News @ M-Media

Blog

  • တောင်ကြီးမြို့ အစ္စလမ်ဘာသာဝင်များ အမှု ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့ ဆက်လက် တင်ပြမည်

    တောင်ကြီးမြို့ အစ္စလမ်ဘာသာဝင်များ အမှု ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့ ဆက်လက် တင်ပြမည်

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    ဧရာဝတီ သတင်းဌာနမှ ကူးယူဖော်ပြသည်။

    ???????????????????????????????
    ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တောင်ကြီးခရိုင် တရားရုံးတွင် နိုင်ငံတော် အရေးပေါ်စီမံမှု အက်ဥပဒေဖြင့် တရားစွဲဆို ခံထားရသည့် အစ္စလမ် ဘာသာဝင် ၂၀ အမှု အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

    ယင်းအမှု၌ပါဝင်ပတ်သက်ခြင်း မရှိဟုယူဆရသူ ၇ ဦး ပြန်လွှတ်ပေးရန်အတွက် ပြည်နယ် တရားလွှတ်တော်သို့ တင်ပြရာတွင် ပယ် ချ ခံရပြီးနောက် ထိုသို့ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားစွဲခံထားရသူများ၏ ရှေ့နေတဦးဖြစ်သူ ဒေါ်ခင်မိုးမိုးက ဧရာဝတီ သို့ ပြောသည်။

    အဆိုပါ ၇ ဦးအတွက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်က ရှမ်းပြည်နယ် တရားလွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်က ပယ်ချခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

    “ဒီ ၇ ယောက်က လုံးဝ အငြိအစွန်း မရှိတဲ့သူတွေ။ အခု လုပ်နေတဲ့ဟာက အစ္စလမ် ဘာသာဝင်တွေမို့လို့ ဘာသာရေးနဲ့ ဆက်နွယ် တဲ့ အမှုဆိုပြီး ဆိုင်ဆိုင် မဆိုင်ဆိုင် ဒီလူတွေကို အပြစ်ပေးမယ်ဆိုတဲ့ ပုံပေါက်နေပြီ။ ဒီမူကြီးနဲ့ သွားနေရင်တော့ တရားဥပဒေ စိုးမိုး ရေးက ပျက်စီးနေပြီ။ ဒါကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် အထိ တက်မယ်”

    ဟု အဆိုပါ အမှုအား လိုက်ပါဆောင်ရွက်နေသူ တောင်ကြီးမြို့မှ ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောသည်။

    အမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိသူဟု ယူဆရသူ ၇ ဦးတွင် နိုင်ငံတော်သမ္မတရုံးမှ ယာဉ်မောင်းအမျိုးသား တဦး အပါအဝင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦး ပါဝင်သည်ဟုလည်း သိရသည်။

    ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့တွင် ကျင်းပမည့် အစ္စလမ်ဘာသာဝင် ဗလီဆရာတဦး၏ မင်္ဂလာပွဲကို လိုက်ပါလာသည့် တောင်ကြီးမြို့နှင့် ကျောက်ဆည်မြို့မှ အစ္စလမ်ဘာသာဝင် ၁၄ ဦးကို ကွန်ဟိန်းမြို့ ခြေလျင် တပ်ရင်း (ခလရ) ၂၄၆ တပ်ရင်းရှေ့ ပြည်ထောင်စု လမ်းမကြီးပေါ်၌ စစ်ဘက်ရေးရာ လြုံခုံရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရားခံများ၏ မိသားစုဝင်များက ပြောသည်။

    ယင်းအမှုနှင့် ဆက်စပ်ပြီး တောင်ကြီးမြို့မှ လူ ၄ ဦးနှင့် ကွန်ဟိန်းမြို့မှ မင်္ဂလာစုံတွဲကိုပါ ထပ်မံဖမ်းဆီးလိုက်သည့်အတွက် စုစုပေါင်း လူ ၂၀ ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။

    ယခု တရားစွဲဆိုခံထားရသည့် လူ ၂၀ တွင် တောင်ကြီးမြို့မှ ၁၂ ဦး၊ ကျောက်ဆည်မြို့မှ ၆ ဦး၊ ကွန်ဟိန်းမြို့မှ ၁ ဦး၊ နေပြည်တော်မှ ၁ ဦး ပါဝင်ကြောင်း သိရသည်။

    ယင်းအမှုကို တောင်ကြီးမြို့ မြို့မ ရဲ စခန်းမှ (ပ)၁၈၂/၂၀၁၄ ၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ခဲ့သော်လည်း တောင်ကြီးခရိုင် တရားရုံးသို့ အမှုစွဲတင်ရာတွင် နိုင်ငံတော်အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည)၊ ပုဒ်မ ၅ (ဌ)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောသည်။

    သို့သော် အဆိုပါအမှု၏ တရားလိုဖြစ်သူ တောင်ကြီး စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့မှ ဗိုလ်ကြီး ဇေယျာလင်းက စွပ်စွဲခံရသူများထံမှ လက် နက် ဥပဒေနှင့် ငြိစွန်းနိုင်သည့် ပေါက်ကွဲစေတတ်သော လက်နက်များ၊ စာရွက်စာတမ်းများ သိမ်းဆည်းရမိခြင်း မရှိဟု တရားရုံးတွင် ထွက် ဆိုထားသည် ဟုလည်း ဒေါ်ခင်မိုးမိုးက ပြောဆိုသည်။

    အမှုနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၁၀ ရက်က တောင်ကြီးခရိုင် တရားရုံးတွင် တရားခံဘက်မှ သက်သေကို ပထမအကြိမ် စတင် စစ်ဆေးခဲ့ပြီး တရားခံပြသက်သေ ၉၂ ဦးကို ဆက်လက် စစ်ဆေးသွားရန်ရှိကြောင်း သိရသည်။

    တရားစွဲခံရသူ တဦးနှင့် ဆွေမျိုး တော်စပ်သူ တဦးက“တရားရုံး ရောက်နေပြီဆိုတော့ တရားဥပဒေလမ်းကြောင်းအရ လုပ်မယ် ဆို ရင် သူတို့မှာ အပြစ်မရှိကြပါဘူး။ တရားဥပဒေ လမ်းကြောင်းနဲ့ မဟုတ်ဘဲ တခြားလမ်းသွားမယ် ဆိုရင်တော့ အန္တရာယ်ရှိတာပေါ့။ မင်္ဂလာဆောင် မရောက်ဘဲ ထောင်ထဲရောက်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတယ်”ဟု ပြောသည်။

    ပြည်ထဲရေးဝန်ကြီးဌာနက ရဲမှူးချုပ် ၀င်းခေါင်က အဆိုပါ တရားခံများသည် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ဆက် သွယ်မှု ရှိကြောင်း၊ အကြမ်းဖက် လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ခဲ့သည်ဟု ၎င်းတို့က ၀န်ခံထားကြောင်း RFA သတင်းဌာနကို ပြော ဆိုထားသည်။

    http://burma.irrawaddy.org/news/2014/11/12/67041.html

    ဆက်စပ် သတင်း ဖတ်လိုလျှင်
    ===============
    တောင်ကြီးမှာ ဖမ်းခံထားရတဲ့ မွတ်စလင်၂၀ဦး အကြောင်း ၄င်းတို့ ရှေ့နေနှင့်တွေ့ဆုံခန်း

    https://www.facebook.com/video.php?v=776542285721577&set=vb.468226919886450&type=2&theater

    http://www.m-mediagroup.com/news/32824

  • ညီသွေး- ဒီမှာဖြင့် ခွက်ကြီးပဲ ကျန်တော့တယ်

    ညီသွေး- ဒီမှာဖြင့် ခွက်ကြီးပဲ ကျန်တော့တယ်

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    ညီသွေး ရေးသည်။

    10407238_1408286386126686_1504991255661372228_n
    သရုပ်ဖော်ကာတွန်း- ဟန်လေး

    ကမ္ဘာကြီးရဲ့ အထိတ်တလန့်သံချောင်း၊ ခေါက်သံတွေ၊ ကမ္ဘာကြီးရဲ့ ဒဏ်ရာအနာတရတွေ၊ ကမ္ဘာကြီးရဲ့ ငိုရှိုက်ညည်းတွားသံတွေ… အင်း.. အားလုံးဟာ ကိုယ့်တစ်ကိုယ်ရေ အတ္တကိုပဲ ရှေ့တန်းတင်လို့၊ ကိုယ့်မိသားစုအရေးပဲ ရှေ့တန်းတင်လို့၊ ကိုယ့်လူမျိုးအတွက်ပဲ ရှေ့တန်းတင်လို့၊ ကိုယ့်တိုင်းပြည်ကိုယ့်နိုင်ငံချစ် စိတ်တစ်ခုတည်းပဲ ရှေ့တန်းတင်လို့ ကမ္ဘာသူ ကမ္ဘာသားအားလုံးနဲ့ဆိုင်တဲ့၊ ကမ္ဘာသူကမ္ဘာသားအားလုံးပိုင်တဲ့ ကမ္ဘာ့ရွာကြီးရဲ့ကျန်းမာရေးကို လျစ်လျူရူခဲ့ကြတာ သမိုင်းစဉ်ဆက်ကြခဲ့ပါပြီ။ ကမ္ဘာ့မြေမှာ ဇရာဝင်ပေမယ့် အထာမပြင်ကြသေးတဲ့သူတွေ၊ ဇရာနှောင်းပေမယ့် အထာမပြောင်းသေးတဲ့သူတွေ၊ ကဗျာဆရာလွမ်းရုံရဲ့ ကဗျာစာသားတစ်ကြောင်းလို “ဘဝကို ပျော်သလို ကြာခိုခဲ့တဲ့ အနှစ်သုံးဆယ်” တွေများပြားလာလွန်းလို့လား။

