News @ M-Media

Blog

  • ငြိမ်းချမ်းရေ အတွက် အစိုးရပေါ် ယုံကြည်မှု အနိမ့်ဆုံးအဆင့် ရောက်ရှိလာပြီဟု ဗိုလ်ချုပ်ဂွမ်မော်ဆို

    ငြိမ်းချမ်းရေ အတွက် အစိုးရပေါ် ယုံကြည်မှု အနိမ့်ဆုံးအဆင့် ရောက်ရှိလာပြီဟု ဗိုလ်ချုပ်ဂွမ်မော်ဆို

    ဒီဇင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    548166244c77e.image
    – ဒေသအတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းရေး ရည်ရွယ်သော ငြိမ်းချမ်းရေးဆွေးနွေးမှုများ နှစ်ပေါင်းများစွာ ပြုလုပ်လာခဲ့သော်လည်း စစ်တပ်လွှမ်းမိုးသည့် အစိုးရအပေါ် ယုံကြည်မှုမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်လာခဲ့ပြီဟု ကချင် လွတ်မြောက်ရေး တပ်မတော်မှ  ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားလိုက်သည်။

    ဘန်ကောက်တွင် ယနေ့၌ ပြုလုပ်ခဲ့သော AP သတင်းဌာနနှင့် အင်တာဗျူးတွင် ဗိုလ်ချုပ်ဂွမ်မော်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဆွေးနွေး ညှိနှိုင်းမှုကသာ ရှေ့ဆက်သွားမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည့် အတွက် မိမိတို့အဖွဲ့က ထိုနည်းလမ်းကိုပင် ဆုပ်ကိုင်ထားဆဲဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ၁၇ နှစ်ကြာ အပစ်ရပ်ခဲ့ပြီးနောက် ကချင်ဒေသတွင်း ၂၀၁၁ ခုနှစ်မှစ၍ တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး လူပေါင်း ၁၂၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုအချိန်မှစ၍ သမ္မတဦးသိန်းစိန်အစိုးရမှာ လက်နက်ကိုင်တပ်ဖွဲ့ပေါင်း ၁၄ ခုနှင့် အပစ်ရပ်ရေးသဘောတူညီချက် ရရှိခဲ့သော်လည်း ကချင် လက်နက်ကိုင်အဖွဲ့နှင့် သဘောတူညီချက် မရသေးဘဲ နိုင်ငံတစ်ဝှမ်း ကျယ်ပြန့်သော အပစ်ရပ်ရေးအတွက်လည်း ဆောင်ရွက်နိုင်ခြင်း မရှိသေးချေ။

    `အစိုးရနဲ့ စစ်တပ်အပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်မှုက စပြီး စကားပြောတဲ့အချိန်ကထက်စာရင် အနိမ့်ဆုံးကိုရောက်နေပါပြီ။ ဘာ့ကြောင့် ယုံကြည်မှုနည်းရသလဲဆိုတော့ ဆွေးနွေးမှုတွေ လိုအပ်နေလို့ပါ´ ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့သည်။

    လိပ်ခဲတည်းလည်းဖြစ်နေသည့် ဆွေးနွေးညှိနိုင်မှုများမှာ နိုဝင်ဘာ ၁၉ ရက်နေ့က ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းသို့ အစိုးရတပ်မှ ၁၀၅ မမ အမြှောက်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ပြီးနောက် အခြေအနေမှာ ပို၍ တင်းမာလာခဲ့သည်။

