News @ M-Media

Blog

  • မြင့်မြတ်ဖြူစင် မွတ်စလင် ကုသိုလ်ဖြစ်ဆေးခန်း (၄)နှစ်ပြည့် အထိမ်းအမှတ် ကျောက်ကပ်တု သွေးသန့်စင်သည့် ဌာန ဖွင့်လှစ်

    မြင့်မြတ်ဖြူစင် မွတ်စလင် ကုသိုလ်ဖြစ်ဆေးခန်း (၄)နှစ်ပြည့် အထိမ်းအမှတ် ကျောက်ကပ်တု သွေးသန့်စင်သည့် ဌာန ဖွင့်လှစ်

    ဒီဇင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ- ကိုအောင် (M-Media CJ)

    10818856_357688814391900_1768952450_n

    မန္တလေးမြို့ရှိ မြင့်မြတ်ဖြူစင် မွတ်စလင် ကုသိုလ်ဖြစ် အထူးကုဆေးခန်း ဖွင့်လှစ်ခြင်း (၄) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ကုသိုလ်ပြု ကျောက်ကပ်တု သွေးသန်စင်ခြင်း ဌာန ဖွင့်လှစ်ခြင်း အခမ်းအနား ကို ၃၀-၁၁-၂၀၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က မန္တလေးမြို့ လမ်း ၈၀၊ ၃၅လမ်းနှင် ၃၆လမ်းကြား ပန်းသေး ဗလီခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရပါသည်။

    အခမ်းအနားသို့ မန္တလေးမြို့မှ အစ္စလာမ် ဘာသာရေးအဖွဲ့ ခေါင်းဆောင်များ၊၊  ဧည့်သည်တော် ဖြူစင်မေတ္တာ သွေးလှူရှင်နှင့် လူမှုဆောင်ရွက်ရေး အဖွဲ့ နာယက ဆရာတော်၊ ဆေးခန်း အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ၊ အထူးကု ဆရာဝန်ကြီးများ၊ ဗလီဂေါပကများ နှင့် မြိုမိမြို့ဖများ ၃၅၀ ခန့် တက်ရောက်ကြပါသည်။

    10819074_357282921099156_183406482_n

    အခမ်းအနားတွင် ပထမဦးစွာ ပန်းသေးဗလီ ရှေဆောင်ဆရာမှ ကေရာအတ် (ကုရ်အာန်ကျမ်းစာ)  ရွတ်ဖတ်ပြီး ဖွင့်လှစ်ခဲ့ပါသည်။

    အဲဒီနောက် မြင့်မြတ်ဖြူစင် မွတ်စလင် ကုသိုလ်ဖြစ် အထူးကုဆေးခန်း အုပ်ချုပ်မှု ကော်မတီ ဥက္ကဌ အငြိမ်းစားရဲမှုးကြီး ဟာဂျီဦးလှမြင့်မှ အမှာစကား ပြောကြားပြီး ဆီးနှင့် ကျောက်ကပ် အထူးကု သမားတော်ကြီး ဟာဂျီ ဒေါက်တာ ဦးခင်မောင်ကျော်က ကုသိုလ်ပြု ကျောက်ကပ်တုသွေး သန့်စင်ခြင်း လုပ်ငန်း စတင်ဆောင်ရွက်ရသည့် အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။

    10563613_357687674392014_89706115_n

    ပြီးနောက် အုပ်ချုပ်မှု ကော်မတီ အတွင်းရေးမှုး ဟာဂျီဦးစိုးမြင့်(မန္တလာဆေးရုံ) မှ ကျောက်ကပ်တုသွေး သန့်စင်စက် ၃ လုံးတပ်ဆင်ထားကြောင်း တစ်နေ့လျှင် နွမ်းပါး လူနာ (၆) ဦးလက်ခံပေးပြီး မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ် အထူးကု ဆေးခန်း အနေဖြင့် စတင် တည်ထောင်စဉ်က မွတ်စလင်များက ဦးဆောင်ခဲ့သော်လည်း လူမျိုးဘာသာ မခွဲခြားဘဲ ဆင်းရဲနွမ်းပါသည့် လူနာမှန်သမျှ ကုသပေးနေကြောင်း တစ်လလျှင် ပျှမ်းမျသိန်း (၅၀၀) ခန့် ဆေးကုသမှု စရိတ်ရှိကြောင်း အလှူရှင်များကို အဓိက အားထားနေ ရကြောင်း၊ စုပေါင်း လှူဒါန်းမှုဖြင့် တည်ထောင်ထားကြောင်း ၊ကျောက်ကပ်တု သွေးသန့်စင်စက်များနှင့် အထွေထွေ ကုန်ကျငွေသိန်း (၁၅၀၀) ခန့်ရှိကြောင်း၊ မြင့်မြတ်ဖြူစင် မွတ်စလင် ကုသိုလ်ဖြစ် အထူးကုဆေးခန်းမှ လေးနှစ် အတွင်း လူနာကုသမှု အကြိမ်ရေ (၂၄၇,၀၀၀) ခန့် ဆေးကုသမှု ဆောင်ရွက်ပေး ခဲ့ကြောင်း၊ပြီးနောက် တက်ရောက်လာကြသူများနှင့် မြင်မြတ်ဖြူစင် အထူးကုဆေးခန်းအား ကူညီ လှူဒါန်းကြသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ” ပြောကြားခဲ့ပါသည်။

