News @ M-Media

Blog

  • ရုရှားက နေတိုးအဖွဲ့၏ အင်အားချဲ့ထွင်မှုကို ပြည်ပရန်အဖြစ် သတ်မှတ်

    ဒီဇင်ဘာ ၂၇၊ ၂၀၁၄
    M-Media

    10830187_815958471779958_6710054326657346307_o

    – သမ္မတ ဗလာဒီမာပူတင်က လက်မှတ်ရေးထိုးခဲ့သည့် ရုရှား၏ စစ်ရေး သဘောထားတွင် နေတိုးအဖွဲ့၏ အင်အားချဲ့ထွင်လာမှုကို ပြည်ပအန္တရာယ်ဟု ရေးသားဖော်ပြထားကြောင်း သမ္မတရုံး ကရင်မလင်က ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

    အဆိုပါသဘောထားမှာ ယူကရိန်းက နေတိုးအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန်အတွက် ခြေလှမ်းသစ်များ ထွက်ပေါ်လာခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။

    ၂၀၁၀ ခုနှစ်က ပူတင်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သော ရုရှား၏
    စစ်ရေးသဘောထားတွင်လည်း နေတိုး၏ အင်အားချဲ့ထွင်မှုက ရုရှားနိုင်ငံ၏
    ထိပ်တန်းအန္တရာယ်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း ရုရှားနှင့် နေတိုးအဖွဲ့တို့မှာ ပြီးခဲ့သည့် နှစ်အတွင်း သိသိသာသာ တင်းမာမှုများ ရှိခဲ့ကြသည်။

    ယခုသီတင်းပတ်တွင်လည်း ရုရှားက နေတိုးမှာ ယူကရိန်းအား ရှေ့တန်းစစ်မျက်နှာအဖြစ် ပြောင်းလဲနေသည်ဟု ပြောကြားခဲ့ပြီး၊ ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့နှင့် ဆက်သွယ်ရန် မျှော်လင့်ချက် အမှန်တကယ်ဖြစ်လာပါက ကျန်ရှိနေသည့် ဆက်သွယ်မှုများကို
    ဖြတ်တောက်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

    နေတိုးအဖွဲ့ဝင် ဖြစ်လာရေးအတွက် မိမိတို့၏ ကြားနေ၀ါဒကို စွန့်လွှတ်ရန် ကိဗ်ပါလီမန်က အင်္ဂါနေ့တွင် ဆုံးဖြတ်ခဲ့ပြီး ထိုဆုံးဖြတ်ချက်က ရုရှားအား ဒေါသထွက်စေခဲ့ကာ ခရိုင်းမီးယားအား သိမ်းပိုက်ပြီးနောက်ပိုင်း ရုရှားနှင့် အနောက်နိုင်ငံတို့အကြား တင်းမာမှုများကိုလည်း ပိုမို
    နက်ရှိုင်းလာစေခဲ့သည်။

    Source : Reuters

  • ကျဆုံးခန်းရောက် နိုင်ငံတကာဖွံ့ဖြိုးရေးလုပ်ငန်း

    ဒီဇင်ဘာ ၂၇၊ ၂၀၁၄
    M-Media

    20141117132746788734_20

    ဖွံ့ဖြိုးရေးလုပ်ငန်းယန္တရားကြီးမှ လိုအပ်နေသည်မှာ ဘာသာစကားအပြောင်းအလဲ မဟုတ်၊ နည်းဗျူဟာကို အခြေခံကျကျပြင်ဆင်မှု ဖြစ်သည်။

    နိုင်ငံတကာဖွံ့ဖြိုးရေးလုပ်ငန်းသည် လူအများ၏ချဉ်ခြင်းတက်မှုမှ ဝေးကွာလာသည်၌
    အသက်ငင်နေပေပြီ။ ယင်းယန္တရားကြီးကို စီမံချက်လုပ်ငန်းစဉ်အသွင်ဖြင့်
    အနောက်တိုင်းအား ပါဝင်လာစေခဲ့သည်မှာ ဆယ်စုနှစ် ၆ ခု ကျော်လွန်လာသော်လည်း
    ကမ္ဘာပေါ်တွင် နွမ်းပါးသူဦးရေ ပမာဏကြီးထွားလာနေဆဲ၊ မလျှော့ချနိုင်သေး၊ ၎င်းပြင်
    ဆင်းရဲချမ်းသာ မညီမျှမှုကို တံတားမထိုးနိုင်ဘဲ ရှေ့ဆက်ကျယ်ပြန့်နေ၏။
    ဤသည်ကိုသိမြင်သည့်အခါ တအုံတကျင်းသောလူတို့က ဖွံ့ဖြိုးရေးပုံပြင်ကို
    စွန့်လွှတ်လျက်ရှိပေသည်။ နိုင်ငံခြားအကူအညီသည် ထိရောက်မှုတစ်မျိုး
    ဟူသည်ကိုလည်းကောင်း၊ လှူဒါန်းဖြန့်ဝေခြင်းဖြင့် ပြဿနာဖြေရှင်းနိုင်မည်ဟူသည်ကို
    လည်းကောင်း၊ ဘိုနိုနှင့် ဘီလ်ဂိတ်တို့မှ ကမ္ဘာကြီးအား ကယ်တင်နိုင်မည်ဟူသည်ကို
    လည်းကောင်း အလျဉ်းမယုံကြည်ကြတော့ချေ။

