News @ M-Media

Blog

  • တရုတ်-မြန်မာ ဒေါ်လာ သန်း ၇၈၀၀ တန်ဖိုးရှိ  စီးပွားရေး သဘောတူညီချက်များ လက်မှတ်ရေးထိုး

    တရုတ်-မြန်မာ ဒေါ်လာ သန်း ၇၈၀၀ တန်ဖိုးရှိ စီးပွားရေး သဘောတူညီချက်များ လက်မှတ်ရေးထိုး

    နိုဝင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media

    china pm
    နိုဝင်ဘာ ၁၄ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် တရုတ် ဝန်ကြီးချုပ် မစ္စတာ လီခချန်းအား နိုင်ငံတော် အခမ်းအနားဖြင့် ကြိုဆို (ဓါတ်ပုံ- သမ္မတရုံး)

    – တရုတ်ဝန်ကြီးချုပ် လီကီကွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်အတွင်း စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ အခြေခံအဆောက်အဦးများ ဆောက်လုပ်ရေးကဏ္ဍနှင့် ဘဏ္ဍာရေးကဏ္ဍတို့တွင် ကန်ဒေါ်လာ ၇.၈ ဘီလီယံတန်ဖိုးရှိ သဘောတူစာချုပ်များကို နှစ်နိုင်ငံ ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြသည်ဟု နိုင်ငံပိုင် မီဒီယာများက စနေနေ့တွင် ဖော်ပြခဲ့သည်။

    အဆိုပါသဘောတူညီချက်ကို သောကြာနေ့က လှတ်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး သဘာဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ လယ်ယာကဏ္ဍအတွက် ကန်ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် အသေးစား ချေးငွေထုတ်ပေးရန်တို့လည်း ပါဝင်သည်။

    china pm 2
    ထို့ပြင် စွမ်းအင်ကဏ္ဍ တိုးတက်အောင် ဆောင်ရွက်ရေးအတွက် ရည်ရွယ်၍ တရုတ်နှင့် မြန်မာနိုင်ငံတို့မှာ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်းရန်ကိုလည်း သဘောတူညီခဲ့ကြသည်။ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်စိန်မှာ ကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိ တရုတ်ဦးဆောင်သော မြစ်ဆုံဆည် စီမံကိန်းကိုရပ်နားခဲ့သည်။ အဆိုပါ စီမံကိန်းမှ ရရှိမည့် စွမ်းအင် ၉၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယခုအချိန်အထိ ဆက်လက် ဆောင်ရွက်ခြင်း မရှိသေးပေ။

    တရုတ်နှင့် မြန်မာနိုင်ငံမှာ နီးကပ်သော ဆက်ဆံရေးရှိပြီး အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု ကာလအတွင်း တရုတ်နိုင်ငံမှာ စီးပွားရေးနှင့် သံတမန်ရေးရာကဏ္ဍများတွင် မြန်မာနိုင်ငံအား ကျယ်ကျယ်ပြန့်ပြန့် ကူညီပံ့ပိုးမှုများ ပေးအပ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာအစိုးရသစ် အာဏာရလာပြီးနောက်ပိုင်း တရုတ်နိုင်ငံအပေါ် မှီခိုမှုကို လျှော့ချရန် ကြိုးစားလာခဲ့သည်။

    ref_ ရိုက်တာ

  • ကနေဒါ စစ်သားဟောင်းများ ထောက်ပံရေး မွတ်စလင် စီးပွားရေးသမားများ ဦးဆောင် ရန်ပုံငွေ ရှာ၊ တပတ်တွင်း ဒေါ်လာ ၁ သန်းရရှိ

    ကနေဒါ စစ်သားဟောင်းများ ထောက်ပံရေး မွတ်စလင် စီးပွားရေးသမားများ ဦးဆောင် ရန်ပုံငွေ ရှာ၊ တပတ်တွင်း ဒေါ်လာ ၁ သန်းရရှိ

    နိုဝင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    12-11-14_Muslims-Create-M-Fund-for-Veteran-Families
    – တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ကြသော စစ်သားဟောင်းများနှင့် ချို့တဲ့သော ၎င်းတို့ မိသားစုများအား ကူညီထောက်ပံ့ရန်အတွက် ကနေဒါ မွတ်စလင်လုပ်ငန်းရှင်များက ရန်ပုံငွေ အဖွဲ့တစ်ခုကို ထူထောင်လိုက်သည်ဟု သိရသည်။

