News @ M-Media

Blog

  • ယူရိုပါလိဂ်တွင် ကစားခြင်းက အသင်းတိုးတက်မှုကို အထောက်အကူဖြစ်စေသည်ဟု အဲဗာတန်နည်းပြဆို

    ယူရိုပါလိဂ်တွင် ကစားခြင်းက အသင်းတိုးတက်မှုကို အထောက်အကူဖြစ်စေသည်ဟု အဲဗာတန်နည်းပြဆို

    ဒီဇင်ဘာ ၁၃၊ ၂၀၁၄
    M-Media
    713252_heroa
    – ပရီးမီးယားလိဂ်တွင် အားကုန်ထုတ်နေရသည့် မိမိတို့အသင်း ယူရိုပါလိဂ်တွင် ၀င်ရောက်ကစားခွင့်ရခြင်းမှာ အသင်း၏ တိုးတက်မှုအတွက် အထောက်အပံ့ ဖြစ်စေသည်ဟု အဲဗာတန်နည်းပြ မာတီနက်ဇ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ယူရိုပါလိဂ် အုပ်စု ပွဲစဉ်တွင် မာတီနက်ဇ်မှာ အသင်းအား ၁၀ နေရာအထိ အပြောင်းအလဲလုပ်ခဲ့ပြီး လူငယ် ၄ ဦးအထိ ထည့်သွင်း ကစားခဲ့သည်။ ထိုပွဲတွင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အဲဗာတန်မှာ အုပ်စု H တွင် အုပ်စုပထမဖြင့် ဦးဆောင်နေသည်။

    `ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ဟာ တော်တော်လေး ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့အတွက် အဆင့် ၅ နေရာနဲ့ အဆုံးသတ်ဖို့၊ ပြီးတော့ အဆင့် ၄ နေရာကို စိန်ခေါ်ဖို့ အလုပ်တွေအများကြီး လုပ်ခဲ့ရပြီး ယူရိုပါလိဂ်မှာ ပါဝင်ကစားခွင့်ရတာဟာ တကယ့်ကို အောင်မြင်မှုပါပဲ´ ဟု မာတီနက်ဇ်က ပြောကြားခဲ့သည်။

ုထို့ပြင် အသင်း၏ စွမ်းဆောင်မှုနှင့် ပတ်သက်၍လည်း မာတီနက်ဇ်က ချီးကျူးခဲ့ပြီး အသင်းမှာ ဆက်လက်တိုးတက်နိုင်ကာ ပြိုင်ပွဲတွင်လည်း ပိုကောင်းသည့် အဆင့်ကို ရရှိလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အဲဗာတန်မှာ လာမည့် တနင်္လာနေ့တွင် ကျူပီအာရ်အသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။

  • အထက်အမိန့်အရ (ကာတွန်း)

    အထက်အမိန့်အရ (ကာတွန်း)

    ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄

    Cartoon- Lagoon Eain

    109

  • ရောမမှာ ပင်ပန်းသမျှ လေယာဉ်ပေါ်မှာ အတိုးချအိပ်ခဲ့ရတဲ့ မန်စီးတီး ကစားသမားများ

    ရောမမှာ ပင်ပန်းသမျှ လေယာဉ်ပေါ်မှာ အတိုးချအိပ်ခဲ့ရတဲ့ မန်စီးတီး ကစားသမားများ

    ဒီဇင်ဘာ ၁၃၊ ၂၀၁၄
    M-Media
    23FA805200000578-2870312-image-a-16_1418317106059
    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့အတွက် ရောမမြေမှာ ဖောင်ဖျက်ကစားခဲ့ကြတဲ့ မန်စီးတီး ကစားသမားတွေရဲ့ ရယ်စရာ ဓာတ်ပုံတစ်ခုပေါ်ထွက်လာပါတယ်။

    ဒါကတော့ အီတလီကနေ အင်္ဂလန်အပြန် လေယာဉ်ပေါ်မှာ မန်စီးတီးကစားသမားတွေ ပိုးလိုးပက်လက် ဖြစ်နေတဲ့ပုံပါပဲ။

    ဗုဒ္ဓဟူးနေ့ညက ရိုးမားကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပြီးတဲ့နောက် မန်စီးတီးအသင်းဟာ ကောင်းကောင်းတောင် မပျော်လိုက်ရဘဲ စနေနေ့ လက်စတာနဲ့ ပွဲအတွက် အဆင်သင့်ဖြစ်ဖို့ ကြာသာပတေးနေ့ အစောကြီးထပြီး ရိုးမားရဲ့ မြို့ခံပြိုင်ဘက် လာဇီယိုအသင်းရဲ့ လေ့ကျင့်ကွင်းမှာ လေ့ကျင့်ခန်း ဆင်းခဲ့ရပါတယ်။