    ကျပန်းဖြစ်စဉ်၊ ဖရိုဖရဲဖြစ်စဉ်တွေနဲ့ ရွေ့လျားနေတယ်လို့ ကျွန်တော်တို့ထင်နေတဲ့ တိမ်ဆိုင်တိမ်ခဲတွေကတောင် (Fractal Geometry) လို့ခေါ်တဲ့ ဂျီသြနေတြီ သဘောတရားတွေကိုလိုက်နာသည်တဲ့။ ပျက်နေတဲ့နာရီတစ်လုံးကလည်း အမှန်တရားကို တစ်နေ့နှစ်ကြိမ်ပြနေနိုင်သေးတယ်ဆိုရင် ကျွန်တောတို့လူသားရင့်မကြီးတွေ အမှန်တရားကို ဘယ်လောက်တောင်ရှေ့တန်း တင်သင့်သလဲ၊ သစ္စာတရားကို ဘယ်လောက်တောင် တန်ဖိုးထားသင့်သလဲ။ လူသားချင်းစာနာမူတွေကို ဘယ်လောက်တောင် အလေးပြု သင့်သလဲ၊ မေတ္တာတရားတွေပွားများလာအောင် ဘယ်လောက်တောင်မွေးမြူသင့်သလဲ။ အခုတော့ ကမ္ဘာကြီးရဲ့တစ်နေရာမှာ အဖျားတက်နေတာ ကျွန်တော်တို့အရေးမဟုတ်သလို၊ ကမ္ဘာကြီးရဲ့တစ်နေရာမှာ ပွဲလန့်တုန်း ဖျာခင်းနေတာကြတာ ကိုယ်နဲ့မဆိုင်လိုနေခဲ့ကြတဲ့ ဓလေ့ဟာ ကမ္ဘာကြီးမှာ အထွန်းကားကြီး အထွန်းကားခဲ့ပြီ။

    လောကကြီးကိုရောက်လာချိန်ကစလို့ ကမ္ဘာဦးလူသားနှင့်မခြား အခုချိန်ထိ စား ဝတ် နေရေးဆိုတဲ့ အထုပ်ကြီးသုံးထုပ် ခေါင်းပေါ်ရွက်ရင်းနဲ့ပဲ သူလိုကိုယ်လိုအိုမင်း၊ သူငယ်ချင်းတွေ၊ အဖေ၊ အမေ၊ ဘိုးဘွားတွေ ထွက်သွားရတဲ့ လမ်းကြောင်းတစ်လျှောက် တစ်ရွေ့ရွေ့နဲ့လိုက်ရင်း စခန်းပျောက် ပြီးဆုံး နိဂုံးသတ်ရုံပဲလား။ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ့်သူ၊ ကမ္ဘာကြီးရဲ့အနာတရတွေကို ဆေးထည့်ပေးမယ့်သူ၊ ကမ္ဘာကြီးကို ဖေးမပေးမယ့်သူတွေကို ကမ္ဘာကြီးက အလွန်အမင်း လိုအပ်နေတဲ့ အချိန်ရောက်နေပါပြီ။ ဆည်တွေဆောက်တဲ့လက်တွေများလာတော့ ငလျှင်တွေလှုပ်၊ ဂေဟစနစ်တွေပျက်သုန်း၊ ဘဝများစွာ ငရုန်းသုန်းကားဖြစ်ခဲ့ရတယ်။ စွမ်းအင်လိုအပ်ချက်ဆိုတဲ့ ခေါင်းစဉ်အောက်က မီးခိုးခေါင်းတိုင်တွေ တလူလူအလွင့်မှာ မြေကမ္ဘာရဲ့ ယားနာတွေ ဘယ်လောက်တောင်ထူရင့်များပြားလာခဲ့သလဲ။ သစ်တစ်ပင်နဲ့ထိုင်ခုံတစ်လုံးရဲ့ တန်ဖိုးခြားနားမှုကို မသိရှာတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွေရဲ့ အနန္တလောဘနဲ့ပဲ ကျွန်တော်တို့ အနာဂတ်တွေကို ကြက်ခြေခတ်မိခဲ့ကြတာပါ။

    သဘာဝတရားရဲ့ လင်ဆိုးမယားတဖားဖားကန်ချက်တွေကို တစ်လုံးပြီးတစ်လုံး ကာကွယ်နေရရှာတဲ့ ခုလိုကမ္ဘာကြီးရဲ့အရေးပေါ် အခြေအနေရောက်နေတဲ့အချိန် ကျွန်တော်တို့ဆီမှာ အရှေ့တောင်အာရှ အကြီးဆုံးစာရင်းဝင်မည့် (မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်းတစ်ခု လာဆောက်နေတယ်ဆိုတဲ့ သတင်းကိုတွေ့လိုက်ရတော့ ဧရာဝတီက သွေး မတိတ်သေးဘူး။ နောက်ထပ် သံလွင်ပေါ်ကန့်လန့်ဖြတ် လာစိုက်တဲ့ ဒီဒဏ်ရာတွေကို ဘယ်လိုကုရမလဲ စိုးရိမ်စိတ်တွေနဲ့ အတွေးချာချာလည်မိပါတယ်။ သူများတွေဆီမှာ ဒီလိုကြီးမားတဲ့ဆည်တွေ ဆောက်လို့ရလာတဲ့ ဆိုးကျိုးတွေကို မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေချိန်မှာ ဒီမှာလာပြီး မုန်တိုင်းတစ်ခုအစပျိုးဖို့ ခွင့်ပြုနေတာကိုက ကျွန်တော်တို့ပြည်ထောင်စုအစိုးရ လူကြီးမင်းတွေရဲ့ ရွှေညဏ်တော်စူးရောက်မှုကို သြချစရာပါပဲ။ ၂၀၁၀ ခုနှစ်ကတည်းက MOU နားလည်မှုစာချွန်လွှာရေးထိုးခဲ့တယ်ဆိုတော့ ဒီ ၄ နှစ်အတွင်းမှာ ဘယ်လောက်ခရီးရောက်၊ ခရီးလွန်နေပြီလဲ။ တစ်ဖက်နဲ့တစ်ဖက် အခြေအနေတွေအားလုံး အကျိုးကျေးဇူး ရပိုင်ခွင့်တွေ၊ ခံစားခွင့်တွေ သဘောတူပြီးမှ လတ်မှတ်ရေးထိုးရတာဆိုတော့ အခုလို အခြေအနေရောက်မှ ပြည်သူက သိခွင့်ရတာ ကာကွယ်မှုတွေ ပြုလုပ်ဖို့နောက်ကျနေပြီလို့တောင် ပြောရမှာဖြစ်ပါတယ်။

