News @ M-Media
Blog
  • အိန္ဒိယမှ မွတ်စလင် သိပ္ပံပညာရှင် တစ်ဦး ဂျာမနီ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ရရှိခဲ့
    အိန္ဒိယမှ မွတ်စလင် သိပ္ပံပညာရှင် တစ်ဦး ဂျာမနီ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ရရှိခဲ့
    ဒီဇင်ဘာ ၁၃၊ ၂၀၁၄
    M-Media
    convo.33272641_std
    – ဇီဝသိပ္ပံဘာသာရပ် တိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ကူညီပေးနိုင်ခဲ့သည့် အိန္ဒိယမှ မွတ်စလင် သိပ္ပံပညာရှင် တစ်ဦးမှာ ဂျာမနီနိုင်ငံက အရပ်သားများအား ပေးအပ်သည့် အမြင့်ဆုံး ဆုတံဆိပ် The Order of Merit of the Federal Republic of Germany ၂၀၁၄ ခုနှစ် မတ်လအတွင်း ချီးမြှင့်ခြင်းခံခဲ့ရသည်ဟု သိရသည်။
    ချီးမြှင့်ခြင်းခံရသူမှာ ဒေလီရှိ အိန္ဒိယ နည်းပညာတက္ကသိုလ်မှ ဇီဝ သိပ္ပံပါမောက္ခ ဒေါက်တာ ဆရဒ် အသီရှမ် ဟက်စ်နာအင်ဖြစ်ပြီး အိန္ဒိယနိုင်ငံဆိုင်ရာ ဂျာမနီ သံအမတ်ကြီး၏ နေအိမ်တွင် ပြုလုပ်သော ဆုချီးမြှင့်ပွဲအခမ်းအနား၌ ဆုလက်ခံရယူခဲ့သည်။
    ဟက်စ်နာအင်မှာ ဂျာမနီဏီရှိ အဆိုပါ အမြင့်ဆုံး ဆုတံဆိပ်ကို ပထမဆုံးရရှိသည့် အိန္ဒိယ မွတ်စလင်တစ်ဦးဖြစ်ပြီး၊ လီယိုပိုလ်ဒီနာ ဂျာမန် အမျိုးသားသိပ္ပံ အကယ်ဒမီတွင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသည့် ပထမဆုံး အိန္ဒိယ နိုင်ငံသားလည်း ဖြစ်သည်။
    ဟက်စ်နာအင်မှာ သူ၏ ရှာဖွေတွေ့ရှိမှုအသစ်များဖြင့်  ဇီဝသိပ္ပံဘာသာရပ်ကို တိုးတက်စေခဲ့ပြီး၊ ပီအိက်ခ်ျဒီ ရရှိထားသူ ၁၀၀ ခန့်၊ MD များ၊ ဒေါက်တာဘွဲ့ရယူရန် ကြိုးစားနေသည့် ကျောင်းသားများကိုလည်း လမ်းညွှန်သင်ကြားပေးနေသူဖြစ်သည်။ ၎င်း၏ တပည့်များထဲမှ ၄ ဦးမှာ အိန္ဒိယအမျိုးသားသိပ္ပံအကယ်ဒမီ INSA မှ ချီးမြှင့်သော လူငယ် သိပ္ပံပညာရှင်ဆုကို ရရှိထားသည်။
    ထို့ပြင် ၎င်းမှာ ထိပ်တန်းဂျာနယ်မျာတွင်လည်း သိပ္ပံဆိုင်ရာ ဆောင်းပါးများကို ရေးသားနေကာ တက္ကသိုလ်များနှင့် သိပ္ပံဆိုင်ရာ အသင်းအဖွဲ့ အများအပြားတွင်လည်း အဓိက တာဝန်များကို ထမ်းဆောင်နေသည်။
    အသက် ၆၀ အရွယ်ရှိ ဟက်စ်နာအင်မှာ အီတလီရှိ ကမ္ဘာ့သိပ္ပံအကယ်ဒမီ၏ အသက်အငယ်ဆုံး အဖွဲ့ဝင်များထဲမှ တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် ၎င်း၏ သုတေသနပြုမှုများအတွက် ဂျာမနီရှိ  Alexander-von-Humboldt ဖောင်ဒေးရှင်းမှ ပေးအပ်သော Humboldt Research ဆုကို ရရှိခဲ့သည်။ ထို့ပြင် ဘာလင်ရှိ Robert Koch အသင်းမှ ပေးအပ်သော ဆုကိုလည်း ရရှိထားပြီး အိန္ဒိယရှိ သိပ္ပံဆိုင်ရာ ဆုအားလုံးနီးပါးကိုလည်း ရရှိထားသူဖြစ်သည်။
