News @ M-Media

Blog

  • ဆစ်ဒနီကော်ဖီဆိုင် အပိုင်စီးမှု ဘာလဲ၊ ဘယ်လဲ။ (သူ့အမြင်)

    ဆစ်ဒနီကော်ဖီဆိုင် အပိုင်စီးမှု ဘာလဲ၊ ဘယ်လဲ။ (သူ့အမြင်)

    ဒီဇင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    b42i5fycmaafhiv
    – ဒီဇင်ဘာ ၁၅ ရက်နေ့မနက်ပိုင်က စဖြစ်တဲ့ ဆစ်ဒနီကော်ဖီဆိုင်တစ်ခုကို အီရန်ဖွား သြစတေးလျနိုင်ငံသားတစ်ဦးက အပိုင်စီးတဲ့သတင်းဟာ ဒီရက်ပိုင်းမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ပါတယ်။

    စီးပွားရေးအချက်အချာကြတဲ့ နေရာက အဲဒီကော်ဖီဆိုင်ကို အပိုင်စီးမှုဟာ ၁၆ နာရီကျော် ကြာခဲ့ပြီး နောက်ဆုံး ပြန်ပေးသမားနဲ့ ဓားစာခံတွေထဲက ၂ ယောက် စုစုပေါင်း ၃ ယောက်သေပြီး ပွဲသိမ်းခဲ့ပါတယ်။

    ဒါပေမယ့် ဒီအဖြစ်အပျက်ကို အသုံးချပြီး သြတေးလျ အစိုးရ ဘာတွေလုပ်သွားတယ် ဆိုတာက စိတ်ဝင်စားစရာပါ။ ဒီအဖြစ်အပျက် စတင်ပြီးနောက်ပိုင်း ဆစ်ဒနီမြို့လယ်ကောင်လမ်းမက ပြည်သူတွေကို တစ်ယောက်ချင်းစီ ပိုက်စိတ်တိုက်ရှာဖွေတယ်၊ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းတစ်ခုလုံးကို အသက်သွင်းတယ်။ နိုင်ငံရဲ့ အကြီးဆုံးမြို့ မြို့လယ်ခေါင်ကိုလည်း ပိတ်ဆို့ခံ အခြေအနေမျိုးဖြစ်အောင် ဆောင်ရွက်ခဲ့ပါတယ်။

    သေနတ်သမားတစ်ယောက် ကော်ဖီဆိုင်ထဲဝင်၊ ဓားစာခံတွေကို ဖမ်းထားတယ်ဆိုတာ သာမန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်ပြီး ရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်ရမယ့် ကိစ္စပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမေရိကန်ပြည်ထောင်စု ပင်ဆဲလ်ဗားနီးယားမှာ လူခြောက်ယောက်သေဆုံးတဲ့ သေနတ်ပစ်မှုတစ်ခုဖြစ်ခဲ့ပြီး တရားခံက အခုအချိန်အထိ ထွက်ပြေးလွတ်မြောက်နေတယ်။ ရဲတပ်ဖွဲ့ပဲ ဒီကိစ္စကို ကိုင်တွယ်ထားပါတယ်။ ဒါပေမယ့် ဆစ်ဒနီကိစ္စမှာတော့ အစိုးရ၊ အတိုက်အခံပါတီတွေ၊ မီဒီယာတွေရဲ့ ထောက်ပံ့မှုနဲ့ ၀န်ကြီးချုပ် တိုနီအက်ဘော့ ပါဝင်လာပြီး နိုင်ငံလုံး ဆိုင်ရာ ပြဿနာအဖြစ် ပုံဖော်တယ်။

    10384048_1575163482714661_3186351535620805440_n
    သေဆုံးသွားသူ ဓါးစာခံ ၂ ဦးအတွက် ဝမ်းနည်းကြောင်းပန်းစည်းလာချပြီး ဆုတောင်းပေးနေသည့် သြဇီမွတ်စလင်များ