    ဒီမြေဟာတို့မြေ၊ တို့ပိုင်တဲ့မြေ ဆိုတဲ့သီချင်းဟာ သူတို့အတွက်ပဲ ရေးစပ်ခဲ့တယ်လို့ထင်နေတဲ့ လူတစ်စုကတော့ ဒီမြေကို ဟိုနေရာစိတ်၊ ဒီနေရာပိုင်း၊ စိတ်တိုင်းကျ ခွဲခြမ်းလို့ဖရဲသီးဗမ်းထဲထည့်ပြီးရောင်းချ (အဲလေ) စီမံကိန်းမျိုးစုံနဲ့လုပ်ချလိုက်ကြတာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြေပေါ်မြေအောက သံယံဇာတ၊ ရေပေါ်ရေအောက် သယံဇာတ တွေဟာ ကမ္ဘာပေါ်မှာ မပေါက်တဲ့ဈေးတွေ၊ အောက်ဈေးတွေနဲ့ လုံးပါးပါးခဲ့ရပြီ။ ပြည်သူကတော့ ဘာတွေ အကျိုးခံစားလိုက်ရလဲဆိုတာ တွေးကြည့်စရာ မလိုပါဘူး။ GDP တက် မလာတဲ့အပြင် တိုင်းပြည်မှာပြည်ပကြွေ့းမြီ ဒေါ်လာ (၉) ဘီလျှံ တင်ကျန်ခဲ့ရတာက သူတို့လုပ်ရပ်တွေ၊ စီမံကိန်းတွေ အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာ ပြနေတာပါပဲ။ အခု ဒီမိုင်းတုံအရေးလည်း တိုင်းတုန်အောင်ကျွန်တော်တို့ပြည်သူတွေက ဧရာဝတီကိုကာကွယ်သလို အားလုံး ညီညီညွတ်ညွတ်နှင့် ဝိုင်းဝန်းကာကွယ်ရပါလိမ့်အုံးမည်။

    တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရမင်းတွေဆိုတာ ပြည်သူအတွက်အမြဲ ပေးဆပ်နေရမှာပါ။ တိုင်းပြည်ရဲ့ ဘယ်ထောင့်မှာ မှောင်နေသလဲ အလင်းဆောင်ရပါမယ်။ ဘယ်နေရာမှ ကွက်လပ်ဖြစ်နေသလဲ ဖြည့်စည်းထောက်ပံ့ပေးရပါမယ်။ ဘယ်အခန်းကဏ္ဍမှာ ပေါ့လျော့ ပေါ့ဆမှုတွေဖြစ်နေသလဲ ထိမ်းကျောင်းတည့်မတ်ပေးရပါမယ်။ အခုတော့ အူမတောင့်မှ သီလတောင့်မယ် ဆိုတဲ့စကားပုံကို ခြုံခိုရင်း အူမတွေတောင့်အောင်လုပ်လိုက်ကြတာ စာရင်းဇယား ကွာဟမှုတွေ၊ ငွေကြေးအရှုပ်တော်ပုံတွေ၊ သိန်းပေါင်း များစွာကွာဟမှုတွေဟာ အရပ်ရပ်နေပြည်တော် ကြားလို့မတော် ရှေ့ကဖုံး နောက်ကပေါ် ဖြစ်ခဲ့ပါပေါ့လား။ တာဝန်ခံမှုနှင့် တာဝန်ယူမှုဆိုတာကတော့ နိုင်ငံတော်အစိုးရရဲ့ အဘိဓာန်မှာ မရှိတဲ့စကားလုံး ဖြစ်ဟန်တူပါတယ်။ သမိုင်းစဉ်ဆက် မီးပျက် မီးမလာဖြစ်ခဲ့ရတာ ဘယ်တာဝန်ရှိသူကမှ တာဝန်ခံပြီး ရာထူးမှနှုတ်ထွက်ပါ၏ ဆိုတာမရှိခဲ့ပါဘူးဗျ။

    ဓာတ်ကြိုးတွေပျက်ကြလို့ အသက်ဆုံးရှုံးကြရတာတွေ ရှိခဲ့ပြီဆိုတာတောင်မှ အခုချိန်ထိ မျက်နှာပြောင်တိုက်နေဆဲ၊ သိက္ခာဆယ်တဲ့အနေနဲ့ “ငါ့တာဝန် မကင်းဘူး၊ ဒါကြောင့် တာဝန်ခံတဲ့အနေနဲ့ ငါနုတ်ထွက်တယ်ကွာ” ဆိုတာ မရှိသေးဘူး။ ရှေ့ကဖြောင့်ဖြောင့်လျှောက်ပြခဲ့တဲ့ အစဉ်အလာ မရှိခဲ့တော့လည်း နောက် ကဖြောင့်ဖြောင့်လျှောက်တဲ့ သူမရှိတာ မဆန်းပါဘူး။