    ဗိုလ်ချုပ်ဂွမ်မော်ကမူ မိမိတို့၏ အဓိက ရည်ရွယ်ချက်မှာ လွတ်လပ်ရေး မရခင် ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင် သဘောတူညီခဲ့သည့် အခွင့်အရေး တန်းတူ ညီမျှရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ်နှင့် အတူ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရရေးဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍လည်း မှတ်ချက်ပေးခဲ့ပြီး အဆိုပါ အခြေခံဥပဒေမှာ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မဲ့ဖြစ်စေကြောင်းနှင့် စစ်တပ်ကမူ အဆိုပါ အခြေခံဥပဒေကို လက်ခံရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား မရမက တောင်းဆိုနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    `သေချာတာကတော့ သူတို့(စစ်တပ်က)က ၂၀၀၈ အခြေခံဥပဒေကို လုံးဝ မပြောင်းချင်ပါဘူး။ ဘာ့ကြောင့် လဲဆိုတော့ ပြောင်းလိုက်ရင် သူတို့ရဲ့ အာဏာလျော့သွား မယ်လေ။ ဆွေးနွေးညှိနှိုင်းမှုတွေအတွက် သူတို့ရဲ့ပုံစံက `မင်းတို့ ငါတို့တောင်းဆိုတာကိုပဲ နားထောင်ရမယ်´ ဆိုတာမျိုးဖြစ်နေတယ်´ ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ အခြေခံဥပဒေတွင် တိုင်းပြည်အား ခြိမ်းခြောက်နိုင်သည့် အရေးပေါ် အခြေအနေဖြစ်လာပါက တိုင်းပြည်၏ အချုပ်အခြာအာဏာကို ရယူနိုင်သည့် အခွင့်အရေးအပြင် ကာကွယ်ရေးဦးစီးချုပ်အား သမ္မတထက်ပို၍ အာဏာပေးထားသည်။

    AP

  • လူငယ်များ အဖိနှိပ် ခွဲခြား ဆက်ဆံခံရလျှင် အစွန်းထွက် သမားများ၏ စည်းရုံး ခံရမည်ဟု အစွန်းရောက်ဝါဒ တိုက်ဖျက်မှု ကမ္ဘာ့ညီလာခံတွင် အလ်ဟဂ်ျ  ဦးအေးလွင်ပြောကြား

    လူငယ်များ အဖိနှိပ် ခွဲခြား ဆက်ဆံခံရလျှင် အစွန်းထွက် သမားများ၏ စည်းရုံး ခံရမည်ဟု အစွန်းရောက်ဝါဒ တိုက်ဖျက်မှု ကမ္ဘာ့ညီလာခံတွင် အလ်ဟဂ်ျ ဦးအေးလွင်ပြောကြား

    ဒီဇင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    သီဟ
    1
    အီဂျစ်နိုင်ငံ အလ်အဇ်ဟရ် တက္ကသိုလ်မှ ကြီးမှူး ကျင်းပသော အကြမ်းဖက်မူနဲ့ အစွန်းရောက်ဝါဒ တိုက်ဖျက်မှု ကမ္ဘာ ညီလာခံ (Al-Azhar Conference for Confronting Extremism and Terrorism ) ကို ဒီဇင်ဘာ (၃ – ၄) ရက်တို့တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ကျင်းပခဲ့ပါတယ်။

    အဆိုပါ ညီလာခံကို ရှိုက်ခွလ် အဇ်ဟရ် အီမာမ် အက်ဘရ် ရှိုက်ဒေါက်တာ အဟ်မဒ် တိုင်ယေဘ် ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာနိုင်ငံ အသီးသီးမှ အစ္စလာမ်သာသနာ့ ပညာရှင်များ၊ ခေါင်းဆောင်များ၊ Coptic Pope, Vatican အပါအဝင် ခရစ်ယာန် Church ကျောင်းများမှ ကိုယ်စားလှယ်များ၊ အကြမ်းဖက်မူ ခံစားနေရသော လူမျိုးစု ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

    10603809_10204450514438931_6048011692387480207_n

    အဆိုပါညီလာခံသို့ မြန်မာနိုင်ငံမှ အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်သြရေးမှူးနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ဝင် ကာဒရီယာ အာလီယာ ခလီဖွှာ အလ်ဟဂ်ျ ဦးအေးလွင် တက်ရောက်ဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။

