News @ M-Media

Blog

  • စာသင်ကျောင်းအား တာလီဘန်တို့တိုက်ခိုက်မှုအတွင်း သားကောင်ဖြစ်ခဲ့ရသူများကို အားပေးရန် ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်း ပါကစ္စတန်သို့ သွားမည်

    ဒီဇင်ဘာ ၂၃၊ ၂၀၀၁၄
    M-Media
    10372152_813973208645151_5278932812489652944_n
    – ပြီးခဲ့သည့်သီတင်းပတ် ပါကစ္စတန် ပက်ရှ်ဝါရ်ဒေသရှိ စာသင်ကျောင်းအား တာလီဘန်တို့၏ တိုက်ခိုက်မှုအတွင်း ထိခိုက်ခံစားခဲ့ရသူများကို အားပေးရန်အတွက် ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်းမှာ ပါကစ္စတန်သို့ သွားရောက်မည်ဟု သိရသည်။

    ပါကစ္စတန် မိဘနှစ်ပါးမှ မွေးဖွားလာသည့် အသက် ၂၈ နှစ်အရွယ် အမီရ်းခန်းမှာ
    အလန်ဇန်းဒါးအား အနိုင်ရရှိမှုမှ ဆုကြေးများ၊ ၂၄ ကာရက် ရွှေဖြင့် ရက်လုပ်ထားသည့် ဆွဲကြိုးတို့ကို တာလီဘန်တို့ တိုက်ခိုက်ခဲ့သည့် စာသင်ကျောင်း ပြန်လည် ဆောက်လုပ်ရန်အတွက် မကြာသေးမီကပင် လှူဒါန်းထားသည်။

    `ခရစ္စမတ်နဲ့ နှစ်ကူးကြားမှာ ကျွန်တော် ပါကစ္စတန်ကိုသွားမှာပါ။ သူတို့(တာလီဘန်တွေဟာ)သူတို့ရဲ့ ပြည်သူတွေကို သတ်နေတာပါ။ ဒါမျိုး သူတို့ ဘာ့ကြောင့် လုပ်တာလဲ? ဦးနှောက်မရှိလို့လား? ကလေးတွေအရှေ့မှာ ဆရာတွေကို မီးရှို့ပြတာလား´ ဟု ခန်းက ၎င်း၏ ခံစားချက်ကို ဖွင့်ဟခဲ့ပြီး ထိုခရီးအတွင်း မိမိမှာ အသက်အန္တရာယ်ရှိလိမ့်မည်ဟု ထင်မြင်ကြောင်း
    ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ တိုက်ခိုက်မှုအတွင်း လူပေါင်း ၁၄၉ ဦး သေဆုံးခဲ့ပြီး ၁၂၀ ကျော်မှာ ကျောင်းသား ကလေးငယ်များ ဖြစ်ကြသည်။ ပါကစ္စတန်တာလီဘန်တို့ကမူ ထိုတိုက်ခိုက်မှုအတွက် တာဝန်ယူခဲ့ပြီး ၎င်းတို့ ခြေကုပ်ယူရာ မြောက်ဘက် ၀ါဇီရစ္စတန်တွင် ပါကစ္စတန်စစ်တပ်၏ ထိုးစစ်ဆင်မှုကို လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း
    အာဖဂန်နစ္စတန်ရှိ တာလီဘန်အဖွဲ့ကမူ ထိုလုပ်ရပ်အား ရှုတ်ချခဲ့သည်။

    ထိုကဲ့သို့ ကြမ်းကြုတ်သောလုပ်ရပ်အတွက် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အဖွဲ့အစည်းများနှင့် အစ္စလာမ့်ဓမ္မပညာရှင်များက ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး အစ္စလာမ်သာသနာအား အသရေဖျက်သည့် လုပ်ရပ်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။


    Ref: Alarabiya

  • ရော်နယ်ဒို ဖရီးကစ်ကန်မည့်ဟန် ထုလုပ်ထားသော ရုပ်တုတစ်ခုကို ၎င်း၏ဇာတိတွင် ဖွင့်လှစ်