    Salamam-TPL ဟု အမည်ရသည့် အဆိုပါအဖွဲ့ကို ကနေဒါရှိ Paramount Fine Foods မှ စီအီးအို မိုဟာမက် ဖာကီနှင့် K.Khan စီးပွားရေးလုပ်ငန်းစုမှ စီအီးအို ကာရှစ်ဖ်ခန်းတို့က နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့ နှစ်ဦးမှာ ထိုအဖွဲ့အား မတည်ငွေ ကန်ဒေါ်လာ ၁ သိန်းဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် အခြားမွတ်စလင်စီးပွားရေး လုပ်ငန်းရှင်များက အလှူငွေများ ထည့်ဝင်ခဲ့ကြပြီး စုစုပေါင်း ကန်ဒေါ်လာ ၁ သန်း ရရှိခဲ့သည်။ ထိုငွေအား True Patriot Love Foundation (TPL) အဖွဲ့နှင့် ပူေးပါင်းကာ စစ်သားဟောင်းများနှင့် ၎င်းတို့၏မိသားစုများအား လှူဒါန်းသွားမည်ဖြစ်သည်။

    “ကနေဒါက အဓိကလူ့အဖွဲ့အစည်းနဲ့ ပြောင်းရွှေ့အခြေချလာတဲ့ လူ့အဖွဲ့အစည်းကြားမှာ ကွာဟချက် တစ်ခု ရှိနေပါတယ်။ Salaam-TPL ဖွဲ့စည်းခြင်းနဲ့အတူ ဒီပြောင်းရွှေ့အခြေချလာကြတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ အသိပညာပေးရေးနဲ့ ပူးပေါင်းပါဝင်ရေး မြှင့်တင်ရေးကို မွတ်စလင်တွေကနေ စလုပ်ဖို့ စီစဉ်ထားပါတယ်” ဟု မိုဟာမက် ဖာကီက ပြောကြားခဲ့သည်။

    ကနေဒါရှိ လူဦးရေ ၃၂.၈ သန်းတွင် အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်ကြသူများမှာ ၂.၈ ရာခိုင်နှုန်းရှိပြီး ခရစ်ယာန်ပြီးနောက် ဒုတိယအကြီးဆုံး ဘာသာတရားလည်းဖြစ်သည်။

    စစ်သားဟောင်းများအား ထောက်ပံ့ခြင်း

    “ကျွန်တော်တို့လူ့အဖွဲ့အစည်းကို စေ့စပ်ပေးဖို့ ဓာတ်ကူပစ္စည်းတစ်ခု လိုနေတယ်ဆိုတာ မိုဟာမက်နဲ့ ကျွန်တော်တို့ သတိပြုမိခဲ့ပါတယ်။ လာမယ့်လတွေမှာ ဒီအဖွဲ့ထဲကို ရန်ပုံငွေတွေ ထည့်ဝင်ခြင်းအားဖြင့် ကျွန်တော်တို့ တိုင်းပြည်ရဲ့ တာဝန်ကို ထမ်းဆောင်ကြတဲ့ ကနေဒါတစ်ဝှမ်းက စစ်သည်တွေရဲ့ မိသားစုတွေအတွက် ထောက်ပံ့ပေးဖို့ တစ်နိုင်ငံလုံးက မွတ်စလင်တွေကို တိုက်တွန်းပါတယ်” ဟု ကာရှစ်ဖ်ခန်းက ပြောကြားခဲ့သည်။

    True Patriot Love Foundation (TPL) အဖွဲ့မှာ ကနေဒါ စစ်တပ်အတွက် စွန့်လွှတ်စွန့်စားခဲ့သူများ၊ စစ်သားဟောင်းများနှင့် ၎င်းတို့၏ မိသားစုများအား ထောက်ပံ့နေသော နိုင်ငံလုံးဆိုင်ရာ အဖွဲ့တစ်ခုဖြစ်သည်။

    “Paramount Fine Foods နဲ့ K. Khan တို့နဲ့ မိတ်ဆွေဖြစ်ခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ရဲ့ စစ်တပ်မိသားစုတွေအတွက် ကူညီထောက်ပံ့ပေးဖို့ ကနေဒါနိုင်ငံသားအားလုံး အတူတကွ ဆောင်ရွက်နိုင်တယ်၊ ဆောင်ရွက်လိမ့်မယ်ဆိုတာကို ပြသလိုက်တာပါပဲ” ဟု TPL ကို ပူးတွဲထူတောင်ခဲ့ပြီး ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် မိုက်ကယ် ဘန်းစ်က ပြောကြားခဲ့သည်။

    TPL ဖောင်ဒေးရှင်းမှာ စစ်သားဟောင်းများ၏ စိတ်ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရေး စသည့်ကဏ္ဍများတွင် ရန်ပုံငွေထောက်ပံ့နေသည့် အဖွဲ့အစည်းဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ ယခုအချိန်အထိ နိုင်ငံတစ်ဝှမ်း လှူဒါန်းမှုပမာဏမှာ ကန်ဒေါ်လာ ၁၈ သန်းရှိသည်။