    စစ်တပ်နီးပါး လက်နက်တပ်ဆင်ထားသူတွေအပါအ၀င် ရဲတပ်ဖွဲ့ဝင်ရာချီက ဆစ်ဒနီ လမ်းမတွေပေါ်မှာပြည့်သွားတယ်။ အခင်းဖြစ်ပွားရာ ကော်ဖီဆိုင် ပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အဦးတွေကို ပိတ်ပစ်တယ်။ ပို့ဆောင်ရေး ယာဉ်တွေကို တပ်ပြန်ခေါက်ခိုင်းပြီး ဆစ်ဒနီ ဆင်ခြေဖုံး၊ ကန်ဘာရာနဲ့ အခြားမြို့တွေမှာ ရဲတပ်ဖွဲ့ရဲ့ ကင်းလှည့်မှုကို တိုးမြှင့်လိုက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အက်ဘော့က မိန့်ခွန်း ၂ ကြိမ် ပြောခဲ့ပါတယ်။ ထွေထွေထူးထူးမဟုတ်ဘဲ နယူးဆောက်ဝေးလ်ပြည်နယ် အစိုးရနဲ့ ရဲတပ်ဖွဲ့ကို ဖက်ဒရယ် အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ရဲ၊ စစ်သားနဲ့ ထောက်လှမ်းရေးတွေက အပြည့်အ၀ ထောက်ပံ့မယ်ဆိုတာပါပဲ။

    ဒီလိုဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကျိုးကြောင်းခိုင်လုံတဲ့ အကြောင်းပြချက်ကိုတော့ အစိုးရက မပေးပါဘူး။ အခင်းဖြစ်ပြီး သိပ်ကြာခင်မှပဲ ကော်ဖီဆိုင်ပြန်ပေးဆွဲ သူဟာ အီရန်ဖွား သြစတေးလျနိုင်ငံသား မန် ဟာရွန် မိုနစ်ဖြစ်တယ်ဆိုတာ ရဲတပ်ဖွဲ့ ကြေညာခဲ့တယ်။ IS၊ အလ်ကိုင်းဒါးနဲ့ အခြားသော အစွန်းရောက်အဖွဲ့အစည်းတွေနဲ့ မပတ်သက်ဘူး။ ဇနီးဟောင်းသတ်မှုမှာ ပါဝင်တယ်လို့ သံသယဖြစ်ခြင်း ခံရသူဖြစ်ပြီး အာမခံနဲ့ လွတ်မြောက်နေသူဖြစ်တယ်။ အခြားသော ရာဇ၀တ်မှုဆိုင်ရာ ပြဿနာတွေလည်း ရှိနေသူ ဖြစ်ပါတယ်။

    နောက်ပိုင်းမှာ အဲဒီကော်ဖီဆိုင်ကို ရဲတပ်ဖွဲ့က ၀င်စီးတယ်။ ဒီလို ဆုံးဖြတ်မှုအတွက်လည်း အဆီအလျော်တည့်တဲ့ ရှင်းလင်းမှုမျိုး မရှိပါဘူး။ ကော်ဖီဆိုင်ထဲမှာ သေနတ်သံကြားလို့ ၀င်စီး လိုက်တယ်ဆိုပြီး နယူးဆောက်သ်ဝေးလ် ရဲမင်းကြီးက ပထမပိုင်းမှာ ပြောခဲ့ပေမယ့် ကြေညာချက် ထုတ်ဖို့ နောက်ပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။ ရလဒ်ကတော့ ပြန်ပေးသမားနဲ့အတူ အပြစ်မဲ့သူ ၂ ဦး အသက်ပေးလိုက်ရတာပါပဲ။

    AP_ABBOTT_141216_DG_16x9_992

    ဒီပြဿနာမှာ အက်ဘော့ပါဝင်လာတာက ပြည်သူတွေကြားထဲမှာ မသေချာမှုနဲ့ ကြောက်ရွံ့မှုတွေရှိတဲ့ အနေအထားမျိုးဖြစ်လာအောင် တမင်တကာ ဖန်တီးလိုက်သမျိုး ဖြစ်နေပါတယ်။ အပြင်မှာ တကယ် ဘာတွေဖြစ်နေလဲဆိုတာ ရဲတပ်ဖွဲ့က သတင်းအမှောင်ချထားတဲ့အချိန်မှာ မီဒီယာတွေမှာလည်း အာရဘီဘာသာစကားနဲ့ ရေးသားထားတဲ့ အလံနက်က လွှမ်းမိုးနေပြီး ဒီပြန်ပေးဆွဲမှုဟာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်သယောင်ယောင် ၀ါဒဖြန့်ခဲ့ကြပါတယ်။

