News @ M-Media

Blog

  • မက်ဆီအား ရိုင်းစိုင်းစွာ သုံးနှုန်းခေါ်ဝေါ်ခဲ့သည့် သတင်းအား ရော်နယ်ဒို ငြင်း

    မက်ဆီအား ရိုင်းစိုင်းစွာ သုံးနှုန်းခေါ်ဝေါ်ခဲ့သည့် သတင်းအား ရော်နယ်ဒို ငြင်း

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    Untitled-1_3083017b
    – ဘာစီလိုနာမှ ပြိုင်ဘက် မက်ဆီအား ရီးယဲလ်အ၀တ်လဲခန်းအတွင်း ရိုင်းစိုင်းသော အမည်နာမများဖြင့် ခေါ်ဝေါ်ခဲ့သည်ဟူသော စွပ်စွဲချက်များကို ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ငြင်းဆိုလိုက်သည်။

    စပိန်ဘောလုံးကျွမ်းကျင်သူ ဂူလီယမ် ဘာလာဂူ ရေးသားသော စာအုပ်အသစ်တွင် ရော်နယ်ဒိုနှင့် မက်ဆီတို့၏ ဆက်ဆံရေးမှာ ကောင်းမွန်မှုမရှိဘဲ၊ တစ်ခါတစ်ရံတွင် ရော်နယ်ဒိုမှာ မက်ဆီအား နှိမ့်ချသည့် အမည်နာမများဖြင့် ခေါ်ဝေါ်သည်ဟု ရေးသားဖော်ပြခဲ့သည်။

    အဆိုပါသတင်းမှာ အွန်လိုင်းစာမျက်နှာများတွင် ပြန့်နှံ့သွားပြီးနောက် ရော်နယ်ဒိုက မိမိမှာ ဘ၀တူကစားသမားတစ်ဦးအား ထိုကဲ့သို့ မလေးမစား မဆက်ဆံဟု ပြန်လည်ဖြေရှင်းခဲ့သည်။

    “မက်ဆီနဲ့ပတ်သက်ပြီး ကျွန်တော်ဟာ စော်ကားတဲ့စကားမျိုးတွေ ပြောဆိုတယ်လို့ သတင်းတွေ ပြန့်နေပါတယ်။ ဒါဟာ လုံးဝမှားယွင်းပါတယ်။ ဒီအတွက် တာဝန်ရှိတဲ့သူကို ကျွန်တော့်ရှေ့နေက တရားစွဲသွားမှာပါ။ ကျွန်တော်နဲ့ ဘ၀တူကစားသမားတွေ အားလုံးအပေါ်မှာ လေးစားမှု ထားရှိပါတယ်။ အဲဒီအထဲမှာ မက်ဆီလည်း ပါဝင်ပါတယ်” ဟု ရော်နယ်ဒိုက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    ဘာလာဂူ၏ အဆိုပါ စာအုပ်တွင် ရော်နယ်ဒိုမှာ မက်ဆီအား ခွေးနှင့်နှိုင်း၍ ပြောဆိုသည်ဟုလည်း ရေးသားဖော်ပြထားသည်။

    မက်ဆီနှင့် ရော်နယ်ဒို နှစ်ဦးစလုံးမှာ ၎င်းတို့မျိုးဆက်၏ အတောက်ပဆုံး ကစားသမားများဖြစ်ပြီး လူမြင်ကွင်းတွင် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာ တလေးတစားရှိသော်လည်း ရီးယဲလ်နှင့် ဘာကာကြားရှိ ပြိုင်ဆိုင်မှုများက ၎င်းတို့နှစ်ဦးအား မိတ်ဆွေအဖြစ်မှ ဝေးကွာစေသည်ဟု မီဒီယာများက ဖော်ပြကြသည်။

  • အိန္ဒိယရှိ  ဆေးရုံတခုတွင် သားကြောဖြတ်ရာမှ အမျိုးသမီး ၈ ဦး တစ်ရက်ထဲမှာ သေဆုံးခဲ့