    ဖွံ့ဖြိုးရေးလုပ်ငန်းအသိုင်းအ၀ိုင်းကြီးမှာ တုန့်ပြန်ရန် ဆုတ်ဆိုင်းနေရာမှ
    ယုံကြည်ရေးပြဿနာ အသံကျယ်လောင်လာခဲ့သည်။ ပျော့ကွက်လှိုင်းလုံးကို
    ပြန်လှန်နိုင်ချေရှိသော ကြိုးပမ်းချက်တစ်ရပ်အဖြစ် Gates Foundation သည် Oxfam ၊
    Save the Children ၊ One အစရှိသည့် ကမ္ဘာ့အကြီးဆုံး NGO အချို့နှင့် Narrative
    Project အမည်ရှိ ပရောဂျက်တစ်ခုအား မကြာသေးမီက ဦးဆောင်ခဲ့သည်။
    ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအပေါ် လူတို့၏အမြင်များကို ပုံဖော်နိုင်ရန် သုတေသနတစ်ရပ်
    ပြုလုပ်စေခဲ့သည်။ သူတို့၏တွေ့ရှိချက်များက လူထုသဘောထားအတွင်း
    စီးမျောပုံမူသစ်တစ်ရပ်ကို လှစ်ဟပြသလိုက်သည်။ လူဖြူသူရဲကောင်းများ၏ အကယ်တင်ခံ သနားစရာသတ္တ၀ါများအဖြစ် လူတို့မှ အလျဉ်းလက်မခံလိုတော့ခြင်း၊ ဆင်းရဲမွဲတေမှုမှာ မတရားပြုခံရခြင်း၏အကြောင်းတစ်ရပ်အဖြစ် အမြင်ရှိခြင်းတို့ကို တွေ့လာရပေသည်။

    လူတို့သည် ထောက်ပံ့မှုဗဟိုပြု ဖွံ့ဖြိုးရေးနည်းလမ်းအား စတင်ပယ်ချနေပြီဖြစ်ကြောင်း
    ဤတွေ့ရှိချက်များက ရှင်းလင်းစွာ ခင်းကျင်းပြသနေ၏။ သို့သော် ဤသည်ကို အရှုံးတရား ရင်ဆိုင်ရန် အခွင့်အရေးတစ်ရပ်အဖြစ် လက်ခံပြီး လုပ်ငန်းစဉ်ယန္တရား
    ပြောင်းလဲရမည့်အစား Gates Foundation နှင့် ၎င်း၏လက်တွဲဖော် NGO များက
    ဘာသာဗေဒအသစ်ဖြင့် ဖုံးကာလျက် ပုံမှန်အတိုင်း ဆက်လက်လည်ပတ်ဖို့
    ဆုံးဖြတ်လိုက်သည်။

    ပေါက်ကြားလာသော အတွင်းပိုင်းအချက်အလက်များအရ Narrative Project မှာ PR
    ကမ်ပိန်းမှအပ အခြားမဟုတ်၊ လူထုထောက်ခံမှုနှင့်အလှူငွေများ
    ဆက်လက်ရရှိနေရန်အတွက် စကားလုံးလှလှသုံး၍ မလှိမ့်တစ်ပတ်
    လူထု၏အမြင်သဘောထားကို လှည့်ပြောင်းလိုက်ရန်သာဖြစ်နေ၏။
    ဗျူဟာလမ်းကြောင်းကား ဤသို့တည်း။ ကျွန်ုပ်တို့၏စံနှုန်းတန်ဖိုးများအား လက်ဝေခံသည့် ချို့တဲ့သူများကို တစ်သွေးတစ်သားတည်းကဲ့သို့ ပြောဆိုခြင်း၊ ဖွံ့ဖြိုးရေးအစီအစဉ်သည် လက်တွဲခြင်းတစ်ရပ်ဖြစ်ကြောင်း အလေးပေးဖော်ပြခြင်း၊
    လူချမ်းသာနှင့်ကျော်ကြားသူများမှာ သူဆင်းရဲတို့၏ကယ်တင်ရှင်များအဖြစ်
    ပုံဖော်နေခြင်းကို ရပ်တန့်ခြင်း၊ အရေးအကြီးဆုံးမှာ အမျိုးသမီးနှင့်မိန်းမငယ်တို့၏
    စွမ်းဆောင်ခွင့်များအပေါ် အထူးအလေးထားမှုဖြင့် မိမိကိုယ်ကို တန်ဖိုးထားခြင်းနှင့်
    လွတ်လပ်ခြင်းအတွေးအခေါ်အား ထင်ယောင်ထင်မှားဖြစ်စေခြင်းတို့ဖြစ်သည်။

    ဆင်လုံးထွင်လုံးအသစ်က ၀ါဒဖြန့်ဗျူဟာနှင့် မဆိုစလောက်မျှသာ ကွာခြား၏။ ၎င်းတို့၏
    ဖွံ့ဖြိုးတိုးတက်ရေး အရှိတရားနည်းလမ်းကို ပြောင်းလဲရမည့်အစား – မိမိတို့မှာ
    ပြောင်းလဲနေသည်ဟု လူတို့မှ ထင်မြင်လာအောင် Narrative Project က
    ဆန္ဒရှိနေခြင်းသာ။ အဆုံးသတ်၌ လက်ရှိထောက်ပံ့ရေးစံပုံစံမှာ နဂိုအတိုင်း
    တစ်ထပ်တည်းဖြစ်ပြီး ပြဿနာအစစ်အမှန်တို့ကို မဖြေရှင်း မဦးတည်ဘဲ
    ထားရစ်လိုက်ခြင်းတည်း။

