News @ M-Media

Blog

  • မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းသစ်ကို တရုတ်က အောင်မြင်စွာ စမ်းသပ်

    မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းသစ်ကို တရုတ်က အောင်မြင်စွာ စမ်းသပ်

    စက်တင်ဘာ ၅၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကို ကန့်လတ်ဖြတ်သွားတဲ့ ကုန်းတွင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုကို တရုတ်က ဩဂုတ်လအတွင်းမှာ အောင်မြင်စွာ စမ်းသပ်ပြေးဆွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

    ရန်ကုန်ဆိပ်ကမ်းကနေ ချင်းရွှေဟော်နယ်စပ်ကိုဖြတ်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ကျန်းမြို့အထိ ကားနဲ့သွားပြီး အဲဒီကနေတစ်ဆင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆီချွမ်ပြည်နယ်မြို့တော် ချန်ဒူးကို ရထားနဲသယ်တဲ့ လမ်းကြောင်းပါ။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းကြောင်းလည်း ဖြစ်ပါတယ်။

    ဒီလမ်းကြောင်းကို ဩဂုတ်လက စမ်းသပ်ပြေးဆွဲမှုအတွင်း ကွန်တိန်နာအလုံးရေ ၆၀ လောက် ပို့ဆောင်ခဲ့ပါတယ်။ လင်ကျန်း-ချန်ဒူးရထားလိုင်း ပြီးစီးသွားတာနဲ့ ချက်ခြင်းပြုလုပ်တဲ့ ဒီစမ်းသပ်ပြေးဆွဲမှုဟာ အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံအားပေးတယ်ဆိုတာ ပြသတဲ့ လက္ခဏာတစ်ခု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ဩဂုတ်လအတွင်း အာရှဆိုင်ရာ တရုတ်ရဲ့ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်လည်း မြန်မာနိုင်ငံကို ၈ ရက်ကြာ လျှို့ဝှက်ခရီးလာရောက်ခဲ့ပါတယ်။

    မြန်မာနိုင်ငံကိုဖြတ်ပြီး ရေနံ၊ ဓာတ်ငွေနဲ့ ကုန်စည်တွေသယ်တဲ့ တရုတ်ရဲ့လမ်းကြောင်း နှစ်ခုရှိပြီး တစ်ခုက ကျောက်ဖြူ-ကူမင်းလမ်းကြောင်း၊ နောက်တစ်ခုက ရန်ကုန်-ချန်ဒူးလမ်းကြောင်းဖြစ်ပါတယ်။ ဒီလမ်းကြောင်းနှစ်ခုစလုံးဟာ တရုတ်ရဲ့ အဓိကကျတဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်လည်း ဖြစ်ပါတယ်။

    Ref: Bloomberg

  • အစ္စရေးသမ္မတနှင့် ဂျော်ဒန်ဘုရင်တို့ လျှို့ဝှက် တွေ့ဆုံဆွေးနွေးခဲ့

    အစ္စရေးသမ္မတနှင့် ဂျော်ဒန်ဘုရင်တို့ လျှို့ဝှက် တွေ့ဆုံဆွေးနွေးခဲ့

    စက်တင်ဘာ ၅၊ ၂၀၂၁
    M-Media

    -အစ္စရေးသမ္မတ အိုက်ဇက် ဟာဇွဂ်နဲ့ ဂျော်ဒန်ဘုရင် အဘ်ဒူလာ ၂ တို့ ပြီးခဲ့တဲ့တစ်ပတ်မှာ လျှို့ဝှက် တွေ့ဆုံခဲ့ပြီး အရှေ့အလယ်ပိုင်းအရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

    ဒီတွေ့ဆုံမှုကို အစ္စရေးသမ္မတက ပြည်တွင်းရုပ်သံတစ်ခုကို စနေနေ့အင်တာဗျူးမှာ ဖွင့်ဟပြောကြားလိုက်တာပါ။

    “ပြီးခဲ့တဲ့တစ်ပတ် ဂျော်ဒန်ဘုရင်နဲ့ ကျွန်တော် တွေ့ဆုံခဲ့ပြီး စကားတွေလည်း အကြာကြီး ပြောခဲ့ပါတယ်။ သူ့ရဲ့နန်းတော်မှာ တစ်​ညနေလုံး ကျွန်တော် ရှိခဲ့ပါတယ်။ သိပ်ကိုထူးခြားတဲ့ တွေ့ဆုံမှုပါပဲ”