    ဒီလို မရေရာ မသေချာတာတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ သြစတေးလျဟာ အကြမ်းဖက်တွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ပုံစံမျိုးနဲ့ `အကြမ်းဖက်တိုက်ဖျက်ရေးစစ်´ အတုအယောင် ဖန်တီးဖို့ ချဲ့ကားပြောဆိုကြတာသာဖြစ်ပါတယ်။

    ဒီပြဿနာကို အက်ဘော့က အသုံးချပြီး စစ်ပွဲရဲ့ အခြေအနေမျိုးပုံဖေါ်ကာ အဲဒီအခြေအနေကို အရှေ့အလယ်ပိုင်း အမေရိကန်ရဲ့ စစ်ဆင်ရေးမှာ သြစတေးလျပါဝင်မှု တိုးမြှင့်ရေးနဲ့ နိုင်ငံအတွင်းမှာ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းကို တိုးချဲ့ဖို့ အသုံးချသွားပါလိမ့်မယ်။ ယူကရိန်းနဲ့ ပတ်သက်ပြီး ရုရှားကို အမေရိကန် ရင်ဆိုင်နေမှုနဲ့ ဆီးရီးယား၊ အီရတ်တို့ကိစ္စမှာ  သြစတေးလျဟာ ရှေ့ဆုံးက ပါဝင်ပါတယ်။ နောက်ပြီး အိုဘားမားအစိုးရရဲ့ `အာရှဗဟိုပြု´ အစီအစဉ်နဲ့ တရုတ်ကိုပြိုင်ဆိုင်ဖို့ စစ်အင်အား တိုးမြှင့်မှုမှာလည်း အက်ဘော့အစိုးရက ပါဝင်နေပါတယ်။

    စက်တင်ဘာလအတွင်း သြစတေးလျသမိုင်းမှာ အကြီးဆုံးဖြစ်တဲ့ အကြမ်းဖက်ဆန့်ကျင်ရေး စီးနင်းဖမ်းဆီးမှုကို ပြုလုပ်ခဲ့ပါတယ်။ ဆစ်ဒနီရဲ့ ဘရစ္စဘိန်းမြို့တို့မှာ နံနက်အရုတ်တက်အချိန် ပြုလုပ်တဲ့ အဲဒီစစ်ဆင်ရေးမှာ ကွန်မန်ဒိုနဲ့ ထောက်လှမ်းရေး ၈၀၀ လောက်ပါဝင်ခဲ့ပြီး ၀ရမ်းမဲ့ တစ်အိမ်တက်ဆင်း ရှာဖွေခဲ့ကာ အမျိုးသမီးတွေနဲ့ ကလေးတွေကိုလည်း ခြိမ်းခြောက် အကြပ်ကိုင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးအတွင်းမှာ လူ ၁၅ ဦးကို စစ်ဆေးဖို့ ခေါ်သွားခဲ့ပြီး အကြမ်းဖက်မှုနဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့ လူတစ်ဦးကိုသာ တရားစွဲနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာလည်း မသေချာသေးပါဘူး။

    အကြမ်းဖက်သမားတွေဟာ သြစတေးလျနိုင်ငံသားတွေကို ခေါင်းဖြတ်တော့မယ်ဆိုတဲ့ လုပ်ကြံဇာတ်လမ်းထွင်ပြီး အီရတ်မှာ စစ်ရေးအရတိုးချဲ့ဖို့၊ ဒီမိုကရေစီမဆန်တဲ့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေတွေ ပြဌာန်ဖို့ အက်ဘော့အစိုးရက လုပ်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း အရှေ့အလယ်ပိုင်းမှာ အမေရိကန်တိုက်နေတဲ့စစ်အတွက် ဒီလုပ်ကြံဇာတ်လမ်းကိုပဲအသုံးချခဲ့ပါတယ်။