    အဲဒီနောက် အင်္ဂလန်အပြန်လမ်းမှာတော့ သူတို့ဟာ အိနြေ္ဒတောင် မဆည်နိုင်ခဲ့ဘဲ လေယာဉ်ပေါ်မှာ အတိုးချ အနားယူခဲ့ပြီး တစ်ချို့ဆို အိပ်ငိုက်လွန်းလို့ ခန္ဓာကိုယ်တောင် ဟန်ချက်ပျက်နေကြပါတယ်။

    မန်စီးတီးပရိတ်သတ်တွေကတော့ သူတို့ရဲ့ သူရဲကောင်းတွေရဲ့ အဲဒီရယ်စရာ ဓာတ်ပုံကိုကြည့်ပြီး ဆိုရှယ်မီဒီယာတွေမှာ `အဂူရိုက ဘယ်တော့မှ အဲလို မအိပ်ဘူး´ `သူတို့မငိုရဘဲ အိပ်နေရတာ ကောင်းတာပေါ့´ စတဲ့ ပြောင်ချော်ချော် မှတ်ချက်တွေလည်း ပေးခဲ့ကြပါသေးတယ်။

    ရိုးမားကို အနိုင်ရလိုက်တာကြောင့် မန်စီးတီးနည်းပြ ပယ်လီဂရီနီလည်း ဖိအားတွေ လျော့သွားခဲ့ပြီး ယခုလက်ရှိ ပစ်မှတ်ကတော့ ပရီးမီးယားလိဂ် ဇယားကို ဦးဆောင်နေတဲ့ ချယ်ဆီးကို အမှီလိုက်ရေးပဲဖြစ်ပါတယ်။

    DailyMail

  • ဆီးချိုရောဂါက မှတ်ဥာဏ်ကျဆင်းနိုင်သည်ဟု လေ့လာမှုများအရ သိရ

    ဆီးချိုရောဂါက မှတ်ဥာဏ်ကျဆင်းနိုင်သည်ဟု လေ့လာမှုများအရ သိရ

    ဒီဇင်ဘာ ၁၃၊ ၂၀၁၄
    M-Media
    around-90-percent-of-all
    – ဆီးချိုရောဂါမှာ မှတ်ဥာဏ်အားကို သာမန်ထက် ၅ နှစ်ခန့် ပိုမိုကျဆင်းစေနိုင်ပြီး ဆီးချိုရောဂါရှိသည့် အသက် ၅၀ အရွယ်ရှိသူမှာ သက် ၇၀ အရွယ်၏ မှတ်ဥာဏ်မျိုးဖြစ်စေမည့် အလားအလာရှိသည်ဟု ဒီဇင်ဘာလထုတ် ဆေးပညာဂျာနယ် Internal Medicine တွင် ဖော်ပြထားသည်။

    အမေရိကန်မှ သုတေသန ပညာရှင်များက ၁၉၈၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အရွယ်ရောက်ပြီးသူပေါင်း ၁၅၀၀၀ ကို လေ့လာခဲ့ပြီးနောက် ထိုကဲ့သို့ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ဆီးချိုရောဂါအား ထိန်းချုပ်မှု ညံ့ဖျင်းသောသူများတွင် မှတ်ဥာဏ်ကျဆင်းမှု ၁၉ ရာခိုင်နှုန်း ပိုမိုမြင့်မားသည်ကို တွေ့ရှိခဲ့ရပြီး ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်သူများနှင့် ဆီးချိုရောဂါအား ထိန်းချုပ်သူများတွင် ကျဆင်းမှု နည်းပါးသည်ဟု ဆိုသည်။