    10822740_357283461099102_1254487934_n

    အဲဒီနောက်မှာတော့ တက်ရောက်လာသူများကို ပန်းသေး ဟင်းအစုံဖြင့် နေလည်စာ ထမင်း ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရပါသည်။

    မြင့်မြတ်ဖြူစင်မွတ်စလင်ကုသိုလ်ဖြစ် အထူးကုဆေးခန်းတွင်တစ်နေ့လျှင် ပြင်ပ လူနာ၂၀၀ ကျော်လာရောက် ကုသကြပြီး လိုအပ်လျှင် မန္တလေးပြည်သူဆေးရုံကြီးသို့ ဆက်သွယ်ဆောင်ရွက်ပေးကြောင်း သိရှိရပါသည်။

    မြင့်မြတ်ဖြူစင် မွတ်စလင်ကုသိုလ်ဖြစ် ဆေးခန်းတွင် ကျောက်ကပ် သန့်စင် စက် တစ်လုံးကို သိန်း (၁၃၀) ခန့်ကုန်ကြပြီး ၃လုံး တပ်ဆင်ထားကြောင်း ၊ တစ်ကြိမ်လျှင် ၄နာရီ သန့်စင်ပေးကြောင်း၊ ကုန်ကျစရိတ်မှာ တစ်ဦးလျှင် ၄၀၀၀၀ နှုန်းဖြစ်ပြီး နွမ်းပါး လူနာများသာ အခမဲ့ ကုသ စောင့်ရှောက်ပေးကြောင်း သိရှိရပါသည်။ တစ်ရက်လျှင်(၆) ဦးသာ ဆောင်ရွက်ပေးကြောင်း သိရသည်။

    မြင့်မြတ်ဖြူစင် လာရောက်ကုသသော လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အတွက် အလှူငွေများကို လာရောက် လှူဒါန်းနိုင်ကြောင်း လိပ်စာ ကတော့ ၇၄လမ်း၊ ၃၆- ၃၇လမ်းကြား ၊ မဟာအောင်မြေမြို့နယ် ၊စင်္ကြာနွယ်စဉ်ရပ၊် မန္တလေးမြို့။ ဖုန်း 02-77211 ဖြစ်ကြောင် သိရှိရပါသည်။

  • အီဘိုလာကြောင့် သေဆုံးသူ တစ်ပတ်အတွင်း ခုန်တက်

    အီဘိုလာကြောင့် သေဆုံးသူ တစ်ပတ်အတွင်း ခုန်တက်

    ဒီဇင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    10489725_865096210201290_5834168378367784559_n
    – ယခုနှစ်အစောပိုင်းမှ စတင်ကာ အနောက်အာဖရိကတစ်ဝှမ်း ကူးစက်ပြန့်နှံ့ခဲ့သည့် အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခဲ့သည့်အရေအတွက်မှာ ၇၀၀၀ အထိရှိလာပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ယနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

    ထိုအရေအတွက်မှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က နောက်ဆုံး ထုတ်ပြန်ခဲ့သော အရေအတွက်ထက် ၁၂၀၀ ပိုလာခဲ့ပြီး ၆၉၂၈ ဦး ရှိလာခဲ့ကာ အီဘိုလာကြောင့် သေဆုံးသူအရေအတွက် စံချိန်တင်ခဲ့ခြင်းလည်း ဖြစ်သည်။

    ၅ ရက်အတွင်း ထိုကဲ့သို့ ရုတ်တရက်ခုန်တက်လာခြင်းအတွက် WHO က မည်သည့် ဖြေရှင်းချက်မှ မပေးခဲ့သော်လည်း ယခင်က စာရင်းပေးသွင်းရခြင်း မရှိသေးသည့် သေဆုံးသူစာရင်းများ ပါဝင်လာခြင်းကြောင့်ဖြစ်မည်ဟု ယူဆရသည်။ WHO ပြောရေးဆိုခွင့်ရှိသူကလည်း ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်မပေးခဲ့ချေ။