    အစ္စရေးသမ္မတရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ ဂျော်ဒန်ဟာ အလွန်အရေးပါတဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး ဘုရင်အဘ်ဒူလာဟာ လေးစားဖို့အကောင်းဆုံးခေါင်းဆောင်၊ ဒေသတွင်း အရေးပါတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဟာဇွဂ်က ပြောပါတယ်။

    တွေ့ဆုံမှုအတွင်း နိုင်ငံရေ၊ စီးပွားရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်း မဟာဗျူဟာကျတဲ့ ကိစ္စတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့လည်း ကြေငြာချက်ကဆိုပါတယ်။

    အစ္စရေးနဲ့ နယ်စပ်ချင်းကပ်နေတဲ့ နိုင်ငံတွေထဲမှာ ဂျော်ဒန်နဲ့ အီဂျစ်တို့သာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားတာပါ။

    အစ္စရေးဝန်ကြီးချုပ်ဟောင်း နေတန်ယာဟုလက်ထက်မှာ ဂျေရုစလင်က အလ်အက်ဆွာဗလီဝတ်ကျောင်းတော်ကို အစ္စရေးတပ်ဖွဲ့တွေ ဝင်ရောက်အကြမ်းဖက်မှု၊ အနောက်ဖက်ကမ်းက ပါလက်စတိုင်းရွာတွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှု၊ တရားမဝင် အိမ်ယာတွေကို အစ္စရေးက တိုးချဲ့ဆောက်လုက်မှု စတဲ့ ကိစ္စတွေကြောင့် ဂျော်ဒန်နဲ့ ဆက်ဆံရေး ဆိုးရွားခဲ့ပါတယ်။

    ဇွန်လမှာ အစ္စရေးဝန်ကြီးချုပ်ဖြစ်လာတဲ့ နက်ဖ်တာလီ ဘန်နက်ဟာ အာဏာရပြီး နောက်တစ်ပတ်မှာပဲ ဂျော်ဒန်ကိုသွားကာ ဘုရင်အဘ်ဒူလာနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီနောက် ရေအရင်းမြစ်နဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီစာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် အာဆီယံကိုယ်စားလှယ်က စစ်ကောင်စီနှင့် ညှိနှိုင်းနေ

    ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် အာဆီယံကိုယ်စားလှယ်က စစ်ကောင်စီနှင့် ညှိနှိုင်းနေ

    စက်တင်ဘာ ၅၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကို လာရောက်ဖို့အတွက် အာဏာသိမ်းစစ်ကောင်စီနဲ့ ညှိနှိုင်းနေရဆဲဖြစ်ပြီး၊ ဖြုတ်ချဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင်ရရေး လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အရီဝမ်ယူစွဖ်က ပြောပါတယ်။

    ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ ရရှိထားတဲ့ သဘောတူညီချက် ၅ ချက်ပါအတိုင်း ဩဂုတ်လမှာ ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အရီဝမ်ယူစွဖ်ကို မြန်မာဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တာပါ။

    လာမယ့်လ အာဆီယံအစည်းအဝေးမတိုင်ခင် အရီဝမ်ဟာ မြန်မာနိုင်ငံကိုသွားရောက်ကာ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ရည်ရွယ်ထားပေမယ့် အခုအချိန်အထိ စစ်ကောင်စီက အရီဝမ်ကို လာခွင့်မပေးသေးပါဘူး။

    အရီဝမ်က မြန်မာနိုင်ငံကို မသွားခင်မှာ သဘောတူညီချက်တွေရဖို့ လိုအပ်တယ်လို့ ရိုက်တာသတင်းဌာနကို မနေ့က ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံကို အခုချက်ခြင်းသွားရောက်ဖို့ လိုအပ်တယ်။ ဒါပေမယ့် ဒီလိုမသွားခင်မှာ သေသေချချာ ဂဃနဏဖြစ်ဖို့ လိုပါတယ်။ ကျွန်တော်လုပ်ရမယ့် ကိစ္စအတွက် ရှင်းရှင်းလင်းလင်း သိထားဖို့လိုတယ်။ ကျွန်တော်သွားတဲ့အချိန်မှာ ကျွန်တော့်ကို သူတို့ ဘာတွေလုပ်ခွင့်ပေးမလဲ ဆိုတာမျိုးပေါ့”