    ဒီဇင်ဘာ ၂၃၊ ၂၀၁၄
    M-Media

    10413417_813944498648022_2971602499292149746_n
    – ရီးယဲလ်မက်ဒရစ်တွင် အကောင်းဆုံး ခြေစွမ်းများကို ပြသနေသည့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုအား ဂုဏ်ပြုသောအားဖြင့် ပေါ်တူဂီရှိ ၎င်း၏ဇာတိ မာဒေရာကျွန်းတွင် ၎င်း၏ ပုံတူ ရုပ်ထုတစ်ခုကို ထုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ရုပ်ထုမှာ ရော်နယ်ဒို၏ ကျော်ကြားသော ဖရီးကစ်ကန်မည့်ဟန် ပုံသဏ္ဍာန်ကို ပုံမှန်အရွယ်အစားအတိုင်း ထုလုပ်ထာခြင်းဖြစ်ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

    ဖွင့်ပွဲအခမ်းအနားသို့ ရော်နယ်ဒိုကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ပြီး မိသားစုဝင်များ
    သူငယ်ချင်းများနှင့်အတူ အဆိုပါရုပ်ထုရှေ့တွင် ဓာတ်ပုံများရိုက်ခဲ့ကြသည်။

    ရော်နယ်ဒိုမှာ မာဒေရာကျွန်း၏ တစ်ဦးတည်းသော ကမ္ဘာကျော်ပုဂ္ဂိုလ်ဖြစ်ပြီး ထိုကျွန်းရှိ ၎င်းမွေးဖွားရာ ဖန်ချယ်မြို့တွင်လည်း CR7 အမည်ဖြင့် ပြတိုက်တစ်ခုကို ဖွင့်လှစ်ထားရှိသည်။

    ပြီးခဲ့သည့်နှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သည့် ရော်နယ်ဒိုမှာ
    ယခုနှစ်တွင်လည်း ထပ်မံရရှိရန် ရေပန်းစားနေသည်။


    10846174_813944515314687_2452405519732912395_n
    Ref: Dailymail

  • ဒဏ်ရာရကစားသမားများ ပြန်လည်ပါဝင်လာနိုင်သည့် မန်ယူအသင်းမှာ ပိုကောင်းလာတော့မည်ဟု ဖာဂူဆန်ဆို

    ဒီဇင်ဘာ ၂၃၊ ၂၀၁၄
    M-Media
    10671324_813943721981433_5072451954040493172_n
    – မန်ယူအသင်း၏ ကွင်းလယ်လူ မိုက်ကယ်ကာရစ်မှာ ပရီးမီးယားလိဂ် အကောင်းဆုံး အလယ်တန်ကစားသမားဖြစ်ပြီး ဒဏ်ရာရ ကစားသမားများ ပြန်လည်သက်သာလာသည့် မန်ယူအသင်းမှာ ပိုကောင်းလာတော့မည်ဟု ဂန္တ၀င်နည်းပြဟောင်း ဖာဂူဆန်က ပြောကြားလိုက်သည်။

    ကာရစ်မှာ ဒဏ်ရာကြောင့် မန်ယူအသင်း၏ ရာသီအစ ပွဲများကို လွဲချော်ခဲ့ရပြီး ပြီးခဲ့သည့် စနေနေ့က အက်စတွန်ဗီလာအသင်းနှင့် ၁ ဂိုးစီ သရေကျခဲ့သည့် ပွဲတွင်မှ ပြန်လည်ပါဝင်နိုင်ခဲ့သည်။