     

    ref_ OnIslam

  • စကော့တလန်-အိုင်ယာလန်ပွဲတွင် ပရိတ်သတ်တစ်ဦး ပွဲကြည့်စင်မှ ပြုတ်ကျ

    စကော့တလန်-အိုင်ယာလန်ပွဲတွင် ပရိတ်သတ်တစ်ဦး ပွဲကြည့်စင်မှ ပြုတ်ကျ

    နိုဝင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    1416012739182_wps_43_Aiden_McGeady_of_Ireland_
    – ယမန်နေ့က ကစားခဲ့သော စကော့တလန်အသင်းနှင့် အိုင်ယာလန်အသင်းတို့၏ ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ပရိတ်သတ်တစ်ဦးမှာ ပွဲကြည့်စင်ပေါ်မှ ပြုတ်ကျခဲ့သည်ဟု သိရသည်။

    ဆဲလ်တစ်ပ့ါခ်တွင် ကစားခဲ့သည့် အဆိုပါပွဲ၌ စကော့တလန်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲအပြီး ခဏအကြာတွင် ပရိတ်သတ်တစ်ဦးမှာ ပွဲကြည့်စင်ပေါ်မှ ပြုတ်ကျခဲ့သောကြောင့် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

    “ဥရောပချန်ပီယံရှစ် ခြေစစ်ပွဲအဖြစ် ဒီနေ့ညနေ ကစားခဲ့တဲ့ပွဲအတွင်း အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲကြည့်စင်ပေါ်က ပြုတ်ကျပြီး ဒဏ်ရာရသွားတယ်ဆိုတာ စကော့တလန် ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ သူဟာ အခုလောလောဆယ် ဂလက်စ်ဂိုက ဆေးရုံမှာပါ” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အိမ်ရှင်စကော့တလန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲပြီးကာနီး ၁၅ မိနစ်အလိုတွင် ၀ီဂန်ကွင်းလယ်လူ ရှောင် မယ်လိုနီက သွင်းပေးခဲ့ခြင်းဖြစ်ပြီး ထိုပွဲအနိုင်ကြောင့် စကော့တလန်မှာ ၄ ပွဲကစား ၇ မှတ်ဖြင့် အုပ်စု D ၏ စတုတ္ထနေရာတွင်ရှိနေကာ ဇယားအား ဦးဆောင်နေသည့် ပိုလန်နှင့် ၃ မှတ် ကွာဟနေသည်။

    ref_ Daily Mail

  • ၂၀၀၆ ကမ္ဘာ့ဖလားတွင် မိမိကလည်း ရော်နယ်ဒို ထွက်အောင် ကြိုးစားခဲ့သည်ဟု ရူနီဝန်ခံ

    ၂၀၀၆ ကမ္ဘာ့ဖလားတွင် မိမိကလည်း ရော်နယ်ဒို ထွက်အောင် ကြိုးစားခဲ့သည်ဟု ရူနီဝန်ခံ

    နိုဝင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    1416013831364_wps_182_Football_referee_Horacio_
    – ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပေါ်တူဂီနှင့် ပွဲတွင် မိမိအား အနီကဒ်ပြရန် ရော်နယ်ဒိုက ဒိုင်လူကြီးအား ဖိအားပေးမှုကို နားလည်ပြီး မိမိကလည်း ထွက်သွားရအောင်ကြိုးစားခဲ့ကြောင်း အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီက ၀န်ခံပြောကြားလိုက်သည်။

    ထိုပွဲတွင် ရူနီမှာ ပေါ်တူဂီနောက်ခံလူ ရီကာဒို ကာဗယ်ဟိုအား တက်နင်းခဲ့သည့်အတွက်ကြောင့် တိုက်ရိုက်အနီကဒ်အဖြင့် အထုတ်ခံခဲ့ရပြီး ရော်နယ်ဒိုမှာ ရူနီအထုတ်ခံရရန် ဒိုင်လူကြီးအား ဖိအားပေးခဲ့သည်။

    ရူနီ ကွင်းအတွင်းမှ ထွက်ခွာခဲ့ပြီးနောက် ရော်နယ်ဒိုမှာ ရူနီအား အနီကဒ်ပြခံရရေး တမင်တကာ ဒိုင်လူကြီးအား ဖိအားပေးခဲ့ကြောင်း သိသာစေရန် အရန်ခုံဘက်သို့ မျက်လုံး မှိတ်အချက်ပြခဲ့ကာ ရော်နယ်ဒို၏ ထိုလုပ်ရပ်မှာ ကမ္ဘာကျော်ခဲ့သည်။

