News @ M-Media

Blog

  • အရှေ့ဂျေရုစလင် အရေး ဘာသာရေး ပဋိပက္ခအထိ ဖြစ်သွားနိုင်သည်ဟု ပါလက်စတိုင်း သမ္မတ အဘတ်စ်သတိပေး

    အရှေ့ဂျေရုစလင် အရေး ဘာသာရေး ပဋိပက္ခအထိ ဖြစ်သွားနိုင်သည်ဟု ပါလက်စတိုင်း သမ္မတ အဘတ်စ်သတိပေး

    နိုဝင်ဘာ ၂၂ ၊၂၀၁၄
    M-Media
    20141121174655932734_20
    – ပါလက်စတိုင်းပိုင်နက်ရှိ ၀တ်ပြုရာနေရာများ ပိဋိပက္ခဖြစ်ရာဒေသများ ဖြစ်လာခြင်းမှာ နိုင်ငံရေး ပြဿနာမှ ဘာသာရေး ပဋိပက္ခအဖြစ် ပြောင်းသွားနိုင်သည်ဟု ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်က သတိပေးပြောကြားလိုက်သည်။

    နိုင်ငံတကာက ပါလက်စတိုင်းနယ်နမိတ်အဖြစ် သတ်မှတ်ပေးထားသည့် အရှေ့ဂျေရုစလင်တွင် အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င် အိမ်ရာများ၌ နေထိုင်သည့် လက်ယာစွန်းရောက် ဂျူးများက ဂျေရုစလင်ရှိ အက်ဆွာဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ကာ ဘုရားဝတ်ပြုရန် တောင်းဆိုမှုများ ရှိလာခဲ့ပြီးနောက် အရှေ့ဂျေရုစလင်တွင် မငြိမ်မသက်မှုများ ဖြစ်လာခဲ့သည်။

    အစ္စရေးစစ်တပ်ကလည်း အလ်အက်ဆွာဗလီဝတ်ကျောင်းတော်သို့ ပါလက်စတိုင်းများ ၀င်ရောက်ဝတ်ပြုမှုကို ပိတ်ပင်မှုများရှိခဲ့ပြီး ထိုအတွက် ဆန္ဒပြသည့် ပါလက်စတိုင်းများကိုလည်း အကြမ်းဖက်နှိမ်နင်းကာ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

    “အခုအချိန်ဟာ အရေးကြီးတဲ့အချိန်ပါပဲ။ အကြမ်းဖက်ဝါဒရှိနေတယ်၊ ဘာသာရေးတိုက်ခိုက်မှုတွေ ရှိနေတယ်။ ပြီးတော့ အကြမ်းဖက်မှုတွေရှိနေတယ်။ ဒီအတွက် ကျွန်တော်တို့ကသာ ပေးဆပ်နေရတာပါ။ ကျွန်တော်တို့ ကလေးတွေရဲ့ သွေးတွေပေါ့ဗျာ။ နိုင်ငံရေးပဋိပက္ခကနေ ဘာသာရေး ပဋိပက္ခအဖြစ် ပြောင်းလာတာကို ကျွန်တော်သတိပေးနေပါတယ်။ နိုင်ငံရေးအကြောင်းပဲပြောပြီး ဘာသာရေးအကြောင်း မပြောဘဲထားရအောင်ပါ” ဟု အဘတ်စ်က ရာမာလာတွင် ယမန်နေ့က ပြုလုပ်ခဲ့သော မိန့်ခွန်း၌ ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်၏ Haram Al Sharif လက်ရှိအနေအထားကို အစ္စရေးက ပြောင်းလဲမှုများ ပြုလုပ်မည်ဟု စိုးရိမ်မှုများမှာလည်း ပါလက်စတိုင်း ပြည်သူများအတွင်း မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ဂျူးများကို ပါလက်စတိုင်းများက တိုက်ခိုက်မှုများလည်း ရှိခဲ့သည်။

    ထို့ပြင် ဆန္ဒပြမှုများမှာ အနောက်ဘက်ကမ်းခြေရှိ နေရာအတော်များများ၌ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေပြီး အစ္စရေးစစ်တပ်က ရာဘာကျည်ဆံများ၊ မျက်ရည်ဗုံးများအသုံးပြုကာ ဆန္ဒပြမှုကို ပြန်လည် တုံ့ပြန်နေကြသည်။

    ref_ Al Jazeera and agencies

  • ကမ္ဘာ့အလှူအတန်း အရက်အရောဆုံး တိုင်းပြည်များထဲတွင် အမေရိကန်နှင့် မြန်မာတို့က ထိပ်ဆုံး၌ ပူးတွဲရှိနေ