    `သင်ခန်းစာကတော့ အသက် ၇၀ လောက်ရောက်တဲ့အခါ ကျန်းမာတဲ့ ဦးနှောက်ရှိနေဖို့ အသက် ၅၀ အရွယ်ကတည်းက အစားသောက် မှန်မှန်ကန်ကန်စားဖို့၊ လေ့ကျင့်ခန်း မှန်မှန်ကန်ကန်လုပ်ဖို့ လိုအပ်ပါတယ်။ ဆီးချိုရောဂါရှိတဲ့သူတွေ၊ ဂလူးကို့စ် ထိန်းချုပ်မှု ညံ့ဖျင်းတဲ့ ဆီးချိုရောဂါသည်တွေနဲ့ ဆက်နွယ်ပြီး အသိဥာဏ်ကျဆင်းမှု သိသိသာသာ ရှိနေပါတယ်။ ဒီလိုကျဆင်းမှုနဲ့ ပတ်သက်ပြီး ဘယ်လိုတားဆီးရမလဲ၊ ဘယ်လို နှောင့်နှေးအောင် ပြုလုပ်ရမလဲဆိုတာကို ကျွန်မတို့ သိပါတယ်´ ဟု Johns Hopkins Bloomberg ပြည်သူ့ကျန်းမာရေး သင်တန်းကျောင်းမှ ရောဂါကာကွယ်မှုဆိုင်ရာ ပါမောက္ခ အဲလိဇဘက် ဆဲလ်ဗင်က ပြောခဲ့သည်။

    သွေးထဲ၌ ဂလူးကို့စ်(အချိုဓာတ်) များသည့်အခါ ဆီးချိုရောဂါဖြစ်ပွားပြီး အကျိုးဆက်အဖြစ် တစ်ရှူးများပျက်ဆီးခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်းနှင့် နာဗ့်ကြောများ ပျက်ဆီးခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဆီးချိုရောဂါကို အစားရှောင်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းတို့ဖြင့် ပိုမို မဆိုးဝါးအောင် ထိန်းချုပ်နိုင်သည်။

  • “ဘာသာတရားဆိုတာ ကစားစရာမဟုတ်” (Editorial)

    “ဘာသာတရားဆိုတာ ကစားစရာမဟုတ်” (Editorial)

    ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media (အယ်ဒီတာ့ အာဘော်)

    ဗုဒ္ဓရုပ်ပုံတော်ကို ဒီဂျေအသုံးအဆောင် နားကြပ်တပ်ပေးထားပြီး ဘားဆိုင်ကြော်ငြာအဖြစ်သုံးခဲ့တဲ့ ဘာသာ သာသနာညှိုးနွမ်းစေမှုသတင်းတစ်ပုဒ်ဟာ ဒီရက်ပိုင်းမှာ ရေပန်းစား သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဒီကြော်ငြာ ပြုလုပ်တဲ့ ရန်ကုန်မြို့ရွှေတောင်ကြားလမ်းက V Gastro ဘားဆိုင်ရဲ့ပိုင်ရှင်နဲ့ မန်နေဂျာနှစ်ဦးကိုလည်း ဖမ်းဆီး အရေးယူထားပါတယ်။ မန်နေဂျာတစ်ဦးက နယူးဇီလန်နိုင်ငံသားဖြစ်ပါတယ်။ သူတို့ဟာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။

    ဘာသာတရားတွေဆိုတာ မွန်မြတ်သန့်စင်ပါတယ်။ သူ့ခေတ် သူ့အခါ သူ့ပတ်ဝန်းကျင်အပေါ် ကျေးဇူးကြီးမား ခဲ့လို့လည်း ဘာသာတရားအသီးသီးဟာ တည်တံ့ခိုင်မာပြီး ကမ္ဘာအနှံ့ပြန့်နှံ့ထွန်းလင်းနေတာဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ သန်းခုနစ်ထောင်ကျော်ရှိပါတယ်။  ဗုဒ္ဓဘာသာဝင် ၃၇၆ သန်းရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၆ . ၇၇ ရာခိုင်နှုန်းပါ။ ဟိန္ဒူဘာသာဝင် သန်းတစ်ထောင်ရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၃.၈ ရာခိုင်နှုန်းပါ။ အစ္စလာမ် ဘာသာဝင် သန်းတစ်ထောင့်ရှစ်ရာရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၂၅.၇၄ ရာခိုင်နှုန်းပါ။ ခရစ်ယာန်ဘာသာဝင် သန်းနှစ်ထောင်ရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၃၀.၃၉ ရာခိုင်နှုန်းပါ။ ဒါက CIA World Factbook ရဲ့ ၂၀၁၀ ခုနှစ် ထုတ်ပြန်တဲ့ စာရင်းအချက်အလက်တွေပါ။

    ဆိုလိုချင်တာက ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာ လက်ခံယုံကြည် ကိုးကွယ်နေတဲ့ ဘာသာတရားတွေဟာ သာမာန်အဆင့်အတန်းမဟုတ်ပါ။ ကမ္ဘာပေါ်မှာ အုပ်ချုပ်ရေးဆိုင်ရာ ၀ါဒတွေအမျိုးမျိုးထွန်းကားခဲ့ပါတယ်။ အတွေးအခေါ်ဆိုင်ရာဝါဒတွေ အမျိုးမျိုးထွန်းကားခဲ့ပါတယ်။ အားလုံးဟာ တစ်ခုကို တစ်ခုက အစားထိုးရင်း အဟောင်းပျောက် အသစ်ပေါ်ချည်းပါပဲ။ ဘာသာတရားကတော့ ဒီလို မဟုတ်ပါဘူး။