    အရေးမလှသော စီမံချက်
    ——————————–
    လှူဒါန်းမှုနှင့် ထောက်ပံ့ခြင်းဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် လူတို့မှ အဘယ်ကြောင့်
    အယုံအကြည်မရှိတော့ပါသနည်း။ ထိုသူများမှာ တုံးလွန်း၊ အလွန်းသည်။
    အကြောင်းအချက်များထက် ပုဂ္ဂလယုံကြည်ချက်များကို ပိုအလေးထားသည်။ သူတို့မှာ
    ခေတ်ဟောင်းထဲမှ ရှေးရိုးစွဲများဖြစ်ကြသည်။ ထို့ပြင် လူမှုရေးကို
    အလေးမထားလွန်းသူများဖြစ်သည်။ လူတို့သည် သူတို့၏ မယုံစားမှုအတွက်
    အကြောင်းပြချက်များရှိနေလျှင် ဖွံ့ဖြိုးရေးယန္တရား အလုပ်မဖြစ်နိုင် အစရှိသဖြင့်
    အချက်များစွာ Narrative Project က ဆိုထားသည်။

    စင်စစ်တွင် ထောက်ပံ့ရေးပရောဂျက် အရေးမလှတော့။ အောင်မြင်မှုအချို့ ရှိနေငြား Gates Foundation နှင့် ကုလကဲ့သို့ သြဇာရှိအရင်းအမြစ်များက
    မစို့မပို့သောထိရောက်ချက်များကို သိမ်းကျုံးအောင်မြင်ချက်အဖြစ် လူတို့အား
    ယုံကြည်စေချင်နေသည်။ လွန်ခဲ့သော ၁၅ နှစ်တာကာလအတွင်း ဆင်းရဲမွဲတေမှုကို
    ထက်ဝက်မျှ တိုက်ဖျက်နိုင်ပြီဟု ၎င်းတို့က ဆိုကြသည်။ သို့သော်
    လောင်းရိပ်မဲ့အဖွဲ့အစည်းများက ၎င်းမှာ စာရင်းအင်းပါရဂူတို့၏လှည့်ကွက်သာဖြစ်ကြောင်း ထပ်ဖန်တလဲ ဖော်ပြနေကြ၏။ ထပ်ဆင့်ဖော်ပြရပါလျှင် တစ်နေ့လျှင် ၁.၂၅ ဒေါ်လာ ၀င်ငွေရှိသူသည် ဆင်းရဲမွဲတေမှုအလွှာဝင်ဟူသည့်အချက်ပေါ် အားပြုထားကြသည်။ လက်တွေ့မူကား ၂.၅ ဒေါ်လာဟု ဆိုပါမှ ပိုမိုလက်တွေ့ကြကြောင်းတွေ့ရလေသည်။ ၂၀၀၈ ခုနှစ်လေ့လာချက်အရ ၁၉၈၁ ခုနှစ်ထက်စာလျှင် လူပေါင်း ၃၅၂ သန်းပိုနေပြီး
    ယနေ့ခေတ်၌ ဆင်းရဲမွဲတေမှုဝဲဂယက်ထဲ လူပေါင်း ၃.၁ ဘီလီယံဦးရေအထိ
    နစ်မြုပ်နေဆဲဖြစ်ကြောင်း ဖော်ပြနေပေသည်။

    ခြုံငုံသုံးသပ်ရသော် အချမ်းသာဆုံးနှင့် အဆင်းရဲဆုံးနိုင်ငံများ၏အချိုးသည် ၁၉၇၃ ခုနှစ်တွင် ၄၄း၁ ဖြစ်ခဲ့ပြီး ယခုမူကား ၈၀း၁ ဖြစ်နေပါသည်။ (မစ္စတာ ဂိတ် အပါအ၀င်)
    ကမ္ဘာ့အချမ်းသာဆုံးသူ ၈၅ ဦးသည် ယခုအခါ အဆင်းရဲဆုံးလူပေါင်း ၃.၅ ဘီလီယံ
    (တစ်နည်း) ကမ္ဘာ့လူဦးရေတစ်ဝက်ထက် ကြွယ်ဝပိုင်ဆိုင်နေလေသည်။