    နိုဝင်ဘာ ၂၂ ၊၂၀၁၄
    M-Media
    MW-CZ424_myanma_20141117154821_ZH
    – ကမ္ဘာ့နိုင်ငံများရဲ့ လှူဒါန်းပေးကမ်းမှုတွေကို ကြည့်ရှုလေ့လာပြီး ထုတ်ပြန်ခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့အလှူဒါနအညွှန်းကိန်းအရ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံတို့ဟာ ထိပ်ဆုံးမှာ ပူးတွဲရှိနေပါတယ်။

    ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်တွင်း နိုင်ငံပေါင်း ၁၃၅ နိုင်ငံရဲ့ လှူဒါန်းမှုများကို ကြည့်ရှုလေ့လာခဲ့ပြီးတဲ့နောက် အစီရင်ခံစာကို  ဒီလအတွင်းမှာပဲ ထုတ်ပြန် ပြန်ကြေညာလိုက်တာပါ။ ဒီလေ့လာမှုကို နိုင်ငံတကာ အလှူဒါနပြုရေးအဖွဲကဖြစ်တဲ့ Charities Aid Foundation ကနေ ပြုလုပ်ခဲ့တာပါ။

    ဒီအညွှန်းကိန်းကို ပျမ်းမျှအားဖြင့် အချက် ၃ ချက်အပေါ်မှာ အခြေခံထားပြီး အဲဒီအချက်တွေကတော့ ပြည်သူများရဲ့ တစ်လအတွင်း ပုံမှန်လှူဒါန်းမှု၊ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်မှုနဲ့ တစ်စိမ်းတစ်ရံစာများကို ကူညီမှုတွေပဲဖြစ်ပါတယ်။

    ဒီလိုလေ့လာမှုကနေ တွေ့ရှိခဲ့တဲ့အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    – အမေရိကန်ပြည်ထောင်စုဟာ ဒီအချက် ၃ ချက်စလုံးအတွက် ထိပ်ဆုံး ၁၀ နိုင်ငံအတွင်းမှာ ပါဝင်တဲ့နိုင်ငံဖြစ်ပါတယ်။

    – အမေရိကန်ပြည်ထောင်စုရဲ့ ရမှတ်ဟာ ပြီးခဲ့တဲ့နှစ်က ၆၁ ရာခိုင်နှုန်းရှိရာကနေ ဒီနှစ်မှာ ၆၄ ရာခိုင်နှုန်းရှိပါတယ်။

    – ဒီအညွှန်းကိန်းမှာ မြန်မာနိုင်ငံရရှိခဲ့တဲ့အဆင့်က နိုင်ငံလူဦးရေ ၉၁ ရာခိုင်နှုန်းရဲ့ ငွေကြေးလှူဒါန်းမှု အချိုးကနေ ရလာတာပဲ ဖြစ်ပါတယ်။

    – ထေရ၀ါဒဗုဒ္ဓသာသနာအသိုင်းအ၀ိုင်းဖြစ်တဲ့ မြန်မာနိုင်ငံက သံဃာတော် ၅ သိန်းကျော်ကို ဒကာ၊ ဒကာမတွေက ဆွမ်းနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းများ အမြဲမပြတ် လှူဒါန်းမှုကလည်း ဒီအညွှန်းကိန်းက မြန်မာနိုင်ငံရဲ့ ရမှတ်တွေနဲ့ သက်ဆိုင်နေပါတယ်။

    ဒီအစီရင်ခံစာမှာ စိတ်ဝင်စားစရာကောင်းတဲ့ နောက်အချက်တစ်ချက်ကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ငွေကြေးလှူဒါန်းမှု ပိုမိုများပြားတယ်ဆိုတာပါပဲ။ ဒါပေမယ့် ဒါဟာ ၀င်ငွေအမြင့်ဆုံးနိုင်ငံတွေမှာဖြစ်ပြီး၊ အလယ်အလတ်ဝင်ငွေနဲ့ ၀င်ငွေနိမ့်ပါးတဲ့နိုင်ငံတွေမှာတော့ အမျိုးသားတွေက ပိုပြီးလှူဒါန်းကြတယ်လို့ ဖော်ပြထားပါတယ်။
    MW-CZ411_world__20141117150402_NS
    အမေရိကန်ပြည်ထောင်စု အင်ဒီယားနား တက္ကသိုလ်က Lilly Family ပရဟိတဗေဒဌာနမှ သုတေသနနှင့် ပညာရပ်ရေးရာ ဌာနမှူး ပက်ထရစ်ရူနေးကတော့ အမေရိကန်ပြည်ထောင်စုဟာ အလှူဒါနရက်ရောတဲ့ တိုင်းပြည်တစ်ခုဆိုတာကို လက်ခံခဲ့ပါတယ်။