    ရူနီကမူ ရော်နယ်ဒိုမှာ နိုင်ငံအသင်းအတွက် ထိုကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို နားလည်ကြောင်း၊ ရော်နယ်ဒို၏နေရာတွင် မိမိဖြစ်ပါက ထိုကဲ့သို့ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    “သူဘာလို့ ဒီလိုလုပ်တယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ သူဟာ ပေါ်တူဂီအနိုင်ရဖို့အတွက် ကြိုးစားခဲ့တာပါ။ ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော်ဆိုရင်လည်း အဲဒီနေရာမှာ အဲဒီလို လုပ်ကောင်း လုပ်ပါလိမ့်မယ်။ ကျွန်တော်လည်း အင်္ဂလန်အသင်းအတွက် နိုင်ချင်တာပါပဲ” ဟု ရူနီက ပြောကြားခဲ့သည်။

    ပြိုင်ပွဲအတွင်း ၁ ဂိုးစီသရေကျခဲ့ပြီး ပင်နယ်တီဖြင့် ပေါ်တူဂီက နိုင်ခဲ့သည့် အဆိုပါပွဲတွင် မိမိကလည်း ရော်နယ်ဒိုထွက်ရအောင် ကြိုးစားခဲ့ကြောင်း ရူနီက ၀န်ခံခဲ့သည်။

    “ပထမပိုင်းမှာ သူ့ကို အ၀ါကဒ်ထိအောင် ကျွန်တော်ဟာ ဒိုင်လူကြီးဆီသွားပြီး သူဒိုင်ဗင်ထိုးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ ဘောလုံးလောကမှာ ဖြစ်နေကြပါ” ဟု ၎င်းက ပြုံးစစဖြင့် ထပ်လောင်းပြောကြားခဲ့သည်။

    အင်္ဂလန်အသင်းမှာ ယနေ့ညတွင် ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် စလိုဗေးနီးယားနှင့် ကစားမည်ဖြစ်ပြီး ထိုပွဲမှာ ရူနီအတွက် အင်္ဂလန်အသင်း၏ ပွဲ ၁၀၀ မြောက် ဖြစ်မည်ဖြစ်သည်။

    ref_ Daily Mail

  • ISIL မှာ စစ်ရာဇ၀တ်မှုနှင့် လူသားထုအပေါ် ရာဇ၀တ်မှုများကို ကျူးလွန်နေကြောင်း ကုလဆို

    ISIL မှာ စစ်ရာဇ၀တ်မှုနှင့် လူသားထုအပေါ် ရာဇ၀တ်မှုများကို ကျူးလွန်နေကြောင်း ကုလဆို

    နိုဝင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    2014924194257816734_20
    – ISIL အဖွဲ့မှ ထိန်းချုပ်ထားသည့် ဆီးရီးယားရှိ ဒေသများတွင် ထိုအဖွဲ့မှာ စစ်ရာဇ၀တ်မှုများ၊ လူသားထုပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အမြောက်အများ ကျူးလွန်နေသည်ဟု ကုလသမဂ္ဂက ယမန်နေ့တွင် ထုတ်ပြန်သော အစီအရင်ခံစာတွင် ဖော်ပြထားသည်။

    ဆီးရီးယားအရေး ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်က ISIL အဖွဲ့၏ လုပ်ရပ်များနှင့် ပတ်သက်၍ လေ့လာကာ အဆိုပါ အစီရင်ခံစာအား ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားရှိ ISIL မှ ထိန်းချုပ်ထားသော ဒေသများတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ခေါင်းဖြတ်မှုများ၊ ညှင်းပမ်းနှိပ်စက်မှုများ၊ လိင်ကျေးကျွန်အဖြစ် ခိုင်းစေမှုများနှင့် အတင်းအဓမ္မ ကိုယ်ဝန်ဆောင်မှုများလည်း ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “ISIL က တပ်မှူးတွေဟာ ဒီလို စစ်ရာဇ၀တ်မှုတွေ၊ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ စီစဉ်ပြီး တမင်တကာ ကျူးလွန်နေကြတာပါ။ ဒီရာဇ၀တ်မှုတွေအတွက် သူတို့ တစ်ယောက်ချင်းစီမှာ တာဝန်ရှိပါတယ်” ဟု အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။

    ထို့ပြင် ထိုရာဇ၀တ်မှုကျူးလွန်သူများအား တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်လာရန်အတွက်လည်း ကော်မရှင်က တိုက်တွန်းထားသည်။

    အဆိုပါ အစီရင်ခံစာကို ISIL ထိန်းချုပ်ရာဒေသများမှ ထွက်ပြေးလာသူများကို ပြုလုပ်ထားသော အင်တာဗျူး ၃၀၀ ကျော်၊ ISIL ကိုယ်တိုင် ထုတ်ပြန်ထားသည့် ဓာတ်ပုံများ၊ ဗီဒီယိုများ စသည်တို့ကို ကိုးကား၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ref_ Agencies