    အိန္ဒိယရှိ ဆေးရုံတခုတွင် သားကြောဖြတ်ရာမှ အမျိုးသမီး ၈ ဦး တစ်ရက်ထဲမှာ သေဆုံးခဲ့

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media

    India Sterilization Deaths
    ဝမ်းနည်းပူဆွေးနေသည့် ဆွေမျိုးသားချင်းများ

    – အိန္ဒိယရှိ အစိုးရဆေးရုံတစ်ခုတွင် အမျိုးသမီး ၈၀ ကျော်ကို သားကြောဖြတ်ရာမှ အနည်းဆုံး ၈ ဦးသေဆုံးခဲ့ပြီး အများစုမှာလည်း စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    အိန္ဒိယအလယ်ပိုင်း ချတ်တစ်ဂါပြည်နယ် ဘီလက်စ်ပူးရ်မြို့ရှိ ဆေးရုံတစ်ရုံတွင် စနေနေ့က အမျိုးသမီး ၈၄ ဦးကို သားကြောဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုးသမီးများမှ အချို့မှာ ယမန်နေ့က သွေးပေါင်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှုပိုင်းဆိုင်ရာ ပြဿနာဖြစ်ခြင်း စသည့် ဝေဒနားများကို ခံစားခဲ့ရကာ ထိုကဲ့သို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။

    အိန္ဒိယ ရုပ်သံ NDTV ကမူ အဆိုပါ အမျိုးသမီး ၈၄ ဦးအား ဆရာဝန်များက ၅ နာရီအတွင်း သားကြောဖြတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ပြီး ဘီလက်စ်ပူးရ် ခရိုင်၏ ကော်မရှင်နာဖြစ်သူ ဆန်မာနီ ဘိုရဟ်ကမူ ထိုအမျိုးသမီးများထဲမှ ၆၄ ဦးမှာ ရောဂါဝေဒနာများကြောင့် အခြားသော ဆေးရုံများတွင် ဆေးကုသမှု ခံယူခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ဆေးရုံးမှ သားကြောဖြတ်ပေးခဲ့သည့် ဆရာဝန်သုံးဦးကို အစိုးရက တာဝန်မှ ရပ်စဲလိုက်ပြီး သေဆုံးသွားသူများ၏ မိသားစုများကို နစ်နာကြေးအဖြစ် ကန်ဒေါ်လာ ၃၃၀၀၀ ပေးအပ်သွားမည်ဖြစ်သည်။ ထို့ပြင် မည်သည့်အတွက်ကြောင့် သေဆုံးရသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ဆင်းရဲမွဲတေမှုနှုန်းမြင့်မားသည့် အိန္ဒိယတွင် လူဦးရေ တိုးပွားလာမှုအား ထိန်းချုပ်ရန် အတွက် တရားဝင်သားကြောဖြတ်ခွင့်ကို အစိုးရးဆေးရုံများ တွင် ပြုလုပ်ခွင့်ပေးထားသည်။

    ref_ Al Jazeera and agencies

  • အင်ဒိုနီးရှားပြည်သူများ ဘာသာတရား၏ သွန်သင်မှုများ ဘက်သို့ ပြန်လှည့်မှု တိုးလာ

    အင်ဒိုနီးရှားပြည်သူများ ဘာသာတရား၏ သွန်သင်မှုများ ဘက်သို့ ပြန်လှည့်မှု တိုးလာ

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    09-11-14_Indonesia-Hijabers-Combat-Westernization
    – ကိုယ်ကျင့်တရားကို ပျက်ပြားစေသည့် အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးမှုကို တွန်းလှန်ရန်နှင့် အစ္စလာမ်၏ တန်ဖိုးများကို ထိန်းသိမ်းရန်အတွက် အင်ဒိုနီးရှားနိုင်ငံတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    အဆိုပါလှုပ်ရှားမှုကို မွတ်စလင် အမျိုးသမီး စီးပွားရေး ကွန်ယက် တစ်ခုဖြစ်သည့် Hijaber အဖွဲ့က ဦးဆောင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ့် အငွေ့အသက်များပါသည့် လူသုံးကုန် ပစ္စည်းများကို သုံးစွဲရန်နှင့် အစ္စလာမ်နှင့် ပတ်သက်သော အခမ်းအနားများကိုလည်း ပြုလုပ်ကျင်းပရန် တိုက်တွန်းခဲ့ကြသည်။

    “အင်ဒိုနီးရှားဟာ သိပ်ပြီး အနောက်တိုင်းဆန်နေတယ်လို့ ကျွန်မထင်ပါတယ်။ အင်ဒိုနီးရှားလူငယ်တွေဟာ သူတို့ရဲ့ အချိန်တွေကို ရှော့ပင်းမောလ်တွေမှာ ကုန်ဆုံးကြပြီး ဘုရားဝတ်ပြုဖို့ မေ့လျော့ နေကြပါတယ်” ဟု Hijaber အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရစ်တီ ရဟ်မာဒီက နိုဝင်ဘာ ၉ ရက်နေ့တွင် AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    တစ်ချိန်က ဆိုရှယ်ကျသော အမျိုးသမီးဖြစ်ခဲ့သည့် အသက် ၂၀ ကျော်အရွယ် ရဟ်မာဒီမှာ ယခုအချိန်တွင် ဟိဂျဘ်နှင့်အတူ ဂုဏ်သိက္ခာရှိစွာ ၀တ်စားဆင်ယင်ပြီး ၀တ်ပြုချိန်ကို အမှတ်ရစေရန် အတွက် သူမ၏ မိုဘိုင်းဖုန်းအား Alarm အဖြစ်လည်း အသုံးပြုသည်။