    အမေရိကန်မှာ စီးပွားရေးကျဆင်းမှု ကြုံလာပြီးတဲ့နောက် နှစ်တိုင်းမှာ အလှူဒါနပြုမှုဟာ တိုးလာတယ်လို့လည်း ရူနေးက ဆိုပါသေးတယ်။

    “၀မ်းမြောက်ဖွယ်သတင်းကတော့ အလှူဒါနပြုခြင်းဟာ စီးပွားရေးကျဆင်းတဲ့အချိန်မှာတောင် ကျင်ဆင်းမှု မရှိခဲ့တာပါပဲ။ စိတ်မကောင်းစရာသတင်းကတော့ ကျွန်တော်တို့ အဲဒါကို ဆက်လက်တိုးတက်ဖို့ ဆောင်ရွက်ခဲ့ပေမယ့် ကျွန်တော်တို့ မျှော်လင့်တာထက် နှေးကွေးတာပါပဲ” လို့ သူက ပြောခဲ့ပါတယ်။

    အမေရိကန်ပြည်ထောင်စုဟာ အလှူဒါနပြုမှုမှာ ၂၀၀၇ ခုနှစ် မတိုင်ခင်ကထက် ၄ ရာခိုင်နှုန်းလျော့ကျသွားတယ် ဆိုတယ်လို့လည်း ရူနေးက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ref_ USA Today

  • Toyota က ဟိုက်ဒရိုဂျင် လောင်စာသုံးကား ၂၀၁၆တွင် ရောင်းချမည်

    Toyota က ဟိုက်ဒရိုဂျင် လောင်စာသုံးကား ၂၀၁၆တွင် ရောင်းချမည်

    နိုဝင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media
    970708_10152851317303166_459296158146809908_n
    Toyota က ဟိုက်ဒရိုဂျင်လောင်စာသုံး မောင်းနှင်မယ့် ကားကို ၂၀၁၆ ခုနှစ်မှာ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။

    ဒီကားကို Mirai လို့အမည်ပေးထားပါတယ်။ တစ်ကြိမ်လောင်စာဖြည့်ထားရင် မိုင်၃၀၀ မောင်းနိုင်ပြီး လောင်စာတစ်ကြိမ်ဖြည့်ဖို့ ၅မိနစ်သာကြာပါတယ်။

    ဟိုက်ဒရိုဂျင်လောင်စာသုံး စွမ်းအင်ဟာ လေထုညစ်ညမ်းမှုမရှိစေပဲ ရေခိုးရေငွေ့ကိုသာ ထုတ်လွှတ်ပါတယ်။

    အမေရိကန်ပြည်ထောင်စုနဲ့ အင်္ဂလန် နိုင်ငံမှာ ဟိုက်ဒရိုဂျင် အားဖြည့်စက်တွေ အများအပြားစတင်တည်ဆောက်နေပြီဖြစ်ပါတယ်။

    ကားဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၆၉၀၀၀ သတ်မှတ်ထားပါတယ်။

    – daythanix တင်ဆက်သည်။

  • ယူကရိန်းရှိ ခွဲထွက်ရေး လက်နက်ကိုင် အုပ်စုများ စစ်ရာဇ၀တ်မှုများကို စနစ်တကျ လုပ်နေဟု ကုလပြော

    ယူကရိန်းရှိ ခွဲထွက်ရေး လက်နက်ကိုင် အုပ်စုများ စစ်ရာဇ၀တ်မှုများကို စနစ်တကျ လုပ်နေဟု ကုလပြော