    အာဏာသိမ်းစစ်ကောင်စီဟာ တင်ကြိုကန့်သတ်ချက်တွေ မလုပ်ထားပေမယ့်၊ ဘာမှလည်း ရှင်းရှင်းလင်းလင်းမပြောဘူးလို့ အရီဝမ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံကို သွားရောက်တဲ့အခါမှာ ဖြုတ်ချဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေး အာဏာသိမ်းစစ်ကောင်စီထံ တောင်းဆိုထားတယ်လို့လည်း အရီဝမ်က ပြောပါတယ်။

    အရီဝမ်ရဲ့တာဝန်ဟာ မြန်မာ့နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ ဖြစ်ပါတယ်။

    “ဒီကိစ္စကိုပဲ လက်ရှိ မြန်မာအာဏာပိုင်တွေကို ကျွန်တော် တောက်လျှောက်ပြောနေပါတယ်။ သက်ဆိုင်သူတွေအားလုံးနဲ့ ကျွန်တော် စကားပြောဖို့လိုတယ်။ ဒီကိစ္စကို ဆွေးနွေးနေဆဲပါ”

    မြေပြင်မှာ စစ်ကောင်စီနဲ့ အခြားအဖွဲ့အစည်းတွေကို အကြံ​ဉာဏ်ပေးတာတွေ လုပ်နေပြီး ထိရောက်မှုရှိကြောင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့လို ပတ်ဝန်းကျင်နိုင်ငံတွေက သက်ဆိုင်သူတွေပါဝင်မယ့် အကြံပေးအဖွဲ့တစ်ခု ဖွဲ့စည်းဖို့လည်း လုပ်ဆောင်နေကြောင်း အရီဝမ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • ကိုဗစ်ကာကွယ်ဆေးထိုးခြင်းက ရေရှည်အတွက် ကောင်းမွန်ကြောင်း လေ့လာမှုတစ်ခုတွင် တွေ့ရှိ

    ကိုဗစ်ကာကွယ်ဆေးထိုးခြင်းက ရေရှည်အတွက် ကောင်းမွန်ကြောင်း လေ့လာမှုတစ်ခုတွင် တွေ့ရှိ

    စက်တင်ဘာ ၄၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူတွေဟာ ကူးစက်မှုအန္တရာယ်၊ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို လျှော့ချနိုင်ရုံသာမက၊ ကူးစက်ခဲ့ရင်လည်း နာတာရှည်ခံစားရတာမျိုး မဖြစ်နိုင်တော့တာကို ဗြိတိန်ကောလိပ် King’s College London ရဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားသူတွေမှာ ကိုဗစ်ဝေဒနာကို ၄ ပတ်ကျော်အထိ ခံစားရတဲ့ အန္တရာယ်မျိုး ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားမှာ ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်သူတွေဟာ ပုံမှန်အားဖြင့် ၄ ပတ်အတွင်းမှာ သက်သာလေ့ရှိပေမယ့် တစ်ချို့တွေကတော့ ၄ ပတ်ကျော်တဲ့အထိ ရောဂါလက္ခဏာတွေ ပြသလေ့ ရှိပါတယ်။

    ကူးစက်မှုကာလကြာရှည်တာကြောင့် အသက်အန္တရာယ်နဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

    King’s College London က အခုလေ့လာမှုဟာ ကိုဗစ်ရောဂါကို ခြေရာခံစောင့်ကြည့်တဲ့ ယူကေ အက်ပလီကေးရှင်း Zoe Covid Study က အချက်အလက်တွေကို အခြေခံပြီး ပြုလုပ်ခဲ့တာပါ။

    ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားသူတွေမှာ ကိုဗစ်ကူးစက်မှု ၀.၂ ရာခိုင်နှုန်း၊ နာတာရှည်ကိုဗစ်ရောဂါ ခံစားရသူ ၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ လေ့လာမှုက ဆိုပါတယ်။