    ဖာဂူဆန်ကမူ အသက် ၃၃ နှစ်အရွယ်ရှိ ကာရစ်မှာ ပရီးမီးယားလိဂ်၏ အကောင်းဆုံး အလယ်တန်းကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ပြီး မန်ယူအတွက် ကာရစ်၏ အရေးပါမှုကိုလည်း ဗန်ဂါးလ်အား ထောက်ပြခဲ့သည်။ ထို့ပြင် လူပြန်စုံလာသည့် မန်ယူကို စောင့်ကြည့်ရမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    `ဒဏ်ရာရကစားမားတွေနဲ့ အသင်းကို ရလဒ်ကောင်းတွေရအောင် သူ(ဗန်ဂါးလ်)
    ဘယ်လိုကိုင်တွယ်သလဲဆိုတာ ကျွန်တော်မသိပါဘူး။ ကစားသမားတွေ ပြန်စုံလာတဲ့အချိန် မန်ယူကစားပုံကိုစောင့်ကြည့်ပါ။ ဘာ့ကြောင့်လဲဆိုတော့ သူ(ဗန်ဂါးလ်)ဟာ နည်းပြကောင်းတစ်ယောက်ဖြစ်ပြီး ကောင်းမွန်အောင် ဆောင်ရွက်ပါလိမ့်မယ်´ ဟု ဖာဂူဆန်က BT Sport သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မန်ယူအသင်းတွင် ကမ္ဘာ့အဆင့်ကစားသမားများစွာ ရှိနေကြောင်း ပြောကြားခဲ့ပြီး လတ်တလော လက်စွမ်းကောင်းများ ပြသနေသည့် ဂိုးသမား ဒေးဗစ်ဂီယာကိုလည်း ချီးကျူးခဲ့သည်။

  • ပျောက်ဆုံး မလေးရှားလေယာဉ် MH 370 ကို အမေရိကန်က ပစ်ချခဲ့သည်ဟု ပြင်သစ်လေကြောင်းလိုင်းပိုင်ရှင်ဟောင်းဆို

    ဒီဇင်ဘာ ၂၃၊ ၂၀၁၄
    M-Media

    10408680_813908805318258_4409791879484719166_n
    MH 370 ပျံသန်းနိုင်ဖွယ်ရှိသည့် လမ်းကြောင်းများ


    – မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေကြောင်းလိုင်းမှ MH 370 လေယာဉ်မှာ အမေရိကန်၏ ပစ်ချခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု ပြင်သစ်လေကြောင်းလိုင်း ပိုင်ရှင်ဟောင်းနှင့် နာမည်ကျော် စာရေးဆရာတစ်ဦးဖြစ်သူ မာ့ခ်ဒူဂိန်းက ပြောကြားလိုက်သည်။

    ကွာလာလမ်ပူမှ ဘေဂျင်းမြို့သို့အသွား အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် ၉/၁၁ ကဲ့သို့ တိုက်ခိုက်မှုများ ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် အိန္ဒိယသမုဒ္ဒရာအတွင်းတည်ရှိသည့် ဒီယေဂို ဂါစီယာကျွန်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းမှ ပစ်ချခဲ့ခြင်းဖြစ်သည် ဒူဂိန်းက Paris
    Match အပတ်စဉ်သတင်းစာနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

    ဂါစီယာကျွန်းအနီးရှိ မော်လ်ဒိုက်ကျွန်းသားများကလည်း ပျောက်ဆုံးသွားသည့် အဆိုပါလေယာဉ် အနိမ့်ပျံသန်းလာသည်ကို တွေ့ရှိခဲ့ရပြီး၊ ဘာရာဟ်ကျွန်းအနီးရှိ ရေပြင်တွင် လေယာဉ်ပေါ်မှ မီးသတ်ဆေးဘူးအလွတ်တစ်ခုကို တွေ့ရှိခဲ့သည့် သက်သေများလည်း ရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။

    MH 370 လေယာဉ်တွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်းစုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားခဲ့ပြီး ခရီးသည့် ၃ ပုံ ၂ ပုံမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြသည်။