    ဒီပြဿနာမှာ သြစတေးလျအစိုးရဲ့ လုပ်ပုံကိုင်ပုံတွေဟာ ရာဇ၀တ်မှုဆိုင်တဲ့ ကျူးကျော်ရေး စစ်ပွဲတွေကို ပုံဖော်ဖို့နဲ့၊ နိုင်ငံအတွင်းမှာ စစ်တပ်ပုံစံ ရဲတပ်ဖွဲ့အခြေအနေကို တိုးမြှင့်ဖို့ အသုံးပြုတဲ့ နိုင်ငံတကာက လုပ်နည်းလုပ်ဟန်တွေအတိုင်းပါပဲ။ ဒီလိုပုံစံမျိုးကို ၉/၁၁ ပြီးတဲ့နောက်ပိုင်းမှာ ဘုရှ်အစိုးရက လုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို အသုံးချပြီး `အကြမ်းဖက်တိုက်ဖျက်ရေး စစ်´ ဆိုကာ သြစေတြးလျလို မဟာမိတ်တွေနဲ့ အမေရိကန်က အာဖဂန်၊ အီရတ်တို့ကို ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ဘော်စတွန် မာရသွန်ပန်းဝင်းနေရာမှာ ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲပြီးနောက် ဘော်စတွန်တစ်မြို့လုံး မာရှယ်လောအောက်မှာ နေလိုက်ရသလို ဖြစ်သွားတယ်။ လက်နက်တပ်ဆင်ထားတဲ့ယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့အတူ စစ်လက်နက်ပစ္စည်းအပြည့်အစုံနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေက လူတွေကို အိမ်ထဲမှာနေခိုင်းပြီး ၀ရမ်းမပါဘဲနဲ့ တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေပါတယ်။

    ဒီနှစ်အောက်တိုဘာလအတွင်းမှာလည်း အိုတာဝါက ပါလီမန်အဆောက်အဦးမှာ စစ်သားတစ်ယောက် အသတ်ခံရမှုကို တုန့်ပြန်တဲ့အနေနဲ့ မြို့လယ်ကောင်နဲ့ လမ်းမတွေကို ကနေဒါအစိုးရက ပိတ်ပစ်ခဲ့ပါတယ်။ နောက်ပြီး အစိုးရအလုပ်သမားတွေ၊ ဈေးဆိုင်ပိုင်ရှင်တွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း ကန့်သတ်ခဲ့ပါသေးတယ်။ ဒါတင်မကသေးဘဲ ဥပဒေပ ဖမ်းဆီးတာမျိုးတွေ၊ စစ်ဆေးတာမျိုးတွေလုပ်ပြီး ကြောက်ရွံ့မှု အခြေအနေတစ်မျိုးကို ပြည်သူတွေအတွက် ဖန်တီးပေးခဲ့ပါတယ်။ အဲဒီလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အရှေ့အလယ်ပိုင်းစစ်မှာ ကနေဒါအစိုးရ ပါဝင်နိုင်ခဲ့တာ အပါအ၀င် နိုင်ငံခြားရေးနဲ့ ပြည်တွင်းရေးပေါ်လစီတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

    သြစတေးလျကလည်း ဒီဇာတ်လမ်းအတိုင်း ဖန်တီးလုပ်ဆောင်လိုက်တာပါ။ အလျင်အမြန် ကျဆင်းနေတဲ့ စီးပွားရေး ပြဿနာကို ရင်ဆိုင်ဖို့၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှတို့မှာ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုအတွက် ရှေ့တန်းကပါဝင်သူဖြစ်လာဖို့နဲ့ တစ်ချိန်တည်းမှာပဲ ပြည်သူတွေကို တိုက်ရိုက် သက်ရောက်လာမှာဖြစ်တဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးကြီးတစ်ခုအတွက် ဆစ်ဒနီစီးနင်းမှုကို အသုံးချပြီး စမ်းသပ်ဆောင်ရွက်လိုက်တာလည်း ဖြစ်ပါတယ်။