    ဘာသာတရားတွေမကွယ်မပျောက်ဘဲ မြဲမြံနေတယ်ဆိုတာ သန့်စင်မွန်မြတ်တဲ့ တရားလမ်းညွှန်တွေကြောင့်ပါ။ အမှန်တရား၊ သစ္စာတရားဆိုတာ ကမ္ဘာတည်သရွေ့မြဲမှာပါ။ ပတ္တမြားမှန်ရင် နွံနစ်ရိုးထုံးစံမရှိပါ။ ဆင်စွယ်မှန်ရင် ပိုးမထိုးပါ။ အမှန်တရားကို ဘယ်အမှားတရားကမှ လွှမ်းမိုးဖြိုလှဲလို့ မရစကောင်းပါ။ သစ္စာတရားအတွက် အရိုး စည်းရိုးထိုးဖို့လည်း မလိုပါ။ သစ္စာသာမှန်ပါစေ တည်တံ့နေမှာ သေချာပါတယ်။ သို့သော်———။

    ဘာသာတရားဆိုတာ ပါတီလိုမဟုတ်ပါ။ ပါတီဝင် လူဦးရေများရေးလုပ်စရာ မလိုပါ။ ယုံကြည်စွဲမြဲ ကျင့်ကြံ လိုက်နာတဲ့ ဘာသာဝင်ကောင်းတွေသာ လိုပါတယ်။ နည်းချင်နည်းပါစေ။ အမှန်တော့ ဘာသာတရားနဲ့ ဘာသာဝင်ဟာ သီးခြားစီဖြစ်ပါတယ်။ ပါတီတစ်ခုကို မယုံကြည်ဘဲ အဖော်ကောင်းလို့ အဆွယ်ကောင်းလို့ ၀င်ပြီးမှ ပါတီမူဝါဒတွေနဲ့ ဆန့်ကျင်တာတွေလုပ်၊ ပါတီသိက္ခာကျစရာတွေပြော – ဆိုရင်မခက်လား။ ဒီလိုပဲ ဘာသာတရားတွေမှာလည်း မိရိုးဖလာ အမေအဖေ ဒီဘာသာဝင်မို့ ငါတို့လည်း ဒီဘာသာဝင် အလိုအလျောက် ဖြစ်ကရောဆိုရင် အန္တရာယ်ရှိပါတယ်။ ကိုယ့်ဘာသာတရားကို ကိုယ်ကိုယ်တိုင် မသိနားမလည်လို့ မလေးမစား သရော်လှောင်ပြောင်တတ်ကြ၊ စိန်တန်ဖိုးနားမလည်လို့ ဇယ်တောက်ကစားကြဆိုတာမျိုးတွေ ဖြစ်ကုန်ကြ ပါတယ်။ ရတနာစိန်ကျောက်ဆိုတာ ဇယ်တောက်တမ်းကစားအပ်တဲ့ အရာမဟုတ်ဘူးဆို စိန်တန်ဖိုးနားလည်မှ လည်း သိမှာပါ။

    ဒါကြောင့် ကိုယ့်ဘာသာတရားကို ကိုယ်တိုင်ခြေခြေမြစ်မြစ်သိအောင်လုပ်ပြီး ဘာသာတရားကိုယ်ခံအား ကောင်းအောင် လုပ်ကြရမှာပါ။ ကျွန်တော်တို့ အရိုးတွေက စည်းရိုးထိုးဖို့ မဟုတ်ဘူး။ အရိုးထဲစိမ့်အောင် ဘာသာတရား ချဉ်ဆီအားကောင်းဖို့ လုပ်ရမှာပါ။  ဘာသာတရားတွေက သစ္စာအမှန်ဆိုရင် လွယ်လွယ်နဲ့ ပျောက် မသွားပါဘူး။ ဘာသာတရားအရိပ်ကိုခိုပြီး အကျင့်ပျက် သီလကြောင် လုပ်စားဘာသာရေးသမားတွေနဲ့ ဘာသာတရားအမည်ကို အလွဲသုံးစားလုပ်သူတွေသာ ပျက်ဆီးဆုံးရှုံးရမှာပါ။