    လွှတ်တော်ထဲလည်း ကြည့်ပါဦး။ တစ်တိုင်းပြည်လုံးက အလေးအနက်ထားတဲ့ အာဇာနည်ကျေးဇူးရှင် ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူတွေ ပြန်လည်ထုတ်ဝေမဲ့ကိစ္စ လွှတ်တော်ထဲမှာ တစ်ညီတစ်ညွတ်တည်း ပယ်ချခံရတဲ့ အဆိုဖြစ်ခဲ့တယ်။ အတိတ်ရဲ့အရိပ်ဆိုလျှင် တစ်ခွန်းတစ်စတောင်မှ မလှစ်ဟချင်တဲ့သဘောကို သရုပ်ဖော်ခဲ့ကြတာပါ။ ပိုင်ဆိုင်မှုဖော်ပြဖို့ အဆိုတင်သွင်းတော့လည်း အားလုံးညီညီညာညာ ကန့်ကွက်လိုက်ကြတာ ဒီလိုနေရာမှာတော့ လုံးဝကိုသဘောထား မကွဲလွဲကြဘူး။ ဒီနှစ်ခုတည်းနဲ့တင် လွှတ်တော်အမတ်တွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အတွင်း အဇ္ဇျတ္တျကို သိမြင်လိုက်ရတာ ကြံဖန်တွေးရင် ပြည်သူတော့ အမြတ်ရလိုက်ပါတယ်။ နောက် တစ်ခေါက်ရွေးချယ်စရာကြုံလာတဲ့ အခါ ဘယ်သူ့ကိုယုံရမလဲ နှစ်ခါစဉ်းစားစရာမလိုတော့ဘူးပေါ့။

    အမြီးကမကျက်သေးဘူး။ ခေါင်းပါစားမယ်ဆိုတဲ့ ဝန်ကြီးတွေ၊ ဌာနဆိုင်ရာအမှုထမ်းတွေရဲ့ အဂတိလိုက်စားမှုတွေ အပေါ်သက်သေခံမယ့် အမာခံတစ်ယောက်တော့ ကျွန်တော်တို့ကောက်ရလိုက်ပါတယ်။ သူကတော့ ပြည်သူ့အချစ်တော် လွှတ်တော်ကိုယ်စားလှယ်ကြီး ဘူးလက်လှဆွေပါပဲ။ ဝန်ကြီးဌာနတစ်ခုရဲ့ ဘွိုင်လာစက်ကြီး တစ်လုံးဝယ်တဲ့ကိစ္စမှာ ပေါက်ဈေးထက်ပိုပြီး ၃ ဆပိုပြီး ဘောက်ချာဖြတ်တယ်ဆိုတဲ့ကိစ္စကို အများသိအောင် ထုတ်ဖော်ပြောကြားလိုက်ခြင်းအားဖြင့် အဂ္ဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွက် ခိုင်မာတဲ့ စိတ်ချရသော သက်သေကောင်း တစ်ယောက်ကိုရရှိစေတာပါပဲ။ စောစောစီးစီးပြည်သူပိုင်ပစ္စည်း အလွဲသုံးစားလုပ်ခဲ့တာကို သိသိကြီးနဲ့ ထိန်ချန်မှု လုပ်ရတာကတော့ သူများ ထမင်းအိုး မခွဲချင်တာလည်း ပါမှာပေါ့။ ဒါမှမဟုတ် သူများကို လက်ညိုးတစ်ချောင်းထိုးရင် ကိုယ့်ကိုလေးချောင်းပြန်ထိုးမှာ ကြောက်လို့လည်း ဖြစ်နိုင်ပါသေးတယ်။

    တိုင်းပြည်ကနုနု၊ မုန်တိုင်းကထန်ထန်မှာ ဝန်တွေက အသေနှံလို့ ပြည်သူမှာတော့ ခွက်ကြီးပဲကျန်ပါတော့တယ်။ ဒီလို အနာဂတ် ဆိုးကျိုးတွေများပေမယ့် စီမံကိန်းကြီးတွေ တစ်ခုပြီးတစ်ခု သေချာ မစီစစ်ပဲခွင့်ပြုပေးနေတာ၊ ကြိုတင်စီမံကိန်း လက်သိပ်ထိုးဝေမျှစားမှုတွေ၊ မတရားမြေယာသိမ်းမှုတွေကြောင့် လယ်သမားတွေ တောင်သူတွေ ဆန္ဒပြ၊ ကျောင်းသား ကျောင်းသူတွေလည်းဆန္ဒပြ၊ ဆရာ ဆရာမ ကထိကတွေ ဆန္ဒပြ၊ အကျဉ်းသားဟောင်းတွေလည်း ဆန္ဒပြ နဲ့ မြန်မာပြည်မှာ ခေတ်မှသူတိုင်း ဆန္ဒပြကြသည်ဖြစ်နေပါပြီ။ ဒီလိုဆန္ဒပြမှုလေးတွေ တဖြည်းဖြည်းစုပေါင်းမိသွားရင် အလွန်ကြီးမားတဲ့ ဆန္ဒပြပွဲကြီး ဖြစ်သွားနိုင်စရာရှိပါတယ်။ ဒီယုန်မြင်နေလို့ ဒီခြုံထွင်နေတာလားဆိုတာ စဉ်းစားစရာပါ။ ငကြင်းတစ်ကောင်အဝေမတည့်လို့ အလယ်သားဝင်စားရမယ့် အစဉ်အလာရှိသော ကယ်တင်ရှင်ကြီးတွေရဲ့ ရန်ကိုလည်း မျက်ခြေပြတ်လို့ မရပါဘူး။

