News @ M-Media

Blog

  • ကားမောင်းနေစဉ် ထ ‘က’ သည့် တူရကီ ဘတ်စ်ကား ယာဉ်မောင်းတစ်ဦး အရေးယူခံရ

    ကားမောင်းနေစဉ် ထ ‘က’ သည့် တူရကီ ဘတ်စ်ကား ယာဉ်မောင်းတစ်ဦး အရေးယူခံရ

    ဒီဇင်ဘာ ၃၁၊ ၂၀၁၄
    M-Media
    1496618_819285668113905_6904287910838562396_n
    – အစ္စတန်ဘူလ်ရှိ အန္တရာယ်များလှသည့် အဝေးပြေးလမ်းတွင် ကားသွားနေခိုက် ယာဉ်မောင်းခုံမှထကာ သီချင်းဖွင့်၍ ကခဲ့သည့် ဘတ်စ်ကား ယာဉ်မောင်းတစ်ဦးကို အရေးယူခဲ့သည်ဟု တူရကီ မီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အရေးယူခံရသူမှာ အသက် ၃၀ ကျော်အရွယ်ရှိသည့် ကန်ဒီမီရ်ဆိုသူဖြစ်ပြီး ဒဏ်ငွေ တူရကီလီရာ ၁၆၀ (ကန်ဒေါ်လာ ၈၀) ပေးဆောင်ခဲ့ရကာ ယာဉ်မောင်းလိုင်စင်လည်း အသိမ်းခံခဲ့ရသည်။

    ကန်ဒီမီရ်မှာ ဆူလ်တန်ဘေလီခရိုင်ရှိ အဝေးပြေးလမ်းမပေါ်၌ ကားမောင်းနေစဉ် ၎င်း၏ ထိုင်ခုံမှထ၍ ပင်လယ်နက်ဒေသမှ နာမည်ကျော် အကသီချင်းဖြစ်သော horon သီချင်းဖြင့် ကခဲ့ပြီး ခရီးသည်များကလည်း ပါဝင်ခဲ့ကြကာ ၎င်းအား ချီးကျူးသြဘာ ပေးခဲ့ကြသည်။

    ထို့နောက် ၎င်း၏ ယာဉ်မောင်းထိုင်ခုံသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း စတီယာတိုင်အား ကိုယ်တွယ်ခြင်းမရှိဘဲ သီချင်း၏ စည်းချက်အလိုက် လက်များလှုပ်ယမ်းကာ ကပြခဲ့သည်။

    ထိုအဖြစ်အပျက်အား ခရီးသည်တစ်ဦးက ဗီဒီယိုမှတ်တမ်းတင်ထားပြီး ဆိုရှယ် စာမျက်နှာတွင် လွှင့်တင်ခဲ့သောကြာင့် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးကာ တာဝန်ပေါ့လျော့သည့် ကန်ဒီမီရ်အား အရေးယူခဲ့ခြင်းဖြစ်သည်။

    မီနီဘစ်မောင်းသည့် သက်တမ်း ၁၀ နှစ်ကျော်ရှိသည့် ကန်ဒီမီရ်မှာ ၎င်း၏ သက်တမ်းတစ်လျှောက်တွင် ယာဉ်စည်းကမ်းချိုးဖောက်မှုပေါင်း ၃၂ ကြိမ် ရှိခဲ့သည်။

    `ကျွန်တော်မှားခဲ့ပါတယ်။ အားလုံးကိုလည်း တောင်းပန်ပါတယ်။ ဒါမျိုး ကျွန်တော် ထပ်မလုပ်တော့ပါဘူး။ အဲဒီအချိန်တုန်းက လမ်းမှာ ကားရှင်းနေပါတယ်။ ဒီလိုမျိုး ကျွန်တော် ပထမဆုံးလုပ်ခဲ့တာပါ´ ဟု ကန်ဒီမီရ်က ပြန်လည်တောင်းပန်ခဲ့သည်။