    ကာကွယ်ဆေးထိုးထားပေမယ့်လည်း ကိုယ်ခံအားနည်းသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ရောဂါဘယထူပြောပြီး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီတဲ့နေရာတွေမှာ နေထိုင်သူတွေဟာ ကိုဗစ်ကူးစက်ဖို့ အန္တရာယ်ပိုမြင့်တာကိုလည်း အခုလေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    လေ့လာမှုကို ဦးဆောင်သူ ဒေါက်တာ ကလယ်ရာ စတိဗ်က ကူးစက်မှုအန္တရာယ် ပိုမြင့်တဲ့သူတွေကို တတိယအကြိမ်ကာကွယ်ဆေး Booster ဦးစားပေးထိုးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားရင် ကိုဗစ်ကူးစက်နိုင်မှု၊ နာတာရှည်ရောဂါခံစားရမှုတွေကို သိသိသာသာ လျှော့ချနိုင်တယ်ဆိုတဲ့ ဒီတွေ့ရှိချက်ဟာ နာတာရှည် ကိုဗစ်ဝေဒနာ ခံစားရတာမျိုး ဖြစ်နေတဲ့ အခုလိုအချိန်မျိုးမှာ ကျွန်မတို့အတွက် သတင်းကောင်းပါပဲ”

    Ref: BBC

  • ၉/၁၁ တိုက်ခိုက်မှုကိစ္စ ထိပ်တန်းလျှို့ဝှက်ဖိုင်များကို အမေရိကန်အစိုးရက ပြည်သူထံ ချပြမည်

    ၉/၁၁ တိုက်ခိုက်မှုကိစ္စ ထိပ်တန်းလျှို့ဝှက်ဖိုင်များကို အမေရိကန်အစိုးရက ပြည်သူထံ ချပြမည်

    စက်တင်ဘာ ၄၊ ၂၀၂၁
    M-Media

    -၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကိစ္စနဲ့ပတ်သက်တဲ့ လျှို့ဝှက်ဖိုင်တွေကို သုံးသပ်ကာအများပြည်သူထံ ချပြဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရားရေးဌာနကို မနေ့မှာ အမိန့်ပေးလိုက်ပါတယ်။

    နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦးကို ခရီးသည်တင်လေယာဉ်တွေနဲ့ ဝင်တိုက်ခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ လူပေါင်း ၂၉၉၆ ဦး သေဆုံးခဲ့ပြီး ၂၅၀၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ အလ်ကိုင်းဒါးအဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ အမေရိကန်က ထုတ်ပြန်ကာ အကြမ်းဖက်ဝါဒအပေါ် စစ်ပွဲတစ်ခုကိုလည်း ဆင်နွှဲခဲ့ပါတယ်။

    ၉/၁၁ တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို ပြည်သူသိအောင် ချပြပေးမယ်လို့ သမ္မတဘိုင်ဒန်က မဲဆွယ်မှုမှာ ကတိပေးခဲ့ပြီး၊ ဒီကတိကို အကောင်အထည်ဖော်လာတာ ဖြစ်ပါတယ်။

    ဘိုင်ဒန်ရဲ့ ညွှန်ကြားချက်အရ ၉/၁၁ ​နဲ့သက်ဆိုင်တဲ့ FBI ရဲ့ စုံစမ်းစစ်ဆေးမှု စာရွက်စာတမ်းတွေကို တရားရေးဌာနက ၆ လအတွင်း သုံးသပ်ကာ ရှေ့နေချုပ် မာရစ် ဂါလန်းက ပြည်သူကို ချပြပေးရမှာ ဖြစ်ပါတယ်။

    ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကလည်း လေယာဉ်ပြန်ပေးဆွဲသူတွေနဲ့ ဆော်ဒီအာဏာပိုင်တွေအကြား ဆက်စပ်မှုရှိတဲ့ အထောက်အထားတွေကို FBI က ဖျက်ဆီးတာ၊ ဒါမှမဟုတ် လိမ်လည်ဖော်ပြထားတာမျိုး ရှိနိုင်တယ်လို့ မိမိတို့ သံသယဝင်နေပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ အမေရိကန်အစိုးရကို တောင်းဆိုထားပါတယ်။

    ၉/၁၁ တိုက်ခိုက်ရေးသမားတွေနဲ့ ဆော်ဒီအာဏာပိုင်တွေအကြား ဆက်စပ်မှုရှိတယ်ဆိုတဲ့ သတင်းတွေဟာ အရင်ကလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ဖူးပြီး ဆော်ဒီဖက်ကတော့ ဒါကို ငြင်းပါတယ်။

    Ref: Reuters