    ဟက်စ်နာအင်ကို အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ် ဂါယာမြို့တွင် ၁၉၅၄ ခုနှစ်က မွေးဖွားခဲ့ပြီး ဂါယာရှိ အထက်တန်းကျောင်တွင် ၎င်း၏ အထက်တန်းပညာကို ပြီးဆုံးခဲ့သည်။ ထို့နောက် သိပ္ပံဘွဲ့ (ဂုဏ်ထူးတန်း) ကို မာဂါဒ် တက္ကသိုလ်မှ ရရှိခဲ့ပြီး ဂျဝါဟာလာလ်နေရူး တက္ကသိုလ်မှ ဒေါက်တာဘွဲ့ ရရှိခဲ့သည်။ ထို့နောက် အမေရိကန်နှင့် ကနေဒါတို့ရှိ တက္ကသိုလ်နှင့် အသင်းအဖွဲ့များတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၈၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ပြန်လာခဲ့သည်။
    ref_muslimmirror
  • ရန်ကုန်ရှိ မြို့နယ် အချို့အား ရေပေးဝေးနိုင်မည့် စီမံကိန်း တစ်ခု ပြီးစီးတော့မည်
    ရန်ကုန်ရှိ မြို့နယ် အချို့အား ရေပေးဝေးနိုင်မည့် စီမံကိန်း တစ်ခု ပြီးစီးတော့မည်
    ဒီဇင်ဘာ ၁၂၊ ၂၀၁၄
    M-Media
    – ရန်ကုန်မြို့ရှိ မြို့နယ် ၆ မြို့နယ်နှင့် စက်မှုဇုံတစ်ခုတို့အား တစ်နေ့လျှင် ရေဂါလန် သန်း ၄၀ ပေးဝေသွားနိုင်မည့် လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းမှာ မကြာမီပြီးစီးတော့မည်ဟု သိရသည်။
    လူနေထူထပ်လာသည့် ရန်ကုန်မြို့တော်အတွင်း သောက်သုံးရေ လိုအပ်ချက်မြင့်မားမှုကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဒဂုံမြို့သစ် တောင်ပိုင်း အမှတ် ၂ လမ်းမကြီးဘေးတွင် အဆိုပါ လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းကို ၂၀၁၃ ခုနှစ်က စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
    အဆိုပါ စီမံကိန်း ပြီးစီးပါက ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် သီလ၀ါ စက်မှုဇုန်သို့ နေ့စဉ် ရေဂါလန် သန်း ၄၀ ပေးဝေသွားနိုင်မည် ဖြစ်သည်။
    ရေယူအဆောက်အအုံ၊ အနည်ထိုင်ကန်၊ ရေတွန်းစက်ရုံ၊ အကြိုအနည်ထိုင်ကန်၊ ဓာတ်အားပေး စက်ရုံတို့ကို ရန်ကုန် စည်ပင်သာ ယာရေးကော်မတီက ဆောက် လုပ်ပြီး၊ ရေပိုက်ဆက်သွယ်ခြင်းနှင့် ရေလေလွင့် ထိန်းသိမ်းမှုစနစ်တို့ကို ဂျပန် အပြည်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် ရေးပေးဝေနိုင်ရန် ဆောင်ရွက်လျက်ရှိနေသည်။
    ယခုလက်ရှိတွင် ရန်ကုန်မြို့အတွက် ဂျိုးဖြူ၊ လှော်ကား၊ ဖူးကြီး၊ ငမိုးရိပ် စသည့် ရေပေးဝေးစီမံကိန်းများမှ တစ်နေ့လျှင် ရေဂါလန် ၂၀၅ သန်း ဖြန့်ဝေပေးလျက် ရှိနေသည်။
    ကိုးကား – ကြေးမုံ
  • လက်ဘနွန်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို အစ္စရေးမှ ခိုးယူနေ
    လက်ဘနွန်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို အစ္စရေးမှ ခိုးယူနေ