    ကယ်ဆယ်ထောက်ပံ့ရေးပရောဂျက် အရေးမလှခြင်းမှာ ဆင်းရဲမွဲတေရခြင်း၏
    အဓိကအချက်မှ လွဲချော်ခြင်းကြောင့်ဖြစ်သည်။ ဆင်းရဲခြင်းသည်
    ကြွယ်ဝချမ်းသာသည့်လောကနှင့် အဆက်အသွယ်ပြတ်တောက်မှု၏ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပြီး ချို့တဲ့ဆင်းရဲသည့်လူနှင့်တိုင်းပြည်များသည် အထိုက်အလျောက် လှူစာဒါန်းစာ လိုအပ်နေသည်ဟု ယင်းယန္တရားက ယူဆသည်။ လူတို့သည် ထိုအနေအထားထက် သာလွန်ပါသည်။ ဆင်းရဲမွဲတေမှုသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်၏ အသွင်တစ်ရပ် ဖြစ်ကြောင်း၊ ထိုစနစ်မှာ လူတို့၏စနက်သာဖြစ်ကြောင်း၊ ထိုလူများထဲတွင် ကယ်ဆယ်ထောက်ပံ့ရေးအစီအစဉ်မှ အမြတ်ထုတ်နေသူများလည်း ပါဝင်ကြောင်း လူတို့က သိရှိကြပါသည်။ ကြွယ်ဝသူတို့၏အကျိုးအမြတ်များအတွင်း စီးပွားရေးကလိန်ကျစည်းမျဉ်းများဖြင့် ဆင်းရဲမွဲတေမှုကို ဖန်တီးထားကြောင်း ၂၀၀၈ စီးပွားရေးပျက်ကပ်ကတည်းကစတင်ပြီး လူသိများသထက် များလာပေပြီ။

    အနုကြမ်းစီးသည့်စနစ်
    ————————-
    ဤကလိန်ကျလုပ်ငန်းစဉ်အား သမိုင်းကြောင်းဖြင့် ခြေရာကောက်နိုင်ပါသည်။
    ကိုလိုနီခေတ်ကာလနောက်ပိုင်း ကမ္ဘာ့တောင်ပိုင်းဒေသများမှာ ၎င်းတို့၏ ကုန်သွယ်ရေး၊
    ထောက်ပံ့ရေး၊ ကျန်းမာရေး၊ ပညာရေး စသည်များနှင့်တစ်ကွ စီးပွားရေးနည်းစဉ်များကို
    အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်၊ ဆင်းရဲမှုလျှော့ချနိုင်ခဲ့သည်။ သို့သော်
    ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် အနောက်တိုင်း၏စွက်ဖက်မှုက
    ထိုကဏ္ဍအတော်များများကို ဖျက်ဆီးနင်းချေပစ်ခဲ့သည်။ အနည်းငယ်မျှလောက်ကိုသာ
    ဥပမာပေးဖော်ပြပါမည်။ ၁၉၅၃ ခုနှစ် အီရန်တွင် အနောက်တိုင်းကျောထောက်နောက်ခံ
    အာဏာသိမ်းခြင်း၊ ၁၉၅၄ ခုနှစ်တွင် ကွာတီမာလာ၊ ၁၉၆၁ ခုနှစ်တွင် ကွန်ဂို၊ ၁၉၆၄
    ခုနှစ်တွင် ဘရာဇီးလ်၊ ၁၉၆၅ ခုနှစ်တွင် အင်ဒိုနီးရှား၊ ၁၉၇၃ ခုနှစ်တွင် ချီလီနိုင်ငံတို့တွင်
    အခြေခံလူတန်းစားတွင်းမှ ဒီမိုကရေစီနည်းကျရွေးချယ်ခံခေါင်းဆောင်များကို
    နိုင်ငံတကာအင်အားသုံးဖြုတ်ချပြီး အာဏာရှင်များကို အစားထိုးခဲ့သည်။ ထိုအာဏာရှင်များက အနောက်တိုင်းအုပ်ချုပ်သူများထံမှ ထောက်ပံ့ကူညီခြင်းခေါင်းစဉ်ဖြင့်
    ဒေါ်လာဘီလီယံချီ၍ ရရှိခံစားခဲ့ကြသည်။

    လူထု၏မဲဆန္ဒဖြင့် အာဏာသိမ်းအုပ်စုများ ကျဆုံးသော် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့က လှမ်းဝင်လာပြန်၏။ ဆင်းရဲသောနိုင်ငံများ၌
    အခြေခံအဆောက်အဦတည့်မတ်ပေးရေးအစီအမံတို့ဖြင့် အတိုးနှုန်းမြင့်ချေးငွေများ
    ရယူစေသည်။ ထိုအစီအမံတို့အား ပြည်သူ့ဘဏ္ဍာအဖြစ် သတ်မှတ်စေသည်။
    အနောက်တိုင်းကုန်ပစ္စည်းများအတွက် ဈေးကွက်တံခါးကို ဖွင့်စေသည်။ လူမှုဖူလုံရေးနှင့်
    လုပ်ခများကို ဖြတ်တောက်/လျှော့ချစေသည်။ ပြည်ပကုမ္ပဏီများအတွက်
    အောက်ကြေးလုပ်သားနှင့်ကုန်ကြမ်းများ ရရှိသွားစေသည်။ ထိုအစီအမံမှာ ၂၀ ရာစုအတွင်း ကမ္ဘာ့တောင်ဖက်ခြမ်း၌ ဆင်းရဲမွဲတေရခြင်း၏ အကြီးမားဆုံးအကြောင်းတစ်ရပ် ဖြစ်သည်။ ၎င်းမှာ ယနေ့တိုင် ကြပ်တည်းမှုဟူသော ပုံပန်းသွင်ပြင်အောက်မှ ရှေ့ဆက်နေဆဲပင်။