    နိုဝင်ဘာ ၂၂၊ ၂၀၁၄
    M-Media
    201482954920780734_20
    – ပြီးခဲ့သည့် စက်တင်ဘာလက ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးသမားများအကြား ရရှိခဲ့သည့် အပစ်ရပ်ရေး သဘောတူညီချက်အပြီး တိုက်ခိုက်မှုများကြောင့် ယခုအချိန်အထိ သေဆုံးသူများမှာ ၁၀၀၀ နီးပါးရှိခဲ့ပြီဟု ကုလသမဂ္ဂမှ ထုတ်ပြန်သော အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

    ကုလသမဂ္ဂ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ယူကရိန်းရှိ အဖြစ်အပျက်များကို စောင့်ကြည့်လေ့လာခဲ့ပြီးနောက် အဆိုပါအစီရင်ခံစာသစ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာလည်း စက်တင်ဘာ ၁၈ ရက်နေ့က ၂၇၅၄၈၉ ဦး ရှိခဲ့ရာမှ သိသိသာသာပင်တိုးလာကာ ယခုအချိန်တွင် ၄၆၆၈၂၉ အထိ ရှိလာခဲ့သည်ဟု ဖော်ပြထားသည်။

    ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးသမားများမှာ စက်တင်ဘာ လလယ်ပိုင်းက အပစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

    အဆိုပါ အစီရင်ခံစာတွင် လက်နက်ကိုင်အုပ်စုများမှာ ညှင်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ အစုလိုက်အပြုံလိုက်ကွပ်မျက်ခြင်း၊ အတင်းအဓမ္မ အလုပ်ခိုင်းခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအ၀င် ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုပ်ကိုင်နေပြီး ထိုအရာများကို စနစ်တကျ ကျူးလွန်ခြင်းဖြစ်ကာ လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအဖြစ် သတ်မှတ်၍ရနေပြီဟု ဖော်ပြထားသည်။

    ပြီးခဲ့သည့် ဧပြီလက စတင်ခဲ့သည့် ယူကရိန်းအရှေ့ပိုင်း မတည်ငြိမ်မှုများအတွင်း သေဆုံးသူ ဦးရေမှာ နိုဝင်ဘာ ၁၈ ရက်နေ့အထိ ၄၃၁၇ ဦး ရှိနေပြီဖြစ်သည်။

  • ၂၀၁၄ ခုနှစ် ဂုဏ်သိက္ခာ အကြီးဆုံးကလပ် ဇကာတင် စာရင်းထွက်ပေါ်

    ၂၀၁၄ ခုနှစ် ဂုဏ်သိက္ခာ အကြီးဆုံးကလပ် ဇကာတင် စာရင်းထွက်ပေါ်

    နိုဝင်ဘာ ၂၂၊ ၂၀၁၄
    M-Media
    614751_heroa
    – ကမ္ဘာ့တစ်ဝှမ်း ကလပ်အသင်းများအကြား တစ်နှစ်တာ ဂုဏ်သိက္ခာအကြီးဆုံး ကလပ်အသင်းအတွက် ဇကာတင် ၅ သင်းစာရင်းကို ထုတ်ပြန်ခဲ့ရာ ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်မက်ဒရစ်နှင့် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်တို့ ပါဝင်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ဇကာတင်စာရင်းကို ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် ပြုလုပ်ခဲ့သော Globe Soccer Awards ဆုပေးပွဲအခမ်းအနားတွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်နှင့် ဂျူဗီတို့အပြင် ဘိုင်ယန်၊ အေဂျက်နှင့် ဘေဆယ်တို့လည်း အဆိုပါဇကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။

    အဆိုပါဆုကို Globe Soccer အဖွဲ့၊ ဥရောပကလပ်အသင်းများအစည်းအရုံး ECA၊ ဥရောပ ဘောလုံးအေးဂျင့်များအသင်း EFAA တို့က ပူးတွဲကာ စီစဉ်ပေးအပ်ခြင်းဖြစ်ပြီး ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဒူဘိုင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

    တစ်နှစ်တာ ဂုဏ်သိက္ခာအရှိဆုံး ကလပ်အသင်းဆုအပါအ၀င် တစ်နှစ်တာအကောင်းဆုံး အေးဂျင့်ဆုနှင့် တစ်နှစ်တာအကောင်းဆုံး ဒိုင်လူကြီးဆုများကိုလည်း တစ်ပါတည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

    အဆိုပါဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ယူအီးအက်ဖ်အေဥက္ကဌပလာတီနီ အပါအ၀င် ဘောလုံးလောကမှ သြဇာရှိသူများ တက်ရောက်မည်ဖြစ်သည်။