    ဒီဇင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    2597873822
    လက်ဘနွန်နိုင်ငံတောင်ပိုင်း ကမ်းခြေရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို အစ္စရေးက ရေအောက်မှ တဆင့် ခိုးယူနေခြင်း အခိုင်အမာ သတင်းတစ်ရပ်ကို အမည်မဖော်လိုသူ အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာရှင် တစ်ဦးထံမှ ရရှိပြီဖြစ်ကြောင်း လက်ဘနွန် လွှတ်တော်ပြောဆိုခွင့်ရ ပုဂ္ဂိုလ် နဘီးဟ် ဘာရီမှ ပြောကြားသည်။
    နိုင်ငံပိုင် သဘာဝဓာတ်ငွေ့အရင်းအမြစ်များအပေါ် စိတ်ဝင်တစား မရှိသော အစိုးရအား ကြည့်၍ တုန်လှုပ်မိသည်ဟုဆိုကာ ဘာရီက ကမ်းလွန်သဘာဝ ဓာတ်ငွေ့ရှာဖွေမှုအား လာမည့်နှစ်အစတွင် တရားဝင် လိုင်စင်ဖြင့် တိုးမြှင့်ဆောင်ရွက်ရန် ပန်ကြားလိုက်သည်။
    “လာမယ့်နှစ်ဦးပိုင်း ကစပြီး ဒီအရေးနဲ့ပတ်သက်လို့ ကျွန်တော့်ဖက်က စွမ်းသလောက် လှုံ့ဆော်ဆောင်ရွက်သွားပါမယ်”။
    လက်ဘနွန်နှင့် အစ္စရေးသည် ဒေါ်လာသန်းပေါင်းထောင်ချီတန်သော ၈၅၄ စတုရန်းကီလိုမီတာရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ဇုံ တစ်ခုအပေါ် အငြင်းပွားလျက်ရှိနေသည်။ လက်ဘနွန်သည် မြေထဲပင်လယ် အရှေ့ပိုင်းရှိ အခြားတိုင်းပြည်များနှင့်နှိုင်းစာလျှင် ပင်လယ်သယံဇာတ ထုတ်လုပ်ရေး၌ အားနည်းနှေးကွေးနေသေးသည်။
    လွန်ခဲ့သည့် သြဂုတ်လက လက်ဘနွန် အစိုးရသည် နိုင်ငံရေး သဘောထားကွဲလွဲမှုများကြောင့် ကမ်းလွန် သဘာဝဓာတ်ငွေ့ရှာဖွေ ထုတ်ဖော်ရေးအတွက် ပထမအသုတ် လိုင်စင်ချပေးရန် ပဉ္စမအကြိမ် စီမံခြင်းကို ရွှေ့ဆိုင်းခဲ့ရသည်။
  • ရုရှား၏ အကူအညီဖြင့် အိန္ဒိယတွင် နျူဓာတ်ပေါင်းဖိုများ တည်ဆောက်မည်
    ရုရှား၏ အကူအညီဖြင့် အိန္ဒိယတွင် နျူဓာတ်ပေါင်းဖိုများ တည်ဆောက်မည်
    ဒီဇင်ဘာ ၁၂၊ ၂၀၁၄
    M-Media
    Vladimir Putin, Narendra Modi
    – နိုင်ငံ၏ စွမ်းအင်ကဏ္ဍ တိုးမြှင့်ရေး အတွက် အနည်းဆုံး နျူကလီးယား ဓာတ်ပေါင်းကို ၁၀ ခုကို ရုရှား၏ အကူအညီဖြင့် ဆောက်လုပ်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဆွေးနွေးမှု အပြီးတွင် အိန္ဒိယ ၀န်ကြီးချုပ် နရန်ဒါ မိုဒီက ပြောကြားလိုက်သည်။
    ရုရှားသမ္မတ ပူတင်နှင့် မိုဒီတို့ ယမန်နေ့က တွေ့ဆုံမှုအတွင်း ထိုကဲ့သို့ ဓာတ်ပေါင်းဖိုများ ဆောက်လုပ်ရန် သဘောတူညီခဲ့ခြင်း ဖြစ်ပြီး အာရှတွင် ကာကွယ်ရေးနှင့် မဟာဗျူဟာ နည်းလမ်း ခိုင်မာရေးတို့အတွက်လည်း ဆွေနွေးခဲ့ကြသည်။
    `အခုအချိန်မှာ အိန္ဒိယဟာ ဖွံဖြိုးတိုးတက်ဖို့ အတွက်သာဖြစ်ပြီး စစ်ဘက်ဆိုင်ရာ လက်နက်ပစ္စနည်းများနဲ့ ပတ်သက်ပြီး နည်းပညာတွေကို မျှဝေဖို့ ရုရှားဆီက မျှော်လင့်နေပါတယ်´ ဟု ဒေလီအခြေစိုက် Observer Research Foundation မှ အကြီးတန်း ပညာရှင် အန်နီကရစ်ရှ်နန်က ပြောကြားခဲ့သည်။