    ဤလူကြီးမင်းများအား အထွေအထူး ဘာမျှမပြောကြားလိုတော့ပါ။ အမြင်ကျယ်ကျယ်နဲ့ ဖြစ်တည်ခွင့်ရနေတဲ့ အခိုက်အတန့်လေး အတွင်း ကိုယ့်အတွက်၊ အများပြည်သူတွေ အတွက်၊ ကမ္ဘာသူကမ္ဘာသား အားလုံး အတွက် ကိုယ့်မှာရှိတဲ့ခွက်ကလေးနဲ့ လက်ကလေးနဲ့နိုင်သမျှတော့ ရေလောင်းပေါင်းသင်း သွားစေချင်ပါတယ်။ ပုပ်ရဟန်းမင်းကြီးလို၊ အေဗရာလင်လင်ကွန်းလို၊ မာတင်လူသားကင်းလို၊ မြန်မာပြည်ကဦးသန့်လို ကမ္ဘာကြီး အတွက် ငါဘာလုပ်ပေးခဲ့တယ်ဆိုတဲ့ သမိုင်းတွေ မရေးထိုးနိုင်ရင်လည်း ရပါတယ်။ ကမ္ဘာကြီးမှာ လောင်မြိုက်နေတယ်ဆိုတဲ့ ဒုက္ခမီးတွေကို မငြိမ်းသက်နိုင်ရင်တောင် သင့်ကြောင့်တော့ဘယ်မီးမှ ထပ်မလောင်နိုင်အောင် တစ်ကိုယ်ရည်အတ္တလေးတွေကိုတော့ ခြံလုံအောင် ခတ်ထားနိုင်ကြပါစေလေ။

    ညီသွေး

     

  • မက်ဆီအား ရိုင်းစိုင်းစွာ သုံးနှုန်းခေါ်ဝေါ်ခဲ့သည့် သတင်းအား ရော်နယ်ဒို ငြင်း

    မက်ဆီအား ရိုင်းစိုင်းစွာ သုံးနှုန်းခေါ်ဝေါ်ခဲ့သည့် သတင်းအား ရော်နယ်ဒို ငြင်း

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    Untitled-1_3083017b
    – ဘာစီလိုနာမှ ပြိုင်ဘက် မက်ဆီအား ရီးယဲလ်အ၀တ်လဲခန်းအတွင်း ရိုင်းစိုင်းသော အမည်နာမများဖြင့် ခေါ်ဝေါ်ခဲ့သည်ဟူသော စွပ်စွဲချက်များကို ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ငြင်းဆိုလိုက်သည်။

    စပိန်ဘောလုံးကျွမ်းကျင်သူ ဂူလီယမ် ဘာလာဂူ ရေးသားသော စာအုပ်အသစ်တွင် ရော်နယ်ဒိုနှင့် မက်ဆီတို့၏ ဆက်ဆံရေးမှာ ကောင်းမွန်မှုမရှိဘဲ၊ တစ်ခါတစ်ရံတွင် ရော်နယ်ဒိုမှာ မက်ဆီအား နှိမ့်ချသည့် အမည်နာမများဖြင့် ခေါ်ဝေါ်သည်ဟု ရေးသားဖော်ပြခဲ့သည်။

    အဆိုပါသတင်းမှာ အွန်လိုင်းစာမျက်နှာများတွင် ပြန့်နှံ့သွားပြီးနောက် ရော်နယ်ဒိုက မိမိမှာ ဘ၀တူကစားသမားတစ်ဦးအား ထိုကဲ့သို့ မလေးမစား မဆက်ဆံဟု ပြန်လည်ဖြေရှင်းခဲ့သည်။

    “မက်ဆီနဲ့ပတ်သက်ပြီး ကျွန်တော်ဟာ စော်ကားတဲ့စကားမျိုးတွေ ပြောဆိုတယ်လို့ သတင်းတွေ ပြန့်နေပါတယ်။ ဒါဟာ လုံးဝမှားယွင်းပါတယ်။ ဒီအတွက် တာဝန်ရှိတဲ့သူကို ကျွန်တော့်ရှေ့နေက တရားစွဲသွားမှာပါ။ ကျွန်တော်နဲ့ ဘ၀တူကစားသမားတွေ အားလုံးအပေါ်မှာ လေးစားမှု ထားရှိပါတယ်။ အဲဒီအထဲမှာ မက်ဆီလည်း ပါဝင်ပါတယ်” ဟု ရော်နယ်ဒိုက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    ဘာလာဂူ၏ အဆိုပါ စာအုပ်တွင် ရော်နယ်ဒိုမှာ မက်ဆီအား ခွေးနှင့်နှိုင်း၍ ပြောဆိုသည်ဟုလည်း ရေးသားဖော်ပြထားသည်။

    မက်ဆီနှင့် ရော်နယ်ဒို နှစ်ဦးစလုံးမှာ ၎င်းတို့မျိုးဆက်၏ အတောက်ပဆုံး ကစားသမားများဖြစ်ပြီး လူမြင်ကွင်းတွင် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာ တလေးတစားရှိသော်လည်း ရီးယဲလ်နှင့် ဘာကာကြားရှိ ပြိုင်ဆိုင်မှုများက ၎င်းတို့နှစ်ဦးအား မိတ်ဆွေအဖြစ်မှ ဝေးကွာစေသည်ဟု မီဒီယာများက ဖော်ပြကြသည်။