    ဤမူဝါဒဆိုးများ သက်ဆိုးရှည်နေခြင်းမှာ ကမ္ဘာ့ဘဏ်နှင့်
    အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့၌ မဲအဆုံးအဖြတ်အာဏာကို ချမ်းသာသောနိုင်ငံများမှ
    ထိန်းချုပ်ထားသောကြောင့်ဖြစ်၏။ ၀င်ငွေမြင့်မားသည့်တိုင်းပြည်များ၌
    မှီတင်းနေထိုင်နေသူတို့သည် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းအောက်သာ ရှိသော်လည်း ထိုတိုင်းပြည်များက မဲအဆုံးအဖြတ်၏ ၆၀ ရာခိုင်နှုန်းအထက်ကို ထိန်းချုပ်ထားသည်။

    လက်ရှိတွင် ဈေးကစားသောကုန်သွယ်ရေး၊ အလားတူ ဈေးနှုန်းပြောင်းလဲချက်များအားဖြင့် နိုင်ငံတကာကုမ္ပဏီကြီးများက အခွန်ရှောင်တိမ်းနေကြသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများသည် နှစ်စဉ် ဒေါ်လာ ၉၀၀ ဘီလီယံထက်မနည်း နစ်နာဆုံးရှုံးလျက်ရှိနေသည်။ တဖန် ကမ္ဘာ့ဘဏ်များသို့ ကြွေးတင်ခြင်းဖြင့်လည်း နှစ်စဉ်နှစ်တိုင်း ဒေါ်လာ ၆၀၀ ဘီလီယံ
    ထပ်ပြီး ဆုံးရှုံးပြန်သည်။ ဤနစ်နာချက်များသက်သက်ပင် ကယ်ဆယ်ကူညီထောက်ပံ့ရေး လမ်းကြောင်း၏စုစုပေါင်းတန်ဖိုး (ဒေါ်လာ ၁၃၅ ဘီလီယံ)ထက် အဆ ၂၀ နီးပါးဖြစ်၏။ ဤသည်မှာ မြေယာချုပ်ကိုင်မှုများနှင့် သယံဇာတနှိုက်အခြားပုံဟန်များ ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးပါ။

    ဆင်းရဲမွဲတေမှုသည် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ကြောင်း အထက်ပါအချက်အပေါင်းဖြင့်
    ရှင်းလင်းစွာသိနိုင်ပေသည်။ ၎င်းမှာ အနုကြမ်းစီးကြောင်တောင်နှိုက်ခြင်းတည်း။

    အလှူဒါနနှင့် အထောက်အပံ့များက ဆင်းရဲမွဲတေမှုအတွက် ထိရောက်သည့်ဖြေရှင်းချက်ဟု ယုံကြည်အောင် အယုံသွင်းထားခြင်းဖြစ်သည်။

    NGO အသိုင်းအ၀ိုင်းရှိ လူအချို့က ဤအချက်ကို ကောင်းစွာနှံ့စပ်သိရှိထားကြပြီး၊
    ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့မှ ဒီမိုကရေစီနည်းကျ
    ဆောင်ရွက်ရန်၊ ပိုမိုမျှတသည့် ကုန်သွယ်ရေးစည်းမျဉ်း ဖော်ဆောင်ရန်၊ အခွန်ရှောင်ခြင်းကို အဆုံးသတ်ရန် စသည့် စစ်မှန်သော နိုင်ငံရေးအပြောင်းအလဲဖြစ်ရန်ကို တောင်းဆိုနေကြသည်။ သို့သော် Gates Foundation နှင့် အချို့ NGO ခေါင်းဆောင်ပိုင်းတို့သည် လှူဒါန်းခြင်းနှင့် အထောက်အပံ့ ပုံပြင်ဟောင်းကြီးအား ဘေးဖယ်၍ လူထုအမြင်နှင့် အံဝင်အောင် ယင်းသို့အသံထုတ်ရန်မှာ မသက်သာလှပေ။

    အကယ်၍သာ Gates Foundation နှင့် NGO ခေါင်းဆောင်ပိုင်းတို့မှ ဆင်းရဲမွဲတေမှုအား တိုက်ဖျက်ရန် အပြင်းစားဆန္ဒရှိသည်ဆိုလျှင် – ဖွံ့ဖြိုးဆဲနိုင်ငံများထံမှ
    ချမ်းသာကြွယ်ဝသည့်နိုင်ငံများနှင့်အပေါင်းအပါတို့၏ ကုပ်သွေးစုပ်မှု လက်လွှတ်လိုက်ရန်
    အရေးကြီးကြောင်း လူထုဆွေးနွေးပွဲလုပ်ခြင်းဖြင့် စတင်ရပေမည်။ သူတို့သည် အဆိုပါ
    တဖက်စောင်းနင်းပုံပြင်သေတ္တာကို အဆုံးသတ် သံမှိုများ ရိုက်သွင်းစခန်းသိမ်းလိုက်ခြင်းဖြင့် ကူညီအပ်ပေသည်။ ထို့ပြင် ကျောမွဲလူတန်းစား၏ကျောပြင်တို့ကိုနင်းလျက် လူချမ်းသာတို့
    ပိုမိုကြွယ်ဝရသည့်အဖြစ်မှန်အား ပြောပြရပါမည်။ သို့မှသာ ၂၁ ရာစု၌
    ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဦးခြေလှမ်းမှန်တစ်ရပ် ဖြစ်တည်လာပေမည်။

    Ref : Al Jazeera
    မူရင်း – Dr. Jason Hickel ၏ The death of international development
    မြန်မာမှုပြု – မြင့်မိုရ်မောင်မောင်