    အာဏာရပြီးနောက်ပိုင်း မိုဒီမှာ အမေရိကန်နှင့် နီးကပ်သော ဆက်ဆံရေးရှိအောင် ဆောင်ရွက်ခဲ့သော်လည်း အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ရုရှားအပေါ် ပိတ်ဆို့မှုကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်။
    ပူတင်၏ အိန္ဒိယသို့ လာရောက် လည်ပတ်မှုအတွင်း ခရိုင်းမီယား၏ ယာယီခေါင်းဆောင် ဆာဂျီ အက်ဆယိုနောဗ့်ကလည်း ဒေလီတွင် အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
    Agencies
  • အီဘိုလာ တိုက်ဖျက်ရေး အတွက် ဆော်ဒီမှ ဒေါ်လာ ၃၅ သန်း လှူဒါန်း
    အီဘိုလာ တိုက်ဖျက်ရေး အတွက် ဆော်ဒီမှ ဒေါ်လာ ၃၅ သန်း လှူဒါန်း
    ဒီဇင်ဘာ ၁၂၊ ၂၀၁၄
    M-Media
    Liberia Ebola
    – အာဖရိက နိုင်ငံများတွင် ပြန့်နှံ့နေသည့် အီဘိုလာကပ်ရောဂါ တိုက်ဖျက်ရေး ကူညီရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံမှ ဘုရင်ကြီး အဘ်ဒူလာ ဘင် အဘ်ဒူလ် အဇစ် အလ် ဆာအွဒ်က ကန်ဒေါ်လာ ၃၅ သန်း လှူဒါန်းခဲ့သည်ဟု သိရသည်။
    ဆော်ဒီဘုရင်ကြီး၏ ထိုကဲ့သို့ လှူဒါန်းမှုကို အစ္စလာမ်ဖွံ့ဖြိုးရေးဘဏ် IDB ဥက္ကဌ ဒေါက်တာ အဟ်မဒ် မိုဟာမက် အလီက ယမန်နေ့တွင်ကြေညာခဲ့ခြင်းဖြစ်ပြီး Saudi Press သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။
ုဘုရင်ကြီး၏ ထိုလှူဒါန်းငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများတွင် ရောဂါပိုးရှိမရှိ စစ်ဆေးသည့် ကိရိယာများကို အီဘိုလာပြန့်နှံ့နေသော နိုင်ငံများရှိ စာသင်ကျောင်းများတွင် တပ်ဆင်မှုလည်း ပါဝင်ပြီး ထိုသို့ တပ်ဆင်မှုက ရောဂါပိုးရှိသူများကို ဖော်ထုတ်နိုင်မည်ဖြစ်ကာ အခြားသူများအား ကူးစက်ခြင်းမရှိမီ ကုသမှုကို စောစီးစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
    ထိုအစီအစဉ်များအား အကောင်အထည်ဖော်မှုများကို IDB က ဆောင်ရွက်သွားမည်ဟု အလီက ထည့်သွင်း ပြောကြားခဲ့သည်။
    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အီဘိုလာ ပြန့်နှံ့မှုအား ဒီဇင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ ထိန်းချုပ်နိုင်ရမည်ဟု မျှော်မှန်းထားခဲ့သော်လည်း ပြည့်မီခဲ့ခြင်းမရှိဘဲ  ရောဂါပိုး ကူးစက်ပြန့်နှံ့မှုနှင့် သေဆုံးမှုများမှာ ယခုအချိန်အထိ ဆက်လက်ဖြစ်ပွားနေသည်။ ထို့ပြင် မိမိတို့၏ အီဘိုလာ တိုက်ဖျက်ရေး လှုပ်ရှားမှုများ နှေးကွေးနေသည်ဟုလည်း WHO က မကြာသေးမီကပင် ၀န်ခံခဲ့သည်။