    Ref : alarabiya

  • မန်ယူသို့ပြောင်းမည် ဆိုသည့် သတင်းကို ဂါရက်ဘေးလ်းငြင်းဆို

    မန်ယူသို့ပြောင်းမည် ဆိုသည့် သတင်းကို ဂါရက်ဘေးလ်းငြင်းဆို

    ဒီဇင်ဘာ ၃၁၊ ၂၀၁၄
    M-Media
    10896952_819319554777183_5076068516939379782_n
    – ရီးယဲလ်တွင် ရုန်းကန်နေရသောကြောင့် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ တော့မည်ဆိုသည့် သတင်းများအား တိုက်စစ်မှူး ဂါရက်ဘေးလ်က ငြင်းဆိုလိုက်ပြီး ၂၀၁၉ ခုနှစ် သက်တမ်းကုန်ပြီး နောက်ပိုင်းတွင်လည်း ရီးယဲလ်၌ပင် ဆက်လက်ရှိနေဦးမည်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့က စပါးအသင်းမှ ရီးယဲလ်သို့ စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ လာခဲ့သော်လည်း ပုံမှန် ပွဲထွက်ခွင့်မရဘဲ ယခုနှစ်တွင်လည်း အစ္စကိုနှင့် ရော်ဒရီဂစ်က်တို့၏နောက် ဒုတိယနေရာတွင်သာ ရှိနေသည်။

    ထို့ကြောင်း ဘေးလ်အနေဖြင့် ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့တော့မည် ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ဖြစ်နိုင်သည်ဟု စပိန်နှင့် ယူကေရှိ သတင်းများက ဖော်ပြနေကြသည်။

    `မန်ယူလား။ ကျွန်တော် ရီးယဲလ်မှာ ပျော်နေပါတယ်။ ဒီမြို့ကို ကျွန်တော်ချစ်တယ်။ ရာသီဥတုနဲ့ ဒီအသင်းကိုလည်း ကျွန်တော် ချစ်ပါတယ်။ ဒီမှာ ဆုတံဆိပ်တွေပိုရဖို့ပဲ ကျွန်တော် စိတ်ထက်သန်ပါတယ်။ ရီးယဲလ်နဲ့ ၂၀၁၉ အထိ စာချုပ်ရှိနေတယ်။ ဒီနောက်ပိုင်းမှာလည်း နောက်ထပ်နှစ် များစွာ ကျွန်တော် ဆက်ရှိနိုင်မှာပါ´ ဟု ဘေးလ်က ပြောကြားခဲ့သည်။

    ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ ကလည်း ဘေးလ်မှာ အသင်းအတွက် အရေးပါသည် ကစားသမားဖြစ်ပြီး အသင်းက စွန့်လွှတ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

    Ref : goal.com

  • IS လက်အောက်မှ အဓိက မြို့တစ်မြို့ကို အီရတ်စစ်တပ် ထပ်မံ သိမ်းပိုက်

    IS လက်အောက်မှ အဓိက မြို့တစ်မြို့ကို အီရတ်စစ်တပ် ထပ်မံ သိမ်းပိုက်

    ဒီဇင်ဘာ ၃၁၊ ၂၀၁၄
    M-Media
    1501804_819319044777234_592019129301741624_n
    – IS တပ်ဖွဲ့များက လပေါင်းများစွာ သိမ်းပိုက်ထားသည့် ဘဂ္ဂဒတ်မြို့ပြင် ကီလိုမီတာ ၉၀ အကွာတွင်ရှိသော ဒူလူအီယာမြို့အား အီရတ်စစ်တပ်မှ ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