    World Socialist တွင် ဖော်ပြထားတဲ့ ဆောင်းပါးရှင် Peter Symonds ၏ “The Sydney siege” ကို ဆီလျော်အောင်ပြန်ဆို ရေးသားဖော်ပြပါသည်။

    ** မူရင်းဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

  • ပုရိသ

    ပုရိသ

    ဒီဇင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    ကြည်စင်ခ ရေးသည်။
    selfish
    ကျွန်မဘဝတွင် ပတ်ဝန်းကျင်ဒေသအရရော မိရိုးဖလာ ယဉ်ကျေးမှုအရပါ ယောင်္ကျားများသည် မိန်းမများ ထက်မြတ်သည်၊ သာသည်ဟု အမြဲကြားခဲ့ရဘူးပါသည်။ ငယ်စဉ်ကလေးဘဝကပင် အငယ်ဆုံးမောင်လေးအား ခြေထောက်ဖြင့်တို့၍ စကားမပြောရပါ။ ကျော်ခွသွားမိလျှင် အမြဲဆူခံထိပါသည်။ သူ့ဘောင်းဘီ၊ အကျီင်္ကစ၍ ကျော်ခွ၍မရပါ။ ဒီလိုနှင့်ပင် ကျွန်မ၏ဘဝတွင် ယောင်္ကျားများက မိန်းမများထက် ပို၍သာနေသည်ဟု အလိုလိုထင်မြင်ယူဆနေခဲ့သည်။

    ဗုဒ္ဓဘာသာတွင် အမျိုးသားများသာ ဘုရားဖြစ်ခွင့် ရှိခြင်းကလည်း ထိုအယူအဆကိုပို၍ ခိုင်မာစေခဲ့သည်။ စိတ်ဓာတ်ခွန်အား၊ လူခွန်အားအရရော ယောင်္ကျားများသည် မိန်းမများထက်သာလွန်ကြသည်။ ထိုထဲတွင် အနစ်နာခံမှုများ များစွာပါဝင်လေသည်။ မိသားစုတစ်ခုတွင်လည်း အိမ်ထောင်ဦးစီး အဖေများကိုသာ တစ်မိသားစုလုံးက ရိုသေလေးစား ဂရုပြုနေထိုင်ခဲ့ကြပေသည်။

    ကျွန်မနှင့်နီးစပ်ရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းအားလုံးက ထိုအယူအဆကို ကျေနပ်စွာပင် လက်ခံခဲ့ပေသည်။ သို့သော်လည်း ကျွန်မ ညီမဝမ်းကွဲလေး အိမ်ထောင်ကျသောအခါ ထိုအယူအဆကို သွေဖီချင်လာသည်။ ယောင်္ကျားများကို မလေးစားချင်တော့ပေ။ ညီမ၏ အမျိုးသားမှာ မရခင်က လိမ်မ္မာရေးခြားရှိသော လူငယ်လေး တစ်ဦးဖြစ်ခဲ့ဖူးသည်။ သို့သော် ညီမ၏ညံ့ဖျင်းမှုကြောင့်သော် လည်းကောင်း၊ ကံတရားကြောင့်သော်လည်းကောင်း ထိုလူငယ်လေးသည် အိမ်ထောင်ကျပြီးသော အခါမှစ၍ အရက်သောက်တတ်လာသည်။ ထိုမှစ၍ ကြက်တိုက်၊ ဖဲရိုက် နောက်ဆုံးမိန်းမနှင့် ရန်ဖြစ်လျှင်ပင် လက်ပါတတ်လာသည်။ မိန်းမမှာ သူကယောင်္ကျားပဲ မူးတုန်းလုပ်တာ ဟူသောသဘောဖြင့် အမြဲငြိမ်ခဲနေခဲ့သည်။ ထိုစဉ်က ဝင်ပြောချင်သော်လည်း အမေကသူများ အိမ်ထောင်ရေးဟူ၍ တားမြစ်ထား၍သာ မပြောဖြစ်ခဲ့ပေ။