  • အီရတ်နှင့် ဆီးရီးယားတွင် IS အား တိုက်ခိုက်နေသည့် ကာ့ဒ်တပ်ဖွဲ့များ အရှိန်ရလာ

    ဒီဇင်ဘာ ၂၆၊ ၂၀၁၄
    M-Media

    1510535_815664185142720_8649803981243951165_n

    – IS မှ သိမ်းယူထားသော အီရတ်နိုင်ငံမြောက်ပိုင်းရှိ နယ်မြေများအား
    ပြန်လည်သိမ်းယူရန်အတွက် အီရတ်ရှိ ကာ့ဒ်တပ်ဖွဲ့ Peshmerga မှ ထိုးစစ်ဆင်မှုများမှာ အရှိန်ရလာပြီဟု သိရသည်။

    အဆိုပါ ကာ့ဒ်တပ်ဖွဲ့မှာ IS လက်အတွင်းမှ ရွာပေါင်းအများအပြားကို ယခုသီတင်းပတ်အတွင်း ဆက်တိုက်သိမ်းယူနိုင်ခဲ့ပြီး ဆင်ဂျာတောင်တွင် ပိတ်မိနေသော ယာဇီဒီလူမျိုးများကိုလည်း ဒီဇင်ဘာ ၁၈ ရက်နေ့က ကယ်တင်နိုင်ခဲ့သည်။

    Peshmerga တပ်မှ တပ်မှူး ဟာရှင်မ် စီတာအီကမူ မိမိတို့မှာ မဟာဗျူဟာကျသည့်
    နယ်မြေတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့သည်ဟု အလ်-ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။

    `အဓိကလမ်းကြောင်းတွေကို ကျွန်တော်တို့ သိမ်းပိုက်ခဲ့ပါတယ်။ အထူးသဖြင့် အီရတ်-ဆီးရီးယား နယ်ခြားက လမ်းတွေပါ။ ဒီဒေသတွကို ဘယ်သူပဲထိန်းချုပ် ထိန်းချုပ် တစ်ပန်းသာပါတယ်´ ဟု ၎င်းကဆိုသည်။ ထို့ပြင် ကာ့ဒ်တပ်ဖွဲ့များအား အမေရိကန်ဦးဆောင်ပြီး အာရပ်နိုင်ငံများပါဝင်သည့် မဟာမိတ်အဖွဲ့က လေကြောင်းမှ ကူပစ်ပေးခဲ့ကြသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    IS အဖွဲ့က နယ်မြေအမြောက်အများ သိမ်းပိုက်ထားသည့် ဆီးရီးယားနိုင်ငံတွင်လည်း ကာ့ဒ်တပ်များမှာ IS အဖွဲ့အား တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ဒီဇင်ဘာ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း IS တပ်ဖွဲ့ဝင် ၄၄ ဦးကို ကာ့ဒ် ပြည်သူ့ကာကွယ်ရေးတပ် YPG က သုတ်သင်နိုင်ခဲ့ကာ ဟာဆာခီပြည်နယ်ရှိ ကက်ဆီယဘ်ရွာကိုလည်း
    သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

    Ref : Aljazeera

  • အိမ်ထောင်ရေးပြဿနာများ ပြေလည်စေရန် ကုရ်အာန်ကျမ်းတော်မြတ်၏ အဆုံးအမဘက်သို့ မာလာဝီမွတ်စလင်များ ပြန်လှည့်လာ

    M-Media

    10373723_815658541809951_6257141649202635352_n

    – နိုင်ငံအတွင်း တစ်ရှိန်ထိုးမြင့်မားလာသည့် ကွာရှင်းမှုနှုန်းကို လျော့ကျစေရန် ကြိုးပမ်းကာ သန့်ရှင်းသော အိမ်ထောင်ရေးအဖြစ် ရပ်တည်နိုင်ရန်အတွက် ကုရ်အာန်ကျမ်းတော်မြတ်၏ သင်ကြားမှုများအား အသုံးပြုခြင်းကို မာလာဝီမွတ်စလင်များက တိုးမြှင့်ဆောင်ရွက်လာကြသည်ဟု သိရသည်။

    `အစ္စလာမ်က အိမ်ထောင်ရေးကို ယုံကြည်ချက်ရဲ့ အခြေခံလို့ မှတ်ယူပါတယ်။ မုဟမ္မဒ်သခင်ရဲ့ သြ၀ါဒတော်တစ်ရပ်မှာ အိမ်ထောင်ပြုခြင်းကို ယုံကြည်သူမွတ်စလင်တစ်ယောက် လိုက်နာရမယ့် စည်းမျဉ်းအဖြစ် သတ်မှတ်မိန့်ကြားထားပါတယ်။ ဒါ့ကြောင့် နိုင်ငံအတွင်းက အိမ်ထောင်ရှင်တွေ
    ကွာရှင်းကြတဲ့နှုန်း မြင့်တက်လာတာဟာ ယုံကြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့အတွက် စိတ်သောက ရောက်စရာပါပဲ´ ဟု မာလာဝီမွတ်စလင်အသင်း MAM မှ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ အကြံပေး ရှိခ်မိုဟာမက် အွစ်မာန်းက OnIslam.net သို့
    ပြောကြားခဲ့သည်။