    အင်ဒိုနီးရှားတွင် ဟီဂျဘ်ဝတ်ဆင်ခြင်းမှာ ယခုနောက်ပိုင်းတွင် ဖက်ရှင်တစ်ခုကဲ့သို့ ဖြစ်လာပြီး Youtube စာမျက်နှာတွင်လည်း ဟီဂျဘ်အား မည်ကဲ့သို့ စနစ်တကျ ၀တ်ဆင်ရမည်ဆိုသည်ကို အင်ဒိုနီးရှားအမျိုးသမီးများက လက်တွေ့ပြသသော ဗီဒီယိုများကိုလည်း တွေ့ရှိနိုင်သည်။

    အင်ဒိုနီးရှားပြည်သူများမှာ ကိုယ်ကျင့်တရားများ ပျက်ပြားစေသည့် အနောက်တိုင်း ယဉ်ကျေးမှုအား ဖယ်ခွာကာ အစ္စလာမ်၏ သွန်သင်ဆုံးမမှုများ ဘက်သို့ ပြန်လှည့်လာကြသောကြောင့် လွန်ခဲ့သည့် နှစ် အနည်းငယ် အတွင်းမှာပင် အင်ဒိုနီးရှားနိုင်ငံ၌ အစ္စလာမ့် ယဉ်ကျေးမှုများ ပြန်လည်ထွန်းကားလာခဲ့ပြီး ဟာလာလ်ဈေးကွက် မှာလည်း ကြီးထွားလာခဲ့သည်။

    ထို့ပြင် အစ္စလာမ့်အငွေ့အသက်များ ပါဝင်သည့် အ၀တ်အထည်များ၊ လက်ဝတ်ရတနာများမှာလည်း ၀ယ်လိုအား မြင့်တက်လာခဲ့သည်။

    “လွန်ခဲ့တဲ့ ၁၅ နှစ် လောက်ကဆိုရင် ကျွန်မရဲ့ လက်ဝတ်ရတနာတွေကို ဘယ်သူမှ မ၀ယ်ချင်ကြပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ မွတ်စလင်အငွေ့အသက်တွေ ပါနေလို့ပါ။ ဒါပေမယ့် အခုအချိန်မှာတော့ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ ပြည်တွင်းဖြစ် အစ္စလာမ့် အနုပညာလက်ရာတွေကို ဂုဏ်ယူစွာ ၀ယ်ယူသုံးစွဲကြပါတယ်” ဟု ဂျကာတာမြို့မှ အစ္စလာမ့်အငွေ့အသက်များ ပါဝင်သည့် လက်ဝတ်ရတနာများကို ရောင်းချသူ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး ရန်နီဖက်ဘီက ပြောကြားခဲ့သည်။

    အစ္စလာမ့်လူသုံးကုန်ပစ္စည်းများ၏ ၀ယ်လိုအား တိုးတက်လာသည့် အကြောင်းအရင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု နှစ်စဉ် ၆ ရာခိုင်းနှုန်း တိုးတက်နေသော အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အလယ်အလတ်လူတန်းစားများ ၀င်ငွေမြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု ဖက်ဘီအပါအ၀င် အင်ဒိုနီးရှားနိုင်ငံသား အများစုက ယုံကြည်နေကြသည်။

    အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံလူဦးရေ ၂၃၇ သန်း၏ ၈၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။

    လေ့လာမှုများအရ အင်ဒိုနီးရှား မွတ်စလင်များမှာ ၎င်းတို့၏ အယူဝါဒကို ပွင့်လင်းမြင်သာသော နည်းလမ်းဖြင့် ကျင့်သုံးကြသည်ဟု သိရသည်။

