဲ့ အောင်ဇေယျတု ဂျာနယ်နဲ့ အယ်ဒီတာ မောင်သွေးချွန်တို့ကို ((အရေးယူပိုင်ခွင့် အပြည့်အ၀ရှိတဲ့ ပြည်ထဲရေး ၀န်ကြီးဋ္ဌာန၊ သာသနာရေးဝန်ကြီးဌာနတွေက တစ်စုံတစ်ရာအရေးမယူဘဲ)) ပြန်ကြားရေး ၀န်ကြီးဋ္ဌာနကသာ ကျူးလွန်ဖောက်ဖျက်တဲ့ ဥပဒေတွေကို ရွတ်ပြရုံ ရွတ်ပြပြီး ((ဘာတစ်ခုမှ အရေးမယူနိုင်တဲ့)) စာနယ်ဇင်းကောင်စီ(ယာယီ)ကို လွှဲပေးကျေအေးစေတာက တရားဥပဒေကို လို သလို ချုံ့ ချဲ့ ရနေတယ်၊ မဘသ ဟာ တရားဥပဒေ အထက်မှာ ရှိနေတယ်လို့ အများသံသယ၀င်စရာ ကိစ္စကြီး ဖြစ်နေပါပြီ်လို့ပဲ ယူဆရမှာပါ။

    ယခု မဘသ(ဗဟို) အမည်နဲ့ ထုတ်ဝေထားတဲ့ သာကီသွေးဂျာနယ်ရဲ့ စော်ကားပြောဆိုထားမှုတွေအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံး ဖြစ်ပါသလဲ။ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဟာ မဘသ ဘာလုပ်လုပ် မျက်စိမှိတ် နားပိတ်နေတဲ့ ပြည်ထဲရေးဝန်ကြီး၊ သာသနာရေးဝန်ကြီးတို့ အထက်ကရှိနေတဲ့ နိုင်ငံတော်အကြီးအကဲတွေပဲ ဖြစ်ပါတယ်။ အပ်လောက်နဲ့ ထွင်းလို့ရတဲ့ အနာတွေကို အရေးယူ ကုသမှု မပြုလုပ်တဲ့အတွက် နောက်ဆက်တွဲ ပုဆိန်နဲ့ ထွင်းလာရအောင် ခွင့်ပြုနေတာဟာလည်း နိုင်ငံတော် အကြီးအကဲတွေမှာပဲ တာဝန်ရှိနေပါတယ်။

    နိုင်ငံတကာမှာ လူမျိုးရေး၊ ဘာသာရေးအမည်တပ်ကာ လုယက် ဖျက်ဆီး သတ်ဖြတ်မှုတွေကြောင့် ထပ်ကာတလဲလဲ ကျဆင်းနေတဲ့ မြန်မာနိုင်ငံတော်ရဲ့ ပုံရိပ်ကို ပြန်လည်တည့်မတ်အောင် ပြုလုပ်နိုင်တာလည်း ဒီအစိုးရနဲ့ ဒီနိုင်ငံအကြီးအကဲတွေ ကပဲ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော် အကြီးအကဲများအနေနဲ့ “ခွင့်တူညီမျှ… ၀ါဒဖြူစင်တဲ့မြေ” အမည်ကို အကောင်အထည်ပေါ်လာစေဖို့ စာတွေ့တင် မဟုတ်ဘဲ နိုင်ငံသားတိုင်းကို ကျောသား ရင်သား မခွဲခြားဘဲ တန်းတူရည်တူ လက်တွေ့ လိုက်နာ ကျင့်သုံး ကာကွယ် စောင့်ရှောက်ပေးကြပါလို့ပဲ အကြံပြု ရေးသားပါတယ်။