    ပြင်သစ်နိုင်ငံသားတစ်ဦးဖြစ်ပြီး နာမည်ကျော် စာရေးဆရာတစ်ဦးဖြစ်သည့် ဒူဂိန်းကမူ MH 370 အကြောင်း မစုံစမ်းရန် သူလျှိများက ၎င်းအား သတိပေးခဲ့သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ထိုလေယာဉ်ပျောက်ဆုံးမှုအတွက် အဖြစ်နိုင်ဆုံး ယူဆချက် ၂ ခု ထွက်ပေါ်ခဲ့ပြီး တစ်ခုက လေယာဉ်မှာ အပိုင်စီးခံရပြီးနောက် အိန္ဒိယသမုဒ္ဒရာရှိ ဒီယေဂိုဂါစီယာကျွန်းသို့ ပျံသန်းသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း အိန္ဒိယသမုဒ္ဒရာသို့ ဦးတည်ပျံသန်းသည်ဟူသော ထိုယူဆချက်ကို ကွာလာလမ်ပူရှိ အမေရိကန်သံရုံးမှ ငြင်းဆိုခဲ့သည်။

    အခြားယူဆချက်တစ်ခုမှာမူ အဆိုပါလေယာဉ်ပေါ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး
    လေယာဉ်တစ်ခုလုံးကို မကူးစေရန် လေယာဉ်မှူးများက လေယာဉ်အတွင်းရှိ
    အီလက်ထရောနစ်စနစ်များအားလုံးကို ပိတ်ပစ်ခဲ့သောကြောင့် အဆက်အသွယ်
    ပြတ်တောက်သွားခြင်းဖြစ်ကြောင်း၊ ထို့နောက် လေယာဉ်ပေါ်တွင် လိုက်ပါသူအားလုံးမှာ မီးခိုမွှန်သောကြောင့် သတိလစ်သွားခဲ့ပြီး အော်တိုပိုက်လော့ဖြင့် မောင်းနေသည့်လေယာဉ်မှာ ဆီကုန်ကာ သမုဒ္ဒရာထဲသို့ ပျက်ကျသွားခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

    Ref : Dailymail and RT

    10689471_813908841984921_1371308299906289695_n
    အမေရိကန် စစ်အခြေစိုက်စခန်းရှိရာ အိန္ဒိယသမုဒ္ဒရာမှ ဒီယေဂို ဂါစီယာကျွန်း
  • မီဒီယာအများစုတွင် “အစ္စလာမ်မစ် စစ်သွေးကြွ” ဟူ၍သုံးနှုန်းမှု ပိတ်ပင်ရန် ရှရှားလွှတ်တော်တိုက်တွန်း

    ဒီဇင်ဘာ ၂၃၊ ၂၀၁၄
    M-Media

    russian-muslims-Good Quality
    ရှရှားဥပဒေပြုသူတစ်ဦးက မီဒီယာအများစုမှာ ဖော်ပြနေတဲ့ “အစ္စလာမ်မစ် အကြမ်းဖက်သမား” နဲ့ “အစ္စလာမ်မစ် စစ်သွေးကြွ”  စတဲ့ အသုံးအနှုန်းတွေကို ပိတ်ပင်သွားဖို့ အဆိုကို အကြံပြုတင်သွင်းလိုက်ပါတယ်။ အကြောင်းက ဒီအသုံးအနှုန်းတွေဟာ လူတွေကို အစ္စလာမ်ဘာသာနဲ့ ပတ်သတ်လို့ မကောင်းမြင်စေနိုင်ပြီး အစ္စလာမ်သာသနာကိုသက်ဝင်ယုံကြည်တဲ့ သာမန်လူတွေကို အန္တရာယ်ပေးရာရောက်လို့ပါပဲလို့ပြောဆိုပါတယ်။

    ရုရှားနိုင်ငံ မြောက်ကော့ကေးဆပ် ချေချင်းညာက ရှမ်ဆေးလ် ဆာရာလီယဖ် (Shamsail Saraliyev) က ဒီအဆိုပြုချက်ကို ဒီတစ်ပတ် ရှရှားအောက်လွှတ်တော်မှာ တင်သွင်းခဲ့ပြီး အခြား လွှတ်တော်အမတ်များကလည်း ထောက်ခံခဲ့ပါတယ်။