    ထို့ပြင် မိသားစုတစ်ခုမှာ အောင်မြင်သော လူ့အဖွဲ့အစည်းအတွက် အုပ်တစ်ချပ်
    သဲတစ်ပွင့်ဖြစ်ကြောင်း၊ ကွာရှင်းမှုနှုန်း ဆက်လက်မြင့်မားနေပါကလည်း
    မိမိတို့လူ့အဖွဲ့အစည်းမှာ တန်ဖိုးရှိတော့မည်မဟုတ်ဘဲ ပျက်ဆီးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    မာလာဝီနိုင်ငံမှာ အာဖရိက၌ အိမ်ထောင်ရှင်များ ကွာရှင်းမှုနှုန်းအများဆုံး နိုင်ငံဖြစ်နေသည်ဟု မီဒီယာများက မကြာသေးမီကပင် ဖော်ပြခဲ့ကြသည်။ ထို့ကြောင့် စိုးရိမ်စရာကောင်းလာသည့် အဆိုပါ လမ်းကြောင်းကို တွန်းလှန်းရန် ခြေလှမ်းအဖြစ် ရှိခ်အွစ်မာန်းကဲ့သို့ မွတ်စလင်ခေါင်းဆောင်များက မပြေမလည်ဖြစ်နေကြသည့် မိသားစုများအကြား ပြဿနာများကို
    ဖြေရှင်းပေးရန်အတွက် ကုရ်အာန်ကျမ်းတော်မြတ်မှ သွန်သင်ဆုံးမမှုများကို အသုံးပြုရန် စတင်ဆောင်ရွက်ခဲ့ကြသည်။

    ထိုဆောင်ရွက်မှုက မိသားစုများအကြား ပြန်လည်ရင်ကြားစေ့ရေးနှင့် ခန္တီတရား
    ထားရှိရေးတို့အတွက် ကြိုးပမ်းရာတွင် ထိရောက်သော အောင်မြင်မှုများ ရရှိလာခဲ့သည်။

    `ကျွန်တော်တို့ရဲ့ မိသားစုတွေကြားထဲက တည်ငြိမ်မှုကို ထိခိုက်စေတဲ့ စိန်ခေါ်မှုဟာ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ သည်းခံစိတ် မရှိတာပါပဲ။ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ သွန်သင်မှုတွေထဲက ခန္တီတရားရဲ့ တန်ဖိုးတွေ၊ မိသားစုအကြား ပြန်လည်သင့်မြတ်ရေး လိုအပ်ချက်တွေကို ကျွန်တော်တို့ ဟောကြား ဆုံးမနိုင်ခဲ့ပါတယ်။ တကယ်လို့ ဘ၀ကို အဓိပ္ပါယ်ရှိရှိ အသက်ရှင်နေထိုင်သွားချင်တယ် ဆိုရင်တော့ မိသားစုတွေဟာ
    ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ သွန်သင်မှုကနေ လုံးဝ ခွဲထွက်မသွားရပါဘူး´ ဟု အွစ်မာန်းက ထည့်သွင်းပြောကြားခဲ့သည်။

    ကျား၊ မ ခွဲခြားမှု ဆန့်ကျင်ရေး လုပ်ဆောင်နေသည့် အမျိုးသမီးအဖွဲ့ MWO မှ ဥက္ကဌ အန်ဒိုင်လာကလည်း မာလာဝီနိုင်ငံရှိ ကွာရှင်းမှုနှုန်း မြင့်တက်မှုကို ဖြစ်စေသာ စိန်ခေါ်မှုများကို ထောက်ပြခဲ့ပြီး ကုရ်အာန်ကျမ်းတော်မြတ်၏ သင်ကြားမှုကို အသုံးပြု၍ မိသားစုများအကြား ညှိနှိုင်း ဆောင်ရွက်ပေးခြင်းက ကွာရှင်းမှုမဖြစ်အောင် ဆောင်ရွက်နိုင်သည်ဟု ပြောကြားခဲ့သည်။

    `လက်ခံတဲ့နည်းလမ်းအားလုံးနဲ့ မိသားစုတွေကို ကျွန်မတို့ ကူညီနေတာပါ။ ကျွန်မတို့ရဲ့ နည်းလမ်းကတစ်ဆင့် မွတ်စလင်စုံတွဲတွေဟာ အစ္စလာမ်ကပြောထားတဲ့၊ လူ့အဖွဲ့အစည်းက လိုလားတဲ့ တည်ငြိမ်တဲ့မိသားစုတန်ဖိုးကို ကျေနပ်နှစ်သက်နိုင်ကြပါတယ်´

    မွတ်စလင်အများစုရှိရာ နိုင်ငံတောင်ပိုင်းမှ အကြီးအကဲတစ်ဦးဖြစ်သူ ကာဒီဝဲကလည်း အိမ်ထောင်သည်များအကြား ဖြစ်ပွားသည့် ပြဿနာများကို ဘာသာရေးရှုထောင့်မှ ဖြေရှင်းပေးခြင်းမှာ အကျိုဖြစ်ထွန်းသည့် ဆောင်ရွက်ချက်တစ်ခုဖြစ်သည်ဟု ဆိုသည်။