    မြန်မာပြည် ထာဝရ ငြိမ်းချမ်းပါစေ။

    ဆွေမွန်
    ၆ ဒီဇင်ဘာ ၂၀၁၅

    ပုံညွှန်း (၁) (၂) (၃) ၂၀၁၅ ဇန်န၀ါရီ ၄ ရက်ထုတ် သာကီသွေးဂျာနယ် အတွဲ (၂) အမှတ် (၁၃) မှ အစ္စလာမ် ဘာသာအား စော်ကားဖော်ပြချက်များ Photo Credit : Win Htun Soe (https://www.facebook.com/win.htun.77)
    10896850_1575189382693164_175558520963419783_n 10906528_1575189346026501_9169846682599297713_n
    ပုံညွှန်း (၄) (၅) ၂၀၁၄ အောက်တိုဘာ ၂၄ ရက် အောင်ဇေယျာတုဂျာနယ် အမှတ် ၄၄ မှာ ဖော်ပြထားသော အစ္စလာမ်ဘာသာကို တိုက်ခိုက်စော်ကားချက်တွေကို ပုံနှိပ်ဖော်ပြတဲ့ အောင်ဇေယျတု ဂျာနယ်ကိစ္စအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ၀န်ကြီးဋ္ဌာနစာ အမှတ် ၁-၆(၈)/၂၀၁၄(၇၁၈၂) Photo Credit MOI Web Portal

  • သစ်ခိုးထုတ်သူ နိုင်ငံခြားသာ ၁၀၀ ကျော် မြန်မာစစ်တပ် ဖမ်းဆီး

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    timber
    မြန်မာနိုင်ငံရှိ သစ်ထုတ်လုပ်မှု မြင်ကွင်းတစ်ခု

     

    – သစ်ခိုးထုတ်သူများအား ပစ်မှတ်ထားသည့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးတစ်ခုအတွင်း တရုတ်နိုင်ငံသား အများစုအပါအ၀င် သစ်ခိုးထုတ်သူ နိုင်ငံခြားသား ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    ကချင်ပြည်နယ်မြောက်ပိုင်းတွင် ဇန်န၀ါရီ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ပြုလုပ်ခဲ့သော အဆိုပါ စစ်ဆင်ရေး၌ သစ်ခိုးထုတ်သူ ၁၄၂ ဦးကို ဖမ်းမိခဲ့ပြီး ထိုအထဲမှ ၁၀၂ ဦးမှာ နိုင်ငံခြားသားများ ဖြစ်ကြသည်ဟု စစ်တပ်ပိုင် မြ၀တီသတင်းစာက ဖော်ပြခဲ့သည်။

    ဖမ်းဆီးရမိသူများတွင် သစ်ခုတ်ရန်ခွင့်ပြုချက်အတွက် KIA အဖွဲ့မှ လက်မှတ်ထိုး ထုတ်ပေးထားသော စာရွက်စာတမ်းများကိုလည်း တွေ့ရှိခဲ့ရပြီး မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ် ၄၆၄ စီးကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု စစ်တပ်က ပြောကြားခဲ့သည်။

    သစ်တောပြုန်းတီးမှုကို လျော့ချရန်အတွက် ကျွန်းသစ်များ တင်ပို့ခြင်းကို ဧပြီလမှစတင်ကာ မြန်မာအစိုးရက ပိတ်ပင်ခဲ့သော်လည်း ဝေးလံခေါင်ဖျားသော နယ်စပ်ဒေသများတွင် တရားမ၀င် သစ်ခိုးထုတ်မှုများမှာ ဆက်လက်ဖြစ်ပွားနေသည်။

    `နိုင်ငံမြောက်ပိုင်းက တိုက်ခိုက်မှုတွေဟာ တရားမ၀င်သစ်ကုန်သွယ်မှုကို ဖြစ်စေတဲ့ အဓိက မောင်းနှင်အားပါပဲ။ ဒီဒေသက တရားမ၀င်သစ်ခိုးထုတ်မှုကို စစ်တပ်ကပဲ နှိမ်နင်းနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ သွားဖို့ အရမ်းခက်ခဲလို့ပါပဲ´ ဟု သစ်တောဌာနမှ လက်ထောက်အထွေထွေဒါရိုက်တာဖြစ်သူ ညီညီကျော်က ပြောကြားခဲ့သည်။

    ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ သစ်တောရာခိုင်နှုန်းမှာ ၅၈ ရာခိုင်နှုန်းမှ ၄၇ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်။

    Ref: bangkokpost

  • ကော်ဖီသောက်ပြီးမှ အနိုင်ရခဲ့တဲ့ အမေရိကန် တင်းနစ်မယ် ဆရီနာ

    ကော်ဖီသောက်ပြီးမှ အနိုင်ရခဲ့တဲ့ အမေရိကန် တင်းနစ်မယ် ဆရီနာ

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    srn

     

    – အမေရိကန်က နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလီယံတစ်ယောက် ပါ့သ်မြို့မှာ ကစားခဲ့တဲ့ Hopman Cup နိုင်ငံတကာ အသင်းလိုက် တင်းနစ်ပြိုင်ပွဲမှာ ထူးဆန်းတဲ့ တိုက်ဆိုင်မှုတစ်ခု ကြုံခဲ့ပါတယ်။

    ဒါကတော့ ရှုံးနေရာကနေ ကော်ဖီသောက်ပြီးမှ ပြန်အနိုင်ရခဲ့တာပါပဲ။ ပထမပွဲငယ်မှာ အီတလီက ဖလာဗီယာ ပန်နက်တာကို အပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့ ဆရီနာတစ်ယောက် နားချိန်မှာ ဒိုင်လူကြီးဆီက ခွင့်တောင်းပြီး ကော်ဖီတစ်ခွက် မှာသောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကစားတဲ့ ပွဲငယ်တွေမှာတော့ ဆရီနာဟာ ၆-၃၊ ၆-၀ နဲ့ အနိုင်ရခဲ့ပါတယ်။

    ဆရီနာက ပွဲချိန်အတွင်းမှာ ဒီလိုကော်ဖီသောက်တာမျိုး လုပ်လေ့လုပ်ထမရှိပါဘူးလို့ ပွဲအပြီးမှာ ပြောသွားခဲ့ပြီး ဒီကော်ဖီဟာ မှော်ဆန်တဲ့ ကော်ဖီလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

    `ကျွန်မ ကော်ဖီသောက်ဖို့ အာသီသ ရှိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ကော်ဖီတစ်ခွက်မှာခဲ့တာပါ။ ပြီးတော့ သောက်လို့ရလားဆိုတာလဲ ကျွန်မမေးခဲ့ပါသေးတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးလို့ပါပဲ။ ကျွန်မနိုးထဖို့ လိုအပ်ခဲ့ပါတယ်´ လို့ ဆရီနာက သူ့ရဲ့ ဆန္ဒကို ဖွင့်ဟခဲ့ပါတယ်။

    အဓိကဆုဖလား ၁၈ ခုရရှိထားတဲ့ ဆရီနာတစ်ယောက် ဒီလနှောင်းပိုင်း သြစတေးလျအိုးပင်းမှာ ၀င်ရောက်ယှဉ်ပြိုင်ကစားရမှာကြောင့် Hopman Cup ပြိုင်ပွဲဟာ ဖိအားတွေရှိခဲ့ပြီး ဖခင်ဖြစ်သူရဲ့ အကြံပေးမှုနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါလို့ သူမက ဆိုပါတယ်။

    ဆရီနာအနိုင်ရခဲ့သလိုပဲ ဂျွန်အစ္စနာကလည်း အီတလီ တင်းနစ်သမား ဖေဘီယို ဖော့ဂ်နီနီကို အနိုင်ရခဲ့တာကြောင့် အမေရိကန် အသင်းဟာ အုပ်စု A မှာ အီတလီအသင်းကို အနိုင်ရရှိခဲ့ပါတယ်။

    Ref : dailymail