    သူငယ်ချင်း အိမ်ထောင်ကျသော်လည်း သူ့အမျိုးသားကဝင်ငွေတော့ရှာပေးပါသည်။ သို့သော် ကလေးကိစ္စနှင့် ပတ်သက်လာလျှင် သူနှင့်လားလားမှမဆိုင်သလိုနေသည်။ ယခုခေတ်နှင့် ယခင်ခေတ် ကွာသလားတော့ မတွေးတတ်တော့ပြီ။ ထိုအခြေမျိုးကိုတွေ့မြင်ခဲ့ရသော ကျွန်မသည် ယောင်္ကျားဆိုသည်များကို အထင်မကြီးချင်တော့ချေ။ လေးစားချင်စိတ်လည်းကုန်ခန်းနေလေသည်။

    ကျွန်မ၏ ထိုဖြစ်နေသော စိတ်ဓာတ်အင်အားပို၍ ခိုင်မာအောင်ကူညီပေးသည့် အထောက်အပံ့ကရှိနေလေသည်။ လိုင်းကားများတိုး၍စီးရသော ယနေ့ခေတ်တွင် ထိုအနစ်နာခံသော အမျိုးသားများကို မတွေ့သလောက်ရှားပါးရခြင်းဖြစ်သည်။ မိန်းကလေးများနှင့် အပြိုင်နေရာလုရမှာကိုပင် မရှက်တတ်ကြသော ယောင်္ကျားများကို နေ့တိုင်းလိုလိုပင် တွေ့မြင်နေရပါသည်။

    ဒီနေ့အလုပ်သွားရင်း လိုင်းကားပေါ်တွင် ကြုံခဲ့ရသော အဖြစ်အပျက်အား ကျွန်မ၏စိတ်အစဉ်တွင် ဘယ်သောအခါမျှ ဖျောက်ဖျက်၍ရမည် မဟုတ်တော့ပါ။ ထုံးစံအတိုင်းလိုင်းကားကကြပ်ပါ၏။ လူများကလည်း စပါယ်ယာ တိုးခိုင်းတိုင်း တိုးရပါသည်။ ယောင်္ကျား၊ မိန်းမအားလုံး တန်းတူပင် တိုးကြပါသည်။ ထိုထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးပါလာသည်ကို သတိထားမိပါသည်။ ကိုယ်ကလဲ မတ်တပ်မို့မကူညီအားပါ။ သူ့ကြည့်ရတာတော်တော်လေး နွမ်းနေပါတယ်။ ထိုင်ခုံများတွင်လည်း မည်သူကမျှထမပေးကြချေ။ ကားကကြပ်သည်ကိုး။ ကားကမြို့ထဲ ဆူးလေမှတ်တိုင်ရောက်တော့ ထိုကိုယ်ဝန်ဆောင် အမျိုးသမီးကရှေ့ကထိုင်ခုံမှ လူကဆင်းဖို့ဟန်ပြင်နေပါသည်။ ကျွန်မလည်းကြည့်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးအတွက် ဝမ်းသာသွားသည်။ သူနေရာရတော့မည်။ သို့သော်မှတ်တိုင်ရောက်၍ ထိုင်ခုံမှလူကထပြီးမမျှော်လင့်သော အဖြစ်အပျက်တစ်ခုကဖြစ်၍လာသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးဘေးတွင် ကျန်ရှိနေသာ လူလတ်ပိုင်း အမျိုးသားသည် ထိုနေရာကိုလျင်မြန်စွာ ဖျက်ကနဲဝင်ထိုင်လိုက်လေသည်။ ကိုယ်ဝန်သည် သည် အံ့သြတကြီးကြည့်နေလေသည်။ သူမတင်မက ထိုအနီးနားတွင်ရှိသော ခရီးသည်အားလုံးကလည်း ထိုလူအားကြည့်နေကြလေသည်။ ထိုသူသည် မျက်နှာပြောင်စွာပင် ဆက်လက်၍ ပေကပ်ထိုင်နေလေသည်။ လိုင်းကားကလည်း မိမိလိုရာကို ဆက်လက်၍ထွက်ခွာလေသည်။ ကျွန်မကမော်တင်ရောက်၍ ဆင်းခဲ့လေသည်။

    အမျိုးသမီးများ  ကိုယ်ဝန်သည်အမျိုးသမီးကိုပင်နေရာ လုစီးခဲ့သော ထိုအမျိုးသားအား မည်ကဲ့သို့သောစိတ်ဖြင့် လေးစား၍ရပါအံ့နည်း။