  • အိန္ဒိယရှိ  ဆေးရုံတခုတွင် သားကြောဖြတ်ရာမှ အမျိုးသမီး ၈ ဦး တစ်ရက်ထဲမှာ သေဆုံးခဲ့

    အိန္ဒိယရှိ ဆေးရုံတခုတွင် သားကြောဖြတ်ရာမှ အမျိုးသမီး ၈ ဦး တစ်ရက်ထဲမှာ သေဆုံးခဲ့

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media

    India Sterilization Deaths
    ဝမ်းနည်းပူဆွေးနေသည့် ဆွေမျိုးသားချင်းများ

    – အိန္ဒိယရှိ အစိုးရဆေးရုံတစ်ခုတွင် အမျိုးသမီး ၈၀ ကျော်ကို သားကြောဖြတ်ရာမှ အနည်းဆုံး ၈ ဦးသေဆုံးခဲ့ပြီး အများစုမှာလည်း စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    အိန္ဒိယအလယ်ပိုင်း ချတ်တစ်ဂါပြည်နယ် ဘီလက်စ်ပူးရ်မြို့ရှိ ဆေးရုံတစ်ရုံတွင် စနေနေ့က အမျိုးသမီး ၈၄ ဦးကို သားကြောဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုးသမီးများမှ အချို့မှာ ယမန်နေ့က သွေးပေါင်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှုပိုင်းဆိုင်ရာ ပြဿနာဖြစ်ခြင်း စသည့် ဝေဒနားများကို ခံစားခဲ့ရကာ ထိုကဲ့သို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။

    အိန္ဒိယ ရုပ်သံ NDTV ကမူ အဆိုပါ အမျိုးသမီး ၈၄ ဦးအား ဆရာဝန်များက ၅ နာရီအတွင်း သားကြောဖြတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ပြီး ဘီလက်စ်ပူးရ် ခရိုင်၏ ကော်မရှင်နာဖြစ်သူ ဆန်မာနီ ဘိုရဟ်ကမူ ထိုအမျိုးသမီးများထဲမှ ၆၄ ဦးမှာ ရောဂါဝေဒနာများကြောင့် အခြားသော ဆေးရုံများတွင် ဆေးကုသမှု ခံယူခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ဆေးရုံးမှ သားကြောဖြတ်ပေးခဲ့သည့် ဆရာဝန်သုံးဦးကို အစိုးရက တာဝန်မှ ရပ်စဲလိုက်ပြီး သေဆုံးသွားသူများ၏ မိသားစုများကို နစ်နာကြေးအဖြစ် ကန်ဒေါ်လာ ၃၃၀၀၀ ပေးအပ်သွားမည်ဖြစ်သည်။ ထို့ပြင် မည်သည့်အတွက်ကြောင့် သေဆုံးရသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ဆင်းရဲမွဲတေမှုနှုန်းမြင့်မားသည့် အိန္ဒိယတွင် လူဦးရေ တိုးပွားလာမှုအား ထိန်းချုပ်ရန် အတွက် တရားဝင်သားကြောဖြတ်ခွင့်ကို အစိုးရးဆေးရုံများ တွင် ပြုလုပ်ခွင့်ပေးထားသည်။

    ref_ Al Jazeera and agencies

  • အင်ဒိုနီးရှားပြည်သူများ ဘာသာတရား၏ သွန်သင်မှုများ ဘက်သို့ ပြန်လှည့်မှု တိုးလာ

    အင်ဒိုနီးရှားပြည်သူများ ဘာသာတရား၏ သွန်သင်မှုများ ဘက်သို့ ပြန်လှည့်မှု တိုးလာ

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    09-11-14_Indonesia-Hijabers-Combat-Westernization
    – ကိုယ်ကျင့်တရားကို ပျက်ပြားစေသည့် အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးမှုကို တွန်းလှန်ရန်နှင့် အစ္စလာမ်၏ တန်ဖိုးများကို ထိန်းသိမ်းရန်အတွက် အင်ဒိုနီးရှားနိုင်ငံတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    အဆိုပါလှုပ်ရှားမှုကို မွတ်စလင် အမျိုးသမီး စီးပွားရေး ကွန်ယက် တစ်ခုဖြစ်သည့် Hijaber အဖွဲ့က ဦးဆောင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ့် အငွေ့အသက်များပါသည့် လူသုံးကုန် ပစ္စည်းများကို သုံးစွဲရန်နှင့် အစ္စလာမ်နှင့် ပတ်သက်သော အခမ်းအနားများကိုလည်း ပြုလုပ်ကျင်းပရန် တိုက်တွန်းခဲ့ကြသည်။