    အထက်က သတင်းမှာပါတဲ့ ဘုရားပုံတော်ကို စော်ကားမှုကိုကြည့်ရင် ဘာသာရေးကို စီးပွားရေးအတွက် အလွဲသုံးစားလုပ်ပြီး ကိုယ်တိုင် စော်ကားလို့ စော်ကားမိမှန်း မသိတဲ့ အခြေအနေမျိုးပါ။ ဒီလိုပဲ ဘာသာတရားကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်ပြီး အသရေဖျက်နေတဲ့ ကိစ္စတွေလည်း ပြည်တွင်းမှာတင် ဒုနဲ့ဒေးပါ။ ဒါတွေဟာ ကိုယ့်ဘာသာတရားကို ကိုယ်တိုင်သိက္ခာချပြီးဖျက်ဆီးနေကြတာပါ။ ဒီလိုပဲ ကမ္ဘာပေါ်မှာ အိုင်အက်စ်တို့ ဘိုကိုဟရမ်တို့လို အဖွဲ့အစည်းတွေဟာ ကိုယ့်ဘာသာတရားကို ကိုယ်တိုင် နာမည်ဖျက်နေတဲ့ သူတွေဖြစ်ပါတယ်။ ဘာသာတရားရဲ့အဆုံးအမနဲ့ မညီညွတ်ဘဲ ဘာသာတရားအမည်ကို အလွဲသုံးစားပြုနေ သူတွေ ဖြစ်ပါတယ်။ ဒီလူတွေရဲ့တူညီတဲ့အချက်တစ်ခုကတော့ ကိုယ့်ဘာသာတရားကို ကိုယ်ချစ်သယောင် ကာကွယ်သယောင် ဟန်ပြစကားတွေပြောတတ်ကြတာပါပဲ။ အတွင်းစည်းက ဖျက်ဆီးတာက ပိုကြောက်ဖို့ကောင်းပါတယ်။
    ထပ်ပြောရရင် ဘာသာတရားတွေဟာ မွန်မြတ် သန့်စင်ကြပါတယ်။ လူတွေကို ယဉ်ကျေးအောင်၊ သိမ်မွေ့အောင်၊ ငြိမ်းချမ်းအောင် သွန်သင်နိုင်လို့ ကမ္ဘာပေါ်မှာ လူတွေသန်းချီကိုးကွယ်ယုံကြည်နေကြတာပါ။ ကိုယ့်ဘာသာတရားကိုဖြစ်စေ၊ သူတစ်ပါးဘာသာတရားကိုဖြစ်စေ မစော်ကားသင့်ပါ။ ဘာသာတရားဆိုတာ အများပိုင်ပါ။ ငါ့ဘာသာ သူ့ဘာသာလို့ ခွဲခြားရန်ဖြစ်နေရအောင် ငါကိုယ်တိုင် ငါ့ဘာသာတရားရဲ့ တရားစည်းဝိုင်းအတွင်းမှာ ရောက်နေ တာသေချာရဲ့လားဆိုတာ ပြန်ဆန်း စစ်ကြည့်ဖို့ ကောင်းပါတယ်။

    သန့်စင်တဲ့ဘာသာတရားတွေကို မသန့်စင်တဲ့ နှုတ်၊လက်၊စိတ်တွေနဲ့ သန့်စင်ဖို့မကြိုးစားစေလိုပါ။ ပိုညစ်သွားမှာ စိုးရပါတယ်။ မြင့်မြတ်တဲ့ ဘာသာတရားတွေကို လရောင်ကို ခွေးဟောင်သလိုမျိုးလည်း မစော်ကားစေလိုပါ။ လျှာထွက်ပြီး မောရုံသာအဖတ်တင်ပါမယ်။ အဖိုးမဖြတ်နိုင်တဲ့ ဘာသာတရားတွေကို အပုတ်ကောင်ရုပ်ဆောင် တွေက အသုံးချဆော့ ကစားခြင်းလည်း မပြုစေလိုပါ။ ရတနာစိန်ကျောက်ကို ဇယ်တောက် ကစားရင် ကိုယ်သာ လူ့ဗာလ လူ့အန္ဓ လူ့နလပိန်းတုံး အဖြစ် တန်ဖိုးမဲ့ယုတ်ညံ့သွားမှာဖြစ်ပြီး စိန်ကျောက်ကတော့ ထိန်တောက်မြဲ ထိန်တောက်လို့ တန်ဖိုးလည်း တစ်ပြားသားမှ လျော့သွားမှာ မဟုတ်ကြောင်းပါ။

    M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။