  • ပါကစ္စတန်ရှိ စာသင်ကျောင်းကို တာလီဘန် သေနတ်သမားများ ၀င်ရောက်ပစ်ခတ်၊ လူ ၁၀၀ ကျော်သေဆုံး

    ပါကစ္စတန်ရှိ စာသင်ကျောင်းကို တာလီဘန် သေနတ်သမားများ ၀င်ရောက်ပစ်ခတ်၊ လူ ၁၀၀ ကျော်သေဆုံး

    ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media

    09749D8D-A775-45C0-B354-F762CB1CF87F_mw1024_s_n
    – ပါကစ္စတန်အနောက်မြောက်ပိုင်း ပက်ရှ်ဝါရ်ပြည်နယ်မှာ စစ်တပ်က ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်စာသင်ကျောင်းတစ်ခုကို တာလီဘန်က ဒီနေ့နေ့လည်ပိုင်းမှာ ၀င်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အခုအချိန်အထိ နည်းဆုံး လူ ၁၃၀ လောက် သေဆုံးခဲ့ပြီလို့ သိရပါတယ်။

    ဒီတိုက်ခိုက်မှုအတွက် ပါကစ္စတန်တာလီဘန် TTP က တာဝန်ယူခဲ့ပြီး အသေခံ သေနတ်သမား ၆ ဦးကို စေလွှတ်ခဲ့ကြောင်း ၀ါဇီရစ္စတန်နဲ့ ခိုရာဆာနီဒေသတို့မှာရှိတဲ့ ၎င်းတို့ ခြေကုပ်စခန်းကို အစိုးရတပ်က တိုက်ခိုက်နေပြီး ၎င်းတို့ရဲ့ မိသားစုဝင်တွေ သေဆုံးခဲ့ရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ ပြုလုပ်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    သေဆုံးသူတွေထဲမှာ ကျောင်းသား ၈၀ ကျော်ပါပြီး၊ သေဆုံးဒဏ်ရာရမှုကလည်း မြင့်တက်လာနိုင်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ တာလီဘန် သေနတ်သမား ၆ ဦးစလုံးကို ပါကစ္စတန်စစ်တပ်က ပစ်သတ်နိုင်ခဲ့ပါတယ်။

    တိုက်ခိုက်မှုက လွတ်မြောက်လာသူ အသက် ၁၆ နှစ်အရွယ်ကျောင်းသား ရှာရွတ်ခန်းကတော့ တိုက်ခိုက်ရေးသမားတွေဟာ ကျောင်းခန်းထဲဝင်လာပြီး မြင်မြင်ကရာ ကျောင်းသားတွေကို ပစ်ခတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ၎င်းကိုယ်တိုင်လည်း ခြေထောက် ၂ ဖက်လုံးမှာ ကျည်ဆံမှန်ခဲ့ပြီး သေချင်ယောင်ဆောင်ခဲ့တာကြောင့် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ်ရှရစ်ဖ်ကတော့ ဒီတိုက်ခိုက်မှုကြီးကို `နိုင်ငံလုံးဆိုင်ရာ အဖြစ်ဆိုးကြီး´ လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

    ပါကစ္စတန်အစိုးရတပ်နဲ့ တာလီဘန်တို့ဟာ အရင်ကတည်း အပြန်အလှန်တိုက်ခိုက်မှုတွေရှိပြီး အပြစ်မဲ့ပြည်သူတွေ အများအပြား သေကြေပျက်ဆီးခဲ့ရပါတယ်။

    Al Jazeera and agencies
    Photo-AP

  • ကမ္ဘာ့အကောင်းဆုံး ဆုအတွက် ဂျာမနီ ဂိုးသမားနူအာ ရော်နယ်ဒိုကို မကျော်နိုင်ဟု ရှမိုက်ကယ်ဆို

    ကမ္ဘာ့အကောင်းဆုံး ဆုအတွက် ဂျာမနီ ဂိုးသမားနူအာ ရော်နယ်ဒိုကို မကျော်နိုင်ဟု ရှမိုက်ကယ်ဆို

    ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    Cristiano-Lionel-and-Manuel
    – ဖီဖာ၏ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ၏ ဇကာတင် ၃ ဦးစာရင်းတွင် ပါဝင်နေသော်လည်း ဂျာမန်ဂိုးသမား နူအာ မှာ ရော်နယ်ဒိုကို ကျော်နိုင်မည် မဟုတ်ဟု ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဟောင်း ပီတာ ရှမိုက်ကယ်က ပြောကြားလိုက်သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံး လက်စွမ်းပြခဲ့သည့် နူအာမှာ ဆယ်စုနှစ် ၂ ခုအတွင်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားစာရင်းတွင် ပထမဆုံး ပါဝင်လာသည့် ဂိုးသမား ဖြစ်လာခဲ့သည်။

    ရှမိုက်ကယ်ကမူ ထိုကဲ့သို့ ဂိုးသမားတစ်ဦး ပါဝင်ခြင်းမှာ ကောင်းမွန်သော လက္ခဏာဖြစ်သော်လည်း ရော်နယ်ဒိုကသာ ဆုရရန် ရေပန်း အစားဆုံးဖြစ်နေသည်ဟု ဆိုသည်။

    `ရော်နယ်ဒိုကလွဲလို့ ဘယ်သူက ဒီဆုကို ဆွတ်ခူးနိုင်မှာလဲ။ ဇကာတင် ၃ ဦးစာရင်းမှာ ဂိုးသမား တစ်ဦးပါဝင်တာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ နူအာ ဆုရမယ်လို့ ကျွန်တော်မထင်ပါဘူး။ ရော်နယ်ဒိုဟာ သိပ်ကောင်းနေပြီး သူပဲ ဒီဆုကိုရမယ်လို့ ကျွန်တော်ထင်ပါတယ်´ ဟု ရှမိုက်ကယ်က Goal.com နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် နူအာမှာ ပြီးခဲ့သည့်နှစ်က ဇကာတင်သုံးဦးစာရင်းတွင် ပါဝင်ခဲ့သည့် ဘိုင်ယန်အလယ်တန်းလူ ရော်ဘင်၏ အခြေအနေမျိုးဖြစ်ကြောင်း၊ ဂိုးသမားနေရာမှာ ယခုအချိန်တွင် လူကြိုက်များသော နေရာ တစ်ခုဖြစ်နေပြီး နောက်ပိုင်း အကောင်းဆုံး ဘောလုံးသမားရွေးချယ်မှုတွင် ဂိုးသမားများ ပိုမိုပါဝင်လာမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

  • မျက်နှာဖုံးများကို ဆွဲလှန်ခြင်း

    မျက်နှာဖုံးများကို ဆွဲလှန်ခြင်း

    ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    ရေးသူ- ဂျူလိုင်ရဲရင့်
    quote-fear-not-your-enemies-for-they-can-only-kill-you-fear-not-your-friends-for-they-can-only-betray-edward-yashinsky-279834 copy
    အစ္စလာမ်ခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ဗုဒ္ဓခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ခရစ်ယာန်ခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ဟိန္ဒူခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ဂျူးခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ဘာသာမဲ့ခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    နိုင်ငံတော်ခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    အမျိုးသားရေးခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    နိုင်ငံရေးခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    လူမျိုးရေးခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    အမျိုးသားရေးခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    လွတ်လပ်မှုနဲ့ တရားမျှတရေး ခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    နာမည်အမျိုးမျိုး ခေါင်းစဉ် အမျိုးမျိုးသုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    အကြမ်းဖက်မှုဆိုတာ ရှင်းရှင်းလင်းလင်း သိပါလျက်
    ရေငုံနှုတ်ပိတ်နေသူ၊ ဘက်လိုက်သူ
    လူမိုက်အားပေး အဆိပ်ပင်ရေလောင်းနေသူ မှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ရှုတ်ချတဲ့အသံ ပြတ်ပြတ်သားသား မထုတ်ရဲဘဲ
    ငြိမ်းချမ်းတဲ့အသံ မကြားချင်ပါနဲ့။