    `စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်တွေနဲ့ လူမျိုးစုတပ်တွေ စုပေါင်းထားတဲ့အဖွဲ့က ဒူလူအီယာမြို့ကို ဒီနေ့မှာ ထိန်းချုပ်နိုင်ခဲ့ပါပြီ´ ဟု အီရတ်စစ်တပ်မှ ဗိုလ်ချုပ်ကြီး တစ်ဦးက ယမန်နေ့တွင် AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့မြို့အား ရရှိရန်အတွက် ပြီးခဲ့သည့် ၂ ရက်မှစတင်၍ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး၊ ထို့နောက် စစ်သုံးယာဉ် အစီး ၅၀ ပါဝင်သည့် အီရတ်စစ်တပ်မှာ IS အဖွဲ့၏ တိုက်ခိုက်မှုကို တွန်းလှန်နေရသည့် တောင်ဘက် ဂျူဘာရ်ဧရိယာရှိ မဟာမိတ်တပ်များနှင့် ချိတ်ဆက်ရန်အတွက် ဆက်လက် ချီတက်နေသည်။

    အဆိုပါ ဒူလူအီယာမြို့မှာ နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ ပြည်နယ်နှစ်ခုကို ဆက်ထားသော လမ်းကြောင်း၌ တည်ရှိသည့် မဟာဗျူဟာအရ အချက်အခြာ ကြသည့် မြို့တစ်ခုလည်းဖြစ်သည်။

    အီရတ်စစ်တပ်မှ သိမ်းယူပြီးနောက်ပိုင်း မြို့ခံပြည်သူများက သေနတ်များလေထဲသို့ ပစ်ဖောက်ခြင်း၊ ဟွန်းများ တီးခြင်းတို့ကို ပြုလုပ် ကာ အောင်ပွဲခံခဲ့ကြသည်။

    အီရတ်နိုင်ငံတွင် IS ကို တွန်းလှန်နေမှုမှာ အရှိန်ရလာပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အီရတ်ရှိကာ့ဒ်တပ်ဖွဲ့များက ဆင်ဂျာဒေသ တွင် ပိတ်မိနေသည့် ယာဇီဒီလူမျိုးများကို ကယ်တင်နိုင်ခဲ့ကာ IS တပ်များ ထိန်းချုပ် ထားသည့် မြို့ရွာတော်တော်များများ ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

    Source : Agencies

  • ဆွမ်ဆီးပွဲတွင် လက်သီးစွမ်းပြခဲ့သည့် စတာလင် ပြစ်ဒဏ်မှကင်းလွတ်

    ဆွမ်ဆီးပွဲတွင် လက်သီးစွမ်းပြခဲ့သည့် စတာလင် ပြစ်ဒဏ်မှကင်းလွတ်

    ဒီဇင်ဘာ ၃၁၊ ၂၀၁၄
    M-Media
    10885493_819321211443684_8576180037075234636_n
    – တနင်္လာနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် ဆွမ်ဆီးကစားသမား ဖာနန်ဒက်ဇ်၏ မျက်နှာကို တွန်းထိုးခဲ့သည့် လီဗာပူးလ်တိုက်စစ်မှူး စတာလင်မှာ FA ၏ ပြစ်ဒဏ်ခတ်မှုမှ လွတ်မြောက်ခဲ့သည်ဟု သိရသည်။

    လီဗာပူးလ်မှ ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် အဆိုပါပွဲတွင် စတာလင်မှာ ဖာနန်ဒက်ဇ်အား စည်းကြပ်ဒိုင်၏ အရှေ့၌ မျက်နှာကို တွန်းထိုးခဲ့ခြင်းဖြစ်သည်။

    ရန်လိုသည့်ထိုလုပ်ရပ်က ပွဲပယ်ခံရနိုင်သည့် အခြေအနေမျိုးအထိ ဖြစ်သွားနိုင်ပြီး တိုက်စစ်အားနည်းနေသည့် လီဗာပူးလ်အသင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့သည်။