    အလ်ဟဂ်ျဦးအေးလွင် ဆွေးနွေးတင်ပြရာတွင် မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံရှိကြောင်း၊ ထေရဝါဒ  ဗုဒ္ဓဘာသာကို လူအများစု ကိုးကွယ်ကြပြီး၊ အစ္စလာ သာသနာမှာ ဒုတိယ အများဆုံး ဖြစ်ကြောင်း၊ ခန့်မှန်းချေ အစ္စလာမ် ကိုးကွယ်သူ (၈) သန်း အထက်တွင် ရှိကြောင်း၊ ယခုအခါ ဘာသာရေးကို နိုင်ငံရေး အလို့ဌာ အသုံးချ၍ ဘာသာရေး၊ လူမျိုးရေး အသွင် သဏ္ဍာန်ဆောင်သည့် ပဋိပက္ခများကို နောက်ကွယ်မှ ကြိုးကိုင်၍ စနစ်တကျ ဖန်တီးနေကြောင်း၊ လူငယ်များ အဖိနှိပ်ခံရလျှင်၊ ခွဲခြား ဆက်ဆံခံရလျှင် အစွန်းထွက်သမားများ ၏ စည်းရုံးခြင်း ခံရမည်ဖြစ်ကြောင်း ၊ အကြမ်းဖက်နှင့် အစွန်းထွက်မှုကို ကာကွယ်ရန် တရားမျှတမှုနှင့် လူအခွင့်အရေး အပြည့်အဝ ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊ ကျမ်းတော်မြတ် ကုရ်အာန်နှင့် တမန်တော်၏ အမိန့်သြဝါဒ အကိုးအကားများနှင့် အစ္စလာမ်၏ ငြိမ်းချမ်းရေး မတူကွဲပြားမှုကို နားလည်လက်ခံရေး၊ အစွန်းလွတ်တရားစသည့် တို့ကို တင်ပြခဲ့ကြောင်း သိရှိရပါတယ်။

     

    အဆိုပါညီလာခဲ့တွင် ရှိုက်ခွလ်အဇ်ဟရ် အပါအဝင် အစ္စလာမ်သာသနာ့ ပညာရှင်များ၊ ခေါင်းဆောင်များက အကြမ်းဖက်မူနဲ့ အစွန်းရောက်ဝါဒကို ရှုတ်ချခဲ့ကြပြီး အစ္စလာမ် အမည်ခံပြီး အကြမ်းဖက်မူများကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းသိရပါတယ်။

    အကြမ်းဖက်မူနဲ့ အစွန်းရောက်မှု ဖြစ်ပေါ်စေရန် တွန်းပို့တဲ့ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွါးရေး အကြောင်းခံများကိုလဲ ထောက်ပြဝေဖန်ခဲ့ကြကြောင်း သိရပါတယ်။

    ဓါတ်ပုံတချို့-youm7 မှ ကူးယူဖော်ပြပါသည်။

  • အသည်းကွဲသည့် အမေရိကန် ဆယ်ကျော်သက် မိန်းကလေး တစ်ဦး အမြင့်မှ ခုန်ချ၍ သတ်သေ

    အသည်းကွဲသည့် အမေရိကန် ဆယ်ကျော်သက် မိန်းကလေး တစ်ဦး အမြင့်မှ ခုန်ချ၍ သတ်သေ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    PAY-Ashli-Cook
    – အမေရိကန်ပြည်ထောင်စု ဟမ့်ရှိုင်းယားပြည်နယ်ရှိ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးမှာ ချစ်သူနှင့် စကားများပြီးနောက် ပေ ၁၀၀ အမြင့်မှ ခုန်ချကာ အဆုံးစီရင်ခဲ့သည်ဟု သိရသည်။

    စက်တင်ဘာလနှောင်းပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် အရှ်လီကွတ်ဟုအမည်ရသည့် အဆိုပါ မိန်းကလေးငယ်မှာ အသက် ၂၀ အရွယ် ချစ်သူ မားကတ်စ် ၀ဘ်နှင့် စကားများခဲ့ပြီးနောက် ပေ ၁၀၀ အမြင့်ရှိသည့် Sir Eyre Coote အထိမ်းအမှတ်တာဝါပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်သည်။