    “လူလတ်တန်းစား အသိုင်းအ၀ိုင်းက ဘာသာရေးကိုင်းရှိုင်းတဲ့ လူအများစုဟာ အ၀တ်အစားတွေ၊ ပညာသင်ယူမှုတွေ၊ ၀ယ်ယူသုံးစွဲမှုတွေ ပြီးတော့ သူတို့ရဲ့ လေ့လာဖတ်ရှုတဲ့ စာအုပ်တွေကနေတစ်ဆင့် သူတို့ဟာ ဘာသာရေးကိုင်းရှိုင်းသူတွေဆိုတာကို တခြားသူတွေကို ပြသချင်ကြပါတယ်” ဟု ကန်ဘာရာရှိ သြစတေးလျ အမျိုးသားတက္ကသိုလ်မှ အင်ဒိုနီးရှားရေးရာ ကျွမ်းကျင်သူ ဂါ့ဂ်ျ ဖီယာလီက ပြောကြားခဲ့သည်။

    ref_ OnIslam & News Agencies

  • ISIL အဖွဲ့ ပါကစ္စတန်တွင် အခြေ မစိုက်နိုင်ဟု လုံခြုံရေးဆိုင်ရာ လေ့လာစောင့်ကြည့် သူများဆို

    ISIL အဖွဲ့ ပါကစ္စတန်တွင် အခြေ မစိုက်နိုင်ဟု လုံခြုံရေးဆိုင်ရာ လေ့လာစောင့်ကြည့် သူများဆို

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    09-11-14_Analysts-Deny-ISIL-Influence--in-Pakistan
    – ISIL အဖွဲ့မှာ အီရတ်နှင့် ဆီးရီးယားတို့တွင် အခြေခိုင်စွာ လှုပ်ရှားနေကြသော်လည်း မိမိတို့နိုင်ငံအတွင်း လွှမ်းမိုးမှု ရှိမည်မဟုတ်ဟု ပါကစ္စတန် ကာကွယ်ရေးနှင့် လုံခြုံရေး လေ့လာဆန်းစစ်သူများက ပြောကြားလိုက်သည်။

    “ပါကစ္စတန်နဲ့ အီရတ်၊ ဆီးရီးယားတို့ရဲ့ အခြေအနေဟာ လုံးဝ ကွဲပြားခြားနားပါတယ်။ ISIL အဖွဲ့ ပါကစ္စတန်မှာ အခြေစိုက်လို့မရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိနေပါတယ်” ဟု အစ္စလာမ်မာဘတ်အခြေစိုက် လုံခြုံရေး လေ့လာဆန်းစစ်သူ ကမားလ် ဟိုင်ဒါက ပြောကြားခဲ့သည်။

    အနောက်တိုင်း မီဒီယာများကမူ ISIL အဖွဲ့မှာ ပါကစ္စတန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် အလားအလာရှိနေပြီဟု ဖော်ပြကြပြီး ဟိုင်ဒါကမူ ထိုဖော်ပြချက်မှာ အသိဥာဏ်မဲ့ခြင်းနှင့် ချဲ့ကားပြောဆိုခြင်းသာ ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

    ထို့ပြင် ISIL မှာ အီရတ်တွင် မာလီကီဦးဆောင်သော ရှီအာအစိုးရက နိုင်ငံအတွင်းရှိ စွန်နီများအပေါ် ကျူးလွန်ခဲ့သည့် လုပ်ရပ်များကြောင့် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ISIL ပေါ်လာတဲ့ နောက်ခံအကြောင်းအရင်းကို ခင်ဗျားတို့ နားလည်ထားရပါမယ်။ မာလီကီအစိုးရဟာ သူတို့ရဲ့ အခွင့်အရေးတွေကို လုယူသိမ်းပိုက်သွားတယ်လို့ အီရတ်မှာရှိတဲ့ စွန်နီလူ့အဖွဲ့အစည်းက ထင်နေကြပြီး ဒါ့ကြောင့်ပဲ ISIL ဟာ လူထုရဲ့ ထောက်ခံမှုကို ရခဲ့တာပါ။ ဒါပေမယ့် ပါကစ္စတန်မှာတော့ အခြေအနေက လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ ဆွန်နီတွေဟာ နိုင်ငံ လူဦးရေရဲ့ ၈၀ ကနေ ၈၅ ရာခိုင်းနှုန်းအထိ ရှိပါတယ်။ ဒီက ရှီအာတွေကလည်း သူတို့ကို ခြိမ်းခြောက်မှုတွေမရှိတော့ စွန်နီတွေက ဘာ့ကြောင့် ISIL နဲ့ ဆက်သွယ်ရမှာလဲ” ဟု ဟိုင်ဒါကဆိုသည်။