    သို့သော်လည်း စတာလင်မှာ ပြစ်ဒဏ်ခတ်မှုမှ လွတ်မြောက်ခဲ့ပြီး FA မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ထိုကိစ္စမှာ ပွဲတာဝန်ရှိသူများ ရှေ့မှောက်တွင် ဖြစ်ပွားခဲ့သည့်အတွက် ပြစ်ဒဏ်ခတ်ခံရမှုမှ ကင်းလွတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုပွဲ၏ အခြားပြစ်ဒဏ်ကျူးလွန်မှုတစ်ခုတွင် ပါဝင်ခဲ့သည့် ဆွမ်ဆီးကွင်းလယ်လူ ရှဲလ်ဗီမှာ တရားစွဲဆိုခြင်းခံခဲ့ရပြီး ယနေ့နောက်ဆုံးထား၍ ခုခံချေပရမည်ဖြစ်သည်။

    ရှဲလ်ဗီမှာ လီဗာပူးလ်ကစားသမား အီမရီကန်အား တံတောင်ဖြင့် တွတ်ခဲ့ခြင်ဖြစ်ပြီး ထိုအဖြစ်အပျက်ကို ပွဲတာဝန်ရှိသူများက မမြင်ခဲ့သော်လည်း ပွဲဗီဒီယိုကို ပြန်လည်ကြည့်ရှုပြီးနောက် FA က ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

  • ကနေဒါတွင် သေနတ်ပစ်မှုဖြစ် ကလေးငယ် ၂ ဦး အပါအ၀င် လူ ၉ ဦးသေဆုံး

    ကနေဒါတွင် သေနတ်ပစ်မှုဖြစ် ကလေးငယ် ၂ ဦး အပါအ၀င် လူ ၉ ဦးသေဆုံး

    ဒီဇင်ဘာ ၃၁၊ ၂၀၁၄
    M-Media
    10559719_819323911443414_8897691312609224962_n
    – ကနေဒါနိုင်ငံအနောက်ပိုင်း အဒ်မွန်တွန်မြို့တွင် သီးခြားစီဖြစ်ပွားခဲ့သော သေနတ်ပစ်မှု သုံးခုအတွင်း ကလေးငယ် ၂ ဦးအပါအ၀င် စုစုပေါင်း လူ ၉ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ဒီဇင်ဘာ ၂၉ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့တွင်းရှိ အိမ်တစ်အိမ်တွင် သေနတ်သံကြား သည်ဟု တိုင်ကြားသောကြောင့် ရဲတပ်ဖွဲ့က သွားရောက် ကြည့်ရှုခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

    ထို့နောက် နာရီပိုင်းအကြာ၌ မြို့၏အရှေ့မြောက်ဘက်တွင် အမျိုးသမီးသုံးဦး၊ အမျိုးသား ၂ ဦး၊ ကလေးငယ်နှစ်ဦး တို့ သေနတ် ဒဏ်ရာများဖြင့် သေဆုံး နေသည် ကိုလည်း တွေ့ရှိခဲ့ရပြီး လူသတ်သမားဖြစ်နိုင်ဖွယ်ရှိသည့် သံသယရှိသူ တစ်ဦးအား တွေ့ရှိကြောင်းကိုလည်း သတင်းရရှိခဲ့သည်။

    အဆိုပါ သံသယရှိသူဟု ယုံကြည်ရသည့် လူတစ်ဦးကို အင်္ဂါနေ့နံနက်ပိုင်းတွင် မြို့တွင်းရှိ စားသောက်ဆိုင် တစ်ခု၌ သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

    အဆိုပါ သေဆုံးမှုများအကြား ဆက်စပ်မှုရှိနေလားဆိုသည်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ထိုအမှုမှာ ရှုပ်ထွေးကြောင်း၊ မိမိကိုယ်ကိုယ် သတ်သေသွားသူမှာ မည်သူမည်ဝါဖြစ်သည်ကိုလည်း မသိရသေးကြောင်း ရဲတပ်ဖွဲ့ ပြောကြားခဲ့သည်။

    လူဦးရေ ၉ သိန်းခန့်ရှိသည့် အဆိုပါမြို့တွင် ထိုကဲ့သို့လူသတ်မှာ ဖြစ်ခဲပြီး ၁၉၅၆ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး လူသတ်မှု လည်းဖြစ်သည်။

    Source : AP