    ယခုလက်ရှိ ကူးစက်သူအရေအတွက်မှာ ၁၆၀၀၀ ရှိနေပြီး ဆီရာလီယိုနီနိုင်ငံမှာ အဆိုးဝါးဆုံး ကူးစက်ပြန့်နှံ့နေသည့် နိုင်ငံဖြစ်နေကာ တစ်ပတ်လျှင် အီဘိုလာပိုးကူးစက်သူအရေအတွက် ၄၀၀ မှ ၅၀၀ အထိ ရှိနေသည်။

    ဒီဇင်ဘာ ၁ ရက်နေ့တွင် အီဘိုလာဗိုင်းရပ်စ်ပိုး ထိန်းချုပ်နိုင်ရမည်ဟု ရည်မှန်းထားသော်လည်း အဆိုပါရည်မှန်းချက်မှာ ပြည့်မီခြင်းမရှိချေ။ ယခုလက်ရှိ စမ်းသပ်ဆဲဆေးဝါးများအား လူနာများတွင် စမ်းသပ်ရန်အတွက် ဆောင်ရွက်နေသည်။

    Reuters And AP
  • ဒေးဗစ်ဘက်ခမ်း ကားတိုက်မှုဖြစ်

    ဒေးဗစ်ဘက်ခမ်း ကားတိုက်မှုဖြစ်

    နိုဝင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    David-Beckham-and-his-son-Brooklyn-leave-SoulCycle
    – အာဆင်နယ်လူငယ်အသင်းတွင် ကစားနေသည့် သားဖြစ်သူအား လေ့ကျင့်ရေးကွင်းမှ သွားကြိုပြီး ပြန်လာသည့် ဒေးဗစ်ဘက်ခမ်းမှာ ကားတိုက်မှုတစ်ခု ဖြစ်ပွား ခဲ့သည်ဟု သိရသည်။

    အသက် ၃၉ နှစ်အရွယ်ဘက်ခမ်းမှာ သောကြာနေ့က အကြီးဆုံးသား ဘရွတ်ကလင်းဘက်ခမ်းအား အာဆင်နယ်လေ့ကျင့်ရေးကွင်းမှ သွားကြိုပြီး ပြန်အလာတွင် ၎င်းတို့၏ Audi RS6 မှာ အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် မစ်ဆူဘီရှီ Colt ကားနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

    ဘက်ခမ်း၏ကားမှာ ယာဉ်မောင်းဘက်အခြမ်းတွင် ပျက်ဆီးသွားခဲ့ပြီး မစ်ဆူဘီရှီကားမှ အမျိုးသမီးမှာ ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ ဘက်ခမ်းမှာမူ ပခုံးတွင် အနည်းငယ်သာ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အဆိုပါ အဖြစ်အပျက်ကို မြင်တွေ့ခဲ့သော လူငယ်ဘောလုံးသမားတစ်ဦးက ရေးသားခဲ့သည်။

    beckham

    ဘက်ခမ်းနှင့်နီးစပ်သည့်အသိုင်းအ၀ိုင်းကလည်း မတော်တဆမှုဖြစ်ခဲ့ကြောင်း Telegraph သတင်းစာသို့ အတည်ပြုပြောကြားခဲ့သည်။

    `သူတို့ တုန်လှုပ်သွားကြပါတယ်။ အရှိန်ပါတာကြောင့် ကားပျက်ဆီးမှုကတော့ နည်းနည်းကြီးပေမယ့် ဘယ်သူမှ ကြီးကြီးကျယ်ကျယ် ဒဏ်ရာမရကြပါဘူး။ အားလုံးအဆင်ပြေပါတယ်။ ကားက aribag တွေ ပွင့်လာကို ကျေးဇူးတင်ရမှာပါ´ ဟု ဘက်ခမ်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။

    ဘက်ခမ်းနှင့် ဘရွတ်ကလင်းတို့မှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း ဘီဗာလီတောင်ကုန်းရှိ ၎င်းတို့၏ နေအိမ်အနီးတွင် ကားတိုက်မှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။

    The Mirror

  • ဓာတုစွန့်ပစ် ပစ္စည်းကြောင့် အိန္ဒိယတွင် လူ ၃၀၀ ကျော် အဆိပ်သင့်

    ဓာတုစွန့်ပစ် ပစ္စည်းကြောင့် အိန္ဒိယတွင် လူ ၃၀၀ ကျော် အဆိပ်သင့်

    နိုဝင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    ulhasnagar_chemical_leak_650
    – အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အနီးရှိ ရေနှုတ်မြောင်းအတွင်း စွန့်ပစ်ခဲ့သော ဓာတုစွန့်ပစ် ပစ္စည်းများကြောင့် လူ ၃၀၀ ကျော်မှာ အဆိပ်သင့်ကာ ဆေးကုသမှုခံယူခဲ့ရသည်ဟု သိရသည်။