    ထို့ပြင် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် နယ်မြေများသိမ်းပိုက်နိုင်သကဲ့သို့ ပါကစ္စတန်တွင် သိမ်းပိုက်၍ မရဟုလည်း ဟိုင်ဒါက ထပ်လောင်းပြောကြားခဲ့သည်။

    “ပါကစ္စတန်မှာ မြောက်ဘက် ၀ါဇီရစ္စတန်မှာရှိတဲ့ တာလီဘန်တွေရဲ့ နောက်ဆုံးစခန်းကို အမြစ်ဖြုတ်ခဲ့တဲ့ တောင့်တင်းတဲ့ စစ်တပ်ရှိပါတယ်။

    ဒီကတာလီဘန်တွေဟာ ဒေသအတွင်း အစိတ်အပိုင်းအချို့ရဲ့ ထောက်ခံမှုရပေမယ့် စနစ်တကျဖွဲ့စည်းထားတဲ့ စစ်တပ်ကိုတော့ ပြန်မတိုက်နိုင်ပါဘူး။ ISIL က တော့ ဒီလိုထောက်ခံမှု မရပါဘူး”

    ref_ OnIslam

  • ဘာလော့တယ်လီ၏ ဆိုးရွားသော အပြုအမူမှာ ပညာနည်းခြင်းကြောင့် ဖြစ်သည်ဟု ဂျိုဟန်ခရိုက်ဖ်ပြော

    ဘာလော့တယ်လီ၏ ဆိုးရွားသော အပြုအမူမှာ ပညာနည်းခြင်းကြောင့် ဖြစ်သည်ဟု ဂျိုဟန်ခရိုက်ဖ်ပြော

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    579941_heroa
    – လီဗာပူလ်အသင်းတိုက်စစ်မှူး ဘာလော့တယ်လီ၏ အပြုအမူဆိုးရွားခြင်းမှာ ပညာကောင်းစွာ မသင်ခဲ့ရခြင်းကြောင့် ဖြစ်သည်ဟု အေဂျက်နည်းပြဟောင်း ဂျိုဟန်ခရိုက်ဖ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် နွေရာသီက ယူရို သန်း ၂၀ ဖြင့် အေစီမီလန်မှ ပြောင်းရွှေ့လာခဲ့သည့် ဘာလော့တယ်လီမှာ လီဗာပူးလ်တွင် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ယခုအချိန်အထိ ပရီးမီးယားလိဂ်တွင် တစ်ဂိုးမှ သွင်းယူထားနိုင်ခြင်း မရှိသေးပေ။

    ထို့ပြင် ၎င်း၏ အပြုအမူများအတွက်လည်း ဝေဖန်မှုများခံနေရပြီး ခရိုက်ဖ်ကမူ ဘာလော့တယ်လီ၏ အမှားမဟုတ်ဘဲ မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို ငယ်ရွယ်စဉ်အခါက မသင်ယူခဲ့ရခြင်းကြောင့်ဟု ယုံကြည်နေသည်။

    “ဘာလော့တယ်လီရဲ့ အပြုအမူဟာ မကောင်းသလို၊ ကျွန်တော်တို့ကလည်း သူ ဘာကြောင့် ဒီလိုဖြစ်သလဲဆိုတာ မေးမြန်းရပါမယ်။ ကျွန်တော့်အတွက်တော့ လူတစ်ယေက်ဟာ ပညာမတတ်ရင် ဘောလုံးမကစားရပါဘူး။ ဒါဟာ ကစားသမားရဲ့ အမှားမဟုတ်ဘဲ သူ့ကို ကစားစေတဲ့ အသင်းရဲ့ အမှားပါ။ နောက်ပြီး ဘာလော့တယ်လီရဲ့အမှား မဟုတ်ပါဘူး။ သူက ပညာမသင်ခဲ့ရတာကြောင့်ပါ။ တကယ်လို့ တစ်နည်းနည်းနဲ့ ပညာသင်ယူနိုင်ခဲ့ရင် သူဒီလိုမျိုး ပြုမူနေထိုင်မှာ မဟုတ်ပါဘူး” ဟု ခရိုက်ဖ်က Gazzetta dello Sport သို့ ပြောကြားခဲ့သည်။

    ဘာလော့တယ်လီမှာ လီဗာပူးလ်သို့ ရောက်ရှိလာပြီးနောက် သူ၏ ဖာရာရီကားအား ဓာတ်ပုံရိုက်သည့် သားအမိနှစ်ယောက်ကို ခြိမ်းခြောက်သည့်အတွက်ကြောင့် ရဲစခန်းသို့ တိုင်ကြားခြင်း ခံခဲ့ရသည်။