    “အင်ဒိုနီးရှားဟာ သိပ်ပြီး အနောက်တိုင်းဆန်နေတယ်လို့ ကျွန်မထင်ပါတယ်။ အင်ဒိုနီးရှားလူငယ်တွေဟာ သူတို့ရဲ့ အချိန်တွေကို ရှော့ပင်းမောလ်တွေမှာ ကုန်ဆုံးကြပြီး ဘုရားဝတ်ပြုဖို့ မေ့လျော့ နေကြပါတယ်” ဟု Hijaber အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရစ်တီ ရဟ်မာဒီက နိုဝင်ဘာ ၉ ရက်နေ့တွင် AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    တစ်ချိန်က ဆိုရှယ်ကျသော အမျိုးသမီးဖြစ်ခဲ့သည့် အသက် ၂၀ ကျော်အရွယ် ရဟ်မာဒီမှာ ယခုအချိန်တွင် ဟိဂျဘ်နှင့်အတူ ဂုဏ်သိက္ခာရှိစွာ ၀တ်စားဆင်ယင်ပြီး ၀တ်ပြုချိန်ကို အမှတ်ရစေရန် အတွက် သူမ၏ မိုဘိုင်းဖုန်းအား Alarm အဖြစ်လည်း အသုံးပြုသည်။

    အင်ဒိုနီးရှားတွင် ဟီဂျဘ်ဝတ်ဆင်ခြင်းမှာ ယခုနောက်ပိုင်းတွင် ဖက်ရှင်တစ်ခုကဲ့သို့ ဖြစ်လာပြီး Youtube စာမျက်နှာတွင်လည်း ဟီဂျဘ်အား မည်ကဲ့သို့ စနစ်တကျ ၀တ်ဆင်ရမည်ဆိုသည်ကို အင်ဒိုနီးရှားအမျိုးသမီးများက လက်တွေ့ပြသသော ဗီဒီယိုများကိုလည်း တွေ့ရှိနိုင်သည်။

    အင်ဒိုနီးရှားပြည်သူများမှာ ကိုယ်ကျင့်တရားများ ပျက်ပြားစေသည့် အနောက်တိုင်း ယဉ်ကျေးမှုအား ဖယ်ခွာကာ အစ္စလာမ်၏ သွန်သင်ဆုံးမမှုများ ဘက်သို့ ပြန်လှည့်လာကြသောကြောင့် လွန်ခဲ့သည့် နှစ် အနည်းငယ် အတွင်းမှာပင် အင်ဒိုနီးရှားနိုင်ငံ၌ အစ္စလာမ့် ယဉ်ကျေးမှုများ ပြန်လည်ထွန်းကားလာခဲ့ပြီး ဟာလာလ်ဈေးကွက် မှာလည်း ကြီးထွားလာခဲ့သည်။

    ထို့ပြင် အစ္စလာမ့်အငွေ့အသက်များ ပါဝင်သည့် အ၀တ်အထည်များ၊ လက်ဝတ်ရတနာများမှာလည်း ၀ယ်လိုအား မြင့်တက်လာခဲ့သည်။

    “လွန်ခဲ့တဲ့ ၁၅ နှစ် လောက်ကဆိုရင် ကျွန်မရဲ့ လက်ဝတ်ရတနာတွေကို ဘယ်သူမှ မ၀ယ်ချင်ကြပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ မွတ်စလင်အငွေ့အသက်တွေ ပါနေလို့ပါ။ ဒါပေမယ့် အခုအချိန်မှာတော့ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ ပြည်တွင်းဖြစ် အစ္စလာမ့် အနုပညာလက်ရာတွေကို ဂုဏ်ယူစွာ ၀ယ်ယူသုံးစွဲကြပါတယ်” ဟု ဂျကာတာမြို့မှ အစ္စလာမ့်အငွေ့အသက်များ ပါဝင်သည့် လက်ဝတ်ရတနာများကို ရောင်းချသူ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး ရန်နီဖက်ဘီက ပြောကြားခဲ့သည်။

    အစ္စလာမ့်လူသုံးကုန်ပစ္စည်းများ၏ ၀ယ်လိုအား တိုးတက်လာသည့် အကြောင်းအရင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု နှစ်စဉ် ၆ ရာခိုင်းနှုန်း တိုးတက်နေသော အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အလယ်အလတ်လူတန်းစားများ ၀င်ငွေမြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု ဖက်ဘီအပါအ၀င် အင်ဒိုနီးရှားနိုင်ငံသား အများစုက ယုံကြည်နေကြသည်။

    အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံလူဦးရေ ၂၃၇ သန်း၏ ၈၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။

    လေ့လာမှုများအရ အင်ဒိုနီးရှား မွတ်စလင်များမှာ ၎င်းတို့၏ အယူဝါဒကို ပွင့်လင်းမြင်သာသော နည်းလမ်းဖြင့် ကျင့်သုံးကြသည်ဟု သိရသည်။

    “လူလတ်တန်းစား အသိုင်းအ၀ိုင်းက ဘာသာရေးကိုင်းရှိုင်းတဲ့ လူအများစုဟာ အ၀တ်အစားတွေ၊ ပညာသင်ယူမှုတွေ၊ ၀ယ်ယူသုံးစွဲမှုတွေ ပြီးတော့ သူတို့ရဲ့ လေ့လာဖတ်ရှုတဲ့ စာအုပ်တွေကနေတစ်ဆင့် သူတို့ဟာ ဘာသာရေးကိုင်းရှိုင်းသူတွေဆိုတာကို တခြားသူတွေကို ပြသချင်ကြပါတယ်” ဟု ကန်ဘာရာရှိ သြစတေးလျ အမျိုးသားတက္ကသိုလ်မှ အင်ဒိုနီးရှားရေးရာ ကျွမ်းကျင်သူ ဂါ့ဂ်ျ ဖီယာလီက ပြောကြားခဲ့သည်။

    ref_ OnIslam & News Agencies