    သိမ်းခရိုင်ရှိ ရေနှုတ်မြောင်အတွင်းတွင် လောင်စာတင်ကားတစ်စီးမှ ဓာတုစွန့်ပစ်ပစ္စည်းများကို ယမန်နေ့က စွန့်ပစ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများမှာ နေထိုင် မကောင်းခြင်း၊ အော့အန်ခြင်း၊ အသက်ရှုရခက်ခြင်း စသည်ဝေဒနာများကို ခံစားခဲ့ရကာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် လူ ၅၀ ခန့်ကို ယနေ့တွင် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

    ရဲတပ်ဖွဲ့ကမူ ရေနှုတ်မြောင်းအတွင်းရှိ အဆိုပါ စွန်ပစ် ပစ္စည်းများ၏ နမူနာကိုယူကာ မည်သည့် ဓာတုစွန့်ပစ် ပစ္စည်းဖြစ်သည်ကို စမ်းသပ်နေပြီး ဓာတု စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခဲ့သည့် လောင်စာတင် ကား၏ ပိုင်ရှင်ကို သိရှိရန် စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်နေသည်။

    စက်မှုလုပ်ငန်းများ၏ လုံခြုံရေးနှင့် ထိုမတော်တဆမှုများကို လုံလောက်သော စောင့်ကြည့်လေ့လာမှုများ အားနည်းသောကြောင့် စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုများမှာ အိန္ဒိယတွင် အမြဲလိုလို ဖြစ်ပွားနေသည်။

    ဆင်ဟွာ

  • မိုက်ကယ်ဘရောင်းအား ပစ်သတ်ခဲ့သည့် လူဖြူ ရဲအရာရှိ ရာထူးမှ နှုတ်ထွက်

    မိုက်ကယ်ဘရောင်းအား ပစ်သတ်ခဲ့သည့် လူဖြူ ရဲအရာရှိ ရာထူးမှ နှုတ်ထွက်

    နိုဝင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    barricades_go_up_ahead_of_ferguson_grand_jury_decision_1315231968
    – အမေရိကန် ပြည်ထောင်စု မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့တွင် စက်တင်ဘာလအတွင်းက လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား သေနတ်ဖြင့် ပစ်ခဲ့သည့် လူဖြူရဲအရာရှိ ဒါရန် ၀ီလ်ဆင်မှာ ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။

    အသက် ၂၈ နှစ်အရွယ် ၀ီလ်ဆင်မှာ ထိုပြဿနာဖြစ်ပွားပြီးနောက်ပိုင်းမှ စတင်ကာ အနားပေးခံထားရခြင်းဖြစ်ပြီး နှုတ်ထွက်ကြောင်းကို ယမန်နေ့က ၎င်း၏ ရှေ့နေဖြစ်သူမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။

    `ကျွန်တော် ဒါရန် ၀ီလ်ဆင်ဟာ ဖာဂူဆန်မြို့ရဲတပ်ဖွဲ့ရဲ့ ရဲအရာရှိအဖြစ်မှ ယခုချက်ခြင်း နှုတ်ထွက်ပါတယ်။ ကျွန်တော်ဆက်ပြီး တာဝန်ထမ်းဆောင်မယ်ဆိုရင် ဖာဂူဆန်က ရဲအရာရှိတွေနဲ့ နေထိုင်သူတွေအားလုံး အန္တရာယ်ရှိကောင်းရှိနိုင်တယ်လို့ ပြောကြပြီး ဒါမျိုးကို ကျွန်တော် မဖြစ်စေချင်ပါဘူး´ ဟု ၀ီလ်ဆင်၏ နှုတ်ထွက်စာတွင် ရေးသားထားမှုအား Dispatch သတင်းစာတွင် ဖော်ပြထားသည်။

    ထိုအမှုအား ၃ လကြာ စစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့မှ ခုခံပစ်ခတ်ရင်း မိုက်ကယ်ဘရောင်း သေဆုံးခဲ့ရသည်ဟုဆိုကာ ၀ီလ်ဆင်အား တရားစွဲဆိုခြင်းမပြုရန် တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ဖာဂူဆန်မြို့တွင်မူ အဆောက်အုံးများ၊ ရဲကားများ မီးရှို့ဖျက်ဆီးခြင်းတို့အထိ ဖြစ်ခဲ့သည်။

    အမေရိကန် တရားရေးဌာနကမူ ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပြည်သူ့ခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေပြီး ရဲဌာနမှ ကျင့်သုံးခဲ့သည့် ပုံစံများနှင့် ကွဲပြားစွာ နှိုက်နှိုက်ချွတ်ချွတ် ဆောင်ရွက်နေခြင်းဖြစ်သည်။

    Al Jazeera and agencies