    `ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ သင်ကြားမှုတွေကို အသုံးချပြီး ပြဿနာတွေကို
    ဖြေရှင်းပေးတာဟာ တစ်ကျက်ကျက်ဖြစ်နေတဲ့ မိသားစုတွေအကြားမှာ ငြိမ်းချမ်းမှုနဲ့ ခန္တီတရားကို ရရှိစေပါတယ်။ ကျွန်တော်တို့ ရွာတွေမှာ ကွာရှင်းမှုနှုန်းတွေ မြင့်တက်နေပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ သင်ကြားမိန့်မှာထားမှုတွေကို ဟောပြောခြင်းကတစ်ဆင့် အိမ်ထောင်တစ်ခုရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရရှိအောင် တစ်ချိန်တည်းမှာပဲ ငြိမ်းချမ်းမှုနဲ့ အပြန်အလှန်မှီခိုမှုကို ပြန်လည်ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်´ ဟု ကာဒီဝဲက ပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာတွင် အိမ်ထောင်တစ်ခုအား ချစ်ခြင်းမေတ္တာ၊ နားလည်မှု၊
    အပြန်အလှန်ဖေးမကူညီမှုတို့ဖြင့် တည်ဆောက်ရန် တိုက်တွန်းထားပြီး အိမ်ထောင်ရေးဝတ္တရား ကျေပွန်မှုအတွက် အထူအလေးထား မိန့်ကြားထားသည်။ ထို့ပြင် ဇနီးသည်ဝတ္တရား၊ ခင်ပွန်းသည်ဝတ္တရား၊ သားသမီးများအပေါ်တွင် ရှိသည့် မိဘ၏ ၀တ္တရား၊ မိဘအပေါ်တွင်ရှိသည့် သားသမီး၏ ၀တ္တရား စသည်တို့ကို သတ်သတ်မှတ်မှတ် ပြဌာန်းပေးထားကာ ကွာရှင်းမှုကို
    စက်ဆုပ်မှုတစ်ခုအဖြစ်လည်း သတ်မှတ်ထားသည်။

    မာလာဝီနိုင်ငံမှာ လောကီသီးသန့်နိုင်ငံ (Secular State) ဖြစ်ပြီး အစ္စလာမ်သာသနာမှာ နိုင်ငံ၏ ဒုတိယ ကိုယ်းကွယ်မှုအများဆုံး အယူဝါဒဖြစ်ကာ စုစုပေါင်း လူဦးရေ၏ ၃၆ ရာခိုင်နှုန်းရှိသည်။

    Ref : OnIslam

  • ကစားကွက်အသစ်တွင် ဘာလော့တယ်လီမှာ အရန်ခုံထိုင်ရမည်ဟု လီဗာပူးလ်နည်းပြပြော

    ဒီဇင်ဘာ ၂၆၊ ၂၀၁၄
    M-Media

    10325659_815565675152571_2213850331955770885_n

    – အသင်းတွင်ပြောင်းလဲမည့် ကစားကွက်အသစ်နှင့် အံဝင်မည် မဟုတ်သောကြောင့်တိုက်စစ်မှူးဘာလော့တယ်လီမှာ အရန်ခုံထိုင်နေရဖွယ် ရှိသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    ဘာလော့တယ်လီမှာ နိုဝင်ဘာ ၈ ရက်နေ့မှစ၍ အသင်းတွင် ပါဝင်ကစားခွင့် မရခဲ့ဘဲ Twitter စာမျက်နှာတွင် လူမျိုးခွဲခြားသည့် မှတ်ချက်ကြောင့် ၁ ပွဲပယ်ခံရသေးသည်။ ယနေ့ညတွင် ကစားမည့် ဘန်လေအသင်းနှင့်ပွဲတွင် ဘာလော့တယ်လီမှာ ပါဝင်နိုင်မည်ဖြစ်သော်လည်း ရော်ဂျာက မိမိ၏ လက်ရှိကစားကွက်အသစ် ၃-၄-၃ နှင့် အံမ၀င်ဟု ဆိုသည်။

    `ဒါ(ကစားကွက်)ဟာ သူနဲ့လိုက်ဖက်မယ်လို့ ကျွန်တော်မထင်ပါဘူး။ သူနဲ့ ဒီမှာ အလုပ်တွဲလုပ်တဲ့ အချိန်အတွင်း တွေ့ရသလောက်တော့ သူဟာ ဂိုးဧရိယာဝန်းကျင်မှာလောက်ပဲ ကောင်းနိုင်တဲ့ ကစားသမားမျိုးပါ။ တွန်းတွန်းတိုက်တိုက်နဲ့ ဖိဖိစီးစီးကစားတဲ့ပုံစံမျိုးဟာ သူနဲ့ မလိုက်ပါဘူး။

    ဒါပေမယ့် ရှိနေတဲ့ကစားသမားတွေ၊ သူတို့ရဲ့ အရည်အသွေးတွေကို အကောင်းဆုံးရယူဖို့ ကြိုးစားရမှာပါ´ ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဘာလော့တယ်လီမှာ ယခုအချိန်အထိ ပရီးမီးယားလိဂ်တွင် ဂိုးမသွင်းနိုင်သေးဘဲ ရော်ဂျာကမူ ၎င်းမှာ အရန်ကစားသမားဘ၀ကို လက်ခံရမည်ဖြစ်ကြောင်း၊ အရန်ခုံမှထရန် ပြောသည့်အခါ ကစားရန်အတွက် အဆင်သင့် ဖြစ်နေရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Goal.com