    မားကက်စ်ကမူ အရှ်လီမှာ ခုန်မချခင် သူ၏ထံသို့ မက်ဆေ့ခ်ျတစ်စောင်ပို့ခဲ့ပြီး အဆိုပါ မက်ဆေ့ခ်ျတွင် အက်ရှ်လီက မိမိတို့ ၂ ဦး အတူတူမနေနိုင်ပါက အမြင့်မှခုန်ချကာ သတ်သေမည်ဟု ရေးသားထားကြောင်း ပြောကြားခဲ့သည်။

    ထိုမက်ဆေ့ခ်ျရပြီးနောက် မိမိမှာ အက်ရှ်လီအား သွားရောက်ရှာဖွေခဲ့ရာတွင် အက်ရှ်လီမှာ တာဝါမှ ခုန်ချပြီးဖြစ်နေကြောင်း၊ ထိုတာဝါမှာ လွန်ခဲ့သည့် ၃ နှစ် ၎င်းတို့ ချစ်သူများ ဖြစ်ချိန်က ပထမဆုံးသွားရောက်ခဲ့သည့် နေရာဖြစ်ပြီး ဓာတ်ပုံလည်း အတူတွဲရိုက်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အက်ရှ်လီမှာ ငယ်စဉ်က ဟမ့်ရှိုင်းယားရှိ စိတ်ကျန်းမာရေးဆေးရုံးကို တက်ရောက်ဖူးပြီး ယခုနှစ် ဇူလိုင်လအတွင်း ထပ်မံတက်ရောက်ခဲ့ရကာ သူမတွင် အိပ်စက်ခြင်းနှင့်ပတ်သက်၍ ပြသနာလည်း ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    မားကက်စ်ကမူ အရှ်လီသေဆုံးရခြင်းမှာ မိမိ၏ အပြစ်ဖြစ်ပြီး နောင်တရမိသည်ဟုလည်း ပြောကြားခဲ့သည်။

  • ဖိဖာ အကောင်းဆုံးဂိုးဆု ဇကာတင် သုံးဦးတွင် အိုင်ယာလန် အမျိုးသမီး သွင်းဂိုးပါဝင်

    ဖိဖာ အကောင်းဆုံးဂိုးဆု ဇကာတင် သုံးဦးတွင် အိုင်ယာလန် အမျိုးသမီး သွင်းဂိုးပါဝင်

    ဒီဇင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    enhanced-598-1415972809-18
    – ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖီဖာမှထုတ်ပြန်ခဲ့သော တစ်နှစ်တာအကောင်းဆုံးဂိုး   Puskas Award ဆု ၃ ဦး ဇကာတင်စာရင်းတွင် ရော်ဒရီဂက်စ်၊ ဗန်ပါစီနှင့် အိုင်ယာလန် အမျိုးသမီး လက်ရွေးစင်အသင်း တိုက်စစ်မှူး စတက်ဖနီ ရော့ချီတို့ ပါဝင်လာသည်ဟု သိရသည်။

    ကိုလံဘီယာတိုက်စစ်မှူး ရော်ဒရီဂက်စ်၏ ဂိုးမှာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ် ဥရုဂွေးအသင်းနှင့် တွေ့ဆုံသည့်ပွဲတွင် သွင်းယူခဲ့သည်ဂိုးဖြစ်သည်။ ဥရုဂွေး ပင်နယ်တီဧရိယာထိပ်တွင် ရော်ဒရီဂက်စ်မှာ ဘောလုံးကို ရင်ဘတ်ဖြင့် ထိန်းကာ မြေမကျဘောအဖြစ် လှပစွာ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

    ဗန်ပါစီ၏ဂိုးမှာ ကမ္ဘာ့ဖလားတွင် စပိန်အသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် သွင်းယူခဲ့သောဂိုးဖြစ်ပြီး၊ ရော့ချီ၏ ဂိုးမှာ သူမ၏ ကလပ် ပါရာမော့င် ယူနိုက်တက်နှင့် ၀က်စ်ဖို့ ယူသ် အသင်းတို့ ကစားခဲ့သည့် ပွဲတွင် သွင်းယူခဲ့သောဂိုးဖြစ်သည်။