    လွှတ်တော်က ပြောဆိုရာမှာ ” မကြာသေးမီက မီဒီယာတွေဟာ အစ္စလာမ်မစ် အကြမ်းဖက် (Islamic terrorist)၊ ဂျီဟတ်ဝါဒီ (Jihadist)၊ အကြမ်းဖက် အစ္စလာမ့်နိုင်ငံတော်  စသဖြင့် အလားတူအသုံးအနှုန်းတွေကို မကြာခဏ လွတ်လွတ်လပ်လပ် သုံးစွဲနေကြတယ်” လို့ပြောဆိုပါတယ်။

    “ဒီသုံးနှုန်းဖော်ပြချက်တွေဟာ လူတွေကို အစ္စလာမ်နဲ့ အကြမ်းဖက်ဝါဒဟာ ဆင်တူယိုးမှားဖြစ်တယ်လို့ ကောက်ချက်ဆွဲထင်မြင်စေနိုင်တယ်။ သာမန်လူတွေဟာ အလိုလို မွတ်စလင်တွေကို သတ်ဖြတ်သူတွေ အကြမ်းဖက်သမားတွေနဲ့ ဆက်စပ်မြင်မိစေနိုင်တယ်”

    ဒါပေမယ့် မွတ်စလင်အများစုဟာ အစွန်းရောက်အဖွဲ့အစည်းတွေနဲ့ ကင်းဝေးအောင်နေကြပြီး အစွန်းရောက်သူတွေကို သွေဖည်လမ်းလွဲသူတွေ ခရာဂျိ (Kharijites) တွေလို့ခေါ်စေချင်ကြပါတယ်။

    အစ္စလာမ့် နိုင်ငံ လို့ကြွေးကြော်တဲ့ (IS) အဖွဲ့တွေကို ထောက်ခံသူတွေကိုဥပမာပေးပြီး ပြောရရင် ” ဒီစစ်သွေးကြွတွေဟာ သူတို့ကို သူတို့ အစ္စလာမ့် နိုင်ငံတော်လို့ ခေါ်တယ်၊ ဒါပေမယ့် တကယ့် အစ္စလာမ်က သူတို့နဲ့ ဘာမှမဆိုင်ဘူး။ အစ္စလာမ်သာသနာကို သူတို့ရဲ့ မကောင်းတဲ့လုပ်ရပ်တွေကိုကာကွယ်ဖို့ ဝတ်ရုံအဖြစ် ခြုံထားတာသာဖြစ်တယ်။ ”

    ဒီအဆိုပြုချက်က အစဉ်အလာ အစ္စလာမ့် ဒေသနာတွေဟာ ကြင်နာသနားမှုနဲ့ ငြိမ်းချမ်းမှုကိုဖန်တီးပြီး လူတွေကြားမှာ ယှဉ်တွဲနေထိုင်မှုကို သွန်သင်တယ်လို့ တင်ပြထားပါတယ်။

    “ကြမ်းကြုတ်တဲ့ ဖက်ဆစ်ဝါဒီ တွေကို ကျွန်တော်တို့က “ခရိယာန်တွေ” လို့မပြောကြသလိုပဲ အစ္စလာမ့်နောက်လိုက်လို့ ကြွေးကြော်တဲ့ အစွန်းရောက် စစ်သွေးကြွအုပ်စုတွေကို မွတ်စလင်လို့ ခေါ်ဆိုတာတွေကို ရပ်တံ့ကြဖို့ လိုအပ်တယ်။ ”

    ရှရှား နိုင်ငံမှာ လူဦးရေ သန်း (၁၄၀) ရှိတဲ့ အနက်မှာ သန်း (၂၀) ခန့် ဟာ မွတ်စလင်တွေဖြစ်ကြပါတယ်။ ရှရှားနိုင်ငံရဲ့ အသိအမှတ်ပြုအစဉ်အလာ ဘာသာလေးခုရှိပြီး အော်သိုဒေါက်စ် ခရိယာန်၊ ဂျုး ဘာသာ၊ ဗုဒ္ဓဘာသာတို့ နဲ့ အတူ အစ္စလာမ်ဘာသာဟာလည်း အစဉ်အလာဘာသာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

    REF :  Dawn.Com

    Russia-Muslims Pray_ Good Qual1