    ရော်ချီမှာ သူမ၏ ညာခြေဖြင့် ဘောလုံးအား ကျွမ်းကျင်စွာ လိမ်ခေါက်၍ ပြိုင်ဘက်နောက်တန်းကို ကျြော်ဖတ်ကာ ဘယ်ခြေဖြင့် ကန်သွင်းခဲ့ခြင်းဖြစ်သည်။

    အဆိုပါဆုအား ဇန်န၀ါရီ ၁၂ ရက်နေ့တွင် ဇူးရစ်ခ်ျ၌ပြုလုပ်မည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုပေးပွဲ အခမ်းအနားတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

  • ကင်းဘရစ်ဂ်ျ တက္ကသိုလ် Debate တွင်  အကောင်းဆုံး စကားပြောစွမ်းရည် ဆု မလေးရှားသူ ရရှိ

    ကင်းဘရစ်ဂ်ျ တက္ကသိုလ် Debate တွင် အကောင်းဆုံး စကားပြောစွမ်းရည် ဆု မလေးရှားသူ ရရှိ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၄
    M-Media

    Ameera debate

    ကင်းဘရစ်ဂ်ျ  တက္ကသိုလ်၏ အလွတ်တန်း အမျိုးသမီး စကားရည်လုပြိုင်ပွဲ၌ အကောင်းဆုံး စကားပြော စွမ်းရည်အဆင့်ကို မလေးရှား အပြည်ပြည်ဆိုင်ရာ အစ္စလာမစ်တက္ကသိုလ် International Islamic University Malaysia (IIUM) မှ တတိယနှစ်ဥပဒေကျောင်းသူ အသက် ၂၁ နှစ်အရွယ် အမီရာ နာတာရှာ Ameera Natasha မှ ဆွတ်ခူးလိုက်ပြီဖြစ်သည်။

    ယင်းစကားရည်လုပွဲတွင် Oxford University ၊ Durham University ၊ Trinity College Dublin ၊ University College London ၊ Vienna University ၊ Berlin University ၊ St Andrews University ၊ Warwick University ၊ the London School of Economics နှင့် Tel Aviv University အစရှိသော ကျော်ကြား ထင်ရှားသည့် တက္ကသိုလ်များမှ ပြိုင်ပွဲဝင် အများအပြား ပါဝင်ကြသည်။

    ပဏာမပြိုင်ပွဲအဆင့်လေးရပ်စလုံး၌ အကောင်းဆုံး စကားပြော စွမ်းရည်ရမှတ်များကို စိစစ်ပြီးသည့်နောက် အမီရာသည် IIUM မှ လက်တွဲဖော်ပြိုင်ပွဲဝင် စာရဟ် ရဟီးမ် (၁၉ နှစ်) နှင့်အတူ အမြင့်ဆုံးရမှတ်အား ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

    Ameera.jpg
    Cambridge Women’s Open စကားရည်လုပွဲတွင်တွေ့ရသော စာရဟ် ရဟီးမ်(၀ဲဖက်) နှင့် အမီရာ နာတာရှာ

    အဆင့်သတ်မှတ်ချက်၌ ထပ်မံ တာသွားသည့် အရာမှာ အမီရာ၏ အပြည်ပြည်ဆိုင်ရာ စကားရည်လုပွဲမှ ထိရောက်ပြောင်မြောက်စွာ ပြောဆိုချက်များ ဖြစ်ကြသည်။

    အမီရာသည် Australasian Intervarsity Debating Championship ပြိုင်ပွဲတွင် English as a Second Language (ESL) ဖြင့် ၂ ကြိမ်တိုင်တိုင် သရဖူဆောင်းခဲ့သူ၊ ၎င်းပြင် Asian English Olympics Debate Tournament 2014 တွင် အကောင်းဆုံး စကားပြောစွမ်းရည်ဆုနှင့် အိန္ဒိယတွင် ကျင်းပသည့် World Universities Debating Championship 2014 ဂုဏ်ပြုပြိုင်ပွဲ၌ ESL အကြိုဗိုလ်လုပွဲ အဆင့်ထိ တက်လှမ်းထားနိုင်ခဲ့သူဖြစ်သည်။

    “ကျွန်မ အကြီးအကျယ် ကျေနပ်ဝမ်းမြောက်ပါတယ်။ ဒီပြိုင်ပွဲဟာ ခက်ခဲလွန်းတဲ့အတွက် ဒီအဆင့်ရရှိမယ်လို့ လုံးဝကို မျှော်လင့် မထားခဲ့ပါဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အာရှသားပြိုင်ပွဲဝင် အဖွဲ့တစ်ခုဖြစ်ရတာရော၊ အမျိုးသမီးတွေဟာ အားကစားနဲ့ နိုင်ငံတကာအရေးတွေကို ဆွေးနွေးနိုင်စွမ်းမရှိဘူးဆိုတဲ့ ရှေးအစွဲကိုချေဖျက်နိုင်တဲ့အတွက်ပါ ကျေနပ်အားရမိပါတယ်။ ဒါဟာ ကျွန်မ ဘယ်တော့မှ မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ရပ်ပါပဲရှင်” ဟု အမီရာမှ The Star Online သို့ ရင်ဖွင့်သည်။

    Updated Debate

    ပြိုင်ပွဲအတွင်း အမှတ်တရအတွေ့အကြုံနှင့်စပ်လျဉ်း၍ မေးမြန်းရာတွင် အမီရာက “ပထမဆင့်အဖြေ ထွက်လာတဲ့အခါ အောက်စ်ဖို့ဒ်အပါအ၀င် ပြိုင်ဖက်အဖွဲ့တွေက ကျွန်မတို့ကို အသိအမှတ်ပြုချီးကျူးကြပြီး ထိုက်ထိုက်တန်တန်ရတာပါလို့ ပြောဆိုကြပါတယ်။ ပြိုင်ဖက်ဖြစ်နေတာတောင်မှ ၀မ်းသာပေးတာကိုသိရတော့ ပြောမပြတတ်အောင် ခံစားရပါတယ်” ဟု ဖြေကြားသည်။

    ဘွဲ့ယူပြီးလျှင် အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာ အခက်အခဲများ ကူညီဖြေရှင်းနိုင်ရေးအတွက် NGO များနှင့် လက်တွဲလုပ်ဆောင်သွားရန် အမီရာမှ မျှော်မှန်းထားသည်။

    အမီရာ၏ လက်တွဲဖော်ပြိုင်ပွဲ ၀င်ဖြစ်သူ အာဖဂန်နစ္စတန်မှ IIUM ၌ စီးပွားရေးဘာသာရပ် ဒုတိယနှစ်တက်ရောက်နေသော စာရဟ်က ဤသို့ဆိုပါသည်။

    “လက်ရှိအစွဲဆိုးတွေကို ချိုးဖျက်နိုင်အောင် စကားပြောစွမ်းရည်ကို ပေါင်းကူးတစ်ခုအနေနဲ့ အသုံးပြုဖို့ အမျိုးသမီးတွေအတွက် အရေးကြီးပါတယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းမငယ်များ အခွင့်အရေး လှဲကျင်းခံထား ရတဲ့နေရာတွေမှာ စိတ် အခြေခံပြောင်းလဲရေးနဲ့ နိုင်ငံရေး၊ အလုပ်ခွင်၊ နေအိမ်မှာ မဟာဖိုဝါဒသဘောထားများ အပေါ် ရင်ဆိုင်ရေးအတွက် အလွန် ထိရောက်တဲ့ ကိရိယာတစ်ရပ်အဖြစ် စကားပြောစွမ်းရည်ကို အသုံးချနိုင်ပါတယ်”။

    စကားရည်လုခြင်း၌ အမျိုးသမီးများ ရှေ့ထွက် ပါဝင်စေရန်၊ အမျိုးသမီးရေးရာများအပေါ် နိုးကြားစေရန်ရည်ရွယ်၍ ထိုပြိုင်ပွဲကြီးအား အင်္ဂလန်နိုင်ငံ၊ ကင်းဘရစ်ဂ်ျ တက္ကသိုလ်တွင် နိုဝင်ဘာ ၂၃ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းမှ အမျိုးသမီးများသာ ပါဝင်သောအဖွဲ့ပေါင်း ၅၁ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

    The Star